အောင်ဆန်းကို ထုဆစ်သူများ
ပို့စ်တင်ချိန်
- 2/13/2014 12:50:00 PM
(ပေါ်လင်းဦး)
“…ငါတို့မြန်မာပြည် မိဘတိုင်း ကရယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်း မွေးရမယ်၊ ငါတို့ ဗမာပြည် မိဘအပေါင်း တို့ကကွယ် အာဇာနည် အစစ်တွေကို တိုက်ဖို့ရာ မွေးရမယ်...”
“...ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် ...”
သဟာယဆရာတင်၏ သီချင်းဖြစ်သည်။ မြန်မာလူထု အသည်းခိုက် ခဲ့ရသော သီချင်းလည်း ဖြစ်သည်။ ငယ်စဉ်က ကျောင်းပြဋ္ဌာန်းစာအုပ် ထဲတွင် ပါခဲ့ဖူးသည်။ ကျက်ခဲ့ဖူးသည်။ ဘာပဲပြောပြော ယခုလ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဆိုလျှင် ဗိုလ်ချုပ်၏ (၉၉) နှစ်မြောက် မွေးနေ့ရောက်ခဲ့ပြီ ဖြစ်သည်။
မှန်ပါသည်။ ဗိုလ်ချုပ်လို ပုဂ္ဂိုလ်တွေ မြန်မာပြည်မှာ များများမွေးဖို့ လိုပါသည်။ ဒီအတွက် မိဘတိုင်းတွင် တာဝန်ရှိပါသည်။ သီချင်းထဲက အတိုင်းပင်ဖြစ်ပါသည်။ ဆက်တွေး ကြည့်ချင်သည်။ ဗိုလ်ချုပ်လို ပုဂ္ဂိုလ်တွေ ဖြစ်လာအောင် ဘယ်လိုမွေးရမလဲ။ ဒါမျိုးက လုပ်ယူလို့ရတဲ့ ကိစ္စလား။ မေးခွန်းက နည်းနည်း အဆင့်တက်လာပြီ ထင်သည်။ အောင်ဆန်း ဘာကြောင့် ကမ္ဘာကျော်ရသလဲ။ အောင်ဆန်းကို ဒီလိုဖြစ်အောင် ဘယ်သူတွေက လုပ်တာလဲ။ တစ်နည်းအားဖြင့် အောင်ဆန်းကို ထုဆစ်လိုက်တာ ဘယ်သူတွေလဲ။
ဒီအကြောင်းကို ပြောလျှင် “ပတ်ဝန်းကျင်နှင့် ဗီဇ” မှ အစချီရမည် ထင်သည်။ ကလေးဘဝ အောင်ဆန်း၏ “ပတ်ဝန်းကျင် ”နှင့် အောင်ဆန်း၏ “ပင်ကိုဗီဇ” က ဘယ်လိုလဲ။ ပတ်ဝန်းကျင်နှင့် ဗီဇအကြောင်းကို ပြောလျှင် လီကွမ်ယူးက From Third World To First တွင် ပြောဖူးတာကို သတိရ မိသည်။ လူတစ်ယောက်တွင် ဗီဇသည် ၈၀ ရာခိုင်နှုန်း အရေးကြီးပြီး ပတ်ဝန်းကျင်မှ လွှမ်းမိုးသည် ဆိုခြင်းမှာ ၂၀ ရာခိုင်နှုန်းသာ သက်ရောက်မှု ရှိသည်ဟု ဆိုသည်။ စင်ကာပူ တည်ထောင်ရေး အတွက် နဂိုတော်သူတွေ၊ ပင်ကိုထက်သူတွေ အရေးကြီးပုံကို ပြောခြင်းဖြစ်သည်။ ထားပါတော့။ ပြောချင်တာက ဗိုလ်ချုပ်အကြောင်း ဖြစ်သည်။
