ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကို သမ္မတ ဘာကြောင့် မကြိုက်သလဲ

ပို့စ်တင်ချိန် - 1/30/2014 01:33:00 PM


၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့သည် သတင်းထုတ်ပြန်ချက်(၁/၂၀၁၄) ကို ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေငြာခဲ့ကြောင်းကို ၂၇-၁-၂၀၁၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန် ကြေငြာခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

ထိုထုတ်ပြန်ချက်သည် ၂၅-၁-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးခြင်း မရှိဘဲ ပြဋ္ဌာန်းခဲ့သော “ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ” အား ဥပဒေကြမ်း အဆင့်မှသည် ဥပဒေ အတည်ပြု ပြဋ္ဌာန်းခဲ့သည်အထိ လွှတ်တော်နှင့် နိုင်ငံတော်သမ္မတတို့ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များကို နိုင်ငံတော်သမ္မတ ကိုယ်စား သတင်းထုတ်ပြန်ရေးအဖွဲ့မှ  ရှင်းလင်းတင်ပြခြင်း ဖြစ်ပါသည်။

၂။ အဆိုပါ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို အခြေခံ၍ နိုင်ငံတော်သမ္မတ၏ မဏ္ဍိုင်သုံးရပ်ဖြစ်သော  အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေးကဏ္ဍတို့အပေါ် သဘောထားကို ဆန်းစစ်လေ့လာသွားမည်ဖြစ်ပါသည်။

၃။ ဆန်းစစ်လေ့လာသုံးသပ်ချက်အပေါ်ပြန်လည်သုံးသပ်ခြင်း
(က) ပထမဆုံးသော နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ဖြစ်သော ပြည်ထောင်စုလွှတ်တော်ရုံး ကိစ္စရပ်တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ကျင်းပဖြစ်သည်မှာ မှန်ကန်သော်လည်း ပြည်သူ့လွှတ်တော်အစည်းအဝေး၊ အမျိုးသားလွှတ်တော်အစည်းအဝေး များကျင်းပခြင်းနှင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပသည့် ရည်ရွယ်ချက်များမှာတူညီခြင်းမရှိသဖြင့် အဆိုပါ သဘောထားမှတ်ချက်မှာ ဆောင်ရွက်ရန် မသင့်လျော်ခြင်းဖြစ်ပါသည်။ နိုင်ငံတော်သမ္မတသည်ပင် သမ္မတရုံးဝန်ကြီး ၆ ယောက်အထိ ခန့်ထားရသည်နှင့်နှိုင်းယှဉ်ပါက မပြောပလောက်သော ကိစ္စရပ်သာဖြစ်ပါသည်။
(ခ) သို့ဖြစ်ရာ ဒုတိယ သဘောထားမှတ်ချက်သည်လည်း ဆောင်ရွက်ရန် မလိုတော့ပါ။
(ဂ) နိုင်ငံတော်သမ္မတ၏ တတိယသဘောထားမှတ်ချက်အတိုင်းဆိုပါက ပြည်ထောင်စုလွှတ်တော်တွင် ပူးပေါင်းကော်မတီများ၊ ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့များ ဖွဲ့စည်းခွင့်မရှိဟု မှတ်ချက်ပြုရာရောက်ပါသည်။
ဤသို့ဆိုပါလျှင် ပြည်ထောင်စုလွှတ်တော်၏ ၂၅-၇-၂၀၁၃ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၁၃)ဖြင့် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသော ပူးပေါင်းကော်မတီ ဖြစ်သွားမည်ဖြစ်သဖြင့် နိုင်ငံတော်သမ္မတအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲလိုသော သဘောထားမရှိကြောင်းမှာ ပေါ်လွင်နေပေသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်၏ ၈-၈-၂၀၁၂ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၅၂/၂၀၁၂)ဖြင့် ဖွဲ့စည်းခဲ့သော လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် သည်လည်း အဆိုပါ သဘောထားမှတ်ချက်အရ ဆောင်ရွက်မည်ဆိုပါက ပြည်ထောင်စု လွှတ်တော်တွင် အပ်နှင်းထားခြင်းမရှိသောအာဏာအရ ဖွဲ့စည်းသည့် ကော်မရှင်ဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတ အနေဖြင့် ယခုလက်ရှိဖြစ်ပေါ်နေသော မြေယာသိမ်းဆည်းမှုပြဿနာများကို လွှတ်တော်၏ ကူညီဖြေရှင်း ဆောင်ရွက်နေမှုများကို ရပ်တန့်အောင်ဆောင်ရွက်လိုသည့် သဘောသက်ရောက်နေပြီး အုပ်ချုပ်ရေးပိုင်းက အဓမ္မ သိမ်းဆည်းထားသည့်မြေယာ ကိစ္စများကို ဖြေရှင်းဆောင်ရွက်ပေးရမှုမှ သက်သာအောင် ဆောင်ရွက်လိုသော သဘောသက်ရောက်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။

