Cheer နိုင်ငံရေးမှ Clear နိုင်ငံရေးသို့
ပို့စ်တင်ချိန်
- 1/18/2014 09:15:00 PM
၈ လေးလုံး အရေးတော်ပုံ နောက်ပိုင်း တော်လှန်ရေး၊ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး နယ်စပ်ဒေသဆီ ရောက်လာသူတွေ၊ ပြည်ပ ရောက်လာသူတွေ အချင်းချင်းကြား ခွဲခွာခါနီး နှုတ်ဆက်ရင် ‘ရန်ကုန်မှာ ပြန်ဆုံမယ်လေ’ လို့ နောက်ပြောင် ပြောဆိုလေ့ရှိပါတယ်။
ဒါ လွန်ခဲ့တဲ့ ၂၀၁၂ အထိပါပဲ။ ဒါပေမဲ့ အခု ၂၀၁၃ ထဲမှာတော့ ဒီလိုနှုတ်ဆက်တာဟာ နောက်ပြောင်တာ မဟုတ်ဘဲ တကယ်ဖြစ်လာခဲ့ပါပြီ။ နယ်စပ် ရောက်နေသူတွေ၊ ပြည်ပ ရောက်နေသူတွေ အတော်များများ ရန်ကုန်မှာ ပြန်ဆုံနိုင်ဖို့ ပြည်တော်ပြန် ခရီးတွေ သွားနေကြပြီ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်အတွင်း ဒီလို ပြည်တော်ပြန်တဲ့ ဦးရေ ရာနဲ့ချီ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကျွန်တော် တာဝန်ထမ်းခဲ့ဖူးတဲ့ ABSDF (မန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး) တပ်ရင်း ၂၀၁၊ မင်းသမီးစခန်း တစ်ခုတည်းရဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေထဲကတင် ဒီနှစ်အတွင်း ပြည်တော် ပြန်သူဦးရေ ၂၀ နီးပါး ရှိပါတယ်။ နိုင်ငံအလိုက် ပြောရမယ်ဆိုရင် နော်ဝေနိုင်ငံ တစ်ခုတည်းကတင် ဒီနှစ်အတွင်း ပြည်တော် ပြန်လာပြီးသူဦးရေ ၃၀ နီးပါး ရှိပါတယ်။ အခု ကျွန်တော့်ရဲ့ ဒုတိယ ခရီးစဉ်ဖြစ်တဲ့ ဒီဇင်ဘာလ တစ်ခုတည်းမှာတင် နော်ဝေကနေ မြန်မာနိုင်ငံ သွားလည်တဲ့သူ တစ်ဒါဇင် ကျော် ရှိခဲ့တာကိုတွေ့ရပါတယ်။
“ဒီဇင်ဘာမှာ ကလေးတွေ ကျောင်းပိတ်တုန်း သွားရတာလေ။ ဇွန်လ ကျောင်းပိတ်ချိန်က ဟိုမှာ မိုးရွာနေတယ်မို့လား” လို့ နယ်စပ်ဒေသမှာ မွေးတဲ့ ဆယ်ကျော်သက်ကလေးတွေကို မြန်မာပြည် ပြန်ပြဖို့ ပြင်နေတဲ့ နော်ဝေရောက် မိဘတစ်ဦးက ပြောပါတယ်။ ပြည်ပရောက် မြန်မာတွေဟာ တစ်နှစ်မှာ သတင်းလေးပတ် လစာအပြည့်နဲ့ အလုပ်အားရက်ရပြီး အထူးသဖြင့် ဥရောပရဲ့နွေရာသီ ဇွန်-ဇူလိုင်မှာ ယူလေ့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ဟာ မြန်မာနိုင်ငံမှာ မိုးတွင်းကာလ ဖြစ်နေတဲ့အတွက် ကလေးတွေနဲ့ အဆင်မပြေတာကြောင့် အခုလို ဒီဇင်ဘာ ကျောင်းပိတ်ရက်ဆီ အချိန်ပြောင်းယူနေကြတာ ဖြစ်ပါတယ်။
