ဒုတိယမြောက် ဂျီနီဗာ- အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ

ပို့စ်တင်ချိန် - 1/22/2014 07:24:00 PM


ဇန်နဝါရီလ ၂၂ ရက် ၂၀၁၄ ။

 မွန်တာရက်နန်းတော် – ဒုတိယမြောက်ဂျီနီဗာ ဆွေးနွေးပွဲကို ဆွစ်ဇာလန်ရှိ မွန်တာရက်နှင့် ဂျီနီဗာမြို့များတွင် ကျင်းပမည်။

ဆီးရီးယားရှိ နိုင်ငံရေး အကျပ်အတည်းများကို ဆွေးနွေးရန်အတွက် နိုင်ငံတကာ ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၄ ဇန်နဝါရီ ၂၂ရက်တွင် ဆွစ်ဇာလန်၌ ကျင်းပမည်ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန်နှင့် ရုရှားနိုင်ငံတို့သည် ဒုတိယမြောက် ဂျီနီဗာဟု ခေါ်ဆိုကြသည့် ဆွေးနွေးပွဲကို တက်ရောက်ရန်အတွက် ဆီးရီးယားအစိုးရနှင့် အတိုက်အခံများကို လပေါင်းများစွာ ကြာမြင့်အောင် ပြောဆိုဆွဲဆောင်ခဲ့ကြရသည်။ “လူပေါင်းတစ်သိန်းကျော်ထက်မနည်း သေဆုံးပြီး၊ ၉၅သိန်းကျော် အိမ်ယာစွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဒီအခွင့်အရေးကို မယူတာဟာ ခွင့်လွှတ်နိုင်စရာမရှိဘူး” ဟု ကုလအထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးအာဏာ အပြည့်အဝရှိသော ဆီးရီးယား အကူးအပြောင်းကာလ အစိုးရ ဖွဲ့စည်းရန် ဆီးရီးယား အစိုးရနှင့် အတိုက်အခံများ နှစ်ဖက်စလုံးကို ဖိတ်ခေါ်ပြီး ပြည်တွင်းစစ်ကို အဆုံးသတ်စေရန် ရည်ရွယ်၍ ဂျီနီဗာတွင် ကမ္ဘာ့ကုလသမဂ္ဂမှ အထောက်အပံ့ပြုသည့် နိုင်ငံတကာ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပရန်ဖြစ်သည်။ ကုလသမဂ္ဂမှ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၄ ခုနှစ်တွင် ဆွေးနွေးပွဲကျင်းပရန် သတ်မှတ်ခဲ့သည်။

၁။ နောက်ခံအခြေအနေ

ဇွန်လ ၂၀၁၂ ခုနှစ် ဂျီနီဗာ လှုပ်ရှားမှုအဖွဲ့

ကုလသမဂ္ဂ၏ ဆီးရီးယားဆိုင်ရာ ငြိမ်းချမ်းရေးသံတမန် ကိုဖီအာနန်မှ အစပျိုးအကြံပြုမှုဖြင့်  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီးလာရို့ဗ်၊ တရုတ်နိုင်ငံမှ ကိုယ်စားလှယ်၊ အင်္ဂလန်နိုင်ငံခြားရေးဝန်ကြီး ဝီလျမ်ဟေးဂ်နှင့် ကိုဖီအာနန်တို့ ပါဝင်သည့် လှုပ်ရှားမှုအဖွဲ့ဆွေးနွေးပွဲ (ယခုအချိန်၌ ပထမဂျီနီဗာဆွေးနွေးပွဲဟု ခေါ်ဆိုကြသည်)ကို ဇွန်လ ၃၀ ရက် ၂၀၁၂ ခုနှစ်က ဂျီနီဗာတွင် ကျင်းပခဲ့သည်။

“ဆီးရီးယားတွင် ဂျီနီဗာကြေငြာချက်များကို အကောင်အထည် ဖော်ရန်အတွက် ဖြစ်နိုင်သမျှ အမြန်ဆုံး ဆွေးနွေးရန် ဖိတ်ကြားမှု” “အားလုံးသော ဆီးရီးယားအဖွဲ့များ လေးလေးနက်နက် အပြုသဘော ပါဝင်စေရန်” “ပြန်လည်သင့်မြတ်စေရန်နှင့် တည်ငြိမ်မှုကို ရရှိရန်” စသည်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

“ဆွေးနွေးပွဲတွင် လက်ရှိဆီးရီးယားအစိုးရနှင့် အတိုက်အခံများ ပါဝင်သည့် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိသော အကူးအပြောင်းကာလ အစိုးရတစ်ရပ် တည်ထောင်ရန် လိုအပ်ကြောင်း သဘောတူညီမှု ရရှိခဲ့သည်”ဟု မစ္စတာ အာနန်မှ ပြောကြားခဲ့သည်။

