ပိုမိုပြီး ဆင်းရဲကြလေမလား… – အဲးခိုး

ပို့စ်တင်ချိန် - 1/19/2014 09:00:00 AM


““စစ်မှန်တဲ့ ပညာရေးဆိုတာ ကျယ်ဝန်းနက်ရှိုင်းတဲ့ အတွေးအခေါ် အမြော်အမြင်နဲ့ ကြွယ်ဝတဲ့ ဗဟုသုတကိုပေး စွမ်းနိုင်တဲ့ ပညာရေးမျိုးပဲ ဖြစ်ရမယ်””                                

(တောင်ကလေးဆရာတော်)

သူရင်းငှားများလည်း နေ့စားခကြီးမြင့်လို့ လယ်ယာမြေတွေကောပြီး တောဖြစ်သွားတဲ့ လယ်မြေတွေ များပြား လာနေတယ် ဒီအခြေအနေဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တိုင်းပြည်အတွက် ထိခိုက်လာနိုင်စရာ ရှိလာမယ်လို့ ယူဆတယ် . . .

 နေရာတိုင်းမှာ အသုံးမ၀င်

ယနေ့ မြန်မာပြည် ပညာရေးစနစ်ကို လေ့လာကြပါစို့။ ယနေ့ မြန်မာ့ပညာရေး စနစ်အရ ကလေးတွေကို ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ မညီညွတ်တဲ့ တစ်ခုကောင်း လေ့ကျင့်မှုကို ရှေးရှု လေ့ကျင့်ပေးနေတဲ့ ပညာရေးစနစ် ဖြစ်နေပါတယ်။ ဒီပညာရေး စနစ်ဟာ လက်တွေ့ဘ၀နဲ့ ဆက်စပ်မှုမရှိတဲ့ ပညာရေးစနစ် ဖြစ်ပါတယ်။ စမ်းတ၀ါးဝါးနဲ့ မျက်ကန်းသားလို စမ်းသပ် လေ့လာစေတာနဲ့ပဲ အချိန်တွေ ကုန်နေကြတယ်။ ကျောင်းက တတ်လာတဲ့ ပညာရပ်တွေကို မိမိအတွက် လက်တွေ့မှာ အသုံးချစရာ နေရာမရှိတဲ့အပြင် နေရာတိုင်းမှာလည်း အသုံးမ၀င်ဘဲ ဖြစ်နေတယ်။

အံ့သြရလောက်အောင်

ဘုန်းတော်ကြီး ကျောင်းတွေမှာ ဘာသာရေးဆိုင်ရာ သဘောတရား သင်ယူကြလို့ ပညာရေးအဖြစ် သတ်မှတ် အတည်ပြု ထားပေးတဲ့ ပညာရေး စနစ်ဟာလည်း လက်တွေ့မှာ ဘ၀ရပ်တည်နိုင်ရေး အကျိုးအတွက် အသုံး မ၀င်ဘဲ ဖြစ်နေတယ်။ (အထင်သေး၍ ဆိုခြင်းမဟုတ်) သီးခြား တတ်မြောက် လာကြတဲ့ ပညာရပ်များ အနေနဲ့က အသိအမှတ်ပြု မခံရဘဲ ခက်ခက်ခဲခဲ လူမှုဘ၀နဲ့ ရပ်တည်ပြီး နေလာခဲ့ကြရတဲ့ မြန်မာပြည်သား တွေဟာ ယနေ့ထက်တိုင် ပညာရေးစနစ်ကို အထွတ်အထိပ်သို့ ရောက်အောင် သတ်မှတ်အတည် မပြုနိုင် သေးတာဟာ အံ့သြရလောက်အောင် ဖြစ်နေတယ်။

