ငါတို့စားဖို့အလှည့်
ပို့စ်တင်ချိန်
- 1/07/2014 12:30:00 PM
အောက်ပါလုပ်ငန်းများထဲက အခက်ခဲဆုံးအလုပ်ကို မှန်ကန်အောင် ရွေးချယ်ပြပါ။
(က) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး။
(ခ) မြန်မာအမျိုးသားဘောလုံးအသင်း အာရှချန်ပီယံဖြစ်ရေး။
(ဂ) မူးယစ်ဆေးဝါးတိုက်ဖျက်ရေး။
(ဃ) လာဘ်စားမှုပပျောက်ရေး။
မြန်မာအမျိုးသားဘောလုံးအသင်း အာရှချန်ပီယံဖြစ်ရေး??? အဖြေမှားပါသည်။ အဖြေမှန်က “လာဘ်စားမှုပပျောက်ရေး”ဖြစ်ပါသည်။
ဆယ်စုနှစ်များစွာကြာအောင် သွေးထဲသားထဲမှာ အမြစ်တွယ်ရှင်သန်ကြီးထွားနေခဲ့သည့် ခြစားမှုနာတာရှည်က လူ့အဖွဲ့အစည်းတစ်ခု၏ နိုင်ငံရေးအပြောင်းအလဲကို ဘယ်လိုကျဆုံးစေတယ်ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
အာဖရိကတိုက်ကို သွားကြပါစို့။
တကယ်တော့ ကင်ညာသည် အာဖရိကတိုက်၏ အနာဂတ်အလားအလာ အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ သူ့သမိုင်းမှာ အိမ်နီးချင်းယူဂန်ဒါနိုင်ငံက အီဒီအာမင်လို အရူးအာဏာရှင်လည်းမရှိခဲ့။ မြောက်ဘက်က ဆိုမာလီယာလိုလည်း ကစဥ့်ကလျားမဖြစ်။ ရ၀မ်ဒါလို မျိုးဖြုတ်သတ်ဖြတ်ရေးလည်း မလုပ်ခဲ့ကြပါ။ ကင်ညာလူ့အဖွဲ့အစည်းကို အလဲထိုးနေသည့် အကြောင်းအရာက တစ်ခုတည်းဖြစ်သည်။ “ခြစားမှု”။
၂၀၀၂ ခုနှစ်မှာ “လာဘ်စားမှုတိုက်ဖျက်ရေး”ကြွေးကြော်သံဖြင့် အမ်ဝေကီဘာကီ သမ္မတဖြစ်လာသည့်အခါ မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာသည်။ ရွေးကောက်ပွဲကလည်း တရားမျှတသည်။ သမ္မတအသစ်ကလည်း ခြစားသည့် သမိုင်းမရှိခဲ့သူ။ သမ္မတကီဘာကီက လာဘ်စားမှုသတင်းများကို တောက်လျှောက်စုံစမ်းထောက်လှမ်းခဲ့သည့် ထင်ရှားသည့် သတင်းစာဆရာ ဂျွန်ဂစ်သွန်ဂိုကို လာဘ်စားမှုတိုက်ဖျက်ရေးခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်သည်။
ဂျွန်ရင်ဆိုင်ရမည့် စိန်ခေါ်မှုက တောင်တန်းကြီးတစ်ခုလို ကြီးမားလှသည်။ ကင်ညာဆိုသည်က ဂိတ်စောင့်နှင့် အငယ်တန်းစာရေးကစ၍ အစိုးရထိပ်သီးဝန်ကြီးများအထိ လာဘ်စားမှုကြီးမားနေသည့် လူ့အဖွဲ့အစည်း။
ထိပ်တန်းအရာရှိကြီးများကြားက ခြစားမှုကို ဂျွန်က အမဲစလိုက်တော့သည်။ ၀မ်းနည်းစရာတွေ့ရှိချက်ကတော့ အစိုးရအဖွဲ့သစ်၏ အရာရှိကြီးများကလည်း အစိုးရဟောင်းများ ခေတ်ကလိုပင် ခြစားမှုကို အမွေဆက်ခံယူခြင်းဖြစ်သည်။ ဂျွန်ကို မကူညီသည့်အပြင် ရန်ပြုကြသည်။ ဟန့်တားကြသည်။ ခြစားသည့် ထိုအရာရှိကြီးများက ဂျွန်ကို ပြောသည့်စကားက ကမ္ဘာကျော်သွားခဲ့သည်။ “ငါတို့စားဖို့အလှည့်” It's Our Turn To Eat ဖြစ်သည်။ ယခင်က ခြစားမှုကို မူအရဆန့်ကျင်ခဲ့သူများပင် ရာထူးလက်ကိုင်ရလာသောအခါ “ငါတို့စားဖို့ အလှည့်”ဖြစ်လာကြတော့သည်။