မစ္စတာအာနန်၏ ကြိုးစားအားထုတ်မှုကို ကုလသမဂ္ဂ အမြဲတမ်းလုံခြုံရေး ကောင်စီ အဖွဲ့ဝင်ငါးနိုင်ငံမှ ထောက်ခံကြောင်းကိုလည်း ဝီလျမ်ဟေးဂ်မှ ပြောဆိုသွားသည်။ မစ္စကလင်တန်မှ ဆီးရီးယားသမ္မတ အာဆတ်သည် အကူးအပြောင်းကာလ အစိုးရအဖွဲ့တွင် ပါဝင်မှုမရှိသင့်ကြောင်း အကြံပြုခဲ့ရာ မစ္စတာလာရို့ဗ်မှ ချက်ချင်း ကန့်ကွက် သွားခဲ့သည်။

“ဂျီနီဗာကြေငြာချက်”

ဂျီနီဗာကြေငြာချက်ကို ဇွန်လ ၃၀ရက် ၂၀၁၂ က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မည်သည့်နိုင်ငံရေး သဘောတူညီချက်မဆို အကူးအပြောင်းကာလအတွက် အောက်ပါအချက်အလက်များ ပါဝင်ရမည်ဟု သတ်မှတ်ခဲ့သည်။

ဆီးရီးယားရှိ အားလုံးသောသူများ မျှဝေခံစားနိုင်သော အတွေးအမြင်ကို ကမ်းလှမ်းနိုင်ရမည်။
၎င်းအတွေးအမြင် အမှန်တကယ်ဖြစ်လာနိုင်ရန် တိကျသော အချိန်ဇယား၊ ရှင်းလင်းသော အဆင့်များ ရှိရမည်။
အားလုံးအတွက် တည်ငြိမ်စိတ်ချ၊ လုံခြုံသောအခြေအနေတစ်ရပ်ဖြစ်အောင် ဆောင်ရွက် အကောင်အထည်ဖော်နိုင်ရမည်။
ယုံကြည်စိတ်ချနိုင်ရမည် ဖြစ်ပြီး ထပ်မံသွေးမြေကျခြင်းများ မရှိဘဲ လျင်မြန်စွာ ရောက်ရှိနိုင်ရမည်။
အကူးအပြောင်းကာလအတွက် ပါဝင်ရမည့် အဓိကအဆင့်များ

အခြေခံအားဖြင့် အပြန်အလှန်ခွင့်ပြုမှုအရ အစိုးရနှင့် အတိုက်အခံများ နှစ်ဖက်စလုံး ပါဝင်သည့် အုပ်ချုပ်ရေးအာဏာ အပြည့်အဝရှိသော အကူးအပြောင်းကာလ အစိုးရကို တည်ထောင်ရန်။
အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံအဆင့် ပြောဆိုဆွေးနွေးခြင်းတွင် ဆီးရီးယားရှိ အဖွဲ့အစည်းအားလုံး ပါဝင်ဆောင်ရွက်ရန်
ဖွဲ့စည်းပုံအခြေခံဥပဒေ အစီအစဉ်နှင့် တရားစီရင်ရေးတို့ကို ပြန်လည်သုံးသပ်ရန်။
ဖွဲစည်းပုံအခြေခံဥပဒေသစ်နှင့် တည်ထောင်ပြီးသည့် အစိုးရအတွက် လွတ်လပ်ပြီး မျှတသော ပါတီစုံ ရွေးကောက်ပွဲများ ကျင်းပရန်။
အကူးအပြောင်းကာလ ကဏ္ဍပေါင်းစုံ၌ အမျိုးသမီးများအား အပြည့်အဝကိုယ်စားပြု ဆောင်ရွက်မှုများ ပါဝင်ရန် တို့ဖြစ်သည်။
ဘရာဟီမီ အစပျိုးဆောင်ရွက်မှု

