သတိ....လေထဲတွင် ဘာမဆို ရှိသည်.. သင့်နှာခေါင်းနှင့် ပါးစပ်ကို ကာကွယ်ရန် မရှက်ပါနှင့်
ပို့စ်တင်ချိန်
- 1/17/2014 02:20:00 AM
ခရီးသည် အပြည့်ဖြင့် ဝရုန်းသုန်း ကား မောင်းနှင် လာသော မီနီဘတ်စ် ပေါ်သို့ မစီးချင်သော် လည်း ရုံးချိန် နီးနေ ပြီဖြစ်၍ စုစု တစ်ယောက် ခုန်တက်လိုက် ရသည်။
ပြည့်ကျပ်နေသော လူများအကြား တိုးဝှေ့ရင်းပင် မတ်တတ် ရပ်ရန် နေရာ လေးကို ထိုင်ခုံများ ရှေ့ဘက်၌ အလျင် စလို ယူလိုက်ရသည်။
စုစုရှေ့မှ ထိုင်ခုံ၌ အသက်လေး ဆယ်အရွယ် အဒေါ်ကြီး တစ်ဦး ထိုင်နေသည်။ အဒေါ်ကြီး လက်ထဲ၌ အထုပ် တစ်ထုပ် ကိုင်ထားသဖြင့် အိမ်မှ ထည့် လာသော ထမင်း ချိုင့်လေးကို အသာ အယာ အောက်ရို့၍ ဆွဲထားလိုက်တော့ သည်။ လက်တစ်ဖက် မှလည်း တစ်ချက် တစ်ချက် ကားဆရာ ဆောင့်နင်းလိုက် သော ဘရိတ်စာ မမိစေရန် လက်ကိုင် တန်းကို အမိအရ ဆွဲထားရသည်။
ယင်း အနေအထားတွင် ”အဟွတ် အဟွတ်” ဆိုသော ကျယ်လောင်သည့် ချောင်းဆိုးသံ သည် စုစုမျက်နှာ ရှေ့ တည့်တည့်မှ ထွက်ပေါ်လာသည်။ သူမ ရှေ့မှ အဒေါ်ကြီး က အားပါးတရ ချောင်းဆိုး လိုက်ခြင်း ဖြစ်သည်။ ချက် ချင်း ဆိုသလိုပင် စုစုသည် မျက်နှာကို ကားအပေါ် လက်ကိုင်တန်း ကိုင်ထား သော လက်ဖြင့် ပြေးကပ်၍ နှာခေါင်း ပိတ်ထားလိုက်သည်။
သူ၏ လုပ်ရပ်ကို အနားမှ လူတ ချို့နှင့် ရှေ့မှ အဒေါ်ကြီး ကတော့ မနှစ် မြို့ဟန်ဖြင့် ကြည့်နေ ကြသည်ကို မိမိ သိ နေသည်ဟု မစုစု က ပြန်ပြောပြသည်။
”ကျွန်မ ဘယ်လိုမှ သည်းမခံနိုင် ဘူး။ သူတို့မှာသာ တီဘီ ရှိခဲ့ရင် ကျွန်မ က နောက်တစ်ကြိမ် ထပ်ပြီး ဆေး သောက်ရဦးမှာ။ သူတို့မှာ ရှိမရှိ ကျွန်မ လည်း မသိဘူး။ သူတို့ လည်း မသိဘူး။ ကိုယ်ဖြစ်ရင် ကိုယ်ပဲခံရမှာ” ဟူသော အတွေးဖြင့် အကြည့် များကို ဂရုမစိုက် သည့်ဟန် လုပ်ခံခဲ့ရသည်ကို သူမက ဆို သည်။
စုစုသည် အစိုးရ ရုံးဌာနတွင် အ လုပ်လုပ်နေသော စာရေးမ တစ်ဦးဖြစ် သည်။ ၄င်းတို့ မိသားစု ငါးယောက် အနက် သူမအဖေနှင့် စုစုသာ ဝင်ငွေ ရှိပြီး အငယ်နှစ်ဦး မှာ တက္ကသိုလ် တက်နေကြ သူများဖြစ်သည်။