ဂျွန်အတွက် အကြီးမားဆုံးပစ်မှတ်က Anglo Leasing and Finance ကုမ္ပဏီဖြစ်သည်။ ကုမ္ပဏီက ဗြိတိန်မှာ မှတ်ပုံတင်ထားပြီး လိပ်စာတစ်ခုကလွဲ၍ ဘာမှမရှိ။ သို့သော် ကင်ညာအစိုးရ၏ သုံးငွေ ၁၆ ရာခိုင်နှုန်းက Anglo Leasing ကို သွားနေသည်။ ကင်ညာအစိုးရလိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများကအစ ရေတပ်ဖရီးဂိတ်သင်္ဘောများအထိ Anglo Leasing က သွင်းပေးနေသည်။ တင်ဒါခေါ်ယူမှုများကို ပြည်သူအများအကြားချမပြခဲ့။
နောက်ကွယ်မှာ ကြီးကြီးမာစတာများပါနေသည့် ခြစားမှုကိုလိုက်ရင်း ဂျွန်ဂစ်သွန်ဂိုတစ်ယောက် အန္တရာယ်များနှင့် ရင်ဆိုင်လာရသည်။ ခြစားသူ ထိပ်တန်းအရာရှိကြီးများက “သူတို့စားဖို့အလှည့်”ကို ဟန့်တားသူအဖြစ် ဂျွန့်အသက်အန္တရာယ်ကို ခြိမ်းခြောက်လာကြသည်။ ပြည်သူများအကြားမှာ ဂျွန်ကသူရဲကောင်း၊ ခြတွေအကြားမှာ ဂျွန်က အကြီးမားဆုံးရန်သူ။
နောက်ဆုံးတော့ အင်္ဂလန်ကို ပြည်ပြေးအဖြစ် ဂျွန်တိမ်းရှောင်သွားခဲ့ရသည်။ ၂၀၀၆ ခုနှစ်မှာ ဂျွန်က ကြေညာခဲ့သည်။ Anglo Leasing အရှုပ်တော်ပုံမှာ ဒုသမ္မတ၊ တရားရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးတို့ ပါဝင်နေခဲ့သည်။ ကင်ညာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက Anglo Leasing ၏ ခြစားမှုစုစုပေါင်းတန်ဖိုးက ကင်ညာနိုင်ငံမှာရှိသည့် အိပ်ခ်ျအိုင်ဗီရှိသူများအားလုံးကို (၁၀)နှစ်ကြာအောင် အေအာဗီဆေး လုံလောက်အောင် ပေးနိုင်သည်ဟု ဆိုပါသည်။ ၂၀၀၈ ခုနှစ်မှာ ဂျွန်တစ်ယောက် ကင်ညာကို ပြန်လာခဲ့သည်။ ထင်ရှားသည့် ဗြိတိသျှသတင်းစာဆရာမ မီချယ်လာရောင်းက It's Our Turn To Eat ဆိုသည့်စာအုပ်မှာ ဂျွန်နှင့် သူ၏တိုက်ပွဲများကို ရေးသားခဲ့သည်။ ၂၀၁၁ ခုနှစ်မှာ “ကင်ညာကို ငါတို့ပိုင်တယ်” (Kenya is ours) ဆိုသည့် လှုပ်ရှားမှုကို ဂျွန်စတင်ခဲ့သည်။ ပြည်သူများကို လာဘ်စားမှုနှင့်ပတ်သက်သည့် ခံစားချက်နှင့် အတွေ့အကြုံများကိုဖွင့်ချဖို့ စည်းရုံးအားပေးခြင်းဖြစ်သည်။ ယနေ့တိုင် ကင်ညာသည် ခြစားမှုနွံမှာနစ်နေဆဲ။
ဒုတိယမေးခွန်းတစ်ခု ထပ်မေးပါမည်။ ဒီတစ်ခါ မှန်အောင်ဖြေပါ။
ခြစားမှုပြဿနာမှာ ကင်ညာနှင့် မြန်မာ ဘယ်နိုင်ငံက ပိုဆိုးပါသလဲ? မြန်မာ! အဖြေမှန်ပါသည်။
