နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု

ပို့စ်တင်ချိန် - 1/27/2014 07:19:00 PM



ဤတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လက်ခံခြင်း တစ်နည်းအားဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပေါ်လစီကို အဆင့်နှစ်ဆင့် ခွဲခြားပြီး ယင်း၏ သမိုင်းကြောင်းကို ကြည့်နိုင်ပါသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု၏ အစ ကနဦးကာလသည် (၁၉၇၉ မှ ၁၉၉၃ အထိ) ဖြစ်ပြီး တရုတ်နိုင်ငံသည် ၁၉၇၈  ခုနှစ်မှစ၍ ပြည်ပတံခါးဖွင့် ဝါဒသို့ ပြောင်းလဲခဲ့သည်နှင့် အတူ ၁၉၇၉ ခုနှစ်တွင် ဖက်စပ် (Joint Venture) ဥပဒေကို အတည်ပြုခဲ့ပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု ပေါ်လစီ (Foreign Direct Investment Policy) ကို စတင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် အထူးစီးပွားရေးဇုန်ကြီး (Special Economic Zones) လေးခုကို တည်ဆောက်ခဲ့ပြီး နိုင်ငံခြား အရင်းအနှီးများကို လက်ခံသော “စမ်းသပ်ဒေသများ” အဖြစ် စတင်သတ်မှတ်ခဲ့သည်။ ဤအထူး စီးပွားရေး ဇုန်များတွင် တရုတ်နိုင်ငံနှင့် နိုင်ငံခြားကုမ္ပဏီများ ပူးတွဲ ထုတ်လုပ်သော ကုမ္ပဏီများ၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားကုမ္ပဏီများ အရင်းအနှီး အစုစပ် ကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီများ စသည်တို့ ပါဝင်ပြီး ကုမ္ပဏီခွန်၊ မြေအသုံးချအခွန်၊ ပြည်ဝင်ပြည်ထွက် (လူဝင်မှု ကြီးကြပ်ရေး ကိစ္စများ) နှင့် အခွန်အကောက် စသည့် ကိစ္စရပ်များအတွက် အထူးအခွင့်အရေးများကို ပေးသော်လည်း ယင်းကုမ္ပဏီများ၏ ထုတ်ကုန် အများစုကိုမူ ပြည်ပပို့ကုန် (Export) အနေဖြင့်သာ ထုတ်လုပ် ဆောင်ရွက်စေခဲ့သည်။

၁၉၈၄ ခုနှစ်တွင် အထူးစီးပွားရေးဇုန်များ (SEZs) ၏ နိုင်ငံခြား  ရင်းနှီးမြှုပ်နှံမှုမှ ရရှိသော စီးပွားရေး အကျိုးရလဒ်များကို ထင်သာ မြင်သာ သိလာသောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (Longterm Economy) အတွက် အခြေခံစီမံချက် (Fundamental Plan) အဖြစ်လည်း တရုတ် ခေါင်းဆောင်များက အသိအမှတ် ပြုခဲ့သည်။ ၁၉၈၄ ခုနှစ် မေလတွင် တရုတ် အစိုးရသည် ပင်လယ် ကမ်းရိုးတန်းနှင့် ဆိပ်ကမ်းမြို့များ ဖြစ်သည့် တာလျန်မြို့၊  ထန်ကျင်မြို့နှင့် ရှန်ဟိုင်းမြို့ စသည့် မြို့ကြီး ၁၄ မြို့ကို တံခါးဖွင့် ဆိပ်ကမ်း မြို့ကြီးများအဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ ကမ်းရိုးတန်း တစ်လျှောက်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်ရေး တံခါးဖွင့် ဝါဒ (စနစ်) ၏ ဗဟိုချက်များ ဖြစ်လာခဲ့ပြီး “နိုင်ငံခြား တံခါးဖွင့်ရေး မူဝါဒ” သည် တစ်မြို့နှင့်တစ်မြို့ ဆက်စပ်သွားပြီး မျဉ်းကြောင်း တစ်ကြောင်းတည်းသဖွယ် ဖြစ်လာခဲ့သည်။