ခန္ဓာကိုယ် ပြည့်ပြည့်ဖြိုးဖြိုး၊ အရပ် ထောင်ထောင်မောင်းမောင်း ရှိသည့် စုစု သည် တဖြည်းဖြည်း ပိန်လာခဲ့ပြီး ချောင်းလေး တဟန့်ဟန့်နှင့် ညနေတိုင်း အဖျား လေး တငွေ့ငွေ့ မှ စတင်ကာ ရောဂါ လက္ခဏာ ပြလာခဲ့ကြောင်း လွန်ခဲ့သော တစ်နှစ်ကျော် က သူမခံစားခဲ့ ရသည့်ဖြစ် ရပ်ကို ပြောပြသည်။
”အဲဒီတုန်းက ရာသီဥတု ပြောင်း ချိန်လည်းဖြစ်တယ်။ မောတာ လည်း အ ရမ်း မောတတ်တယ်။ အလုပ် ပင်ပန်း လို့ပါလို့ပဲ တွေးတာပေါ့။ ချောင်းက လည်း အရမ်းကြီး မဆိုးတော့ တီဘီလို့ တော့ ဘယ် ထင်မိမလဲ”ဟု စုစုဆိုသည်။
နှစ်ပတ်ကျော် သုံးပတ် နီးပါး ချောင်းဆိုး ချိန်မှာတော့ သွေးများ ပါလာခဲ့သည်။ ချောင်းဆိုသွေး ပါလာသည့် အချိန်မှသာ ကြောက်လန့် တကြားဖြင့် ဆေး ခန်းပြေး ခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောပြသည်။
”တက္ကသိုလ် တက်နေတဲ့ ညီမနှစ် ယောက် စရိတ်နဲ့ အိမ်စရိတ်ကို ငဲ့ပြီး ဆေးခန်းစောစော မသွားလိုက်တာ”ဟု သူမက ပြောသည်။
တီဘီရောဂါပိုးသည် ရောဂါပိုးရှိ သူနှာချေခြင်း၊ ချောင်းဆိုးခြင်း၊ တံတွေး၊ သလိပ်မှ တစ်ဆင့် ပိုးများ လေထဲတွင် ပျံ့နှံ့ပြီး တခြားသူများ ထံသို့ ကူးစက် သည်။
ခန္ဓကိုယ် ခုခံအား ကောင်းမွန်သူ များတွင် တီဘီရောဂါပိုး ဝင်ရောက်လာ ပါက ရောဂါမဖြစ်ပေါ်ဘဲ ငုပ်လျှိုးနေ အောင် ခုခံထားနိုင်သည်။ ခန္ဓာကိုယ် ခုခံအား လျော့နည်း လာ ပါက ငုပ်လျှိုး နေသော တီဘီရောဂါပိုး များ ပြန်လည် ပွား များလာပြီး တီဘီရောဂါ လက္ခဏာ များ ပေါ်ပေါက် လာတတ်သည့် ရောဂါ ဖြစ်သည်။
မြန်မာနိုင်ငံ လူဦးရေ တစ်သိန်း တွင် ၁၇၂ ဦး တီဘီ ရောဂါဖြစ်ပွားမှု ရှိ ကြောင်း၊ နှစ်စဉ် တီဘီရောဂါ လူနာသစ် တစ်သိန်းကျော် တွေ့ရှိရကြောင်း၊ မြို့ပြ နှင့် တိုင်းဒေသ ကြီးများ တွင် တီဘီရော ဂါပို၍ အဖြစ် များကြောင်း၊ ကျန်းမာရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက် များအရ သိရသည်။
တီဘီရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့သို့ အစီရင်ခံ သည့် ၁၉၈ နိုင်ငံ အနက် တီဘီ အဖြစ် အများဆုံး ၂၂ နိုင်ငံတွင် လည်းကောင်း၊ ဆေးယဉ်ပါး တီဘီ အဖြစ် အများဆုံး ၂၇ နိုင်ငံတွင် လည်းကောင်း၊ တီဘီ၊ HIV အဖြစ် အများဆုံး ၄၁ နိုင်ငံတွင် လည်းကောင်း မြန်မာနိုင်ငံ ပါဝင်နေကြောင်း ယင်းအဖွဲ့ ၏ ထုတ်ပြန်ချက် အရ သိရ သည်။