Transparency International အဖွဲ့ကြီး၏ ၂၀၁၃ ခုနှစ် ခြစားမှုအစီရင်ခံစာမှာ ကင်ညာက ၁၇၇ နိုင်ငံမှာ အဆင့် ၁၃၆ ချိတ်ပြီး မြန်မာကတော့ ၁၅၇ ချိတ်ပါသည်။ အဆိုးဆုံးနိုင်ငံများရေတွက်လျှင် မြန်မာက အဆင့် ၂၀ တွင်ရှိသည်။
ခြစားမှုကင်းသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်က လာဘ်စားမှုပပျောက်ရေးကို ကြွေးကြော်သည့်တိုင် အခက်အခဲအများအပြားကို သူရင်ဆိုင်ရမည်ဖြစ်သည်။ ခေတ်အဆက်ဆက် မိသားစုလိုက်စားခဲ့ကြသူများ။ လုပ်ပိုင်ခွင့်များကို သားသမီး၊ ဆွေမျိုးများနှင့် စားတော်ခေါ်ခဲ့သူများက လက်ခံကြမည်မဟုတ်သလို “ငါတို့စားဖို့အလှည့်”ဆိုသည့် လူသစ်များလည်း ရှိနေနိုင်ပါသည်။
ပြီးခဲ့သည့်ရက်ပိုင်းများအတွင်းက နယ်မြို့တစ်မြို့မှာ အင်ဂျင်နီယာတပ်က တပ်ကြပ်ကြီးတစ်ဦးပိုင်သည့် ဧရာမဟိုတယ်ကြီးကို မြင်တွေ့ခဲ့ရသည်။ အရာရှိတစ်ဦး၏ဇနီးသည် ၀န်ကြီးတစ်ဦးကို ပေးဖို့ပြင်နေသည့် ရတနာထုပ်ကိုလည်း တွေ့ခဲ့ရသည်။
“ငါတို့စားဖို့အလှည့်”သည် မြန်မာ့လူ့အဖွဲ့အစည်းမှာ ကောင်းကောင်းရှင်သန်နေသည်ဆိုသည့် လက္ခဏာများဖြစ်ပါသည်။
ခြစားမှုတိုက်ဖျက်ရေးသည် ဦးသိန်းစိန်အစိုးရအတွက် အကြီးမားဆုံးတိုက်ပွဲဖြစ်ပါသည်။ ၀န်ထမ်းများအတွင်းက ကြီးမားသည့် အင်အားစုတစ်စုနှင့် စီးပွားရေးသမားများအတွင်းက ကြီးမားသည့်အင်အားစုတစ်စုက ဆန့်ကျင်ကြမည်ဖြစ်သည်။ ရေရှည်ဆင်နွှဲရမည့် တိုက်ပွဲဖြစ်သည့်တိုင် ကောင်းမွန်သောထိန်းချုပ်မှုကို စတင်နိုင်ခဲ့လျှင် ဦးသိန်းစိန်အစိုးရအတွက် သမိုင်းဝင်ဂုဏ်သိက္ခာကို ရရှိမည်ဖြစ်သည်။ ခေတ်အဆက်ဆက် အနိုင်ကျင့်ခံခဲ့ရသည့် ပြည်သူများက ထိုကျေးဇူးကို ဘယ်တော့မှမေ့မည်မဟုတ်ပါ။ နောင်လာမည့် အစိုးရအဆက်ဆက်ကလည်း ထိုအမွေကိုဆက်ခံယူပြီး ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ လိုအပ်ပါသည်။ သို့မဟုတ်လျှင်တော့ စီးပွားရေးပွင့်လင်းလာမှု၏ အကျိုးကျေးဇူးက သာမန်ပြည်သူများနှင့် ဝေးနေဦးမည်သာဖြစ်သည်။
ခြစားမှုက နိုင်ငံရေးကို ဘယ်လောက်ယိုယွင်းစေသည်ဆိုသည့် နမူနာကို လက်ရှိထိုင်းနိုင်ငံရေးမှာ လေ့လာနိုင်သည်။ ခေတ်အဆက်ဆက် “ငါတို့စားဖို့အလှည့်”ဆိုသည့် အတွေးအခေါ်က အစိုးရအဆက်ဆက်ကို ဘယ်လောက်ပျက်စီးစေသည်ဆိုသည့်နမူနာကို ဖိလစ်ပိုင်နိုင်ငံရေးမှာ လေ့လာနိုင်သည်။
သြစတြီးယားသတင်းစာဆရာ ကားလ်ခရော့စ်ကပြောခဲ့သည်။
“လာဘ်စားမှုဟာ ပြည့်တန်ဆာအလုပ်ထက် ပိုဆိုးတယ်။ ပြည့်တန်ဆာအလုပ်က လူတစ်ယောက်စာရိတ္တကိုပဲ ပျက်စီးစေတယ်။ လာဘ်စားမှုကတော့ တစ်မျိုးသားလုံးရဲ့စာရိတ္တကို ပျက်စီးစေနိုင်တယ်”
ရေးသားသူ- ရဲမိုး
7 Day News Journal