အောင်ဆန်းအား ကမ္ဘာကျော်ပုဂ္ဂိုလ် ဖြစ်အောင် ထုဆစ်ဖန်တီးရာတွင် အရေး အကြီးဆုံးသော အကြောင်းတရားကား မည်သည့်အရာ ဖြစ်သနည်း။ ရှင်းပါသည်။ သူ့ဗီဇ ဖြစ်ပါသည်။ “ဝ” ရှိမှ “ဝိ” လုပ်လို့ရမည်။ ဗိုလ်ချုပ်တွင် မွေးရာပါ “ဝ” ရှိသည်။ မွေးရာပါ “ဗီဇကောင်း” ရှိသည်။ ဗိုလ်ချုပ်၏ ဗီဇကို ချီးမွမ်းခန်း ဖွင့်သော် ပြောမဆုံးပေါင်၊ တောသုံးထောင် ဖြစ်လိမ့်မည်။ ဉာဏ်ရည်ဉာဏ်သွေး၊ အိုင်ကျူ၊ အီးကျူ၊ စိတ်သမာဓိ၊ အကျင့်စာရိတ္တ ကဏ္ဍစုံသည်။ မကောင်းတာရော မရှိဘူးလား။ ရှိပါသည်။ အကောင်းနှင့် အဆိုးတွဲနေတာ သဘာဝပဲ မဟုတ်လား။
ဦးအောင်သန်း၏ အဆိုကို ပြောရသော်
“..ရေနံချောင်း နေရှင်နယ်ကျောင်း တွင်လည်း အောင်ဆန်းသည် အတန်းတိုင်းတွင် ပထမရ၏။ ၁၉၃၀ ပြည့်နှစ်တွင် အင်္ဂလိပ်၊ မြန်မာ ၇ တန်း စာမေးပွဲကို စကောလားရှစ်နှင့် အောင်၍ တစ်လလျှင် ၁၀ ကျပ် ဆုချီးမြှင့်ခံရ၏။ ဗမာ တစ်ပြည်လုံးတွင် လေးယောက်သာ ပေးသော ဦးရွှေခိုဆုလည်း ရသည်။ ၁၉၃၂ ခုတွင် အင်္ဂလိပ်မြန်မာ ၁၀ တန်းကို “ က”တန်းမှ မြန်မာစာနှင့် ပါဠိဘာသာ တို့တွင် ဂုဏ်ထူးတန်းဖြင့် အောင်သည်။...”
(အောင်ဆန်း မိသားစု၊ စာ ၉၅)။
သို့ဖြစ်ရာ အောင်ဆန်းသည် ကလေးဘဝကတည်းက ပညာတော်သူဖြစ်သည်။
"ဗိုလ်ချုပ်သည် အလွန်ရိုးသား၍ စားချင်လျှင် စားချင်သည်၊ လိုချင်လျှင် လိုချင်သည်၊ ကြောက်လျှင် ကြောက်သည် စသည်ဖြင့် ဖွင့်ဟဝန်ခံ တတ်သည်။ မည်သည့်အခါမှ လိမ်မပြောပါ။.."
(အောင်သန်း၏ အောင်ဆန်း၊ စာ ၁၇)
"...အောင်ဆန်း၏ အခန်းကား ရှုပ်ပွနေသည်။ တစ်ခန်းလုံး စာအုပ်များ ပြန့်ကျဲနေလျက် အင်္ကျီလုံချည် တို့မှာလည်း နေရာအနှံ့ ရောက်နေသည်။ အိပ်ရာကို မည်သည့်အခါမျှ မသိမ်းဘဲ ခြင်ထောင် ကိုလည်း အမြဲ ထောင်ထားသည်။ အတိုချုပ်ရလျှင် အောင်ဆန်း၏ အခန်းမှာ အလွန်စိတ်ပျက်ဖွယ် ကောင်းသည်။ ... လောကွတ် မလုပ်တတ်၊ သူ့အားဖော်ရွေစွာ နှုတ်ဆက်သည့် ကျောင်းသားများ ကိုလည်း ပြန်လည် နှုတ်ဆက်ချင်မှ နှုတ်ဆက်သည်။ ထိုသို့သော အောင်ဆန်းအား ကျောင်းသား အများစုက “လူ့ဂွစာ” ဟု ကင်ပွန်းတပ်သည်မှာ မဆန်းပေ။ သို့သော်လည်း သူနှင့် ရင်းရင်းနှီးနှီး ဆက်ဆံဖူးသူ များက သု့ကို တစ်သက်လုံး စွဲသွားတော့သည်။....."