၂၅ နှစ်တာ အမိမြေနဲ့ ဝေးနေလို့ နေရပ်ကို လွမ်းနေတဲ့ အသက် ၄၀ ကျော် ၅၀ တန်း လူကြီးတွေဟာ သူတို့ အိမ်ပြန်ချင်တဲ့အပြင် နယ်စပ်ဒေသနဲ့ တတိယနိုင်ငံမှာ မွေးတဲ့ သူတို့ရဲ့မျိုးဆက်သစ် ကလေးငယ်တွေကိုလည်း မြန်မာနိုင်ငံဆိုတာ ဘယ်လိုရှိတယ် ဆိုတာကို သွားရောက် ပြသချင်နေကြတာ ဖြစ်ပါတယ်။ “ဒီရာသီကတော့ ဘုရားပွဲရာသီ၊ အလှူပွဲ ရာသီဆိုတော့ မြန်မာ နိုင်ငံက ဘာသာရေး၊ လူမှုရေး အခြေနေတွေကို ကလေးတွေ မြင်ခွင့်ရမှာပေါ့” လို့ တန်ဆောင်တိုင်ပွဲအမီ ပြည်တော်ပြန်သွားတဲ့ ကနေဒါရောက် မိတ်ဆွေတစ်ဦးက ပြောပါတယ်။
ဥရောပ၊ မြောက်အမေရိကနဲ့ သြစတြေးလျတိုက်ရှိ နိုင်ငံ အသီးသီးကနေ ပြန်တော်ပြန်နေကြတဲ့ ဒီလူတွေထဲက အတော်များများဟာ မွေးရပ်ဒေသဆီ ပြန်ပြီး မိသားစုနဲ့တွေ့တာ၊ မိသားစုနဲ့အတူ ဘုရားဖူးသွားတာ၊ သီတင်းတစ်ပတ်လောက် သင်္ကန်းဝတ်တာ စသဖြင့် လူမှုရေး ကိစ္စတွေကို ဦးစားပေး ဆောင်ရွက်လေ့ ရှိကြောင်း သူတို့ရဲ့ ဆိုရှယ်မီဒီယာ Facebook ပေါ်မှာ ဖော်ပြလေ့ ရှိပါတယ်။ သူတို့အားလုံးဟာ နိုင်ငံရေး အခြေအနေကြောင့် တိုင်းပြည်ကနေ ထွက်လာခဲ့ရသူတွေ ဖြစ်တာနဲ့အညီ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ၊ ၈၈ မျိုးဆက်တွေ၊ ABSDF အဖွဲ့ဝင်ဟောင်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးကြမယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။
ဒါပေမဲ့ ပြည်ပရောက်နေသူ အားလုံး ဒီလို ပြည်တော် ပြန်နေကြတာတော့ မဟုတ်ပါ။ ‘ရန်ကုန်မှာ ပြန်ဆုံမယ်’ လို့ ပြောသူရှိသလို ‘ရန်ကုန်တော့ ဖြည်းဖြည်းပေါ့’ ဆိုတဲ့ လူတွေလည်း အများကြီး ရှိပါသေးတယ်။ အဲဒီထဲမှာ လက်ရှိ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်ကို မယုံကြည်လို့ ဒီကိစ္စမှာ လုံးဝမပါဘူးဆိုပြီး တင်းခံနေသူတွေ၊ ဘေးထွက် ထိုင်နေသူတွေပါသလို ပြည်တော် ပြန်လာနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံရဲ့ နိုင်ငံသား (မြန်မာဘက်ကကြည့်ရင် နိုင်ငံခြားသား) စာအုပ် မရသေးတဲ့အတွက် စောင့်နေရသူတွေလည်း ရှိပါတယ်။
