ဆရာမကို ချစ်ရင်
ပို့စ်တင်ချိန်
- 1/09/2014 04:48:00 PM
(Written by: ညီအောင်ညီ)
(၁)
“မင်္ဂလာပါဆရာမ၊ ကျေးဇူးတင်ပါတယ် ဆရာမ။
ဆရာမကိုချစ်ရင်၊ အမှိုက်မပစ်ရပါ ဆရာမ။
ဆရာမကိုချစ်ရင်၊ သစ်ပင်စိုက်ရပါမယ်ဆရာ။
ဆရာမကိုချစ်ရင်၊ မိဘစကားကို နားထောင်ရပါမယ်ဆရာမ” ...။
ကျောင်းသား ကျောင်းသူတွေရဲ့ အထက်ပါ နှုတ်ဆက်ခြင်းမျိုးနဲ့ နှုတ်ဆက်သံတွေကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရန်ကုန်တိုင်းဒေသကြီး အစွန်အဖျား မြို့နယ်တစ်ခုက ကျေးရွာအလယ်တန်း ကျောင်းလေးမှာ ကြားခဲ့ရတာပါ။ သူတို့ရဲ့နှုတ်ဆက်သံတွေကို ကြားကြားချင်း ကျွန်တော့်ရင်ထဲမှာ ဘယ်လိုပြောရမှန်း မသိအောင် ကြည်နူးမှုတွေ ဖြစ်ခဲ့ပါတယ်။
ကျောင်းက ဒီလိုနှုတ်ဆက်ရမယ်လို့ သတ်မှတ်ပေးထားခြင်း မဟုတ်ဘဲ အတန်းပိုင် ဆရာမလေးက ကျောင်းသားတွေကို စည်းစနစ်တကျရှိဖို့နဲ့ ထိုနှုတ်ဆက်သံတွေနဲ့ ဘ၀မှာ နေထိုင်တတ်ဖို့ ရည်ရွယ်၍ သူ့အနေဖြင့် နှုတ်တိုင်ချပေးထားကြောင်း ကျွန်တော်သိလိုက်ရတော့ ထိုဆရာမလေးကို ကျွန်တော်အတိုင်းမသိ လေးစားမိခဲ့ပါတယ်။
ထိုဆရာမလေး၏ နောက်ကြောင်းကို ကြည့်ပြန်တော့ သူနေသည့် နေရာနှင့် စာသင်ကျောင်းက တစ်နေ့ကို နှစ်နာရီကျော် ကားစီးပြီး ဆိုင်ကယ်ကယ်ရီထပ်စီးမှ ကျောင်းသို့ ရောက်သည်။
ထိုရွာစာသင်ကျောင်းလေးမှာ သူ၏လုပ်သက်က ၁၀ နှစ်ကျော်နေပြီ။ ကျောင်းပိတ်သည့် ရက်မှအပ ဆရာမလေးက ကျောင်းပျက်ရက်မရှိ။ ထိုကဲ့သို့ ကလေးများအပေါ်တွင် အမြဲဂရုစိုက်တတ်သော၊ ကျိုးနေသော စာသင်ခုံများကို လက်ဖ၀ါးနုနုဖြင့် တူနှင့်သံကိုင်ကာ ရိုက်တတ်၊ ပြုပြင်တတ်သော ဆရာမလေး အနေဖြင့် တစ်ရွာလုံးရှိ ကျောင်းသား မိဘများ၏ လေးစားချစ်ခင်မှုကို ရရှိထားသည်ကတော့ မဆန်းပါဟု ပြောရမည်ပင်။
ထိုဆရာမလေး၏ လုပ်သက် ၁၃ နှစ်ခန့်တွင် ရာထူးတိုးဖြင့် တခြားကျောင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။ အားလုံးက ၀မ်းနည်းကြသည်။ ငိုကြွေးကြသည်။ တားမြစ်ကြသည်။