(အောင်ဆန်း မိသားစု၊ စာ ၉၉)။
အကောင်းနှင့် အဆိုးတွဲနေသည်မှာ သဘာဝပင်ဖြစ်၍ အောင်ဆန်းတွင်လည်း ထိုသဘောများလည်း ရှိပေသည်။ ဤကား ဗိုလ်ချုပ်၏ ဗီဇကို လှစ်ပြသော အခြေခံအကြောင်း အချို့ပင် ဖြစ်သည်။ သူ့ဗီဇကို ပြောရလျှင် တော်သည်၊ ထက်သည်၊ ပေသည်၊ ရွတ်သည်။ ထိုသို့ပြောလျှင် ရမည်ထင်သည်။
“ဗီဇ” ပြီးလျှင် ဒုတိယမြောက် အရေးအကြီးဆုံးသော အရာမှာ “ပတ်ဝန်းကျင်” ဖြစ်သည်။
ငယ်စဉ်ဘဝ အောင်ဆန်း၏ ပတ်ဝန်းကျင်မှာ အဘယ်သို့နည်း။ ကလေးဘဝ အောင်ဆန်း၏ စိတ်ဓာတ်တို့ကို လွှမ်းမိုးခဲ့သည်ကား မည်သည်တို့နည်း။ အောင်ဆန်းက မည်သူတို့ကို အားကျ ခဲ့သနည်း။ သို့ဆိုရလျှင် ဦးစွာ တင်ပြသင့်သူမှာ ဦးမင်းရောင် ဖြစ်သည်။ ငယ်စဉ်က သမိုင်းဘာသာတွင် ဦးမင်းရောင် အကြောင်း သင်ကြားဖူးသည်ကို သတိရမိသည်။ နယ်ချဲ့ကို အန်တုခဲ့သူ၊ အင်္ဂလိပ်ကို ဒူးမထောက်ခဲ့သူ၊ နောက်ဆုံး ခေါင်းဖြတ်အသတ်ခံ ရသူ စသည်ဖြင့် မှတ်မိသေးသည်။
ဦးမင်းရောင်နှင့် အောင်ဆန်းအကြား ဆက်စပ်မှုအချို့ကို တင်ပြလိုသည်။ ဦးမင်းရောင်မှာ ဗိုလ်ချုပ်၏ အဘိုးဟု ဆိုသည့်တိုင် အဘိုးအရင်းတော့ မဟုတ်။ “အဘိုးဝမ်းကွဲ” ဟုဆိုလျှင် ရမည်ဖြစ်သည်။ ကလေးဘဝ အောင်ဆန်းနှင့် ဗိုလ်မင်းရောင် ပတ်သက်ပုံကို ဤသို့ တွေ့ရမည်။
"...အဘိုး ဦးမင်းရောင်ကို အားကျပုံပေါ်သည်။ အဖနိုင်ငံကို လုယူ သိမ်းပိုက်ထားသော အင်္ဂလိပ်များကို တိုက်ထုတ် မောင်းနှင်ပစ်ချင်ပုံ ပေါ်သည်။ ငယ်စဉ်ကစ၍ အဘွား ဒေါ်သူဇာနှင့် အမိဒေါ်စုတို့၏ အင်္ဂလိပ်များက မြန်မာပြည်ကို အဓမ္မ သိမ်းပိုက်ထားပုံ၊ ဦးမင်းရောင်က အနိုင်မခံ အရှုံးမပေးဘဲ အသက်စွန့် တိုက်ခဲ့ပုံ စသည့် ပြောကြားချက်များကို ကြားနေရကား အောင်ဆန်းတွင် တော်လှန်ရေး စိတ်ဓာတ်များ တဖွားဖွား ဖြစ်နေပုံပေါ်သည်။"
(အောင်ဆန်း မိသားစု၊ စာ ၉၉)
သို့ဖြစ်ရာ အောင်ဆန်း၏ တော်လှန်ရေး သန္ဓေစိတ်သည် ဦးမင်းရောင်ကို အားကျရာက စခဲ့မည်ထင်သည်။ ကျောင်းသားဘဝက အဘိုး ဦးမင်းရောင် အကြောင်းကို “ရွှေညာသားလေး” ဟူသည့် ကလောင်ဖြင့် “သူရိယမဂ္ဂဇင်း (၁၉၃၅)” တွင်ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးသည်။ ဆောင်းပါး ခေါင်းစဉ်ကား “မင်းကြီးဦးမင်းရောင်” တည်း။ အားကျသောစိတ်သည် လူငယ်တစ်ယောက် အတွက် ကြီးမားသော မောင်းနှင်အား မဟုတ်ပါလား။
ဗိုလ်ချုပ်အလောင်းအလျာ ဖြစ်သော အောင်ဆန်း၏ စရိုက်ကို နောက်ထပ် ထုဆစ်သူများမှာ သူ့မိဘများပင် ဖြစ်သည်။ မိဘဟူသည့် အတိုင်း လက်ဦးဆရာ မဟုတ်ပါလား။ ဖခင်ဖြစ်သူ ဦးဖာ ကား တကယ့် လူအေး၊ လူရိုး ဖြစ်သည်။ သို့သော် ဦးဖာသည် အောင်ဆန်း အသက် ၁၆ နှစ်သား