၁၉၈၆ ခုနှစ် အောက်တိုဘာလတွင် “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့ပြု စည်းမျဉ်း” ကို ထုတ်ခဲ့ပြီး ပို့ကုန် စက်မှုလုပ်ငန်းများ (Export Industries) နှင့် ခေတ်မီ နည်းပညာ ကုမ္ပဏီများ (Modern Technology Industries and Firms) ကို အထူးအခွင့်အလမ်းများ ပေးခြင်းကို စတင်ခဲ့သည်။ ဤစည်းမျဉ်း ဥပဒေကြောင့် အထူးစီးပွားရေးဇုန် (Special Economic Zones) နှင့် ဖွံ့ဖြိုးရေးဇုန် (Development Zones) စသည့် ကမ်းခြေ တံခါးဖွင့် ဒေသများတွင် အဓိကအားဖြင့် ပြည်ပနိုင်ငံများသို့ ဦးတည်သော စီးပွားရေး နည်းဗျူဟာ (တစ်နည်းအားဖြင့် ပြည်ပပို့ကုန် စက်မှုလုပ်ငန်း ကုမ္ပဏီများကို ဆွဲဆောင်ခြင်းနှင့် ယင်းလုပ်ငန်းများကို ဖန်တီး ပျိုးထောင်ပေးခြင်း) သည် ထိုအချိန်က တရုတ်ခေါင်းဆောင်များ၏ ရည်ရွယ်ချက် ဖြစ်ခဲ့ပါသည်။

၁၉၈၈ ခုနှစ်တွင် “ပင်လယ်ကမ်းခြေဒေသများ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ” ကို စတင်ခဲ့ပြီး ယင်းဒေသများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ပိုမို လျင်မြန်စေသော လမ်းစဉ်များကို ဦးတည်စေခဲ့သည်။

၁၉၉၂ ခုနှစ် အစပိုင်းမှ စတင်၍ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်၏ တရုတ်ပြည်တောင်ပိုင်း ခရီးစဉ်ကို အခြေခံ၍ “ပြုပြင် ပြောင်းလဲရေးနှင့် တံခါးဖွင့် လမ်းစဉ်” ကို ပိုမို လျင်မြန်စေခဲ့ပြီး “ဘက်စုံ တံခါးဖွင့်မှု” မူဝါဒကို စတင်ခဲ့သည်။ ယေဘုယျအားဖြင့် (၁) ဝန်ဆောင်မှုကဏ္ဍ (Service Sector) ထဲသို့ နိုင်ငံခြား အရင်းအနှီး ဝင်ရောက်ခွင့် စည်းမျဉ်း ဥပဒေကို လျော့ပါးစေခြင်း၊ (၂) နိုင်ငံခြားဖက်စပ် ကုမ္ပဏီများ၏ တရုတ်ပြည်တွင်း ဈေးကွက်တွင် ရောင်းချမှု သတ်မှတ် ထားချက်များကို လျှော့ချပေးခြင်း၊ (၃) တရုတ်နိုင်ငံ  ကုန်းတွင်းပိုင်းနှင့် နယ်စပ်ဒေသများကို တံခါးဖွင့်စေခြင်း စသည့် တရုတ်နိုင်ငံ စီးပွားရေးကို ပြောင်းလဲရေး ရည်မှန်းချက်များကို ဘက်စုံထောင့်စုံမှ လေ့လာပြီး အကောင်အထည် ဖော်ရန် ပိုမိုလျင်မြန်သော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းတို့၏ အကျိုးကျေးဇူး ရလဒ်အဖြစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အံ့မခန်း တိုးတက်ခဲ့သည်။