ရိုးရာပညာပျောက်

မိဘဘိုးဘွားတွေရဲ့ လက်ဆင့်ကမ်း တတ်မြောက်လာကြတဲ့ စိုက်ပျိုး မွေးမြူရေး အတတ်နဲ့ အခြား အသက်မွေး ၀မ်းကျောင်း အတတ်ပညာရပ်တွေဟာ မိမိကိုယ်တိုင် လက်တွေ့နဲ့ပဲ သင်ယူ တတ်မြောက် လာကြတယ်။ စပါး စိုက်ပျိုးရေးကို အလွန်ကျွမ်းကျင်စွာ တတ်မြောက်ကြတဲ့ မြန်မာ့ရှေးနည်း စပါးစိုက်ပျိုးရေး ပညာရပ်တွေဟာ [စပါးစိုက်ပျိုးရေး နည်းစနစ် အနေအထားတွေဟာ] စပါးရဲ့ အလေ့ကျပုံ၊ အသုံးဝင်ပုံ၊ အသုံးချပုံ နည်းစနစ်တွေဟာ အစိုးရရဲ့ အသုံးမ၀င်တဲ့ နည်းပညာကြောင့် ရိုးရာ ရှေးခေတ် စပါးစိုက်တဲ့ နည်းပညာရပ်တွေ တဖြည်းဖြည်းနဲ့ မတတ်ကြတော့ဘဲ ဖြစ်လာတယ်။ သဘာဝပထ၀ီဝင် အတတ်တွေလည်း [သိနည်း၊ မှတ်နည်းတွေ] ပျောက်လာတယ်။

အထင်သေး အမြင်သေးလာ

ရှေးခေတ် ဘိုးဘေးများ လက်ထက်ကစ၍ တတ်မြောက် ကျွမ်းကျင် လာကြတဲ့ ရိုးရာ လက်မှု အတတ်ပညာ ဖြစ်တဲ့ အ၀တ်အထည် လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ပန်းပညာ လုပ်ငန်းတွေဟာ အသက်မွေးမြူရေး အတတ်ပညာရပ်များ ဖြစ်ကြပေမယ့် ခေတ်စနစ် အတိုးအဆုတ် တွေကြောင့် ရိုးရာ သင်ကြားမှု ပုံစံဟာ မခိုင်မြဲဘဲ ဖြစ်နေတယ်။ ဒေသအခြေအနေနဲ့ လိုအပ်ချက် တွေကို အခြေခံပြီး ရပ်တည်နေကြရတဲ့ ပန်းပညာ အလုပ်တွေဟာလည်း တဖြည်းဖြည်းနဲ့ တတ်မြောက် ကျွမ်းကျင်တဲ့သူတွေ လျော့ပါး လာနေတယ်။ အတတ်ပညာ လေ့ကျင့် သင်ကြားပေးတဲ့ ကျောင်းတွေ အစိုးရ ကိုယ်တိုင်က ကိုင်တွယ်လေ့ကျင့် ပေးတာကြောင့် ထိုးထွင်း သိမြင်မှု၊ တီထွင်ကြံဆမှု စွမ်းရည်တွေ အားလျော့နေတယ်။ ခေတ်သစ်ပညာရေး စနစ်အရ စာသင်ကျောင်းတိုင်းတွေမှာ လက်တွေ့ကျတဲ့ သင်ကြား၊ ပို့ချမှုတွေ မရှိသလောက်ပါဘဲ။ အတတ်ပညာကို တွန်းအားပေး လေ့ကျင့်သင်ကြား ပေးနေပေမည့် ဂေဟဗေဒစနစ်နဲ့ လူမှုဆက်ဆံရေး (နီတိ) ပညာတွေမှာ မတတ်ကြဘဲ ဖြစ်နေတယ်။ လက်တွေ့ဘ၀နဲ့ ကွာဟနေ ရုံသာမကဘဲ ရိုးရာဓလေ့နဲ့ အသိပညာ ကျွမ်းကျင်မှုတွေကိုပါ အထင်သေး၊ အမြင်သေးနေလာကြတယ်။

ကျောင်းပညာရေးကို စိတ်မ၀င်စား

မြန်မာ့ ပညာသင်ကြားရေး စနစ်ကို လေ့လာကြည့်ပါ။ သင်ရိုးညွှန်းတမ်း စာတွေမှာ (ပညာရပ်တွေမှာ) အနောက်တိုင်း ပညာသင်ကြားရေး စနစ်နဲ့ ပါဝင်နေတာကြောင့် အနောက်တိုင်းသားများ အတွက်ကို စီစဉ်ထားတဲ့ ပညာရေးစနစ်လို ဖြစ်နေတယ်။ မြန်မာလူမျိုးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပါဝင်မှု နည်းပါးနေတာကို တွေ့ရတယ်။ အနောက်တိုင်းသား ပညာရေးစနစ်ကို ဗဟိုပြုထားတာကြောင့် မြန်မာ့ ပထ၀ီ အနေအထားနဲ့ ကိန်းများ၊ လက်ရှိ လူနေမှုဘ၀နဲ့ အလှမ်းကွာဝေးတဲ့ ပညာရေးစနစ်လို ဖြစ်နေတယ်။ မိမိတို့ လက်တွေ့ လူနေမှုနဲ့ ကင်းကွာတဲ့ ပညာရေးစနစ်ကို သင်ယူနေကြရတဲ့ မြန်မာ ကလေးတွေဟာ အခုဆိုရင် ကျောင်းပညာရေးကို စိတ်မ၀င်စားကြတော့ဘဲ လူမှုလောကထဲမှာ စရိုက်ပေါင်းစုံနဲ့ ကျင်လည် နေကြရတယ် ဆိုတာကို မြင်တွေ့ ကြရတယ်။

