ချက်ချင်းပြင်ဖို့နဲ့ နောက်မှပြင်ဖို့ ခွဲခြားသိစေလို
ပို့စ်တင်ချိန်
- 1/08/2014 09:20:00 PM
၂၀၁၃ ခုနှစ် ကျော်လွန်၍ ၂၀၁၄ ခုနှစ်ထဲသို့ ချင်းနင်း ဝင်ရောက်လာသော အခါသမယတွင် လူပြောသူပြော အများဆုံး ဖြစ်နေဆဲကိစ္စမှာ အခြေခံဥပဒေ ပြင်ဆင်ရေးပင် ဖြစ်သည်။ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် မဖြစ်မနေ ပြင်ဆင်ရမည့် အချက်များ အကြောင်းကို စာရေးသူ ရှေးမဆွကပင် ရေးသားခဲ့ဖူးပြီ ဖြစ်သည်။
မကြာမီ အချိန်အတွင်းတွင် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီမှ အစီရင်ခံစာ တင်သွင်းတော့မည် ဖြစ်ရာ ၂၀၁၅ မတိုင်မီနှင့် ၂၀၁၅ နောက်ပိုင်း ခွဲခြားသတ်မှတ်၍ ပြင်ဆင်နိုင်ရန် အတွက် စဉ်းစားချက် များကို ဆွေးနွေး တင်ပြလိုပါသည်။
အခြေခံဥပဒေ တစ်ခုကို ပညာရပ်ရှုထောင့်မှ လေ့လာ သုံးသပ်ကြည့်ပါက အပိုင်းသုံးပိုင်း ပါဝင်သည်ကို တွေ့နိုင်ပါသည်။ တည်ဆောက်ပုံအပိုင်း (Structure)၊ အာဏာခွဲဝေမှုအပိုင်း (Power) နှင့် အခြေခံ အခွင့်အရေးများ (Right) ဟူ၍ ဖြစ်သည်။ ဤသုံးပိုင်းတွင် မြန်မာနိုင်ငံအတွက် အဓိက ပြင်ဆင်ရန် လိုအပ်ချက်မှာ အာဏာခွဲဝေမှုအပိုင်း ဖြစ်သည်။ သို့သော်လည်း အပိုင်းတစ်ခုချင်းစီတွင် ပြင်ဆင်နိုင်ရန် အကြောင်းများ ရှိနေသည်ဖြစ်ရာ ယင်းသုံးပိုင်း တစ်ပိုင်းစီကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်ရမည် ဖြစ်သည်။
တည်ဆောက်ပုံအပိုင်း
အခြေခံ တည်ဆောက်ပုံအရ စာရေးသူတို့ မြန်မာနိုင်ငံ၏ လက်ရှိ အခြေခံဥပဒေမှာ Quasi-Federal (တစ်စိတ်တစ်ပိုင်း ဖက်ဒရယ်) စနစ် ကျင့်သုံးထားသည်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိက ဒီဘိတ်ကြီးတစ်ခု ဖြစ်သော ဖက်ဒရယ် စစ်၊ မစစ်ဟူသော အငြင်းအခုံ၏ အခြေခံမူ တစ်ခုလည်း ဖြစ်သည်။ တစ်စိတ်တစ်ပိုင်း ဖက်ဒရယ်စနစ်ဟု ဆိုရခြင်းမှာ ဖက်ဒရယ်စနစ်၏ အခြေခံဖြစ်သော အခြေခံဥပဒေအရ အနည်းဆုံး အစိုးရနှစ်ရပ် ပိုင်းခြားသတ်မှတ် ပေးထားခြင်း (ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ)၊ ယင်းအစိုးရ နှစ်ရပ်အတွက် အခြေခံ ဥပဒေအရ အာဏာခွဲဝေထားခြင်း (ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်း၊ (၂) ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဥပဒေပြုစာရင်း၊ (၅) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများ)၊ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် သီးခြား လွတ်လပ်သော၊ အမှီအခိုကင်းသော အဖွဲ့အစည်းတစ်ခု ထားရှိခြင်း (အခြေခံဥပဒေ ခုံရုံး) ဟူသည့် အချက်သုံးချက်နှင့် ပြည့်စုံနေ၍ ဖြစ်သည်။