ဤသို့ဖြင့် တရုတ်နိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ကမ္ဘာတစ်ဝန်းလုံးမှ စိတ်ဝင်စားမှုများ ဖြစ်လာခဲ့ကာ ဤကာလသည် အရေးပါသော ကာလဖြစ်ခဲ့သည်။

FDI တိုးမြှင့်ခြင်းနှင့် ချိန်ခွင် လျှာညှိသည့် ကာလ (၁၉၉၄-၂၀၀၁) WTO (ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့) အဖွဲ့ဝင် ဖြစ်သည်အထိ ကာလတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း FDI ကို တိုးမြှင့်ရင်း FDI မူဝါဒများကို ပြန်လည် သုံးသပ်သော လှုပ်ရှားမှုများ ရှိခဲ့သည်။ ယင်း၏ နောက်ခံ အကြောင်းရင်းမှာ -

(က) တရုတ်နိုင်ငံ အစိုးရသည် ၁၉၉၃ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ခဲ့သည့် ငွေကြေးဖောင်းပွမှု (Inflation) ကို ထိန်းရန် Money Supply ကို လျှော့ချခဲ့သည်။ ထို့အပြင် ဈေးကွက် စီးပွားရေးစနစ်သို့ ညင်ညင်သာသာ တည်တည်ငြိမ်ငြိမ် ပြောင်းလဲရေး၊ ဒေသတစ်ခုနှင့် တစ်ခုအကြား ဖွံ့ဖြိုး တိုးတက်မှု (ဝင်ငွေ ကွာဟမှု ပမာဏ) ကို ပြင်ဆင်ရေး၊ စက်မှုကဏ္ဍ ဖွဲ့စည်းပုံ (Industrial Structure) နှင့် နည်းပညာ မြင့်မားရေး စသည်တို့ကို ရည်ရွယ်ပြီး ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု (Monetary Reform) ၊ ဘတ်ဂျက်စနစ် ပြုပြင် ပြောင်းလဲမှု (Fiscal Reform) ၊ အခွန်စနစ် ပြုပြင် ပြောင်းလဲမှု (Tax Reform) ၊ ပြည်ပကုန်သွယ်ရေး ပြုပြင် ပြောင်းလဲမှု (External Trade Reform) နှင့် နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများ ပြုပြင် ပြောင်းလဲမှု (State Owned Enterprise Reform) စသည့် ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည်။

(ခ) ဆောက်လုပ်ရေး လုပ်ငန်းများ (Real Estate) တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်ရောက် ရင်းနှီး မြှုပ်နှံလာမှုသည် ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သော ပြည်တွင်းကုန်ဈေးနှုန်း တက်ခြင်းကို ဖြစ်စေခြင်းဟု သုံးသပ်ခဲ့သည်။ ထို့အပြင် နိုင်ငံခြားဖက်စပ် လုပ်ငန်းများ၏ လက်ရှိ အခြေအနေပေါ်တွင် သဘောမကျမှုများ (အသေးစား ကုမ္ပဏီများ၏ ဆန့်ကျင်ဆန္ဒပြမှုများ၊ အရည်အသွေး မမီသော နည်းပညာ အဆင့်အတန်းနှင့် အဆောက်အအုံများဖြင့် တည်ထောင်ထားသော လုပ်ငန်း၊ ကုမ္ပဏီများ များပြားလာခြင်းနှင့် အရှုံးပေါ်သော ကုမ္ပဏီများ များပြားလာခြင်း စသည်) နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက် များပြားလာခြင်းနှင့်အတူ အထူး ဖွံ့ဖြိုးရေး ဒေသများ၏ ပြဿနာများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်စပ်သော အစိုးရ ဗျူရိုကရက် ဝန်ထမ်းများ၏ လာဘ်စားမှုများ၊ ခြစားမှုများ များပြားလာခြင်း စသည့် ပြဿနာများလည်း မြင်တွေ့လာရသောကြောင့်  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပေါ်တွင် ပြန်လည် သုံးသပ်ရန် တောင်းဆိုခြင်းများလည်း ရှိခဲ့သည်။

