ဘိန်းသံသရာ
ပို့စ်တင်ချိန်
- 2/02/2014 01:50:00 PM
အမြင့်ပေ လေးထောင်ကျော်ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း ရိုးမတောင်တန်းကြီး ပေါ်ရှိ လမ်းမကြီးဘေး ထူထပ်နေသော ချုံနွယ်များ နောက်တွင် တစ်လကျော်သက်တမ်းရှိ ဘိန်းပင်များ စိမ်းစိုစွာ ပေါက်ရောက်နေသည်။
မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု အများဆုံးဖြစ်သော ရှမ်းပြည်နယ် အပါအဝင် အခြားပြည်နယ်များ တွင်လည်း အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများက ဘိန်းတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ လုပ်ကိုင်ကြသော်လည်း ဘိန်းစိုက်ပျိုးမှုနှုန်း မြင့်တက်နေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု တားဆီးရေးရုံး (UNODC) ၏ အစီရင်ခံစာအရ ဘိန်းစိုက်ခင်း ဖျက်ဆီးနိုင်မှု ၅၂ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး စိုက်ပျိုး ထုတ်လုပ်မှု ၂၆ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဖော်ပြထားသည်။ ထို့အတွက် မူးယစ်ဆေးဝါး ကင်းစင် ပပျောက်ရေး လက်မှတ်ရေးထိုးသော မြန်မာနိုင်ငံအနေဖြင့် ဘိန်းစိုက်ပျိုးမှုကို အမှန်တကယ် တိုက်ဖျက်နိုင် မည်လောဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဘိန်းစိုက်တောင်သူများ ဘိန်းမစိုက်ပျိုးဘဲ ကောက်ပဲသီးနှံများ စိုက်ပျိုးကြရန် ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (FAO) က ကူညီ ထောက်ပံ့ပေးသော်လည်း ဒေသခံများက ဘိန်းစိုက်ပျိုးနေကြဆဲ ဖြစ်သည်။ နမ့်ပါကြိုင်ကျေးရွာမှ ဒေသခံတစ်ဦး ကမူ "တစ်သက်လုံး ဘိန်းပဲစိုက်လာတာ ဆိုတော့ ဆန် ထောက်ပံ့ပေးလည်း အဆင်မပြေပါဘူး" ဟု ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် လွိုင်မောက်မန်းကျေးရွာ အနီးရှိ ဘိန်းခင်းများသည် ဆိုင်ကယ်လမ်း ဖောက်လုပ်ထားသည့် လမ်းဘေးတွင် ဖြစ်သည်။သို့သော် ဘိန်းခင်းကို ချုံနွယ်များ ပိတ်နေအောင် စီမံထားပြီး လမ်းကနေ ကြည့်လိုက်ပါက ထိုဘိန်းခင်းများကို မတွေ့ရ။
ရှမ်းပြည်နယ် မြောက်ပိုင်း အချို့နေရာများတွင် ယခုကာလသည် ဘိန်းပေါ်ချိန် ရောက်နေပြီဖြစ်ပြီး လွိုင်မောက်မန်း ကျေးရွာအနီးတွင်မူ ဘိန်းပင်များ တစ်လခွဲ ကျော်ကျော်သာ ရှိသေးသည်။ ထိုဘိန်းခင်း များကိုလည်း TNLA က နုတ်ယူဖျက်ဆီးခဲ့သည်။ တဲများကို မီးရှို့ပစ်ခဲ့သည်။ TNLA တပ်မဟာ ၁ စစ်ဗျူဟာမှူးက "သုံးလတိတိ ဘိန်းခင်းတွေ ဖျက်သွားမယ်" ဟု ဆိုသည်။
သို့သော် ဘိန်းစိုက်ခင်းကို လွယ်လင့်တကူ ဖျက်ဆီး၍ ရနိုင်မည် မဟုတ်ကြောင်းကို လွိုင်မောက်မန်းကျေးရွာသား များက သက်သေပြနေသည်။ TNLA တပ်သားများက ရွာကိုဝိုင်းထားပြီး စစ်ဗျူဟာမှူးက နာမည်နှင့်တကွ ဘိန်းစိုက်ခင်း ပိုင်ရှင်များကို ခေါ်ယူ စစ်မေးသော်လည်း ဝန်ခံခြင်း မရှိပေ။ TNLA က နာမည်စာရင်းရှိ ဘိန်းစိုက်ပျိုးသူကို ဖမ်းဆီးခေါ်ဆောင်ပြီး ဘိန်းခင်း လိုက်ပို့ခိုင်း သည်ကိုပင် ရွာအနီးရှိ ဘိန်းခင်းတို့ကို မပြဘဲ အခြားနေရာက ဘိန်းခင်းကို ပြသခဲ့သည်။
တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၏ အထွေထွေအတွင်းရေးမှူး ဦးတာဘုန်းကျော်က "မန်တုံမြို့နယ် အတွင်းမှာ ဘိန်းခင်းဧက သုံးထောင်လောက် ရှိပါသေးတယ်" ဟု ဆိုသည်။