ဆရာမတွင်လည်း ဘ၀ရှိသည်။ အနာဂတ်အတွက် ရုန်းကန်ရဦးမည့် သံသရာ လူသားတစ်ယောက်။ ဆရာမလေးလည်း မျက်ရည်များဖြင့် လမ်းခွဲခဲ့ရသည်။
သူမ၏ နောက်ဆုံးလမ်းခွဲသည့် နေ့ရက်တွင်တော့ ဆရာမလေးက သူ့တပည့်တွေကို “ဆရာမကိုချစ်ရင် ဘာလုပ်ရမှာလဲ တပည့်တို့ဆိုတဲ့ စကားသုံးခွန်းကတော့” ကြားရတဲ့သူတွေရဲ့ ရင်ကို စွဲငြိစေခဲ့ပါတယ်။
(၂)
ကလေးတွေကို စာသင်ပေးရုံတင်မကဘဲ ကလေးတွေရဲ့စိတ်ကိုပါ သင်ပေးနိုင်ရင် အကောင်းဆုံး ဖြစ်လာကြမယ် ဆိုတာပါပဲ။ တချို့ကလေးတွေ စာတော်၊ စာတတ်ကြပါတယ်။ ဒါပေမဲ့ စိတ်ထားကောင်းကောင်း မထားတတ်ဘဲ “ငါတတ်၊ ငါတော်” အဖြစ်နဲ့ မိဘကို မိဘမှန်းမသိ၊ ဆရာကို ဆရာမှန်း မသိတော့ လောက်အောင် ဖြစ်သွားတဲ့ သူတွေကို ကျွန်တော့် ပတ်ဝန်းကျင်မှာ တွေ့ခဲ့ရဖူးပါတယ်။
ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာတွေ ဆိုတာ ဆရာကို “အနန္တဂိုဏ်းဝင်” အဖြစ် ကိုးကွယ်သတ်မှတ် ထားကြတာပါ။ ဆရာတွေ၊ ဆရာမတွေ အနေနဲ့ ကျောင်းသား တစ်ယောက်ကို စာတကယ်တတ်အောင် သင်ပေးရုံတင်မကဘဲ စိတ်ကောင်းထားတတ်အောင်၊ စိတ်ကောင်းရှိအောင် သင်ပေးကြမယ်ဆိုရင် ကျောင်းသားတွေရဲ့ ငယ်ဘ၀ တစ်စိတ်တစ်ဒေသမှာတင် စိတ်ကောင်း၊ စေတနာကောင်းတွေကို သူတို့ဥာဏ်မီသလောက် ထားနိုင်ကြမှာပါ။
စိတ်ကောင်း ထားတတ်အောင် သင်ပေးတဲ့ ဆရာ၊ ဆရာမတွေ လုံးဝမရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ခြောက်တန်းရောက်နေတဲ့ ကျောင်းသား ငါးတန်းတုန်းက ဆရာမကို တွေ့ရင် အပြည့်အ၀ လေးစားမှုမျိုး ဆင့်ကဲ ဆင့်ကဲ ရှိနိုင်ကြရင် အကောင်းဆုံးပါပဲ။
ဆရာနဲ့ တပည့်တွေကြားမှာ ဒါမှမဟုတ် ဆရာနဲ့ မိဘတွေကြားမှာ ငွေအသပြာတွေ၊ လက်ဆောင်တွေက လုံးဝလွှမ်းခြုံသွားလို့လား၊ ဒါမှမဟုတ် စာဆိုစာပဲ သင်ပေးပြီး ယဉ်ကျေးမှုရှိအောင် မသင်ပေးခဲ့ကြလို့လား ဆိုတာကို ကျွန်တော်ဝေခွဲ မရခဲ့ပါဘူး။ ပညာရေးလောက ပျက်စီးခြင်း အကြောင်းတရား တွေထဲမှာ အဖြစ်သည်းတတ်တဲ့ ကျောင်းသား မိဘအချို့တွေကြောင့်လည်း ပါပါတယ်။ ဒီကျောင်းမှ မထားရရင် သူ့သားသမီးက စာမတတ်တော့တဲ့အတိုင်း ခံယူထားခြင်းဟာ တခြားကျောင်းက ဆရာ၊ ဆရာမတွေကို စော်ကားခြင်း တစ်မျိုးပါပဲ။