ဇွန်လ ၂၀၁၂ ခုနှစ် ဆွေးနွေးပွဲပြီးနောက် ကုလသမဂ္ဂမှ ဆီးရီးယားဆိုင်ရာ ငြိမ်းချမ်းရေး သံတမန်အသစ်အဖြစ် သြဂုတ်လ ၂၀၁၂ ခုနှစ်တွင် ခန့်အပ်ထားခဲ့သော လခ်ဒါဘရာဟီမီမှ အမေရိကန်နှင့် ရုရှားတို့၏ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများဖြင့် နိုင်ငံတကာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပရန် စတင်ပြင်ဆင်ခဲ့သည်။ ဆီးရီးယား အစိုးရနှင့် အတိုက်အခံများ နှစ်ဖက်စလုံး၏ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မေလ ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာဂီးလာရို့ဗ်တို့သည် သွေးထွက်သံယို ပြဿနာများကို အဆုံးသတ်ရန်အတွက် ဆီးရီးယားအစိုးရနှင့် အတိုက်အခံများ နှစ်ဘက်စလုံးကို စားပွဲဝိုင်း ဆွေးနွေးပွဲသို့ ခေါ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။ မစ္စတာကယ်ရီမှ ဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် ဆီးရီးယားအနေနှင့် ချောက်နက်ထဲ ဦးခေါင်းငိုက်စိုက်ကျခြင်း၊ ပရမ်းပတာ ဖရိုဖရဲဖြစ်ခြင်းများမှ ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း ဆွေးနွေးပွဲကျင်းပရန် ဦးစွာဆောင်ရွက်မှုအချို့မှာ  အောင်မြင်ခဲ့ခြင်း မရှိပေ။

ဒမတ်စကက် အစွန်အဖျားတွင် ၂၁ ရက် သြဂုတ်လ ၂၀၁၃ အတွင်း ဖြစ်ပွားခဲ့သည့် လူပေါင်းရာချီ သေဆုံးခဲ့သော ဓာတုဗေဒ လက်နက် အသုံးပြုတိုက်ခိုက်မှုက ၎င်းတို့ဆောင်ရွက်မှုကို တွန်းအားကြီးကြီးမားမား ဖြစ်စေခဲ့သည်။ ဘရာဟီမီမှ  သြဂုတ်လ ၂၀၁၃ ခုနှစ်တွင် ဆွေးနွေးပွဲကျင်းပရန် အဓိက အခက်အခဲမှာ ဆီးရီးယားရှိ အမျိုးမျိုး ကွဲပြားခြားနားသော အဖွဲ့အစည်းများနှင့် ၎င်းတို့အား ထောက်ပံ့သူများ “နိုင်ငံရေးဖြေရှင်းမှု၏ အဓိကအခြေခံစည်းမျဉ်း”ကို လက်ခံရန် ညှိနှိုင်းရခြင်းဟု ဆိုသည်။ ဆီးရီးယားစစ်ပွဲ စတင်သည့် အချိန်ကတည်းက ကုလသမဂ္ဂအနေဖြင့် ဤချဉ်းကပ်မှုကို အသုံးပြုခဲ့ကြောင်းဟုလည်း ပြောကြားခဲ့သည်။

“ဆီးရီးယားအဖွဲ့တွေ အားလုံးကို ပြောချင်တာက ဒီလိုနိုင်ငံကို ဖွတ်ဖွတ်ညက်ညက် ကြေမွပျက်စီးနိုင်တဲ့ ပဋိပက္ခအတွက် စစ်ရေးဖြင့် ဖြေရှင်းခြင်းဟာ လုံးဝမဖြစ်နိုင်ပါဘူး။ နိုင်ငံရေးဆိုင်ရာ ဆောင်ရွက်မှု တစ်ခုတည်းကသာ ဒီလိုအခြေအနေကို အဆုံးသတ်နိုင်မှာပါ။ ဒီလိုနိုင်ငံရေးဆိုင်ရာ ဆောင်ရွက်မှုအတွက် အခြေခံကတော့ ဇွန်လ ၃၀ ရက်၂၀၁၂ ခုနှစ်က ဂျီနီဗာမှာ မစ္စတာကိုဖီအာနန်ရဲ့ အစပျိုးအကြံပြုမှုအရ လှုပ်ရှားမှုအဖွဲ့လို့ ခေါ်ဆိုကြတဲ့နိုင်ငံတွေ ပါဝင်ဆွေးနွေးခဲ့ပြီး သဘောတူ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်ပဲ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။



၂။ မျှော်မှန်းချက်များ

ဒုတိယမြောက်ဂျီနီဗာ ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဇွန်လ ၃၀ ရက် ၂၀၁၂ ခုနှစ်က ဂျီနီဗာကြေငြာချက်ကို အကောင်အထည်ဖော်ရန် (အကူးအပြောင်းကာလ အစိုးရ)နှင့် စစ်ပွဲကို အဆုံးသတ်ပြီး ဆီးရီးယားပြည်သူ့သမ္မတနိုင်ငံသစ် ဖြစ်ပေါ်လာမည့် လုပ်ငန်းစဉ်များကို စတင်ရန် အတွက် ဆီးရီးယားအစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံး၏ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးနိုင်ရန်ဖြစ်သည်။

