ကျမချစ်တဲ့ ပန်းဆိုးတန်းလမ်းမကြီး
ပို့စ်တင်ချိန်
- 1/05/2014 11:45:00 PM
ပန်းဆိုးတန်းလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်က ကိုလိုနီခေတ်အဆောက်အအုံကြီးကို လမ်းသွားလမ်းလာများနောက်မှာ ခံ့ထည်စွာတွေ့ရစဉ်။ ကိုတိတ်/မြန်မာတိုင်း(မ်)
အထက်တန်း ကျောင်းသူဘ၀က ကျူရှင်တက်ဖို့အတွက် နေ့တိုင်းနီးပါးလောက် ပန်းဆိုးတန်း
လမ်းမကြီးကို ဖြတ်ပြီးသွားရတယ်။
ဖြတ်သွားတိုင်းလည်း မြို့လယ်ကောင်ကို လူကြီးတွေလိုမျိုး 'ငါလည်းလာရတယ်၊ ငါလည်း
အရာဝင်တယ်'ဆိုတဲ့ အတွေးနဲ့ လူက မြောက်ကြွပြီး အမြဲလိုပျော်ရွှင်ခဲ့တယ်။
အဲဒီမြို့လယ် လမ်းမကြီးကနေ ရရှိတဲ့ အငွေ့အသက်တွေနဲ့ လှုပ်ရှားမှုပုံရိပ် တွေကိုလည်းပဲ
ဘယ်တော့မှ ရိုးအီတယ် မရှိခဲ့ဘူး။
အလယ်ဘလောက် တရားရုံးချုပ်ကြီးဘေးက မြို့ နယ်စာတိုက် အဆောက်အအုံထဲမှာနေတဲ့
သူငယ်ချင်းမတစ်ယောက်ကိုဆိုရင် ကိုယ့်မှာ အားကျလို့ကိုမဆုံးနိုင်ဘူး။
သူ့အမေက စာတိုက်မှူးမို့လို့ အဲဒီမှာနေရတာဆိုတော့ ကိုယ့်မိဘတွေလည်း ဒီလမ်းထဲမှာ နေစရာ
ရှိရင်ကောင်းမှာပဲလို့လည်း မကြာခဏ တွေးမိခဲ့ဖူးတယ်။
အဲဒီ စာတိုက်လေးကလည်း လေးထောင့်ဆန်ဆန် ငါးထပ်တိုက်ရဲ့ ညာဘက် ခြမ်းအောက်ဆုံးထပ်
မှာ ဖွင့်ထားတာပါ။
ထင်ရှူးပုံးကြီး ထောင်ထားသလိုမျိုး ဒီဇိုင်းဖြစ်ပေမယ့် ကိုယ့်မျက်စိထဲမှာတော့ တော်တော်လေးကို
နေချင်စရာ လေးဖြစ်ခဲ့တာပါ။
ကျူရှင်သွားဖို့ အိမ်ကနေ ဘတ်စ်ကားစီးလာရင် ပန်းဆိုးတန်း မှတ်တိုင်မှာဆင်း၊ အဲဒီ မှတ်တိုင်မှာ
ရောင်းတဲ့ 'ရွှေလှေခါး' မုန့်ဟင်းခါးဆိုင်မှာ အချဉ် နိုင်နိုင်၊ ငရုတ်သီးများများနဲ့ မုန့်ဟင်းခါးတစ်ပွဲစား။
အဲဒီဆိုင်က ဟိုတုန်းကတော့ ကိုလိုနီခေတ်တိုက်ကြီးရဲ့လှေကား ခြေရင်းမှာ ဖွင့်ထားတာပေါ့။
ခုတော့ သူ့နေရာမှာ ရုပ်ဆိုးဆိုးခေတ်ပေါ် တိုက်သစ်ကြီး ဖြစ်သွားပြီ။ တစ်ခါတစ်လေ ရွှေလှေခါးမှာ