ဝေဖန်ပေးနိုင်ပါတယ်

မြန်မာကလေးတွေ ကျောင်းပညာရေးတွေကို စိတ်မ၀င်စားကြတာကို ဤစာဖတ်ကြသော သူများက မည်သို့ ဆုံးဖြတ် ပေးနိုင်ကြမလဲ။ ဘယ်လို အကြံပေးလိုတာ ရှိပါသလဲ။ လက်တွေ့လူနေမှု၊ မိမိယဉ်ကျေးမှုဓလေ့၊ သဘာဝစရိုက် အနေအထားနဲ့ ဆက်စပ်မှုမရှိတဲ့ ပညာရေးကို သင်ယူ လေ့ကျင့် ကြရတဲ့ မြန်မာကလေးတွေဟာ နိုင်ငံ့ပညာရေး စနစ်ကို အတုအယောင် ပညာရေး၊ ဆင်းရဲမွဲတေ ပညာရေး၊ သိပ္ပံနည်းပညာ မပါတဲ့ ပညာရေးပါ ဆိုပြီး မြင်ကြ၊ တွေးလာကြတာကို ကလေးတွေ မှားတယ်လို့ကော မြင်ပါသလား။ စာဖတ်သူများ ပွင့်ပွင့် လင်းလင်း ဝေဖန် ပေးနိုင်ပါတယ်။

အသုံးမပြုကြဖို့

ယနေ့ မြန်မာပြည် အသုံးပြု ပညာရေးဟာ ကိုယ်ပိုင် ပတ်ဝန်းကျင်မှ ထူးခြားတဲ့ သဘာဝသယံဇာတ လက္ခဏာနဲ့ ပြည့်စုံတဲ့ ပညာရပ်များကို အသုံးမပြုဘဲ၊ သိပ္ပံနဲ့ နည်းပညာမှ လာတဲ့ သယံဇာတ သုံးဖြုန်း တတ်တဲ့ နည်းပညာသာ အသုံးပြုကြတယ်။ ဒီလို အတုအယောင်နဲ့ ဆင်းရဲမွဲတေမှုတွေကို နေရာ ယူလာကြတဲ့ ခေတ်သစ် သိပ္ပံ နည်းပညာဟာ ကမ္ဘာကြီးကို ဖျက်ဆီး ပစ်နေသလို ဖြစ်နေတယ်။ ဒီပညာရပ်မျိုးဟာ မြန်မာပြည်မှာ မထွန်းကားဖို့ လိုပါလိမ့်မည်။ မြန်မာပြည်မှာ သိပ္ပံနဲ့ နည်းပညာ များများထွန်းကားဖို့ မလိုပါ။ အရေးပါတဲ့ ရိုးရာ စီးပွားဖြစ် ပညာရေး လုပ်ငန်းကို သေသေချာချာ တတ်မြောက်နေဖို့ လိုပါလိမ့်မယ်။ မြန်မာ့ရေမြေဟာ သဘာဝ ကျေးလက်နေ လူနေမှုဘ၀အတွက် အလွန် အသုံးဝင်တဲ့ ရေမြေတွေပါ။ ဥတုရာသီလည်း အလွန်သာယာ လှပ နေတာကြောင့် ခေတ်သစ်သိပ္ပံနဲ့ နည်းပညာ ရှုထောင့်မှ ကျင့်သုံးလာကြတဲ့ စီးပွားရေး ပညာရပ်တွေကို များများ စားစား အသုံးမပြုကြဖို့ သတိကြီးစွာ ထားရမယ်။