သို့သော်လည်း ပြည်နယ်/တိုင်းဒေသကြီး အစိုးရများကို သမ္မတက ခန့်အပ် တာဝန်ပေးရခြင်း၊ အခြေခံဥပဒေ ခုံရုံး၏ တာဝန် ဝတ္တရားများ ပျောက်ကွယ်နေခြင်း၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ၏ လုပ်ပိုင်ခွင့် အာဏာကို ပြည်ထောင်စု အစိုးရအဖွဲ့မှ ထိန်းချုပ်ထားသည်များ ရှိနေခြင်းတို့ကမူ ဖက်ဒရယ်စနစ်မဆန် ဖြစ်နေသေးသောကြောင့် ဖက်ဒရယ်ဟု ဆိုသော်လည်း တစ်စိတ်တစ်ပိုင်း ဖက်ဒရယ်သာ ဖြစ်သည်ဟု သတ်မှတ်ကြခြင်း ဖြစ်သည်။
အထက်ပါ အချက်များကို ပြန်ကြည့်ပါက ၂၀၁၅ မတိုင်ခင် ပြင်ဆင်သင့်သည့် တည်ဆောက်ပုံ အပိုင်းမှာ မည်သည့်အပိုင်း ဖြစ်သည်ကို မြင်တွေ့နိုင်မည်ဟု ထင်ပါသည်။ တစ်စိတ်တစ်ပိုင်းမှသည် အပြည့်ဖက်ဒရယ်ဆီသို့ ပိုမိုနီးစပ် လာစေရန် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများကို ယင်းဒေသရှိ ပြည်သူလူထုက တင်မြှောက်ထားသော ပြည်နယ်လွှတ်တော်၏ သဘောဆန္ဒဖြင့် ရွေးကောက် တင်မြှောက်ခွင့် ရရှိလျှင် ယင်းပြည်နယ်/တိုင်းဒေသကြီး အစိုးရများမှ မိမိဒေသကို ယခုထက်ပို၍ လွတ်လပ်စွာ စီမံခန့်ခွဲမှုပြုခွင့် ရရှိမည် ဖြစ်သည်။ သူ့ဒေသတွင် သူရွေးချယ် ခန့်အပ်ထားသော ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက သူ့ဒေသ တိုးတက်ရေးအတွက် သူ့အစွမ်း ရှိသလောက် မည်သည့် ပယောဂမျှမပါဘဲ စွမ်းဆောင်နိုင်ရမည် ဖြစ်သည်။ ဤသည်ကား ဖက်ဒရယ်၏ အနှစ်သာရတစ်ရပ် ဖြစ်သည်။
အာဏာခွဲဝေမှု
ဤအပိုင်းမှာ ရှုပ်ထွေး နက်နဲသလောက် အချိန်ယူရမည့်အပိုင်း ဖြစ်သည်။ လက်ရှိ ဖြစ်ပေါ် တိုးတက်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့်လည်း ဆက်စပ်နေသကဲ့သို့ တိုင်းရင်းသား အရေးကိစ္စများနှင့် တိုက်ရိုက် ပတ်သက်နေသည့် သယံဇာတ ခွဲဝေရေးပါ ပူးတွဲ ပါရှိသည့်အတွက် တစ်ကြိမ်တည်းနှင့် ကိစ္စပြီးနိုင်မည် မဟုတ်ပါချေ။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေပါ အာဏာခွဲဝေရေး ဇယားများဖြစ်သော ဇယား ၁၊၂၊ ၅ တို့တွင် ဖော်ပြပါရှိသည့် စာရင်းများမှာ ယေဘုယျသဘော ဆောင်နေသလို သယံဇာတ ခွဲဝေခြင်းအပိုင်း ပြဋ္ဌာန်းထားသည်ကို စိုးစဉ်းမျှ မတွေ့ရပါ။ အချို့ကလည်း ဇယား ၂ ပါ အချက်များမှာ ဇယား ၁ နှင့် ယှဉ်လျှင် အလွန်မမျှတဟု ဆိုကြသည်။
အချို့လည်း ပေးထားသော လုပ်ပိုင်ခွင့်များကိုပင် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များက ဥပဒေ မပြုနိုင်သေး၊ အကောင်အထည် မဖော်နိုင်သေးဟု ဆိုကြသည်။ တစ်ဖန် ထိုသို့ အကောင်အထည် မဖော်နိုင်သေးခြင်းမှာ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၏ ပြည်ထောင်စု အစိုးရအပေါ် မှီခိုနေရမှုကြောင့် ဖြစ်သည်ဟု ဆိုကြပြန်သည်။
ထို့ပြင် ယင်းအာဏာ ခွဲဝေမှုများမှ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးအပြီး ပေါ်ပေါက်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများ အပေါ်တွင်လည်း မူတည်မည် ဖြစ်သည်။ ထို့ကြောင့် အာဏာခွဲဝေမှု ဆိုင်ရာ ဇယား ၁၊ ၂၊ ၅ တို့ပါ အချက်အလက်များကို ပြင်ဆင်နိုင်ရန်မှာ သက်ဆိုင်ရာ Stakeholders အသီးသီး၏ ညှိနှိုင်းဆောင်ရွက် အဖြေရှာမှု အပေါ်တွင် အခြေပြုမည် ဖြစ်သည်။