အမေရိကန်၊ ရုရှားနှင့် အတိုက်အခံများ၏ အကူးအပြောင်းကာလအတွင်း သမ္မတအာဆတ်၏ အခန်းကဏ္ဍအပေါ် ကွဲပြားခြားနားသည့် သဘောထားများသည် ဆွေးနွေးပွဲ၏ အဓိကဆွေးနွေးရန် အကြောင်းအရာ ဖြစ်လာလိမ့်မည်ဟု အီကိုနော်မစ် မဂ္ဂဇင်းမှ ခန့်မှန်းထားသည်။

 ၃။ ပါဝင်မည့်သူများ

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာရပ်အဖွဲ့ချုပ်နှင့် အစ္စလာမ်မစ်ကောင်စီ အဖွဲ့ချုပ်တို့ ပါဝင်သည်။ နိုင်ငံများအနေဖြင့် အမေရိကန်၊ ရုရှား၊ တရုတ်၊ အင်္ဂလန်၊ ပြင်သစ်စသည့် အင်အားကြီးနိုင်ငံများ ပါဝင်ပြီး အများပြည်သူဆိုင်ရာ နိုင်ငံတကာဥပဒေအဖွဲ့ဝင်နိုင်ငံများ အပါအဝင် စုစုပေါင်း ၃၉ နိုင်ငံရှိသည်။



၎။ ဆီးရီးယား ပါဝင်မှု

ဆွေးနွေးပွဲတွင် ဆီးရီးယားအစိုးရနှင့် အတိုက်အခံတို့၏ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက် ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းမှ ကြေငြာသွားသည်။ သို့ရာတွင် မည်သည့် အတိုက်အခံအဖွဲ့အစည်းများ ပါဝင်မည်ကို ပြောဆိုသွားခြင်း မရှိပေ။



အဖွဲ့တွင်း တိုက်ခိုက်ခြင်းများ၊ နိုင်ငံတကာ ဖိအားပေးမှုများနှင့် ဆွေးနွေးပွဲအပေါ် သဘောထားမတူညီများကြောင့် အမျိုးသား မဟာမိတ်အဖွဲ့သည် လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ နှောင့်နှေးလျက်ရှိသည်။

မတ်လ ၂၀၁၁ ကတည်းက စတင်ခဲ့သည့် လူပေါင်းတစ်သိန်းသုံးသောင်းကျော် သေဆုံးပြီး လူသန်းပေါင်းများစွာ အိမ်မဲ့ယာမဲ့ ဖြစ်စေသည့် ပဋိပက္ခများကို အဖြေရှာရန် ကျင်းပမည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် အယူအဆများ ကွဲပြားခြားနားလျက်ရှိသည့် မဟာမိတ်အဖွဲ့သည် နိုင်ငံတကာ၏ ကြီးမားသော ဖိအားဒဏ်ကို ခံရလျက်ရှိသည်။ ဆွေးနွေးပွဲ မစတင်မီ အချိန်အနည်းငယ်အလိုမှသာ အမျိုးသားမဟာမိတ်အဖွဲ့အနေဖြင့် တက်ရောက်ရန် သဘောတူညီခဲ့သည်။

ညွန့်ပေါင်းအတိုက်အခံ အဖွဲ့အနေဖြင့် တက်ရောက်ရန် ငြင်းဆန်ခဲ့သော်လည်း အနောက်နိုင်ငံများနှင့် အာရပ်ကျောထောက်နောက်ခံများ၏ ပြင်းပြင်းထန်ထန် ဖိအားပေးမှုကြောင့် ဆွေးနွေးပွဲတွင် ပါဝင်ရန်အတွက် ဇန်နဝါရီလ ၁၈ ရက်က မဲခွဲဆုံးဖြတ်ခဲ့ရသည်။  “အမေရိကန်မှ အပြုသဘော မဲဆန္ဒပေးကြရန် တောင်းဆိုကြောင်း” မစ္စတာကယ်ရီမှ သောကြာနေ့ ကျင်းပသည့် မဟာမိတ်များ ဆွေးနွေးပွဲ မတိုင်ခင်တွင် ပြောကြားခဲ့သည်။