TNLA အနေနှင့်လည်း ၂၀၁၃ ခုနှစ်အတွင်း ဘိန်းစိုက်ခင်းဧက ၃၀၀၀ ကျော် ဖျက်ဆီးခဲ့သည်အပြင် ဖမ်းဆီးရမိ ခဲ့သည့် ဘိန်းဖြူ ၂၃ ဒသမ ၂၅ ကီလို၊ ဘိန်းမဲ (ခဲ) ၂၅ ကီလိုနှင့် စိတ်ကြွဆေးပြား ၆၄,၀၀၀ ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် အတွင်းရှိ ဘိန်းစိုက်ခင်းများသည် နမ္မတူ၊ လာရှိုးတို့မှ လုပ်ငန်းရှင်များက ငွေပေး စိုက်ခိုင်းခြင်းဖြစ်ပြီး အချို့ဘိန်းစိုက်ခင်း များမှာ တရုတ်လုပ်ငန်းရှင် များက ငွေပေး စိုက်ခိုင်းခြင်းဖြစ်သည်ဟု ဒေသခံတို့က တူညီစွာ ပြောဆိုကြသည်။
နမ္မတူမြို့မှ ဘိန်းစိုက်ခင်း ခြံစောင့်အဖြစ် လာရောက်လုပ်ကိုင်သူ တစ်ဦးကမူ "တစ်နှစ်ကို နှစ်သိန်းနဲ့ စရိတ်ငြိမ်း လာလုပ်တယ်" ဟု ဆိုသည်။
ယင်းဒေသတွင် ဘိန်းစိုက်ပျိုးခြင်းမှသာ ဝင်ငွေ အများဆုံးရရှိခြင်း ဖြစ်ပြီး အခြား သီးနှံများ စိုက်ပျိုးပါက ဘိန်းစိုက်သကဲ့သို့ ဝင်ငွေမရကြောင်း လွိုင်မောက်မန်း ကျေးရွာက ဘိန်းစိုက်ပျိုးဖူးသူ တစ်ဦးက မှတ်ချက်ပေးသည်။
အချို့သော ဘိန်းစိုက်ပျိုးကြသူများမှာ စိုက်ခင်းမှ ရရှိသော ဘိန်းများကို ပြန်လည် စားသုံးကြ သည့်အတွက် ရောင်းချခြင်း မပြုနိုင်ဘဲ ဘိန်းစားခြင်းသံသရာတွင် ကျင်လည်နေရသည်ဟု ယင်းဒေသခံတို့၏ အဆိုအရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသသည် ၁၉၆၀ ပြည့်နှစ်ကျော်ဝန်းကျင် ခန့်က အကျိုးအမြတ် ရရှိသော လက်ဖက် စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ပြီး ဘိန်းစိုက်ပျိုးမှု ရှားပါးခဲ့သည်။ သို့သော် ၁၉၉၀ နှောင်းပိုင်းကာလတွင် လက်ဖက်အစား ဘိန်းကို အစားထိုး စိုက်ပျိုးလာကြသည်။
၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ခင်း ၅၁,၀၀၀ ဟက်တာ (၁၂၅,၄၆၀ ဧက) အနက် ၂၃,၇၁၈ ဟက်တာ (၅၈,၃၄၆ ဧက) ဖျက်ဆီးနိုင် ခဲ့သော်လည်း ၂၀၁၃ ခုနှစ် တွင်မူ ဘိန်းစိုက်ခင်း ၅၇,၈၀၀ ဟက်တာ (၁၄၂,၁၈၈ ဧကအနက်) ၁၂,၂၈၈ ဟက်တာ (၃၀,၂၂၈ ဧက) သာ ဖျက်ဆီးနိုင်ခဲ့သည့် အတွက် ဖျက်ဆီးနိုင်မှု ၅၂ ရာခိုင်နှုန်း လျော့ကျသွားကြောင်း UNODC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော် ၂၀၁၂ ခုနှစ်တွင် ဘိန်းတန်ချိန် ၆၉၀ ထုတ်လုပ်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင်မူ တန်ချိန် ၈၇၀ ထုတ်လုပ်ခဲ့ပြီး ကမ္ဘာပေါ်တွင် ဒုတိယ ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံအဖြစ် ရပ်တည်နေဆဲ ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
တအာင်းအမျိုးသမီး အဖွဲ့အစည်း၏ ကောက်ယူထားသော စစ်တမ်းများအရ တအာင်းဒေသအတွင်း အသက် ၁၅ နှစ် အထက် လူငယ် ၉၀ ရာခိုင်နှုန်းသည် မူးယစ်ဆေးဝါး သုံးစွဲသည်ဟု ဖော်ပြထားသည်။
လားရှိုးမြို့ ရပ်ကွက် ၁ မှ ဘိန်းခြံ လုပ်သားတစ်ဦးကမူ "ရွာတိုင်းနီးပါး ဘိန်းစိုက်ကြတယ်။ ပေါင်း (မြက်) ရှင်းတဲ့ အချိန်ဆို တစ်ရက် လေးထောင်ရတယ်" ဟု ဆိုသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပန်ဆေးဒေသ၌ ဘိန်းစိုက်ပျိုးမှု အများဆုံး ဖြစ်ပြီး ပန်ဆေး ပြည်သူ့စစ်ဝင်များပင် ဘိန်းစိုက်ပျိုးမှုများ ပြုလုပ်နေပြီး တပ်မတော် စစ်ကြောင်းက အကာအကွယ် ပေးထားခြင်းကြောင့် ဘိန်းခင်း ဖျက်ဆီး၍ မရကြောင်း TNLA က စွပ်စွဲ ပြောဆိုထားသည်။
TNLA သည် ၂ဝ၁၇ ခုနှစ်တွင် တအာန်း ဒေသတွင်း မူးယစ်ကင်းစင် ပပျောက်ရေးဟူသော ရည်မှန်းချက်ဖြင့် စီမံကိန်းများ ဆောင်ရွက်နေသော်လည်း လတ်တလော အနေအထားအရ အစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ ဒေသခံ တောင်သူများ၏ ဘိန်းအစားထိုးသီးနှံ များအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်မှု မရှိသေးခြင်းတို့ကြောင့် ယင်း စီမံကိန်းကို ထိရောက်စွာ လုပ်ကိုင်နိုင်မည်လား ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။
Written by မင်းထက်စံ
The Voice Weekly