“အခြေအနေတွေက ဗလုံးဗထွေးနဲ့ သူ့လူမှန်းမသိ၊ ကိုယ့်လူမှန်းမသိ အခြေအနေ။ ဒီတိုင်းသာမူမရှိ၊ ဘောင်မရှိနဲ့ ငြိမ်းချမ်းရေးဆိုပြီး ဆက်သွားနေရင် သိပ်စောင့်စရာ မလိုပါဘူး။ သမိုင်းက နောက်တစ်ပတ် ပြန်လည်လာဦးမှာပါ။ ဒီအတွက် အခုကတည်းက ငါတို့အဆင်သင့် ပြင်ထားဖို့ လိုတယ်” လို့ နယ်စပ်မှာ ရှိနေဆဲ ABSDF ခေါင်းဆောင်ဟောင်း တစ်ဦးက ပြောပါတယ်။ သူဟာ အခုချိန်ထိ ပြည်တော်တစ်ခါမှ မပြန်သေးတဲ့ လူတွေထဲက တစ်ဦးဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ရင်းနှီးသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အမြင်ဟာ လက်ရှိသွားနေတဲ့ ပြောင်းလဲမှု ဖြစ်စဉ်ကို မကောင်းဘက်ကနေ မြင်လွန်းတယ်လို့ ဆိုနိုင်ပေမယ့် ဒီလိုအမြင်ရှိသူ ဘယ်လောက်များများ ရှိနေသလဲ။ သူတို့ မြင်သလိုတကယ်ပဲ ပြန်ဖြစ်သွားနိုင်သလား ဆိုတာဟာ စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။
လွန်ခဲ့တဲ့ ခြောက်လက သွားခဲ့တဲ့ ရန်ကုန် ခရီးစဉ်တုန်းကဆိုရင် မနက်ဖြန် သန်ဘက်ခါမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်တော့မလိုလို ဖြစ်နေပေမယ့် အခုနှစ်ကုန်ပိုင်း ရောက်တဲ့အခါမှာတော့ အခြေအနေက ထင်ထားသလောက် ဖြစ်မလာခဲ့ပါ။ အောက်တိုဘာမှာ အပစ်ရပ်မယ်လို့ အစိုးရဘက်က လေသံပစ်ခဲ့ပေမယ့် အခုတော့ ၂၀၁၄ နှစ်ဆန်းပိုင်းမှာတောင် ဖြစ်လာပါ့မလားလို့ စိုးရိမ်သူတွေ များလာနေပါတယ်။ ကချင်နဲ့ ရှမ်းဘက်မှာ သေနတ်သံတွေ ကြားနေရဆဲ ဖြစ်ပါတယ်။
တစ်ခါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ထဲကနေ ပြင်မယ်ဆိုပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ခဲ့တဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂ နှစ်လောက် ကြာတဲ့အထိ ဘာမှမပြင်နိုင်တဲ့အတွက် လွှတ်တော်ပြင်ပ နိုင်ငံရေးဘက်ကို ဦးပြန်လှည့်လာတာမျိုး တွေ့လာနေရပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော်ထဲ ဆွေးနွေးတာ အဆင်မပြေတဲ့အတွက် ရပ်ကွက်ထဲမှာ လူထုဆန္ဒ ထုတ်ဖော်ပွဲတွေ NLD ကလုပ်လာနေသလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နိုင်ငံတကာဆီ လှည့်ပြီး ဖွဲ့စည်းပုံ ပြင်နိုင်ရေး ဝိုင်းလုပ်ကြဖို့ နှိုးဆော်မှုတွေ ဗြောင်လုပ်လာတာ ပြန်တွေ့လာရပါတယ်။
ကြီးမားတဲ့ နိုင်ငံရေးဖြစ်စဉ် နှစ်ရပ်မှာ ရှေ့မတိုးနိုင် ဖြစ်နေသလို သာမန်ပြည်သူတွေရဲ့ စားဝတ်နေရေး ဘက်မှာလည်း သိသာတဲ့ တိုးတက်မှု မတွေ့ရသေးပါဘူး။ တပ်မတော်နဲ့ ခရိုနီတွေ သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးနေပြီ ဆိုပေမယ့် ထပ်သိမ်းတာမျိုးတွေလည်း ရှိနေဆဲ။ လယ်သမား ဆန္ဒပြပွဲ၊ အလုပ်သမား ဆန္ဒပြပွဲတွေ နေ့စဉ်လိုလို ကြားနေရဆဲ ဖြစ်ပါတယ်။ ၁၅၀၀ တန် လက်ကိုင်ဖုန်းကတ်ကို မဲဖောက် ပေးနိုင်တာကလွဲရင် သိသာတဲ့ တိုးတက်မှု မမြင်ရသေးပါဘူး။