”တီဘီရောဂါက ကုသလို့ ရတယ်။ ဆေးလည်း အခမဲ့ရတယ်။ ဒါပေမဲ့ ဆေး ကုရပြီ ဆိုကတည်းက ခန္ဓာကိုယ်မှာ အ နည်းနဲ့ အများတော့ ထိခိုက်မှာပဲ။ မဖြစ် အောင် ကာကွယ်နိုင်တာ အကောင်းဆုံး ပဲ”ဟု တီဘီရောဂါ ဆေးပေးခန်းမှ အထွေ ထွေရောဂါကု ဆရာဝန် တစ်ဦးက ပြော သည်။
သာမန် တီဘီရောဂါ ဆိုပါက (DOTS) ကုထုံးဖြင့် ၆ လ၊ ၈ လ ဆေး သောက်ရုံဖြင့် ပျောက်ကင်းသော်လည်း ဆေးယဉ်ပါး တီဘီရောဂါ ဆိုပါက ရောဂါ ရှာဖွေရာတွင် လည်းကောင်း၊ ကုသရာ တွင်လည်းကောင်း ပိုမို ခက်ခဲ၍ ငွေကုန် ကြေးကျ များသည်။
တီဘီဆေးကုသမှု ပေးရာတွင် ဆေးကုထုံးနှင့် မလျော်ညီဘဲ ကုသခြင်း၊ ဆေးဝါး အချိန်အဆနှင့် အကြိမ်ရေ မမှန်ကန်ခြင်း၊ ဆေးဝါး အရည်အသွေး နိမ့် ကျခြင်း၊ ညွှန်ကြားသည့် အတိုင်း စနစ်တကျ အချိန်မှန် ဆေးမသောက်ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများက ဆေးရပ် မပေးမီ မိမိ သဘောနှင့် ဆေးသောက်မှု ရပ်တန့် လိုက်ခြင်းနှင့် ဆေးယဉ်ပါး တီဘီ ရောဂါ ရှိသူထံမှ တိုက်ရိုက် ကူးစက် ခံရခြင်းသည် ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်စေသည့် အကြောင်းရင်း များပင် ဖြစ်ကြောင်း အထက် ပါ ဆရာဝန်က ပြောသည်။
မြန်မာနိုင်ငံ၌ တီဘီ လူနာသစ် များတွင် ဆေးယဉ်ပါး တီဘီရောဂါဖြစ် ပွားမှု ၄ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီး တီဘီ လူနာဟောင်း များတွင် ဆယ်ရာခိုင်နှုန်း အထိ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် တီဘီရောဂါ ဖြစ်ပွားမှုများသော နိုင်ငံများ ထဲတွင် ပါဝင်နေခြင်းနှင့် တီဘီရောဂါသည် အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် ကူးစက် နိုင် သည့် ရောဂါ တစ်ခု ဖြစ်သည့် အတွက် ရောဂါဖြစ်မှ ကုသမှု ခံယူခြင်း ထက် မိမိတွင် ရောဂါ ကူးစက် မခံရစေရန် နေထိုင်မှု ပုံစံ အပြုအမူများကို ပြုပြင် ပြောင်းလဲ သင့်ကြောင်း အထက်ပါ ဆရာဝန်က ပြောသည်။
”ချောင်းဆိုးရင်၊ နှာချေရင် အုပ်ရမယ်။ လက်နဲ့ အုပ်ရမယ်။ ပုဝါနဲ့ အုပ် ရမယ်။ သူများနိုင်ငံတွေမှာ ချောင်းဆိုး ရင် အုပ်ပြီး မဆိုးရင် ရိုင်းရာကျတယ်။ ယဉ်ကျေးမှု မရှိဘူး လို့ မြင်ကြတယ်။ ဒီမှာတော့ ဖွင့်ဆိုးနေကြတယ်။ လူတိုင်း ဖွင့်ပြီး ဆိုးရင် ပိုဆိုးကြမယ်။ သလိပ်ပိုး တွေ့ လူနာကပါ ဖွင့်ဆိုးရင် သွားပြီပေါ့။ တီဘီရှိရှိ၊ မရှိရှိ ချောင်းဆိုးရင် အုပ်ဆိုး တဲ့ ယဉ်ကျေးမှုလေး ရစေချင်တယ်”ဟု မြောက်ဥက္ကလာပ တီဘီဆေးခန်း မှ ဒေါက်တာ အေးအေးမူက ပြောသည်။