မစားချင်ရင်တော့ သူငယ်ချင်းမကို သူ့အိမ်မှာ အရင်ဝင်ခေါ်ပြီး မေစင်တာနဲ့ မျက်နှာချင်းဆိုင်
ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းထောင့်က ကုန်သွယ်ရေးရုံးကြီး (မီးလောင်သွားလို့ ၀င်းခတ်ပြီး
နှစ်ပေါင်းများစွာ ဒီအတိုင်းပစ်ထားရာကနေ ခုတော့ တိုက်မြင့်ကြီးဆောက်နေတာ တွေ့ရပါတယ်)
အောက်မှာ ဖွင့်ထားတဲ့ တင်တင်အေး မုန့်ဟင်းခါးဆိုင်မှာ သွားစားကြတယ်။
ပြီးတော့မှ ကျူရှင်သွားကြ၊ ကျူရှင်က ပြန်ရင်တော့ အမေ့အိမ် စာအုပ်ဆိုင်ထဲမှာ ၀င်မွှေကြတယ်။
ညနေဘက်တွေဆိုရင်တော့ လမ်းဘေး စာအုပ်ဆိုင်တွေမှာ ၀င်တိုးကြတယ်။
ဝယ်ဖြစ်တာကတော့ စာစီစာကုံး စာအုပ်တွေပဲများပါတယ်။
အဲဒီအချိန်တုန်းက စာဖတ်ဝါသနာပါတယ်ဆိုပေမယ့် လူအထင်ကြီးခံချင်တဲ့ ရည်ရွယ်ရင်းက
ခပ်များများဆိုတာ ၀န်ခံရပါမယ်။
ကျွန်မတို့ သူငယ်ချင်းတစ်သိုက် လူအထင်ကြီးခံရအောင် လုပ်ကြတာ နောက်တစ်ခု ရှိပါသေး
တယ်။
အဲဒါကတော့ ကျူရှင်ပြေးပြီး ပန်းဆိုးတန်း ပန်းချီပြခန်းထဲမှာ ဟိုကြည့်ဒီကြည့် လုပ်ကြတာပါ။
ပန်းချီအကြောင်း သိသလို ဂိုက်တွေဖမ်းပြီး ဟိုဒီလျှောက်ပြောတဲ့ ကိုယ်တွေရဲ့ ဟန်ပန်ကို ခုချိန်မှာ
ပြန်တွေးကြည့်မိတော့ ငယ်ဘ၀ အမှတ်တရတွေက လက်ရှိဘ၀အမောတွေကို တဒင်္ဂတော့
မေ့သွားစေတာ အမှန်ပါပဲ။
တစ်ခါ ကျူရှင်ပြေးကြတာ အဲဒီ လမ်းမပေါ်မှာပဲ ဆရာနဲ့တည့်တည့်တိုးလို့ ကောင်းကောင်းကြီး
အဆဲခံလိုက်ရပါရောလား။
တကယ်တော့ ပန်းဆိုးတန်းလမ်းမကြီးနဲ့ ကျွန်မကြားမှာ အမှတ်တရတွေမှ အများကြီးပါ။
ကျွန်မချစ်တဲ့ ငယ်သူငယ်ချင်းတွေနဲ့ အဲဒီလမ်းမကြီးပေါ်မှာ ထောင်းထောင်းကြေအောင် လျှောက်ခဲ့
ဖူးတယ်။
အဖေရယ်၊ အမေရယ်နဲ့ ကျွန်မတို့ ညနေပိုင်း မြို့ထဲလာရင် ကာစတန်ရုံးရှေ့ ကမ်းနားလမ်းကနေ
ဘတ်စ်ကားစီးပြီး အိမ်ပြန်ရတာဆိုတော့ အဲဒီ ပန်းဆိုးတန်းလမ်းတစ်လျှောက်မှာ ကျွန်မတို့မိသားစု
ခြေရာတွေ ထပ်ခဲ့တာများပေါ့။
အမှတ်ရဆုံးကတော့ အောက်ဘလောက်က ဆိပ်ကမ်းရုံးကြီးနားမှာ စမူဆာသုပ်စားရတာပဲ။
