လူတိုင်းသိထားသင့်တဲ့ ကြောက်မက်ဖွယ် သေမင်းတမန်ရောဂါများ(၁)

ပို့စ်တင်ချိန် - 1/14/2014 12:00:00 AM


AIDS ဆိုတဲ့ ကမ္ဘာရဲ့ နောက်ဆုံး ကပ်ရောဂါ အကြောင်းကိုတော့ တစေ့တစောင်း တင်ပြခဲ့ပြီးပါပြီ။ ကပ်ရောဂါတွေရဲ့ ကြီးမားဆိုးရွားတဲ့ ဘေးဥပဒ် အန္တရာယ်ရဲ့ အတိုင်းအတာ၊ အတိမ်အနက်၊ အကျယ်အပြန့်ကိုတော့ သာမန်ကာ လျှံကာပဲ စဉ်းစားသူအတွက်တော့ သိသာထင်ရှားလာမှ မဟုတ်ဘူး။ ဒါ့ပြင် ကပ်ရောဂါကြီးတစ်ခု ကမ္ဘာမှာ ဖြစ်လာပြီဆိုရင် လူသားတွေကို ဝေဒနာဒုက္ခအပြင်၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အပါအဝင် ကဏ္ဍအသွယ်သွယ်ကို ဘယ်လောက် နှောက်မွှေသွားနိုင်သလဲ ဆိုတာကို သိပ်ပြီး ခေါက်မိမယ် မဟုတ်ဘူး။

ဒီအကြောင်းတွေကို ပိုမိုပြီး မိမိထင်ထင် သိချင်ရင်တော့ ရှေးကဖြစ်ခဲ့တဲ့ အလားတူ ဖြစ်ရပ်များကို ပြန်ပြောင်းလေ့လာဖို့ လိုမယ်။ ဒီလို သမိုင်းအမြင်နဲ့ ကြည့်လိုက်ပြန်တော့လည်း ပိုပြီး ဓမ္မဓိဋ္ဌာန်ကျတဲ့ ယူဆချက်တွေ ရှိလာမယ်။ ဒါကြောင့် ပြဿနာကို ဖြေရှင်းရာမှာ မှန်ကန်ပြီး သဘာဝလည်းကျ အောင်မြင်မှုလည်း ပိုမိုရရှိနိုင်မယ့် ကြံစည်တွေးခေါ်မှုနဲ့ တိုက်ဖျက်ရန် စီမံချက်တွေကို စဉ်းစားဖော်ထုတ်လို့ ရမယ်။ သင်ခန်းစာယူရှိရင်လည်း ယူနိုင်မှာ ဖြစ်တယ်။ ဒါပြင်လည်း စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။

လူသားတွေ မှတ်တမ်းတင်ပြီးသားဖြစ်တဲ့ သမိုင်းမှာ မကြုံစဖူးလောက်အောင် ကြောက်မယ်ဖွယ်ကောင်းတဲ့ ရောဂန္တရ ကပ်ကြီးဟာ ခရစ်သက္ကရာဇ် ၁၃၄၇ လောက်မှာ စခဲ့တယ်။ ဒီလောက် အချိန်ကြာမြင့်ခဲ့ပေမယ့် ဒီကပ်ကြီးရဲ့ အတိုင်းမသိ ဆိုးဝါးမှုကြီးကတော့ အခုထက်တိုင် မေ့ပျောက်လို့ မရနိုင်လောက်အောင် ပါပဲ။ ဒီရောဂါဟာ အဲဒီအချိန်အခါက မသိရသေးတဲ့ ရောအသစ်ပါ။ ပြန့်ပွားပုံ ကတော့ မြန်ဆန် လွန်းလှလို့ ခြောက်သွေ့နေတဲ့ တောကြီးမှာ နွေခါလောင်တဲ့ တောမီးနဲ့ နှိုင်းခဲ့ကြတယ်။

Crimea လို့ခေါ်တဲ့ အနောက်အာရှမှာ ရှိတဲ့ ရှေးအခေါ် Caffia၊ နောင်အခေါ် Feodosia မှာ ခရစ်ယာန် ဘာသာဝင်တွေရယ်၊ မူစလင် ဘာသာဝင်တွေရယ်၊ တာတာ (မွန်ဂို) တွေရယ် စစ်ဆင်နေကြတယ်။ တာတာတွေက မြို့ကို ဝိုင်းထားတာ အတော်ကြာသွားပြီ၊ မြို့ဟာ “ကျ” လုဆဲမှာ၊ ရောဂါသစ် တစ်ခုဟာ တာတာတွေစခန်းမှာ “ဘွား” ခနဲဆိုသလို ပေါ်လာခဲ့တယ်။ မိုးကြိုးလက်နက် ထိလိုက်သလိုပဲ ရက်ပိုင်းအတွင်းမှာ တာတာစစ်တပ် အများစုဟာ အတုံးအရုံး သေကြေပျက်စီး ခဲ့ကြတယ်။

