လက်ညှိုးထိုးခြင်း အနုပညာ

ပို့စ်တင်ချိန် - 1/26/2014 07:00:00 AM


ပြဿနာတစ်ခုခု ဖြစ်ပေါ်လျှင် လက်ညှိုး ထိုးရသည်ချည်း။ လက်ညှိုးထိုးခြင်းသည် တရားခံရှာခြင်း ဖြစ်သည်။ စိတ်သက်သာအောင် ဖြစ်စေ၊ ပြင်နိုင်အောင် ဖြစ်စေ တရားခံ ရှာကြရသည်။ တရားခံ မရှာလျှင် တစ်စုံတစ်ရာ မပြုပြင်နိုင်။ ထို့ကြောင့် လက်ညှိုးထိုးခြင်းသည် ယေဘုယျအားဖြင့် ကောင်း သည်၊ လိုအပ်သည်၊ အလိုအလျောက်ပင် ဖြစ်သင့်သည်။

လက်ညှိုးထိုးခြင်းသည် ယေဘုယျအားဖြင့် ကောင်းသည်။ သို့သော် ထိုးပုံထိုးနည်း အရေးကြီးသည်။ အချို့သည် လက်ညှိုးထိုးရာတွင် အလွန်မြန်သည်။ ထစ်ခနဲဆိုသည်နှင့် လက်ညှိုးထိုးသည်။ မြန်ခြင်းသည် တုံ့ပြန်မှု မြန်ခြင်းဖြစ်သည့်အတွက် ကောင်းသည်။ သို့သော် မြန်တိုင်း ကောင်းသည် မဟုတ်။ တကယ့်တရားခံကို ရှာနိုင်သလား။ လက်ညှိုး ဦးလှည့်ချိန်တွင် ရှေ့ဆုံး ရောက်နေသူ အထိုးခံလိုက် ရခြင်းလား။ သို့ဆိုလျှင် လက်ညှိုးထိုး နှေးရမည်လော။ နှေးပြန်လျှင်လည်း အလွန်မြန်ဆန်စွာ ပြောင်းလဲနေသော လောကကြီးတွင် ဘာမဆို နောက်ကျ ကျန်နေလိမ့်မည်။ ပြဿနာကို ဖြေရှင်းရန် နှေးကွေးခြင်းသည် ပြဿနာကို မျက်ကွယ် ပြုလိုခြင်းနှင့် မခြား။ ထို့ကြောင့် လက်ညှိုးအရှိန်သည် မနှေးမမြန် ဖြစ်ရန်လိုသည်။

လက်ညှိုးထိုးသည့် ဘက်သည်လည်း အရေးကြီးသည်။ အပြင်လှည့် လက်ညှိုးနှင့် အတွင်းလှည့် လက်ညှိုးဟု ညွှန်ပြသည့်ဘက်ကို မူတည်ကာ လက်ညှိုး နှစ်မျိုး ခွဲခြားနိုင်သည်။

လက်ညှိုး လမ်းကြောင်းသည် လူတို့၏ ပင်ကိုယ်စိတ် အခံနှင့် ဆိုင်သည်။ ဖြစ်သမျှ အကြောင်းကြောင်းတွင် ကိုယ်က အဓိကဟု ခံယူသူများ ရှိသည်။ ဖြစ်သောကိစ္စတို့သည် ကိုယ့်ကြောင့် ဖြစ်လာရခြင်း မဟုတ်စေကာမူ ကိုယ်က ကြိုးစားလိုက်လျှင် ပြေလည်သွားမည်၊ လမ်းကြောင်း ပြောင်းသွားမည်ဟု ယုံကြည်သည်။ ထိုသူတို့သည် ကိုယ့်ဘဝ ကိုယ်ကျောင်းနိုင်သည်ဟု ယုံကြည် ကြသည် Internal locus of control။ သူတို့သည် ကိုယ့်ဘဝ၏ သခင်များဖြစ်သည်။ ထိုသူတို့က လက်ညှိုးအတွင်း လှည့်သမား။