တောင်းဆိုချက်များကို မဆုံးဖြတ်နိုင်ခင်က ဇန်နဝါရီအစောပိုင်းတွင်  ကျင်းပခဲ့သော တွေ့ဆုံပွဲ၌ အဖွဲ့ဝင် အများစုမှာ တက်ရောက်ခြင်း မရှိဘဲ ထွက်ခွာခဲ့ကြသည်။ ၎င်းတို့အနေဖြင့် အဓိက တောင်းဆိုချက်မှာ အာဆတ်အား ဖယ်ရှားရေးဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် စတင်မည့် ဒုတိယမြောက် ဂျီနီဗာဆွေးနွေးပွဲဟု ခေါ်ဆိုကြသည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် အစ္စတန်ဘူလ်တွင် ပြုလုပ်သော အစည်းအဝေး၌ ထောက်ခံမဲ ၅၈ မဲ၊ ကန့်ကွက်မဲ ၁၄ မဲ၊ ကြားနေ ၂ မဲ နှင့် ဗလာမဲတစ်မဲတို့ဖြင့် ဆုံးဖြတ်ခဲ့ကြသည်။ အတိုက်အခံ အုပ်စုပေါင်း ၁၂၀ ခန့်ရှိသည့် အနက်မှ ၇၅ ဖွဲ့သာ မဲပေးကြသည့် အဓိပ္ပာယ်မှာ ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲမှုများကြား လျှို့ဝှက်စွာ မဲပေးခဲ့ကြခြင်းပင်ဖြစ်သည်။

အနောက်အင်အားကြီး နိုင်ငံများမှ အတိုက်အခံများ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပြီး ကယ်ရီမှ “ဘာရှားအယ်လ်အာဆတ် ၏ လူမဆန်စွာ အုပ်ချုပ်မှုအောက်တွင် ခံစားခဲ့ကြရသည့် အားလုံးသော ဆီးရီးယားပြည်သူတွေရဲ့ အကျိုးကျေးဇူးများ အတွက်” ဟု ပြောဆိုခဲ့သည်။ “ခက်ခဲသည့် ဆုံးဖြတ်ချက်” ကိုချမှတ်နိုင်ခဲ့သည့်အတွက် အတိုက်အခံများကို  ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျမ်ဟေးဂ်မှ ချီးကျူးခဲ့သည်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဖရန့်ခ်ဝေါ်လ်တာစတိန်းမီယာမှလည်း ၎င်းဆုံးဖြတ်ချက်ဟာ ဆီးရီးယားပြည်သူ တွေအတွက် မျှော်လင့်ချက်ရောင်ခြည်၊ ပြင်သစ်မှ အဆင့်တူ လောရင့်ဖာဘီးယက်စ် မှ ရဲရင့်သော ရွေးချယ်မှုဟု ပြောဆိုခဲ့ကြသည်။

အဖွဲ့အစည်းအမြောက်အမြား ပေါင်းစည်းထားသည့် မဟာမိတ်အဖွဲ့သည် ပြည်တွင်းစစ်အတွင်း ပေါင်းစည်းနိုင်ရန် ကြိုးစားမှု၊ ခေါင်းဆောင်နေရာအတွက် တိုက်ခိုက်ခြင်းများ၊ ပြည်ပြေးအစိုးရ ဖွဲ့စည်းနိုင်ရန် အားထုတ်မှုများမှ ကြာမြင့်စွာ ရုန်းကန်ခဲ့ရသည်။ များစွာသော အဖွဲ့ဝင်များမှာ ၎င်းတို့ မုန်းတီးပြီး သုံးနှစ်လုံးလုံး ဖြုတ်ချရန် ကြိုးစားခဲ့သည့် အစိုးရမှ ကိုယ်စားလှယ်များနှင့် တစ်စားပွဲတည်း ထိုင်ဆွေးနွေးရန်ကို စိတ်ပျက်နေကြသည်။

Umbrella အဖွဲ့မှ ခေါင်းဆောင် အာမက်ဂျာဘာက အာဆတ်အား ဖြုတ်ချရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့်သာ သွားရောက်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဒုတိယမြောက် ဂျီနီဗာဆွေးနွေးပွဲဟာ တော်လှန်ရေးရဲ့ မျှော်မှန်းချက်တွေ ရရှိဖို့၊ အာဆတ်ကို ဖယ်ရှားဖို့အတွက် ရည်ရွယ်ထားတဲ့ တစ်လမ်းသွားပဲ ဖြစ်ပါတယ်။

