ရခိုင်က မွတ်စလင်တွေ အုပ်စုလိုက် သတ်ဖြတ်ခံရဟုဆို
ပို့စ်တင်ချိန်
- 1/24/2014 10:38:00 AM
ရခိုင်ပြည်နယ် ဒုချီရာတန် ရွာမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း ရိုဟင်ဂျာ ဘင်္ဂါလီ အယောက် ၄၀ ယောက် အသတ်ခံခဲ့ရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Navi Pillay က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဒီလို အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ သေသေခြာခြာ၊ မြန်မြန်ဆန်ဆန်နဲ့ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ Navi Pillay က တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားချက်အရ ဇန်နဝါရီလ ၉ ရက်နေ့တုန်းက ရခိုင် ဗုဒ္ဓဘာသာနဲ့ ရိုဟင်ဂျာ ဘင်္ဂါလီတွေကြား ဖြစ်ခဲ့တဲ့ ပြဿနာအတွင်း ရိုဟင်ဂျာ ၈ ယောက် သေဆုံးခဲ့ရတယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့ သတင်းအချက်အလက် ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။
နောက်ရက်ပိုင်း အကြာ ဇန်နဝါရီလ ၁၃ ရက်နေ့ မှာတော့ ရဲအမှုထမ်းတစ်ဦးကို ရိုဟင်ဂျာ ဘင်္ဂါလီရွာသားတွေက ဖမ်းဆီး သတ်ဖြတ်လိုက်ပြီး အဲဒီ ညနေပိုင်းမှာပဲ ရဲတစ်ဦး အသတ်ခံရတာကို တုန့်ပြန်တဲ့အနေနဲ့ ရဲတွေနဲ့ ရခိုင်ဒေသခံတွေက မွတ်စလင် အယောက် ၄၀ ကို ပြန်လည် သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ သတင်းကို ရရှိထားတယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂက ရရှိထားတဲ့ အချက်အလက်တွေကိုလည်း မြန်မာအစိုးရကို ပေးထားပြီးပြီလို့ ဆိုပါတယ်။
ဒီလို ဖြစ်ရပ်ကို မြန်မြန်ဆန်ဆန် ဖော်ထုတ်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချခြင်းအားဖြင့် မြန်မာအစိုးရအနေနဲ့ တာဝန်ယူမှုတွေ၊ ပွင့်လင်းမြင်သာမှုတွေ ရှိလာပြီဆိုတာကို ပြသမှာဖြစ်ပြီး ဒီမိုကရေစီ ဖော်ဆောင်တယ်ဆိုတာကို ပိုမို ခိုင်မာစေမှာ ဖြစ်သလို တရားဥပဒေ စိုးမိုးမှု ရှိလာပြီဆိုတာကို ပြသရာလည်း ရောက်မယ်လို့ Navi Pillay က ပြောပါတယ်။
မြန်မာအစိုးရကတော့ ပဋိပက္ခဖြစ်ခဲ့တာ မှန်တယ်လို့ ထွက်ဆိုထားပေမယ့် ပြည်သူသေဆုံးမှုတွေမရှိပဲ ရဲတစ်ဦးသာ ပျောက်ဆုံးနေတဲ့အတွက် အဲဒီ ကိစ္စကိုသာ စုံစမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရက ပြည်သူ သေဆုံးမှုဖြစ်ခဲ့တယ်ဆိုတာကို ငြင်းဆိုထားပေမယ့်လည်း လူ့အခွင့်အရေးအဖွဲ့တွေက မနေ့တုန်းကပဲ ပြည်သူသေဆုံးမှုတွေဖြစ်ခဲ့ရတယ်လို့ ထပ်မံ ထွက်ဆိုနေကြပါတယ်။
ဘန်ကောက်မြို့အခြေစိုက် Fortify Rights အဖွဲ့ရဲ့ အဆိုအရ မျက်မြင်သက်သေတွေနဲ့ တခြားအချက်အလက်တွေအရ လူသတ်မှုတွေ ဖြစ်ခဲ့ပြီး အသတ်ခံရသူတွေထဲမှာ ကလေးငယ်တွေ၊ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
ABC Radio Australia