အချို့က တစ်ခုခု ဖြစ်လိုက်သည်နှင့် အပြင်ဘက်သို့ လှည့်သည်။ အပြင်ဆိုသည်မှာ ကိုယ်မဟုတ်သော အခြားသူများကို ဖြစ်သည်။ မိဘကြောင့်၊ သားသမီးကြောင့်၊ ပတ်ဝန်းကျင်ကြောင့်၊ အလုပ်ကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရကြောင့်။ အခြားသူကို ထိုးလိုက်လျှင် ကိုယ့်ကြောင့်မဟုတ် တော့။ ဖြစ်ဖြစ်သမျှ သူ့ကြောင့်။ သူမတရားသောကြောင့်၊ သူညစ်သောကြောင့်၊ သူညံ့သောကြောင့်၊ သူမသိတတ်သောကြောင့်။ တစ်ခုခုဆိုလျှင် အခြားသူကို လက်ညှိုးထိုးသော အကြိမ်အရေအတွက်က ပိုများတတ်သည်။ လက်ညှိုးအပြင် လှည့်လေ့ ရှိသူများသည် ကိုယ့်ဘဝကို အပြင်လောကက ဖန်တီးသည်ဟု ယုံကြည်သည် External locus of control ။

အခြားသူကို ထိုးလိုက်လျှင် တစ်ခု ကောင်းသွားသည်။ အရာရာသည် ကိုယ့်ကြောင့် မဟုတ်တော့ပေ။ ကိစ္စရပ်၊ ပြဿနာအတွက် ကိုယ်တာဝန်ယူရန် မလိုတော့။ ကိုယ်အားထုတ်ရန် မလိုတော့။ နောက်ဆုံး ကိုယ့်ဘဝတောင် သူ့ကြောင့် ဒီလိုဖြစ်ရတာပါလို့ လက်ညှိုးထိုး နေကြပြန်သည်။ မှန်ချင်မှန်နိုင် သော်လည်း ကိုယ့်ဘဝကို သူ့လက်တွင်း အပ်လိုက်သလို ဖြစ်သွားသည်။ လက်ညှိုးအထိုး မတတ်လျှင် အခြားသူများက ကိုယ့်ဘဝ၏ အရှင်သခင် ဖြစ်သွားသည်။ လက်ညှိုးက ဘဝကို ဆုံးဖြတ်သွားသည်။

လက်ညှိုးအတွင်း လှည့်လှည့်၊ အပြင်လှည့်လှည့် ပြဿနာ တစ်စုံတစ်ရာ မရှိ။ လက်ညှိုး ဆိုသည်ကိုက ကြိုက်ရာဘက် လှည့်ထိုးနိုင်အောင် တည်ဆောက်ထားသည်။ တစ်ခုခုဖြစ်သည်နှင့် အတွင်းဘက်သို့ စောင်းသွားခြင်း၊ အပြင်ဘက်သို့ လှည့်သွားခြင်းကသာ ပြဿနာ။