(ဂ) တရုတ်နိုင်ငံ၏ GATT/WTO (ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့) ၏ အဖွဲ့ဝင်ဖြစ်ခြင်း မဖြစ်ခြင်း ပြဿနာမှာ နိုင်ငံခြား တိုင်းပြည်များ၏ တောင်းဆိုမှုများနှင့် ပြည်တွင်းကုမ္ပဏီ၊ ပြည်ပ ကုမ္ပဏီဟူ၍ မခွဲခြားသော အခြေခံ အချက်များပေါ်တွင် မူတည်ကာ ဈေးကွက်ကို ပိုမို ဖွင့်လှစ်စေခဲ့သည်။

ဤကဲ့သို့ နောက်ခံ အကြောင်းရင်းများ၏ နောက်တွင် တရုတ်နိုင်ငံ၏ စက်မှုဖွံ့ဖြိုးမှု မူဝါဒနှင့် ကျယ်ပြန့်သော စီးပွားရေး မူဝါဒ၏ အစိတ်အပိုင်း တစ်ခုအဖြစ် “စက်မှုလုပ်ငန်းများ ရွေးချယ်မှု” ကိုလည်း စတင်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော “၁၉၉၀ ပြည့်နှစ်များ နိုင်ငံ၏ စက်မှု မူဝါဒ လိုအပ်ချက်များ” တွင် “လယ်ယာ ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး ကဏ္ဍများ၊ အခြေခံ ကုန်ကြမ်းပစ္စည်းများ ကဏ္ဍ၊ အဆင့်မြင့် နည်းပညာ စက်မှုလုပ်ငန်း” စသည်တို့ကို ဦးစားပေး ကဏ္ဍများအဖြစ် သတ်မှတ်ခဲ့သည်။ ထိုဦးစားပေး ကဏ္ဍများတွင် အထူးဦးတည်ချက်များကိုပါ သတ်မှတ်ပေးခဲ့သည်။ ထို့အပြင် ၁၉၉၅ ခုနှစ်တွင် “နိုင်ငံခြား ရင်းနှီ မြှုပ်နှံမှုနှင့် နိုင်ငံခြား ကုမ္ပဏီများအတွက် လမ်းညွှန်ချက်များ” ကို ချမှတ်ပေးခဲ့ပြီး ပြည်ပတွင် သွားရောက် ရင်းနှီးမြှုပ်နှံ၍ အလုပ်လုပ်မည့် ကုမ္ပဏီများကို အထောက်အပံ့ ပေးခြင်း၊ နည်းစနစ်များကို သတ်မှတ်ပေးခြင်း၊ လုပ်ပိုင်ခွင့်များကို ခွင့်ပြုခြင်းနှင့် ပိတ်ပင်ခြင်း စသည့် အမျိုးအစား လေးမျိုးကို ခွဲခြား သတ်မှတ်ပေးခဲ့သည်။ တစ်ပြိုင်တည်းတွင် ပြည်ပနိုင်ငံ ကုမ္ပဏီများနှင့် ပြည်တွင်း ကုမ္ပဏီများ၏ ယှဉ်ပြိုင်မှုနှင့်အညီ ညှိယူနိုင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် အခွင့်အရေးပေးသော အချို့အစိတ်အပိုင်းကို ဖျက်သိမ်းစေခြင်းကိုလည်း ဆောင်ရွက်ခဲ့သည်။

အခြားတစ်ဖက်တွင်လည်း တရုတ်အစိုးရသည် WTO အဖွဲ့ဝင် ဖြစ်ရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်စေခဲ့သည်။ မူရင်း ကုန်ပစ္စည်းများ၏ မှတ်ပုံတင်ခြင်း (Copyright Registration) တို့နှင့် ပတ်သက်သော ဥပဒေများကိုလည်း ပြင်ဆင်ခဲ့သည်။
တရုတ်နိုင်ငံ၏ တံခါးဖွင့် ဝါဒနှင့်အတူ ပြောင်းလဲလာသော တရုတ်နိုင်ငံ၏ ဈေးကွက် စီးပွားရေးတွင် တရုတ်နိုင်ငံ၌ လာရောက် ဖွင့်လှစ်သော နိုင်ငံခြားဘဏ်ခွဲများသည် ၁၉၉၉ ခုနှစ်တွင် ၁၆၉ ခုအထိ ရှိလာခဲ့သည်။