(ဟိုက်စကူးကျောင်းသား) ခန့်တွင် ကွယ်လွန်သည်ဖြစ်၍ အောင်ဆန်း လူလားမြောက်ချိန်တွင် ဖခင် ရှိတော့သည်မဟုတ်။ သို့ကြောင့် ဗိုလ်ချုပ်သည် မိခင်ဖြစ်သူ ဒေါ်စု၏ ကွပ်ကဲမှုဖြင့် ကြီးပြင်းခဲ့ရခြင်း ဖြစ်သည်။ မိခင်ဒေါ်စုကား ဖခင် ဦးဖာနှင့် စရိုက်ချင်း ကွာခြားသည်။ မဟုတ်မခံ စရိုက်ရှိသည်။ ထက်ထက်မြက်မြက် ရှိသည်။ သားသမီးများ၏ ပညာရေးကို အလေးပေးသည်။
"... ဒေါ်စုတွင် ကောင်းသောမာန အပြည့်အဝ ရှိသည်။ ကောင်းသော မာန ဆိုသည်မှာ ကိုယ့်သိက္ခာ ကိုယ်ရိုသေခြင်းကို ဆိုလိုသည်။ ... ဒေါ်စုသည် ပြောစရာ ရှိသည်ကို အားမနာတမ်း ပြောတတ်သူဖြစ်သည်။ .. ကမ္ဘာကျော် ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိများကို လေ့လာရာတွင် မိခင်များ၏ အခန်း မည်မျှ အရေးကြီးသည်ကို တွေ့ရပါသည်။ ဂန္ဒီ၊ စတာလင် စသော ခေါင်းဆောင်များ၏ မိခင်များသည် အလွန်တော်သော မိခင်များ ဖြစ်ကြသည်။ အောင်ဆန်း ကမ္ဘာကျော် သည်မှာလည်း မိခင်ဒေါ်စုကြောင့်ဟု ဆိုချင် ပါသည်။ ..."
(အောင်ဆန်းမိသားစု၊ စာ ၄၄)။
အောင်ဆန်း၏ ဗီဇကို အရောင်တင်ပေးခဲ့သူ နောက်တစ်ဦးမှာ အစ်ကိုကြီးဖြစ်သူ ဦးဘဝင်းပင် ဖြစ်သည်။ ဖခင်ကွယ်လွန်ပြီးနောက် ဦးဘဝင်းသည် မိသားစု တာဝန်များကို မိခင်ဒေါ်စုနှင့် အတူ ထမ်းဆောင်ခဲ့သည်။ မွေးချင်း ကိုးယောက် ရှိသည့်အနက် ဦးဘဝင်းမှာ အစ်မနှစ်ဦး ပြီးလျှင် တတိယမြောက် အကြီးဆုံးသား ဖြစ်သည်။ သူသည် ကျောင်းဆရာတစ်ဦးလည်း ဖြစ်သည်။
" ...ဦးဘဝင်း အသက် ၃၀ အရွယ်တွင် ဖခင်ဆုံးသွားသော အခါ ညီငယ်များ လူလားမြောက်ရေး အတွက် မိမိဘာသာ တာဝန်ယူ၏။ .. ဦးဘဝင်းသည် ညီငယ်များကို အလွန်ချစ်၏။ အလွန် ပညာတတ်စေချင်၏။ အခါအခွင့် သင့်တိုင်း ပညာသင်ပေး၏။ ...ဦးဘဝင်း၏ ချို့ယွင်းချက်ကား စာသင်သောအခါ လွန်စွာစိတ်တို၏။ သာမန်အားဖြင့် ကျွန်တော်တို့ ညီငယ်များကို ရိုက်လေ့ မရှိသော်လည်း စာသင်သောအခါ ရိုက်လေ့ရှိ၏။ ...အမြော်အမြင်ရှိသော မိဘများသည် သူတို့၏ သားသမီးများကို ဦးဘဝင်းအား အပ်ကြလေသည်။ ..နေ့စဉ် ကျောင်းစာအပြင် အင်္ဂလိပ် သဒ္ဒါနှင့် စကားလုံး တိုးပွားစေမည့် စာအုပ်များကို ဖတ်ရ၏။ ကျက်ရ၏။ မကျက်ဘဲ မနေဝံ့ပေ။ .. ကျောင်း ပိတ်ရက် မဟုတ်လျှင် ဘိုင်စကုပ် မကြည့်ရ။ ကျောင်းပိတ်ရက်တွင် သူကိုယ်တိုင် လိုက်ပြ၏။ ပြန်လာသောအခါ ဇာတ်လမ်းကို အင်္ဂလိပ်လို ပြန်ရေးရ၏။..."