တာတာတွေ အကြီးအကျယ်ကြောက်လာကြပြီး ကစဥ့်ကရဲ ပြန်လည်ဆုတ်ခွာသွားကြတယ်။ မဆုတ်ခွာခင် သူတို့ထဲက လူသေအလောင်းကောင် အချို့ကို မြို့ထဲ ပစ်သွင်းခဲ့ ကြတယ်။ အဲဒါနဲ့ ဒီရောဂါဟာ ကပ်ဖီးယားမြို့ထဲကို ရောက်ခဲ့တယ်။ ဒါဟာဖြင့် နောက်သမိုင်းမှာ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး ကပ်တွေရဲ့ ထပ်တန်းစာရင်းမှာ ပါလာခဲ့တဲ့ ပလိပ်ရောဂါ ကပ်ကြီးရဲ့ အစပဲ။ ဒီ ကပ်ဖီးယားမြို့ကတော့ အနောက်ဥရောပနဲ့ အရှေ့တိုင်းဖြစ်တဲ့ တရုတ်ပြည်သို့ ကုန်သွယ်ရာ လမ်းကြောင်းမှာ အချက်အချာကျတဲ့ စည်းကားတဲ့ မြို့တစ်မြို့ဖြစ်တယ်။

တာတာတွေ မြို့ကို ဝိုင်းထားရမှ အခုလို ထွက်သွားပြီးနောက် မြို့တွင်းက ကုန်သည်တွေကလည်း လွန်မြောက်ပြီဆိုပြီး ကိုယ်ဌာနေအရပ်ကို အမြန်တက်သုတ်နှင်ကြဖို့ ထွက်လာကြတယ်။ နောက် သင်္ဘောတွေနဲ့ ထွက်သွားကြတယ်။ အဲဒီ အထဲမှာ အီတလီပြည်ရှိ ဂျနိုအာ က သင်္ဘောတွေလည်း ပါတယ်။ ထွက်ပြေးသူတွေကတော့ ဒုက္ခက လွတ်မြောက်ပြီလို့ ထင်တာပဲ။ သူတို့ သင်္ဘောထဲမှာ သေမင်းတမန် တပါတည်း စီးလိုက်လာတယ် ဆိုတာကတော့ မသိကြရှာဘူး။

လမ်းခုလတ်မှာပဲ ရောဂါစဖြစ်ကြတော့တာပဲ။ နေ့စဉ် ရောဂါကြောင့် သေသူတွေကို ပင်လယ်ထဲ ပစ်ချကြပြီး ခရီးဆက်ခဲ့ကြတယ်။ သူတို့မြို့ရောက်တဲ့ အခါမှာတော့ သင်္ဘောတွေမှာ စီးနင်းလိုက်ပါလာတဲ့ ထောင်နဲ့ချီတဲ့ ခရီးသည်တွေထဲက ၁၀ ယောက်ပဲ ကျန်တော့တယ်။ အိမ်ရောက်တော့ ကြိုဆိုကြတဲ့သူနဲ့ အတူနေသူတွေကို မီးကူးစက်လောင်သလို ဒီရောဂါက ကူးပြန်တော့ လူတွေ ထောင်ပေါင်းများစွာ သေကြရပြန်တယ်။ ဒါနဲ့ နောက် ဒီသင်္ဘောတွေကို အဝင်မခံတော့ပဲ ပင်လယ်ထဲကိုပဲ အတင်းအဓမ္မ ပြန်လွှတ်ကြတယ်။ ဒီလိုနဲ့ပဲ ကပ်စရာ ခိုစရာ ဆိပ်ကမ်းမရှိလေတော့ ပင်လယ်ထဲမှာ တရွေ့ရွေ့ ရောက်တတ်ရာရာ မျောနေခဲ့ ကြရတယ်။

အဲဒီထဲက တစ်စင်းကတော့ ပြင်သစ်ပြည် မာဆေးမြို့မှာ ကပ်ခွင့်ရတယ်။ နောက်တစ်စင်းကတော့ အိုက်စလန်ကျွန်းမှာ ကပ်ခွင့်ရတယ်။ ကျန်တစ်စင်းကတော့ ဘာဖြစ်သွားတယ် မသိရတော့ဘူး။ သူတို့တွေ ဆိုက်လာတာနဲ့ ရောဂါကတော့ မဆိုင်းမတွ ကူးတော့တာပဲ။ “မာဆေး” မှာဆိုရင် မြို့ရဲ့ ၅ ပုံ ၄ ပုံ သေကုန်တယ်။ အိုက်စလန်ကျွန်းကတော့ “ကန္တရကျွန်း” သဖွယ် ဖြစ်သွားတာပဲလို့ ဆိုကြတယ်။ နောက် ဥပမာ တစ်ခုမှာတော့ အင်္ဂလန်ပြည် လန်ဒန်မြို့က သိုးမွေးတွေ သယ်ဆောင်သွားတဲ့ သင်္ဘောတစ်စင်းဟာ North Sea မြောက်ပင်လယ်ကို မကျော်လွန်ခင် သင်္ဘောပေါ်ရှိ လူတွေအားလုံး သေကုန်ကြတယ်။

သင်္ဘောကြီး သုမဒ္ဒရာထဲမှာ မျော်နေခဲ့ရက နောက်ဆုံး နော်ဝေးပြည် Bergen (ဘာဂျင်) မြို့ကို ရောက်သွားတယ်။ ဒီ အသက်ရှင်သူ တစ်ယောက်မျှ မရှိတဲ့ သင်္ဘောပေါ်တက်ပြီး စုံစမ်းတဲ့ အရာရှိတွေကနေ ရောဂါပိုးတွေ ပါလာတော့ မြို့ကလူတွေလည်း ရောဂါ ဖြစ်ကြရ ပြန်တယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။
By HIM