တိုင်းပြည်အတွက် ထိခိုက်လာ

ယနေ့ မြန်မာ့မြေပြင်ကို ကြည့်လိုက်ရင် မြက်နုတွေကို စားတဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်တဲ့ ၀န်တင်၊ ထွန်ယက် စိုက်ပျိုးမှုတွေမှာ အသုံးဝင်တဲ့ ကျွဲ နွားတွေဟာ မမြင်ရသလောက် နည်းပါးလာကြတယ်။ လုပ်အား၊ နို့အပြင် လောင်စာတွေပါ ပေးစွမ်းနိုင်တဲ့ သတ္တ၀ါတွေကို နိုင်ငံဖြတ်ကျော် ကုန်ကူးရောင်းသန်း နေကြလို့ မြန်မာ့ (နွား၊ ကျွဲ) ၀န်တင်ဆောင်တဲ့ သတ္တ၀ါတွေ လုံးလုံးလျားလျား နည်းပါး လာနေကြပါပြီ။ ဒီအကျိုးဆက်ဟာ နောင် မကြာ မြန်မာတွေ ခံစား လာကြရတော့မယ်။

အခုဆိုရင် အရှင်တို့ နေထိုင်တဲ့ ပြည်နယ်ဟာ တရားမ၀င် နိုင်ငံဖြတ်ကျော် ကုန်ကူးကြတဲ့သူတွေရဲ့ မတန်တဆ ဈေး ပေးနေကြလို့ ၀န်တင်နွား၊ ခိုင်းနွားတွေ မရှိသလောက် ဖြစ်နေပါတယ်။ လယ်ယာ ထွန်ယက် စိုက်ပျိုးမှုတွေမှာ စက်မှုပစ္စည်းတွေ သုံးနေကြလို့ ကုန်ကျမှုစရိတ် မြင့်မား နေတယ်။ သူရင်းငှားများလည်း နေ့စားခ ကြီးမြင့်လို့ လယ်ယာမြေတွေ ကောပြီး တောဖြစ်သွားတဲ့ လယ်မြေတွေ များပြား လာနေတယ်။ ဒီအခြေအနေဟာ တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ တိုင်းပြည်အတွက် ထိခိုက်လာနိုင်စရာ ရှိလာမယ်လို့ ယူဆ တယ်။

နိဂုံး

ဒီနေ့ မြန်မာပြည် ခေတ်သစ် ပညာရေး စနစ်ဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ ကျေးလက်နေ လူနေမှုဘ၀ကို အဆင့်မြင့် ပေးလိုက်တဲ့ ပညာရေးစနစ် မဟုတ်ဘဲ ငွေကြေး အခြေခံတဲ့ မြို့ပြလူနေမှုနဲ့ စီးပွားရေးစနစ်ကို အားပေး(ပြောင်းရွှေ့) လိုက်တဲ့ ပညာရေး ဖြစ်တာကြောင့် မြို့ကြီးတွေမှာ လူဦးရေတွေ တိုးပြီး အလုပ်လက်မဲ့ ပြဿနာတွေ ဖြစ်ပေါ်စေတာ မကဘဲ အကျင့်စာရိတ္တ ကောင်းမွန်ရေးကိုလည်း မဦးတည်တဲ့ ပညာရေးစနစ် ဖြစ်တယ်။

စာတတ်မြောက်သူဦးရေ များပြားလာလို့ ပြင်ပကမ္ဘာနဲ့ မြင်တွေ့သိမြင် လာကြတဲ့ ခေတ်ပညာတတ်လာတဲ့ မြန်မာတွေဟာ အချင်းချင်း သွေးကွဲမှု၊ စီးပွားရေးကျဆင်းမှု၊ လူမှုရေး ပြဿနာများ အမျိုးမျိုး ခံစား လာခဲ့ကြရ တာကြောင့်လည်း စီးပွားရေးအရ အဆင်းရဲဆုံး နိုင်ငံအဖြစ်ကို ရောက်သွားခဲ့ရတယ်။ နောက်ပိတ်ဆုံး အရှင်တို့ နေထိုင်တဲ့ တိုင်းပြည်ဟာ ဒီထက်မက ပိုမိုပြီး ဆင်းရဲကြလေမလားလို့ စိုးရိမ်မဆုံး ဖြစ်မိပါတယ်။
Myanmar Thandawsint Newspaper