တီဘီရောဂါ ကူးစက် ပြန့်ပွားစေရန် အားပေးသည့် အခြေအနေ များမှာ လူထူ ထပ်များပြားပြီး မှောင်မိုက်သည့် နေရာများတွင် အချိန် ကြာရှည် နေထိုင် ရခြင်း၊ အာဟာရ ချို့တဲ့ခြင်း နှင့် HIV ကူးစက်ခံထားရခြင်းတို့ ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြို့ကြီး တစ်ခုဖြစ် သည့် ရန်ကုန်မြို့ ဆိုပါကလည်း နေထိုင် သည့် လူဦးရေ ထူထပ် များပြားလှသည်။ ၄င်းအပြင် မြို့တွင်း နေ့စဉ် ပြေးဆွဲနေသော ယာဉ် ၅ဝဝဝ နီးပါး ကို ရန်ကုန်မြို့ ရှိ ၂ ဒသမ ၃ သန်းသော လူဦးရေ တို့ သည် သုံးစွဲနေကြရသည်။
ဟိုင်းလတ်မှ အစ အထူး ယာဉ်လိုင်း များပေါ်ထိ ပြည့်သိပ်နေသော ခရီး သည် များကို နေ့စဉ်တွေ့မြင်နေရသည်။ လေတဖြူးဖြူး အေးအေးလူလူ စီးဖို့ မဆိုထားနှင့် မတ်တတ် ရပ်စီးရန်ပင် အပြေးအလွှာ လိုက်နေရသည်။
ဘတ်စ်ကား ကျပ်ကျပ်စီးနေကြသူ တိုင်းသည် မိမိ ရှေ့တွင် ချောင်းကို အား ရပါးရ ဖွင့်ဆိုးနေသည် ကို ကြုံဖူးကြလိမ့် မည်။
”တကယ်လို့ ဘတ်စ်ကားပေါ် မှာ သလိပ်ပိုးတွေ့ လူနာ တစ်ယောက် ပါ လာမယ်။ သူက ချောင်းဆိုး လိုက်ရင် လေထဲမှာ သန်းပေါင်း များစွာသော ပိုး တွေက ၁ နာရီ ပေ ၆ဝ နှုန်းလောက် လွင့်သွားတော့ အဲဒီမှာ ကူးစက် မှာပေါ့။ ရထားပေါ်မှာ ဖြစ်ဖြစ်၊ ကားပေါ်မှာ ဖြစ် ဖြစ် သလိပ်ပိုး တီဘီရှိတဲ့ သူတွေက ဆင် ခြင်ကြရင် အကောင်းဆုံးပေါ့” ဟု ဒေါက်တာ အေးအေးမူက ပြောသည်။
အကယ်၍ ကိုယ့် အနီးအနားတွင် ချောင်းဆိုး ပါက ကာယကံရှင်မှ အုပ်မ ဆိုးပါက ကိုယ့်ပါးစပ်၊ နှာခေါင်းများကို ချက်ချင်း အုပ်ပစ်သင့်ကြောင်း ယင်းသို့ ပြုမူခြင်းသည် မိမိ ကိုယ်ကို ရောဂါကူး စက်ခြင်းမှ ကာကွယ်ရာ ရောက်ပြီး၊ တခြားလူ ကိုလည်း ကျန်းမာရေး အသိ လေး ဝင်သွားစေကြောင်း ဒေါက်တာ အေးအေးမူက အကြံပြုသည်။