ယင်းသို့ဖြင့် တရုတ်နိုင်ငံ စီးပွားရေးသည် FDI မူဝါဒမှ (က) ဒေသအလိုက် စီးပွားရေး ဖွံ့ဖြိုးမှု မူဝါဒမှသည် စက်မှု မူဝါဒ (Industrial Policy) ကို အလေးထားလျက် ရင်းနှီးမြှုပ်နှံမှု ပုံသဏ္ဌာန်၊ လုပ်ငန်း ပုံသဏ္ဌာန်ကို ခွဲခြားသော အဆင့်သို့ ကူးပြောင်းခြင်း၊ (ခ) ကုန်းတွင်းပိုင်းနေ ပြည်သူများ၏ တိုးတက်မှုသို့ ကူးပြောင်းခြင်း၊ (ဂ) စီးပွားရေးအခြေခံ အဆောက်အဦနှင့် ကုန်းတွင်းပိုင်း ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုများအား အားပေး အားမြှောက် ပြုခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။

၂၀၀၁ ခုနှစ်တွင် WTO အဖွဲ့ဝင် ဖြစ်လာခြင်းသည် တရုတ်နိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ စီးပွားရေးကို ကမ္ဘာ့ကုန်သွယ်ရေး စီးကြောင်းထဲသို့ နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက် သွားခြင်းဟုလည်း အဓိပ္ပာယ် ဖော်နိုင်သည်။ FDI သည် တရုတ်နိုင်ငံ စီးပွားရေးတွင် အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့သော်လည်း ယင်းအပေါ်တွင် လွန်မင်းစွာ မှီခိုမှု (Overly Dependent) မရှိခဲ့သည် ဆိုသည်ကို ၂၀၀၁ ခုနှစ်တွင် FDI ပမာဏသည် တရုတ်နိုင်ငံ၏ Gross Capital Formation ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ခြင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်း Gross Domestic Captial Formation သည်  GDP ၏ ၃၈ ရာခိုင်နှုန်းအထိ ရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းများမှ သိရှိနိုင်သလို တစ်ချိန်တည်းတွင် ၂၀၀၁ ခုနှစ် တရုတ်နိုင်ငံ၏ ပြည်ပ ပို့ကုန်များ၏ ထက်ဝက်ကျော်ခန့်မှာလည်း  FDI များမှ ထုတ်လုပ်သော ထုတ်ကုန်များ ဖြစ်ခဲ့ခြင်းကလည်း တရုတ်နိုင်ငံ၏ စီးပွားရေး စီမံခန့်ခွဲမှု အရည်အချင်းကို ပြသခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် FDI များကို ကျွမ်းကျင်စွာ စီမံခန့်ခွဲခြင်းနှင့်အတူ ပြည်တွင်းစုဆောင်းမှုနှုန်း၊ ပြည်တွင်း နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုနှုန်း မြင့်မားစေရန် အဓိကကျသော မဟာဗျူဟာကို ကောင်းမွန်စွာ အသုံးချခဲ့ခြင်း ဖြစ်သကဲ့သို့ ပြည်ပနိုင်ငံများ၏ အရင်းအနှီးများနှင့် ပြည်ပနိုင်ငံများအပေါ်တွင် အလွန်အမင်း မျှော်လင့်တောင့်တရုံ သက်သက်ဖြင့် မိမိနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ခဲ့ခြင်း မဟုတ်ခဲ့သည်ကို အတုယူဖွယ် တွေ့ရသည်။
thevoicemyanmar