ဒါပေမဲ့ ဒီလိုတိုးတက်မှု မရှိဘူး၊ နှေးကွေးနေတယ်၊ တလွဲတွေ ဖြစ်နေတယ် ဆိုတာကို အခုလို ရေးသားတင်ပြခွင့် ရနေတာကိုက တိုးတက်မှုတစ်ခု မဟုတ်လားလို့ မေးမယ်ဆိုလည်း မေးနိုင်ပါတယ်။ တိုးတက်မှုလို့ ဆိုသင့်ပါတယ်။ အရင် စစ်အစိုးရခေတ်က ဒါမျိုး ပြောခွင့်၊ ရေးခွင့်မရဘူး မဟုတ်လား။ ဒါပေမဲ့ ပြောလို့၊ ရေးလို့ပဲရပြီး အစိုးရနဲ့ တာဝန်ရှိသူတွေဘက်က စတုတ္ထမဏ္ဍိုင်ရဲ့ သတိပေးချက်ကို ဘာမှမလိုက်နာ၊ မဆောင်ရွက်ဘူး ဆိုရင်ကော ဒီလွတ်လပ်ခွင့်က တိုးတက်မှုတစ်ခုဆီ ဦးတည်နေတယ်လို့ ပြောနိုင်ပါ့မလား။
ဘာပဲဖြစ်ဖြစ် တောခိုကျောင်းသားဟောင်း၊ လက်နက်ကိုင် တော်လှန်ရေး သမားဟောင်း ဘဝကနေ သတင်းသမား ဖြစ်လာတဲ့ ကျွန်တော့် အတွက်တော့ ‘ရန်ကုန်မှာ ပြန်ဆုံမယ်’ ဆိုတဲ့ဘက်ကိုရွေးတာ သဘာဝကျတယ်လို့ ထင်ပါတယ်။ ဒီလိုဆုံနိုင်မှ စကားပြောခွင့်၊ ဆွေးနွေးခွင့်၊ ငြင်းခုံခွင့်တွေ ရနိုင်မှာ မဟုတ်လား။ ဒါပေမဲ့ မေးစရာ ဖြစ်နေတာကတော့ ‘ဒီလို သွားလိုက်၊ လာလိုက်။ ပြောလိုက်၊ ဆိုလိုက်။ ငြင်းလိုက် ခုံလိုက်နဲ့ပဲ ပွဲကပြီး သွားမှာလား’ ဆိုတာပါပဲ။
ဒီနည်းနဲ့ပွဲပြီး မပြီးမသေချာပေမယ့် လောလောဆယ်မှာတော့ နိုင်ငံရေးသမားတွေ အားလုံးနီးပါး ဒီလိုပဲ ခရီးသွားနေကြတယ် မဟုတ်ပါလား။ အပြင်ကလူတွေ အထဲဝင်လိုက်၊ အထဲကလူတွေ အပြင်ထွက်လိုက်နဲ့ အစည်းအဝေးတွေလုပ်၊ ဆွေးနွေးပွဲတွေလုပ်၊ Semina တွေလုပ်၊ အောင်မြင်စွာ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာချက်တွေထုတ်၊ ရှန်ပိန်ခွက်ကိုစုပ်ရင်း Cheer လုပ်နေကြတာပဲ မဟုတ်ပါလား။
ပြည်တွင်းက မြန်မာတွေ ပြည်ပကို ထွက်လေ့လာ။ ပြည်ပက မြန်မာတွေ ပြည်တွင်းကို ဝင်လေ့လာကြရင်းနဲ့ ၂၀၁၃ ဟာ မြန်မာ့ ခရီးသွားနှစ်လို့တောင် ပြောင်လှောင်ခံရတဲ့ အထိပါပဲ။ ဒါကိုပင် တိုးတက်မှုလို့ ကင်ပွန်း တပ်ရတော့မလား။ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု ပုံသဏ္ဌာန် ပြောင်းလဲလာခြင်းလို့ အမည်ပေးရတော့မလား။ အချင်းချင်း သေနတ်နဲ့ ပစ်နေရာကနေ ရှန်ပိန်နဲ့ ပက်တဲ့အဆင့်ဆီ ရောက်လာတာကိုက တိုးတက်မှုလို့ ဆိုရမှာပေါ့။