အမျိုးသား မဟာမိတ်အဖွဲ့ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ဆီးရီးယန်း အမျိုးသားကောင်စီသည် မဟာမိတ်အဖွဲ့မှ နှုတ်ထွက်ခဲ့သည်။ အခြားသော အတိုက်အခံ အုပ်စုများမှ တွေ့ဆုံပွဲများကို ငြင်းပယ်ခဲ့ကြသည်။ အမျိုးသားညှိနှိုင်းဆောင်ရွက်မှု ကော်မတီမှ အတိုက်အခံညွှန့်ပေါင်းအဖွဲ့အတွင်း အမျိုးသား မဟာမိတ်အဖွဲ့၏ လုပ်ပိုင်ခွင့်ကို အသိအမှတ်မပြုကြောင်းနှင့် ၎င်းတို့တက်ရောက်မည် မဟုတ်ကြောင်း ဇန်နဝါရီ ၁၆ ရက်က ကြေငြာခဲ့သည်။ အနောက်မှ ထောက်ခံသည့် ဆီးရီးယန်းလွတ်မြောက်ရေးတပ်မှ ကောင်စီအကြီးအကဲက ၎င်းတို့နှင့် အဖွဲ့များသည် သမ္မတအာဆတ် နှုတ်ထွက်ခြင်း ရှိ/မရှိ ရေရာမှု မရှိသောကြောင့် ဂျီနီဗာဆွေးနွေးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း နိုဝင်ဘာ ၂၆ ရက်ကတည်းက ကြေငြာထားခဲ့သည်။

အစ္စလာမ်မစ်အုပ်စုများ ဖွဲ့စည်းထားသော ရှေ့တန်းအစ္စလာမ်မစ်အဖွဲ့မှလည်း ဂျီနီဗာဆွေးနွေးပွဲသို့ တက်ရောက်ခြင်းအား သစ္စာဖောက်သော လုပ်ရပ်အဖြစ် စဉ်းစားရမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။

ဒီဇင်ဘာ ၂၀ ရက် ၂၀၁၃ ခုနှစ်တွင် ကာ့ဒ်မျိုးနွယ် ဒီမိုကရက်တစ်ပေါင်းစည်းမှု ပါတီမှ ၎င်းတို့ ကာ့ဒ်အဖွဲ့များသည် မြောက်ပိုင်းဆီးရီးယားတွင် တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအနေဖြင့် တည်ရှိထားသောကြောင့် ဆွေးနွေးပွဲသို့ သီးသန့်ကိုယ်စားလှယ် စေလွှတ်ခွင့် တောင်းခံခဲ့သည်။

ဒုတိယမြောက် ဂျီနီဗာဆွေးနွေးပွဲသို့တက်ရောက်ရန် ဆီးရီးယားအစိုးရမှ သဘောတူညီပါသလား။



ဆီးရီးယားအစိုးရမှ အကြမ်းဖက်သမားများနှင့် ဆွေးနွေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ဆီးရီယားအစိုးအစိုးရမှ ဆွေးနွေးပွဲတွင် ပါဝင်မည်ဖြစ်ကြောင်း သို့ရာတွင် ၎င်းတို့ တရားဝင် အစိုးရအဖွဲ့သည် မည်သူ့ကိုမျှ အာဏာလွှဲအပ်သွားမည် မဟုတ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်နေ့က ကြေငြာခဲ့သည်။ ဆီးရီးယားပြည်သူများ၏ အကြမ်းဖက်သမား ချေမှုန်းခြင်းကို ဆောင်ရွက်ရန်အတွက် ကိုယ်စားလှယ်များကို သမ္မတဘာရှားအယ်လ်အာဆတ်မှ စေလွှတ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောဆိုခဲ့သည်။ မစ္စတာအာဆတ်ကို ဆန့်ကျင်သူတိုင်း အကြမ်းဖက်သမားများအဖြစ် ပြောဆိုခြင်းမှာ ဆီးရီးယားရှိ အစိုးရရုံးများ လုပ်ရိုးလုပ်စဉ်အတိုင်းပင် ဖြစ်သည်။

ဒမတ်စကတ်မှ တက်ရောက်မည်ဟု ပြောကြားထားသော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီမှ အာရုံလွှဲပြောင်းသည့် ပရိယာယ်သာဖြစ်ပြီး မည်သူမျှ ယုံကြည်မည် မဟုတ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

အဓိက အတိုက်အခံ အမျိုးသားမဟာမိတ် အဖွဲ့ကို ထောက်ခံမှု၊ အနာဂတ်ဆီးရီးယားတွင် သမ္မတအတွက် နေရာမရှိကြောင်း ပြောဆိုမှုအတွက်များကြောင့်လည်း အနောက်နိုင်ငံများကို အဆိုပါဝန်ကြီးဌာနမှ ဝေဖန်ခဲ့သည်။ မည်သည့် သဘောတူညီချက် မဆိုကို ပြည်သူ့ဆန္ဒ ခံယူပွဲပြုလုပ်ပြီး အတည်ပြုသင့်ကြောင်း မစ္စတာအာဆတ်မှ သီးခြားအကြံပြုခဲ့သော် လည်း မည်ကဲ့သို့ကျင်းပနိုင်မည် ဆိုခြင်းမှာ ရှင်းလင်းမှုမရှိပေ။