အဲဒီအချိန်တုန်းက တစ်ပွဲစားပြီးလို့ နောက်တစ်ပွဲ ထပ်စားချင်ပေမယ့် စည်းကမ်းကြီးတဲ့ အမေက
ထပ်မကျွေးတော့လို့ တသသဖြစ်ခဲ့ရတဲ့ စမူဆာသုပ်။
ခုများတော့ ဘယ်လောက် ကောင်းတဲ့ဆိုင်မှာ ပဲစားစား အဲဒီတုန်းက အရသာကို ပြန်မရနိုင်တော့
ပါဘူး။
ခုတော့ အမေလည်း မရှိတော့ဘူး။ ငယ်ပေါင်းသူငယ်ချင်းတွေထဲက တချို့ ဆို ဘယ်လိုမှ
အဆက်အသွယ်မရတော့ဘူး။
ကျွန်မသဘောကျခဲ့တဲ့ အဲဒီလမ်းပေါ်က အဆောက်အအုံတွေကလည်း တဖြုတ်ဖြုတ်နဲ့
ပျောက်ကွယ်သွားကြတယ်။
ဒါပေမဲ့ ကျွန်မ အမေ့ကို အမြဲတမ်းပဲ ချစ်နေသလိုမျိုး ဒီလမ်းကြီးကို ကျွန်မချစ်နေ၊ သဘောကျနေ
ဆဲပဲ။
မိဘကျေးဇူးဆိုတာ ကောင်းကောင်းမသိတတ်ခင် အချိန်တုန်းက အမေကို အမေမို့လို့ ချစ်ခဲ့ရပြီး
အရွယ်ရောက်လို့ မိဘကျေးဇူးကို နားလည်ချိန်မှာ အမေ့ကို ပိုပြီးမြတ်နိုးလို့ ချစ်ခဲ့ရသလိုမျိုး
ဒီလမ်းကြီးကိုလည်း သူ့ရဲ့အတိတ်တွေ၊ သမိုင်းကြောင်းတွေကို မသိဘဲ ငယ်ဘ၀အချိန်တွေမှာ
ရိုးရိုးလေးသဘောကျခဲ့ပြီး ခုချိန် အတိုင်းအတာတစ်ခုထိ အသက်အရွယ်ရလာချိန်၊ အထိုက်
အလျောက် ဗဟုသုတတိုးလာလို့ သူ့အကြောင်း ထဲထဲဝင်ဝင် သိလာချိန်မှာ သူ့အပေါ် ကျွန်မရဲ့
နှစ်ခြိုက်မှုက တိုးလို့များလာသလို တန်ဖိုးလည်းထားတတ် လာခဲ့ပါပြီ။
ထိထိရောက်ရောက် ပြောရမယ်ဆိုရင် ကိုယ့်မွေးရပ်မြေမှာ ဒီလိုလမ်းမ ကြီးရှိလို့ ကျွန်မဂုဏ်ယူ
တတ်လာခဲ့တယ်။
ပြင်သစ်တွေ သူတို့ရဲ့ လမ်းမကြီးကို သဘောကျသလိုမျိုး ကျွန်မလည်း ပန်းဆိုးတန်းလမ်းမကြီးကို
သိပ်ချစ်မြတ်နိုးပါတယ်။
သူ့ပေါ်က အဆောက်အအုံ တစ်ခုစီတိုင်းရဲ့ သမိုင်းကြောင်းတွေကို သိရှိလာတဲ့အခါမှာ
ဒီအဆောက်အအုံတွေ ဆုံးရှုံးသွားတိုင်း ကျွန်မ သိပ်ရင်နာရပါတယ်။
သူတို့တွေဟာ ရန်ကုန်မြို့ရဲ့ သမိုင်း၊ မြန်မာလူမျိုးတွေရဲ့ သမိုင်း၊ မြန်မာပြည်ကြီးရဲ့ သမိုင်းတွေကို
ပြန်ပြီး ပြောပြပေးနေသူတွေ မဟုတ်ပါလား။
Myanmar Times