ပြဿနာပေါ်သည်နှင့် ကိုယ့်ကိုယ်သာ ထိုးချလိုက်သူများလည်း ရှိသည်။ “ဖြစ်သမျှ ငါ့ကြောင့်”၊ “ငါမကောင်းလို့ ဖြစ်ရတာ” ၊ “ငါ တရားခံ” ။ တာဝန်ယူလိုခြင်းသည် လေးစားစရာ ဖြစ်သော်လည်း အခါခပ်သိမ်း မိမိအပြစ်မဟုတ်။ ငလျင်အလွန်ပြင်းပြင်း လှုပ်သောကြောင့် ကိုယ်ဆောက်ထားသော အိမ်ပြိုသွားခြင်းသည် ကိုယ့်အပြစ်မဟုတ်။ ကိုယ့်ဘာသာကိုယ် ကားရပ်ထားချိန် စက်ဘီးက ဝင်တိုက်လျှင် စက်ဘီးအပြစ်သာ။ ကိုယ့်ဘက်သို့သာ လက်ညှိုး အထိုးများလျှင်လည်း စိတ်ဖိစီးမှုများ လွန်းပြီး စိတ်ကျရောဂါပင် ခံစားရနိုင်သည်။ သို့သော် ငလျင်သေးသေး လှုပ်ရုံဖြင့် အိမ်ပြိုသွားလျှင်မူ အိမ်ကို မစစ်မဆေး ဆောက်လုပ်သော ကိုယ့်အပြစ် ဖြစ်နိုင်သည်။ စက်ဘီးသာ သွားရသည့် လမ်းပေါ်တွင် ရပ်ထားသောကြောင့် စက်ဘီးဝင်တိုက်လျှင် ကိုယ့်အပြစ် ဖြစ်နိုင်သည်။

လက်ညှိုး ထိုးသူသည် လက်ညှိုးလည်း အထိုးခံရမည်မှာ အသေအချာ။ အပြင်သို့ လက်ညှိုး ထိုးလိုက်သည်နှင့် လက်ညှိုး အထိုးခံနိုင်ရန် တစ်ပြိုင်တည်း လေ့ကျင့်ထားဖို့ လိုသည်။ ကိုယ့်ကြောင့်ဟု သူတစ်ပါးက ညွှန်ခြင်းမှာ တကယ်တမ်းတွင် အရေးပါသောသူဟု ကိုယ့်ကိုယ် ပြောလိုက်ခြင်းပင်။ သူပြောသည်မှာ မှန်သလား၊ မှားသလားကိုမူ နောက်တစ်ဆင့် လေ့လာ ဆန်းစစ်ပြီး ပြင်သင့်လျှင်ပြင်၊ ပြင်စရာ မလိုလျှင်လည်း သည်အတိုင်း ထားလိုက်ရုံ။ လက်ညှိုးများများ အထိုးခံရသူသည် အလွန်ညံ့သောသူ ဖြစ်သလို အလွန် အရေးပါသလို ဖြစ်နိုင်သည်။ နာမည်ကြီးလျှင် လက်ညှိုးများများ အထိုးခံ ရနိုင်သည်။ လူမသိလျှင် လက်ညှိုးအထိုး ခံရရန်ပင် မရှိတော့။

နိုင်ငံနှင့်ချီသော ကိစ္စရပ်များတွင်လည်း လက်ညှိုးထိုးတတ်ရန် လိုသည်။ လက်ညှိုးအထိုး မတတ်လျှင် နိုင်ငံ့ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်၊ အရေးကိစ္စများကို ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည် မဟုတ်။ လက်ညှိုးသည် ခဲဆွဲထားခဲ့သကဲ့သို့ တစ်ဖက်လိုက်နေခြင်း မရှိရ။ ကိုယ့်ဘက်သို့ လှည့်နိုင်သလို အပြင်ဘက်သို့လည်း လှည့်နိုင်သည်။ တစ်ဖက်ဘက်သို့ လက်ညှိုးညွှန်ခြင်းကို ကြောက်ရန်မလို။ တစ်ဖက် “တည်း” သို့သာ အမြဲ လက်ညှိုးထိုးနေလျှင်ကား ထိုတစ်ဖက်လိုက် လက်ညှိုးကိုပင် လက်ညှိုး ပြန်ထိုးရပေလိမ့်မည်။

လက်ညှိုးထိုးခြင်းသည် ကမ္ဘာဦးကတည်းက စသော လူမှု ဆက်ဆံရေး လူ့အဖွဲ့အစည်း တည်ဆောက်ရေး အပြုအမူတစ်ရပ် ဖြစ်သည်။ သို့သော် လူတိုင်း လက်ညှိုး မထိုးတတ်ပါ။


thevoicemyanmar