အနှစ်ပြန်ချုပ်ရမယ် ဆိုရင်တော့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အလွန်ကနေစပြီး မောင်းတင်လာခဲ့တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာရေး၊ အများပြည်သူ လွတ်လပ်ခွင့်ရပြီး စီးပွားရေး အဆင်ပြေရေးဆိုတဲ့ ကြွေးကြော်သံတွေဟာ အခု ၂၀၁၃ နှစ်ကုန်တဲ့အထိ ဘာမှလက်ဆုပ်လက်ကိုင် မပြနိုင်သေးပါဘူး။ ၂၀၁၄ မှာကော ဒီကြွေးကြော်သံတွေကို လက်ဆုပ်လက်ကိုင် ပြလာနိုင်ပါ့မလား။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ယာယီ ရရှိထားတဲ့ လွတ်လပ်ခွင့်၊ နိုင်ငံရေးံ Honeymoon ကာလက သိပ်မကျန်တော့ပါ။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အထက်ဖော်ပြပါ ကြွေးကြော်သံတွေကို မရ ရအောင် ကြိုးစားကြဖို့ ဒီမိုကရေစီ အင်အားစုတွေမှာ တာဝန်ရှိပါတယ်။ ၂၀၁၃ မှာ မရခဲ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ၂၀၁၄ မှာ ရအောင်လုပ်ဖို့ လိုနေပါတယ်။ ၂၀၁၃ မှာ မပြင်နိုင်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၄ မှာ ပြင်နိုင်ဖို့ လိုနေါတယ်။ ၂၀၁၃ မှာ အဆင်မပြေခဲ့တဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးကိစ္စကို ၂၀၁၄ မှာ အဆင်ပြေအောင် လုပ်ပေးဖို့ လိုနေပါတယ်။
တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့လို ပြည်တော်ပြန်တွေကလည်း ဒီလိုပဲ သွားလိုက်၊ လာလိုက် ဘုရားဖူးခရီး ထွက်လိုက်နဲ့ တင်းတိမ် မနေသင့်ပါဘူး။ ပြန်လည် အခြေချခွင့်ရအောင်၊ အမြဲတမ်း နေထိုင်ခွင့်ရအောင်၊ ဥပဒေအရ တိကျတဲ့ အာမခံချက် တစ်ခုခုရအောင် ကြိုးစားဖို့ လိုနေပါတယ်။ တစ်ချိန်တည်းမှာပဲ ၁၉၈၈ တောစခိုစဉ်က ကြွေးကြော်ခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရအောင် အသက်စွန့် တိုက်ပွဲဝင်မယ် ဆိုတာတွေကို ပြန်လည် သတိရဖို့ လိုပါတယ်။
ဒါကြောင့် မြန်မာ့နိုင်ငံရေးသမားတွေ ခရီးသွားနှစ်လို ဖြစ်သွားခဲ့တဲ့ ၂၀၁၃ အကုန် ၂၀၁၄ ထဲမှာတော့ ဝေဝါးတဲ့ Cheer နိုင်ငံရေး လုပ်ငန်းစဉ်တွေကနေ ပြတ်သားတဲ့ Cheer နိုင်ငံရေး လုပ်ငန်းစဉ်တွေဆီ အသွင်ပြောင်းရ ပါလိမ့်မယ်။ လက်ဆုပ်လက်ကိုင် မပြနိုင်ခဲ့တဲ့ အဖြစ်ကနေ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဆီ မရောက်ရောက်အောင် ချီတက်ဖို့ သမိုင်းက တောင်းဆိုနေပြီ ဖြစ်ပါတယ်။
The Voice Daily