ငွေကြေးလက်ဆောင်ဆိုတာ ပေးသူ၊ ယူသူနှစ်ယောက်လုံးအတွက် အဆိပ်အတောက် ဖြစ်စေနိုင်တာတွေ အများကြီးပါပဲ။ ငွေအသပြာ မပေးဘဲနဲ့ မရနိုင်တဲ့ ပညာရပ်တွေရှိတယ် ဆိုတာကိုလည်း မငြင်းနိုင်ပါဘူး။ လက်ခံပါတယ်။ အရာအားလုံးက “တန်ဆေးလွန်ဘေး” ဆိုသလိုပါပဲ။
အတိုင်းအတာ တစ်ခုထိပဲ ရှိသင့်ပါတယ်။ တကယ်တော့ ဆရာ၊ ဆရာမတွေဆိုတာ မိဘတွေပြီးရင် အထိတွေ့ရဆုံး ဒုတိယ မိဘတွေပါပဲ။ တခြားနိုင်ငံတွေမှာ ဆရာ၊ ဆရာမတွေကို ဘယ်လိုသဘောထားတယ် ဆိုတာ မသိရပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ ဆရာနဲ့မိဘ၊ ဆရာနဲ့ တပည့်တွေကြားမှာ အမြဲရှိနေခဲ့တဲ့ လေးစားမှု စံနှုန်းလေးတွေကိုတော့ မပျောက်ပျက် စေချင်ပါဘူး။
ကျောင်းသား၊ ကျောင်းသူတွေကို “Message ကောင်းတွေ၊ ယဉ်ကျေးမှုကောင်းတွေ၊ စိတ်ကောင်း စေတနာ ကောင်းတွေကို စာသင်ကြားရင်းနဲ့ ရောညှပ်သင်ပေးနိုင်ရင် ယဉ်ကျေးပြီး ပညာတတ်တဲ့ ကျောင်းသားတွေ၊ လောကကို ချစ်တတ်တဲ့ လောကကို စောင့်ရှောက်တတ်တဲ့ ကျောင်းသားကောင်းတွေ များစွာပေါ်ထွက်လာမယ်” လို့ ယုံကြည်မိပါတယ်။
“ဆရာမကိုချစ်ရင်” ဆိုတဲ့ စာသားလေးတွေကို အမြဲရွတ်နေခဲ့တဲ့ ဆရာမလေးရဲ့ ကျောင်းသား၊ ကျောင်းသူ တချို့ဟာ ဆရာမလေး မရှိတော့ပေမယ့် အမှိုက်ကို အလွယ်ပစ်မယ်ကြံတိုင်း ဆရာမစကားကြောင့် တွေ့ရာနေရာမှာ အမှိုက်မပစ်ဖြစ်ပါဘူး။ ဆရာမစကားကြောင့် သစ်ပင်တွေလည်း တချို့သော ကလေးတွေ စိုက်နေကြတာကို တွေ့ရပါတယ်။ အဲဒီဆရာမလေး အနေနဲ့ တာဝန်ကျေတယ်လို့ ကျွန်တော်မြင်မိပါတယ်။ ဆရာနဲ့ တပည့်တွေကြားမှာ ကြားခံပစ္စည်းဝတ္ထုတွေ မရှိသင့်တော့ဘူးလို့ မြင်မိပါတယ်။ တာဝန်ကိုယ်စီ ကျေကြပါစေလို့ ဆန္ဒပြုမိပါတယ်။
eleven media group