ဆီးရီးယားအစိုးရအနေဖြင့် ဆွေးနွေးပွဲအတွက် ကြိုတင်သတ်မှတ်ချက်များမရှိပဲ တက်ရောက်သွားရန် အဆင်သင့်ဖြစ်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီးလာရို့ဗ်မှ ဇူလိုင်လ ၂၂ ရက်နေ့ ၂၀၁၃ ခုနှစ်တွင် ပြောကြားခဲ့သည်။

၅။ အီရန်

အီရန်သည် ဆီးရီးယားအစိုးရ၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သည်။

မေလ ၂၀၁၃ ခုနှစ်က ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ် မိုဟာမက်ခါဇာအီးမှ ဆွေးနွေးပွဲဆိုင်ရာ အချက်အလက်များများ ရရှိသည့်အခါတွင် ၎င်းအချက်အလက်များအပေါ်မူတည်၍ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိ/မရှိကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ပြောဆိုထားခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက်ရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းမှ အီရန်အား ဖိတ်ကြားခဲ့မှုကို ဇန်နဝါရီ ၁၉ ရက် ၂၀၁၄ခုနှစ်က ကြေငြာခဲ့သည်။ အိမ်နီးချင်းနိုင်ငံက ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အီရန်လည်း ပါဝင်သင့်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း၊ ဆွေးနွေးပွဲအတွင်း အပြုသဘောဆောင်၊ အထောက်အကူပြုသည့် နေရာမှ ပါဝင်သွားမည်ဟု တီဟီရန်မှ ကတိပေးခဲ့ကြောင်း  မစ္စတာဘန်ကီမွန်းမှ ပြောဆိုခဲ့သည်။

ဆီးရီးယန်းအုပ်ချုပ်မှု၏ အဓိကမဟာမိတ် အီရန်အား ဖိတ်ကြားမှုအတွက် အမေရိကန်နှင့် ဆီးရီးယား အတိုက်အခံများအား ထောက်ခံသည့် အနောက်နိုင်ငံများကို စိတ်ဆိုးစေခဲ့ပြီး မစ္စတာဘန်ကီမွန်း၏ လှုပ်ရှားမှုအပေါ် အမေရိကန်နှင့် အမျိုးသားမဟာမိတ် အဖွဲ့တို့မှ လျင်လျင်မြန်မြန် တုံ့ပြန်ခဲ့ကြသည်။

အမေရိကန်မှ ဖိတ်ကြားချက်အပေါ်တွင် “ ခြွင်းချက်အနေနဲ့ အပြန်အလှန် သဘောတူညီချက်အရ ဖွဲ့စည်းတဲ့၊ အုပ်ချုပ်ရေးအာဏာ အပြည့်အဝရှိတဲ့ ဆီးရီးယား အကူးအပြောင်းကာလ အစိုးရကို ဖွဲ့စည်းပြီး ဂျီနီဗာကြေငြာချက်ကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နေရာမှာ အီရန်အနေနဲ့ သိသိသာသာ ပါဝင်ပူးပေါင်းဆောင်ရွက်မှု ရှိမှသာ လက်ခံနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။



အမျိုးသားမဟာမိတ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက Twitter တွင် “မစ္စတာဘန်ကီမွန်းအနေနှင့် အီရန်အား ဖိတ်ကြားထားမှုကို ရုတ်သိမ်းခြင်း မပြုပါက ဆီးရီးယား ညွှန့်ပေါင်းအဖွဲ့ အနေနဲ့ ဒုတိယမြောက်ဂျီနီဗာ ဆွေးနွေးပွဲကို တက်ရောက်တော့မည် မဟုတ်ကြောင်း” ရေးသားခဲ့ပြီး အမျိုးသား မဟာမိတ်အဖွဲ့မှ အီရန်အစိုးရအား ဖိတ်ကြားမှုကြောင့် ဆွေးနွေးပွဲမှ နှုတ်ထွက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့ကြောင့် ဇန်နဝါရီလ ၂၀ ရက်တွင် ကုလသမဂ္ဂမှ အီရန်အား ဖိတ်ကြားထားမှုကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။ ဖိတ်ကြားထားခြင်းအား ပယ်ဖျက်မှုသည် မှန်ကန်သော လုပ်ဆောင်မှုဖြစ်ကြောင်း အမျိုးသား မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်မှ BBC သို့ ပြောဆို ခဲ့သည်။

အီရန်အနေဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်မှု ရှိခြင်း/မရှိခြင်းမှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။