အခြေခံအခွင့်အရေးများ
လတ်တလော လူပြောအများဆုံး ဖြစ်နေသော ပုဒ်မ ၅၉ (စ) မှာ ဤအပိုင်းတွင် ပါဝင်သည်ဟု ဆိုနိုင်သည်။ နိုင်ငံသားတို့၏ အခွင့်အရေးများမှာ ထူးပြောစရာ မလိုအောင် သင့်တင့်သဖြင့် ယနေ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ မီဒီယာ လွတ်လပ်ခွင့်များ ရရှိနေသည်ကို မြင်တွေ့ရသည်။ သို့သော် သမ္မတဖြစ်ခွင့် အရည်အချင်း တစ်ခုဖြစ်သော အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) မှာ ဒေါ်အောင်ဆန်းစုကြည်၏ အခွင့်အရေးကို ကန့်သတ်ထားသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ အပါအဝင် တညီတညွတ်တည်း ဆိုကြသည်။ ဤပုဒ်မကို ပြင်ဆင်နိုင်ရန်မှာလည်း လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုအပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအထိ ပြုလုပ်ရမည်ဖြစ်ရာ ခက်ခဲမှုများ ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည် အနေနှင့်လည်း အခြေခံဥပဒေကို ပြင်ဆင်ရမည်ဟု တစ်ချောင်းတည်းသော စိတ်ဖြင့် ဆောင်ရွက်နေသည်မှာ ပြည်တွင်း၊ ပြည်ပ မျက်မြင်ထင်ရှားပင် ဖြစ်သည်။ ဤပုဒ်မမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ရရှိရန်အတွက် ၂၀၁၅ မတိုင်မီ ပြင်ဆင်နိုင်ရမည့် ပုဒ်မဖြစ်သည်။ သို့သော်လည်း အကယ်၍ အကြောင်းကြောင်းကြောင့် ဤပုဒ်မကို မပြင်ဆင် နိုင်ပါကလည်း ၂၀၁၅ နိုင်ငံရေး တည်ငြိမ်မှုအတွက် ရင့်ကျက်၍ သဘောထားကြီးသော ပြင်ဆင်မှု တစ်စုံတစ်ရာ ရှိနေရမည် ဖြစ်သည်။ မကြာသေးခင်ကပင် လွှတ်တော်တွင် အင်အားအများဆုံး နေရာယူထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယင်းပုဒ်မ ပြင်ဆင်ရန် သဘောတူကြောင်း ၎င်းတို့၏ ပါတီ ညီလာခံတွင် ဆုံးဖြတ်လိုက်ရာ အားလုံးအတွက် သားရွှေအိုးထမ်း အခြေအနေမျိုး ဖြစ်လာနိုင်မည်ဟု မျှော်လင့်ရသည်။
၂၀၀၈ အခြေခံဥပဒေက ပေးထားသော အခြေခံ အခွင့်အရေးများအနက် လိုနေသည် မဟုတ်ဘဲ ပိုနေသည်ကိုလည်း တွေ့ရသည်။ တပ်မတော်သားများအတွက် အခွင့်အရေးများ လွန်ကဲစွာ ပေးအပ်ထားသည်။ အကြောင်းပြချက်မှာ မြန်မာ့နိုင်ငံရေး ဖြစ်စဉ် တစ်လျှောက်လုံး တပ်မတော်၏ ပါဝင်ခဲ့မှုနှင့် သက်ဆိုင်နေသည်။ လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်း ငြိမ်းချမ်းရေး ဆုံးရှုံးခဲ့ရသော မြန်မာနိုင်ငံတွင် တပ်မတော်၏ အခန်းကဏ္ဍ အရေးပါ အရာရောက်လွန်း နေသည်မှာ မဖြစ်သင့်သည့် ကိစ္စတစ်ခုတော့ မဟုတ်ပါချေ။ သို့သော်လည်း စစ်မှန်သော ဒီမိုကရေစီဟု ဟစ်ကြွေးသံများ ညံစီလာသော ယနေ့ခေတ် အချိန်တွင်မူ နိုင်ငံရေးတွင် တပ်မတော် ပါဝင် ပတ်သက်နေမှုမှာ မျက်စိစပါးမွှေး စူးစရာ ဖြစ်လာခဲ့သည်။
