တစ်ချို့လူတွေက စိတ်ဓာတ်ကို ယုတ်ညံ့ကြတာပါဗျာ
ပို့စ်တင်ချိန်
- 1/16/2014 04:25:00 PM
အထက်ပါပုံက ရန်ကုန်မြို့ရဲ့ ကျက်သရေဆောင် မြို့တော်ခန်းမကြီးရှေ့မှာ ကားပါကင်လုပ်ပြီးတော့ အရိပ်ရအောင် စိုက်ထားတဲ့ အပင်လေးပါ။ လူတွေရဲ့ထုံးစံအတိုင်း အပင်ရှိရင် ကွမ်းတံတွေးထွေးကြလွန်းလို့ ထင်ပါတယ် အပင်ပေါ်မှာ စာတစ်ခုကပ်ထားပါတယ်။
ဈေးမရောင်းရ
အမှိုက်မပြစ်ရ
ကွမ်းတံတွေးမထွေးရ
ဆိုတဲ့စာလေးပါ။ ဒီလိုစာတွေကတော့ နေရာတကာ နိုင်ငံတကာမှာ တွေ့ရတဲ့ သတိပေးစာအမျိုးအစား တစ်ခုသာဖြစ်ပါတယ်။ ဒီအထိက ဘာမှပြဿနာမရှိသေးပါဘူး။ ဒါပေမယ့် ပုံကို ကလစ်နှိပ်ကြည့်ရင် အဲဒီသတိပေးစာအပေါ် တည့်တည့်မှာ ကွမ်းတံတွေး ထွေးထားတာကို တွေ့ရပါလိမ့်မယ်။
ကဲ ... ဘယ်လောက်အထိ မိုက်ရိုင်းသလဲဗျာ?
ကိုယ့်တိုင်းပြည်ရဲ့ သိက္ခာကို လူတကာအမြင်မှာ မကျ ကျအောင် လုပ်နေတာနဲ့အတူတူပဲ။ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ဆိုတာ နိုင်ငံတကာက ဧည့်သည်တွေ ခြေချင်းလိမ်နေတဲ့နေရာ။ ဒီလိုနေရာမှာ ဒီလိုမျိုးလုပ်တော့ ကိုယ့်နိုင်ငံသိက္ခာ ဘယ်ရောက်သွားမလဲ?
ဒီလောက်ကတော့ကွာ နိုင်ငံခြားသားတွေလည်း မြန်မာစာမဖတ်တတ်ပါဘူး။ ကွမ်းတံတွေးထွေးထားတယ်ဆိုတာလည်း ကပ်ကြည့်မှ မြင်ရတာပါကွာ။ ထွေးစရာနေရာလည်း မရှိလို့နေမှာပါ လို့ ဆိုချင်ဆိုကြပါလိမ့်မယ်။
ထွေးစရာ အဲဒီနားမှာ သုံးသိန်းတန် အစိမ်းရောင် အမှိုက်ပုံးတစ်ခုရှိပါတယ်။ အမှိုက်ပုံးကိုတော့ ဓာတ်ပုံရိုက်ခဲ့ဖို့ မေ့သွားပါတယ်။ မမြင်ဖူးသူများ ကြည့်ဖို့အတွက်တော့ အောက်မှာ တင်ပေးလိုက်ပါတယ်။
နိုင်ငံခြားသားတွေ မြန်မာစာ မဖတ်တတ်ပါဘူး။ ကပ်ကြည့်မှမြင်ရတာပါဆိုသူများအတွက် အောက်ကပုံကိုကြည့်ပါ။ စာတတ်စရာမလိုပဲ စိတ်ဓာတ်ယုတ်ညံ့မှုကို ပေါ်လွင်စေပါတယ်။ သေချာမမြင်ရရင် ပုံကိုနှိပ်ကြည့်ပါ။ အပြင်မှာတော့ မြင်လို့တောင်မကောင်းပါ။
အဲတော့ ... လုပ်တဲ့သူက စာရိတ္တမကောင်းတာ ပြဿနာမဟုတ်ဘူး။ အရင်ကလို နိုင်ငံဆိုလည်းပြဿနာမရှိဘူး။ အခုက အဘက်ဘက်က ပြုပြင်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံပါလားဆိုပြီး မကူညီတဲ့အပြင် သတိပေးထားတဲ့နေရာမှာပါ ဆန့်ကျင်တဲ့အလုပ်ကို လုပ်တယ်ဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိလို့ ခင်ဗျားတို့ပဲ comment ရေးခဲ့ကြတော့ဗျာ။ (တာဝန်ရှိသူတွေကရော မမြင်မိတာလား စဉ်းစားစရာပါပဲ)
Myanmar CNN မှ တင်ဆက်သည်။