(ဃ) နိုင်ငံတော်သမ္မတ၏ စတုတ္ထသဘောထားမှတ်ချက်မှာ လွှတ်တော်အဖွဲ့အစည်းများဖွဲ့စည်းခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း သဘောထားမှတ်ချက်ပေးခြင်းသာဖြစ်ပါသည်။
(င) ပဉ္စမသဘောထားမှတ်ချက်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏တာဝန်ထပ်မံဖြည့်စွက်ခြင်းကို လက်မခံခြင်း ဖြစ်ပါသည်။ သို့သော်ပြင်ဆင်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မဆန့်ကျင်စေဘဲ ဆိုသော စာသားပါရှိပြီးဖြစ်ပါသည်။ အုပ်ချုပ်ရေးပိုင်းအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် နည်းပါးခြင်းဟုသာ သုံးသပ်ရပါသည်။
(စ) ဆဋ္ဌမ သဘောထားမှတ်ချက်မှာ လွှတ်တော်ကိုယ်စားလှယ်သိရှိလိုသော အချက်အလက်များကို ရယူခွင့်ကို ကန့်သတ်ရန်ရည်ရွယ်ရင်းဖြစ်သည်ဟု သုံးသပ်ရပါသည်။
(ဆ) အဋ္ဌမ သဘောထားမှတ်ချက်မှာ မူရင်းဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) ပါ စကားရပ်တွင် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း စကားရပ်ထပ်မံဖြည့်စွက်ခြင်းဖြစ်ပါသည်။ သို့ရာတွင်သမ္မတက ဖြည့်စွက်ရန်မသင့်ဟု သဘောထား မှတ်ချက် ပေးပါသည်။ အဆိုပါ ကိစ္စကို အခြေခံစဉ်းစားပါက ဆွေးနွေးခြင်းနှင့်အတည်ပြုခြင်းစကားရပ်ကို ဖြည့်စွက်၍မရာပါက ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သော နိုင်ငံ့ဝန်ထမ်း ဥပဒေ(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၅)  ပုဒ်မ ၆ ပါ “ နိုင်ငံတော်သမ္မတသည် ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်ခြင်း၊ အတည်ပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ အငြိမ်းစားပေးခြင်း၊ ထုတ်ပယ်ခြင်းနှင့် ထုတ်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။” ဟူသော ပြဋ္ဌာန်းချက်မှာလည်း မူလပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၈ ပါ ပြဋ္ဌာန်းချက် “ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကိုခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။” ကို ကျော်လွန်ရာ ရောက်ရှိနေပါသည်။

 အဆိုပါ ပြဋ္ဌာန်းချက်ကို အခြေခံ၍ပင် နိုင်ငံတော်သမ္မတသည်
(ကက) နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် မတ်လ ၁၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၀/၂၀၁၃ ဖြင့် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူး ၃ ဦးကိုလည်းကောင်း၊
(ခခ) နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် မတ်လ ၂၈ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၁၃ ဖြင့် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူး ၆ ဦးကိုလည်းကောင်း၊
(ဂဂ) နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၁၃ ဖြင့် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူး ၂ ဦးကိုလည်းကောင်း၊
(ဃဃ) နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၃ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၃ ဖြင့် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူး ၁ ဦးကိုလည်းကောင်း၊
(ငင) နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၁၃ ဖြင့် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူး ၃ ဦးကိုလည်းကောင်း၊
အငြိမ်းစားပေးခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

သို့ဖြစ်ရာ အဆိုပါ နိုင်ငံတော်သမ္မတ၏ ဆောင်ရွက်ချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၈ နှင့် ညီညွတ်ခြင်း ရှိမရှိ စိစစ်ရန်လိုအပ်မည်ဖြစ်ပါသည်။

(ဇ) န၀မ သဘောထားမှတ်ချက်မှာ ဆန္ဒပြုသည့်နည်းလမ်းကို ကန့်သတ်ခြင်းဖြစ်ပါသည်။ မတ်တပ်ရပ်၍ ဆန္ဒပြုသည့်နည်းကို မသုံးရန် ကန့်သတ်ရန်မှတ်ချက်ပေးခြင်းဖြစ်သည်ကိုတွေ့ရပါသည်။
(ဈ) ဒသမ နှင့် ၁၁ ချက်မြောက် သဘောထားမှတ်ချက်မှာ ကော်မတီ၊ ကော်မရှင်နှင့်ပတ်သက်သော နောက်ထပ်အချက်တစ်ချက်ဖြစ်ပါသည်။
(ည) ၁၂ ချက်မြောက်သဘောထားမှတ်ချက်မှာ လွှတ်တော်ရုံးဖွဲ့စည်းမှုကိစ္စရပ်ဖြစ်ပါသည်။
(ဋ) ၁၅ ချက်မြောက်သဘောထားမှတ်ချက်မှာ သမ္မတ၏ လုပ်ပိုင်ခွင့်ကို ချုပ်ခြယ်ခြင်းဟု ယူဆသဖြင့် လက်မခံခြင်းဟု သုံးသပ်ရပါသည်။ သို့ရာတွင် အရေးကြီး စာချုပ်များ၊ စီမံကိန်းများကို လွှတ်တော်သို့ တင်ပြအဆုံးအဖြတ် ခံယူသင့်ပါသည်။ မဟုတ်ပါက မလိုလားအပ်သော နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်စေမည်ဖြစ်ပါသည်။

၎။ အဆိုပါ ဥပဒေကြမ်းအပေါ် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကိုလေ့လာခြင်းဖြင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးအပိုင်းအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲလိုမှုမရှိခြင်း၊ မြေယာကိစ္စရပ်များကို ဖြေရှင်းပေးရန် စေတနာမရှိခြင်း၊ လွှတ်တော်နှင့်ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိခြင်းတို့ ရှိနေသည်ဟု လေ့လာသုံးသပ်ရရှိပါသည်။

စံပယ်မ
thithtoolwin