”ဒီမှာက တချို့က Mask (နှာ ခေါင်းစည်း တပ်ရင် ရှက်စရာအဖြစ် မြင် ကြတယ်။ သူများနိုင်ငံမှာ က ဒီအတိုင်း တပ်ချင်ရင် တပ်ကြတယ်။ ဒီမှာက ချောင်းဆိုးရင် အုပ် မဆိုးကြဘူး။ ဆေးခန်း လာရင်လဲ ဖွင့်ပြီး ဆိုးနေကြတာပဲ။ Mask ဘယ်မှာလဲ ဆိုတော့ မတပ်ဘူးတဲ့။ တီဘီ သမားတစ်ယောက် မဆင်ခြင်ရင် သူ့ဆီ ကနေ နောက်ထပ် လူအများကြီး ကို ကူးစက်စေတယ်”ဟု ၄င်းက ပြောသည်။
ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် တီဘီရောဂါ ပပျောက်ရေး အတွက် စီမံ ချက်များ ရေးဆွဲ အကောင်အထည်ဖော် လျက်ရှိသည်။ ၂ဝ၁၅ ခုနှစ်တွင် မြန်မာ နိုင်ငံ၌ ၁၉၉ဝ ပြည့်နှစ်က ရှိသော တီဘီ ရောဂါ အခြေအနေ ထက်ဝက် လျှော့ချ နိုင်အောင် ကြိုးစားလျက် ရှိသည်။
ဆေးများကို အခမဲ့ပေး၍ လည်း ကုသပေးနေသည်။ သို့သော် ကုသပေး သူက ကုသပေးရင်း ရောဂါရှိသူ ၏ မဆင်ခြင်မှုကြောင့် ကူးစက်ခံ ရသူများ က ကူးစက်ခံနေ ရခြင်းဖြင့် သံသရာ လည်နေ ဦးမည်ဖြစ်သည်။
ယင်းကြောင့် တီဘီ ရောဂါရှိသူ များရော၊ မရှိသေး သူများပါ ဆင်ခြင်၍ နေထိုင်ပြီး ကောင်းမွန်သော အလေ့အ ထ၊ အပြုအမူ များကို လေ့ကျင့်ဆောင် ရွက်သင့်သည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ခန့် မှန်းချက် အရ တီဘီ အဖြစ်များသော နိုင်ငံများ တွင် နိုင်ငံရှိ လူဦးရေ သုံးဦး တွင် တစ်ဦးသည် တီဘီပိုး ဝင်ပြီး သား ဖြစ် ၍ ရော ဂါဖြစ်ရန်သာ ကျန်တော့ ကြောင်း သိရသည်။
တီဘီ ရောဂါသည် ယခုအခါ ဆေးယဉ်ပါးမှု ပြဿနာပါ ဆင့်လာပြီး ကမ္ဘာ ပေါ်တွင် ပြည်သူ့ ကျန်းမာရေးပြဿနာ တစ်ရပ် အဖြစ် သာမက မြန်မာတွင် လည်း ပြည်သူ့ ကျန်းမာရေး ပြဿနာ တစ်ခုအ ဖြစ် ရပ်တည်လျက် ရှိသည်။
ယင်းကြောင့် ကူးစက် မခံရစေ ရေးအတွက် လူတစ်ဦးချင်း စီ အပြု အမူများကို သတိ အနေအထားဖြင့် ပြု ပြင်သင့်ပေသည်။
သို့မဟုတ်ပါက ဘတ်စ်ကားပေါ်၊ ရုပ်ရှင်ရုံ၊ လမ်းမပေါ်၊ ကုန်တိုက်များ၊ ကားလမ်း များနှင့် လူထူထပ်သော နေ ရာများတွင် လူ့ အခွင့်အရေးနှင့် အညီ ပါးစပ်ကို အားရပါးရ ဖွင့်၍ ချောင်း ဆိုးနေသူများ၊ နှာချေတတ်နေသူများ နှင့် ဆုံပါက အဖြစ် ကွယ်မနေတော့ဘဲ သင့်နှာခေါင်းနှင့် ပါးစပ်ကိုသာ လုံခြုံ အောင် ကာကွယ်လိုက်ပါ။ တစ်ခါတစ်ရံ တွင် ”လူမှုရေးအသိ” ထက် ”ကျန်းမာ ရေးအသိ” ဆိုသည်က လူတိုင်းအတွက် ပို၍ အရေးကြီးသည်ကိုသိရန် မည်သူ ကိုမှ နောက်မကျစေချင်ပါ။
မြတ်စုငြိမ်း
By Popular Myanmar