၆။ အကျိုးသက်ရောက်မှုများ

ဆွေးနွေးပွဲဟာ အောင်မြင်နိုင်မှာလား





ပြီးခဲ့သော သုံးနှစ်ကတည်းက စတင်သည့် စစ်ပွဲအတွင်း လူပေါင်းတစ်သိန်းကျော်ထက်မနည်း သေဆုံးခဲ့ကြသည်။

“ဆီးရီးယားပြည်သူတွေရဲ့ တော်လှန်ရေး ရည်မှန်းချက်တွေကို ရရှိဖို့အတွက် အတိုက်အခံများရဲ့ အကောင်းဆုံးအခွင့်အရေး” ဟု ဆွေးနွေးပွဲကို ရည်ညွှန်းပြီး အမေရိကန်မှ ပြောဆိုခဲ့သော်လည်း သိသာထင်ရှားသည့် တိုးတက်မှုများ ဖြစ်ပေါ်လာရန်မှာ အလွန်ပင်ခက်ခဲလျက် ရှိသည်။

ဆွေးနွေးပွဲ၏ အဓိကဇာတ်ဆောင်အဖွဲ့ နှစ်ဖက်စလုံးတွင် စေ့စပ်ညှိနှိုင်း၍ မရသည့် ရည်မှန်းချက်များ ရှိနေသည်။ အမျိုးသား မဟာမိတ်အဖွဲ့မှ ဂျီနီဗာကြေငြာချက်အရ အကူးအပြောင်းကာလ အစိုးရအဖွဲ့တွင် သမ္မတအာဆတ်အတွက် နေရာမရှိဟု ရှင်းရှင်းလင်းလင်း ပြောဆိုထားချိန်တွင် ဆီးရီးယားမှလည်း သမ္မတကို ဖယ်ရှားရန် လုံးဝမဖြစ်နိုင်ဟု အကြိမ်ကြိမ်အခါခါ ပြောဆိုထားခဲ့သည်။

ဆွေးနွေးပွဲများ မစတင်မီ ရက်အနည်းငယ်အတွင်းက ဆီးရီးယားအမျိုးသား ပြန်လည်သင့်မြတ်ရေး ဝန်ကြီး အလီဟိုင်းဒါးမှ “ဒီဒုတိယဂျီနီဗာဆွေးနွေးပွဲကနေ ဘာမှကို မမျှော်လင့်ပါဘူး။ ဒုတိယဂျီနီဗာမှ မဟုတ်ဘူး၊ တတိယ၊ စတုတ္ထ နောက်ဆုံး ဒဿမဂျီနီဗာ ဆွေးနွေးပွဲကတောင် ဆီးရီးယားအကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံအတွင်း စစ်တပ်ရဲ့ အောင်မြင်မှုအတိုင်း ဆက်လက်လုပ်ဆောင်ခြင်းကသာ ဖြေရှင်းချက်ဖြစ်ပါတယ်”  ဟုပြောကြားခဲ့သည်။

လက်တလော တိုက်ခိုက်နေကြသည့် တိုက်ခိုက်ရေးအဖွဲ့များမှ ဆွေးနွေးပွဲမှာ လက်ရှိအခြေအနေနှင့် ဆီလျော်မှုမရှိဟု ပြောဆိုခဲ့ခြင်းမှာ ဆွေးနွေးပွဲအတွင်း နိုင်ငံရေးသဘောတူညီချက် တစ်စုံတစ်ရာ ရရှိခဲ့သည့်တိုင် ၎င်းသဘောတူညီချက်ကို လက်တွေ့အကောင် အထည်ဖော်ရန်မှာ မဖြစ်နိုင်သလောက်ပင်ဟု ပြသနေခြင်းဖြစ်သည်။

ဆီးရီးယန်းအမျိုးသားညီညွတ်ရေး ဥက္ကဌ အာမက်ဂျာဗာမှ ဇူလိုင်နှောင်းပိုင်း ၂၀၁၃ ခုနှစ်တွင် “၎င်းတို့အနေဖြင့် ဆွေးနွေးပွဲ၏ အောင်မြင်မှုသည် ပဋိပက္ခကို အဆုံးသတ်ရန်အတွက်ကိုမူ သံသယရှိသော်လည်း၊ ပြည်တွင်းစစ်ကို အဆုံးသတ်ရန်အတွက် အကူးအပြောင်းကာလအစိုးရတည်ထောင်နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း” ပြောကြားခဲ့သည်။

REF:    Reuter/ AFP/ Wikipedia
ဘာသာပြန် – ကိုဒူး
The Myanma Age