(အောင်ဆန်းမိသားစု၊ စာ ၅၆၊ ၅၇)
သို့ဖြစ်ရာ ဗိုလ်ချုပ် အနေနှင့် အင်္ဂလိပ်စာ အခြေခံကောင်းရခြင်းမှာ ဦးဘဝင်း၏ ကျေးဇူးကြောင့် ဟု ဆိုနိုင်ပေသည်။
သို့ဖြစ်ရာ ဒီလိုမိဘ၊ ဒီလိုအစ်ကို၊ ဒီလိုကျောင်း၊ ဒီလို အသိုင်းအဝိုင်းတွင် ကြီးပြင်းခဲ့ရသည် ဖြစ်ခြင်းက အောင်ဆန်း၏ ကံတရားတစ်ခုဟု ဆိုနိုင်မည် ဖြစ်သည်။ အောင်ဆန်းသာ လောကဓံကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်စွမ်း ရှိသော မိခင်မျိုးနှင့် မတွေ့ခဲ့ရလျှင်၊ အောင်ဆန်းသာ အစ်ကိုကြီး အဖအရာ တာဝန် ယူတတ်သော အစ်ကိုမျိုးနှင့် မတွေ့ခဲ့ရလျှင်၊ အောင်ဆန်းသာ ပညာကို မြတ်နိုးသော အသိုင်းအဝိုင်းတွင် မကြီးပြင်းခဲ့ရလျှင်၊ အောင်ဆန်း၏ စိတ်ကို စေ့ဆော် လွှမ်းမိုးနိုင်သော အဘိုးမျိုး မရှိခဲ့လျှင်၊ အောင်ဆန်းသာ မျိုးချစ်စိတ်ကို ပံ့ပိုးပေးနိုင်သော နေရှင်နယ် ကျောင်းမျိုးတွင် မနေဖြစ်ခဲ့လျှင်၊ အောင်ဆန်းသာ တက္ကသိုလ်ကျောင်းသား မဟုတ်ခဲ့လျှင် အဖြေသည် တစ်မျိုးတစ်ဖုံ စိတ်ဝင်စားစရာ ကောင်းမည် ထင်ပါသည်။ ဆိုလိုသည်မှာ အောင်ဆန်းတွင် မွေးရာပါ ဗီဇကောင်းများ ရှိသည် ဖြစ်သလို သူ၏ ပတ်ဝန်းကျင်ကောင်း များကလည်း သူ့ကို လွှမ်းမိုးပုံဖော်ခဲ့သည် ဆိုလျှင် မမှားတန်ရာပေ။
ဆောင်းပါး၏ ရည်ရွယ်ချက်ကို အစ ကောက်ကြည့်လိုပါသည်။ သဟာယဆရာတင်၏ သီချင်း ကဲ့သို့ပင် ဤနိုင်ငံတွင် ဗိုလ်ချုပ်လို လူတော် လူကောင်းတွေ၊ ခေါင်းဆောင်ကောင်းတွေ မွေးထုတ်ဖို့ လိုပါသည်။ သို့ဆိုလျှင် ပြောစရာက ရှိလာပြီ ဖြစ်သည်။ ဗီဇမှာ လုပ်ယူ၍ မရသောအရာ ဖြစ်သည်။ ကိန်းသေဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်ကား လုပ်ယူ၍ရသည်။ ဖန်တီးယူ၍ ရသည်။ ကိန်းရှင်သဘောဖြစ်သည်။
သို့ဖြစ်ရာ ဗိုလ်ချုပ်လို ခေါင်းဆောင်ကောင်းများ မွေးထုတ်ရေးဟု ဆိုရာတွင် ယနေ့ လူ့အဖွဲ့အစည်း၌ ပညာကို တန်ဖိုးထားသော လူ့ပတ်ဝန်းကျင်မျိုး လိုသည်။ အမှန်တရားကို ဆုပ်ကိုင်ရဲသော ပတ်ဝန်းကျင်မျိုး လိုသည်။ အကျင့်စာရိတ္တကို တန်ဖိုးထားသော ဝန်းကျင်မျိုး လိုသည်။ ရိုးသားမှုကို ခုံမင်သော ဝန်းကျင်မျိုးလိုသည်။ ယင်းသို့သော ပတ်ဝန်းကျင်ကောင်းမျိုးနှင့် ယနေ့ မျိုးဆက်တို့ များများ ထိတွေ့ခွင့် ပေးလျှင် ဗိုလ်ချုပ်လို ခေါင်းဆောင်တွေ မွေးထုတ်ရေး လက်တွေ့ကျကျ နီးစပ်သွားနိုင်မည်ဟု ထင်မိပါသည်။
(၉၉ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့သို့)
ပေါ်လင်းဦး
The Voice Weekly