ထို့အတွက် အခြေခံဥပဒေပါ တပ်မတော်သားများ၏ အခွင့်ထူးများကို ဖယ်ရှားပစ်ရမည်ဟု ဒီမိုကရေစီ ဝိုင်းတော်သားများက တောင်းဆိုကြသည်။ တပ်မတော်သည် ပရော်ဖက်ရှင်နယ် ဆန်ရမည်။ နိုင်ငံရေးတွင် ပါဝင်ရန် အကြောင်းမရှိ။ သို့သော်လည်း မေးခွန်းတစ်ခုမှာ ဤကိစ္စကို ၂၀၁၅ မတိုင်ခင် အပြီးအပြတ် ဆုံးဖြတ်ချက်ချရန် လိုအပ်ပါသလော။ လိုအပ်သည်ဆိုလျှင် မည်သည့် အတွက်ကြောင့်နည်း။ ၂၀၁၅ မှာ နီးကပ်လွန်းနေပြီ ဖြစ်သည်။ မလိုအပ်သေး ဆိုပါကလည်း ၂၀၁၅ မှ ၂၀၂၀ အတွင်း ဆက်လက် ဆွေးနွေးကြလျှင်ကော ဖြစ်နိုင်ခြေရှိ မရှိ ဆွေးနွေးကြည့်ကြဖို့ လိုပေမည်။
နိဂုံးကောက်ချက်
စာရေးသူသည် ၂၀၁၅ အလွန်နိုင်ငံရေးကို ယခုအချိန်ခါ ကဲ့သို့ပင် ဒီမိုကရေစီဆန်သော အငြင်းအခုံများဖြင့် မြင်တွေ့ချင်ပါသည်။ လွတ်လပ်စွာ ထုတ်ဖော် ရေးသားကြသည်။ လွတ်လပ်စွာ ပြောဆို ငြင်းခုံကြသည်။
ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်များ ရှေ့သို့ ဦးတည် ရွေ့လျားနေသည်။ ယခု ၂၀၁၄ သို့ ချင်းနင်း ဝင်ရောက်လာပါပြီ။ မကြာတော့သော ကာလများတွင် တိုင်းပြည် တိုးတက်ရေး လုပ်ငန်းစဉ်များထက် ရွေးကောက်ပွဲ မဲဆွယ်မှုများက ပိုနေရာယူ လာပါတော့မည်။ အခြေခံဥပဒေ ပြင်ဆင်ရေး လေသံများ ပိုမိုပြင်း ထန်လာပါတော့မည်။ လေသံတွင် ပြင်းထန်သည်က ကိစ္စမရှိပါ။ ပြဿနာ များမြောင်လှစွာသော စာရေးသူတို့ မြန်မာနိုင်ငံတွင် လေသံမှသည် ဂိုဏ်းဂဏစွဲ အကွဲအပြဲများအထိ ဖြစ်ပေါ်ကာ နိုင်ငံရေး မတည်ငြိမ်မှုများ ပေါ်ထွန်းလာမည်ကို လွန်စွာ စိုးရိမ်ပါသည်။ သတ္တိနည်းသည်ဟု ဆိုလျှင်လည်း ဆိုနိုင်ပါသည်။ စာရေးသူတို့ မျက်စိရှေ့တွင်ပင် အာရပ်နွေဦး၏ အီဂျစ် သင်ခန်းစာ ရှိသည်။ ဂိုဏ်းဂဏစွဲ ပြင်းထန်မှု၏ နောက်ဆက်တွဲ ထိုင်းသင်ခန်းစာ ရှိသည်။
စာရေးသူတို့ မြန်မာနိုင်ငံ၏ ၂၀၁၅ မတိုင်မီ အခင်းအကျင်းကို ထိုသို့ မဖြစ်လိုပါ။ ထို့ကြောင့် ချက်ချင်း ပြင်လို့ရသည့်၊ ပြင်လည်း ပြင်ရမည့် ကိစ္စများကို ပြင်ဆင်ပါ။ လောလောဆယ် မပြင်ဆင်နိုင်သည့် ကိစ္စများကို မပြင်ဆင်နိုင်ကြောင်း အကျိုးအကြောင်း ခိုင်လုံစွာ ပြည်သူကို ချပြပါ။ ပြည်ထောင်စု လွှတ်တော်ကဖွဲ့စည်းထားသည့်အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်မှုများ ပြုလုပ်နေသည့်
ကော်မတီကို တောင်းဆို လိုပါသည်။ လွှတ်တော်တွင်းတွင် ငြင်းခုံကြပါ။ လက်တွေ့ကျ၊ ရေရာသော ဆုံးဖြတ်ချက်ကို ပြည်သူများကို ထုတ်ပြပါ။ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် လွှတ်တော်မှာ အခရာအကျဆုံး အခန်းကဏ္ဍတွင် ရှိနေသည့် မဏ္ဍိုင်တစ်ရပ် ဖြစ်ကြောင်း သတိပြုစေ လိုပါသည်။
The Voice Weekly Myanmar