၁ နှစ်အတွင်း ပညာရေး သုံးသပ်ချက်
ပို့စ်တင်ချိန်
- 1/03/2014 10:30:00 AM
၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနဲ့ တိုင်းရင်းသားအရေးစတဲ့ ကဏ္ဍအသီးသီးမှာ ထူးခြားတဲ့ ဖြစ်ရပ်တွေကို ဒီဗွီဘီက အထူးအစီအစဉ်အဖြစ် ထုတ်လွှင့်ပေးနေရာမှာ ဒီနေ့မှာတော့ မြန်မာ့ပညာရေးလောက ဖြစ်ထွန်းတိုးတက်မှုတွေ အပြောင်းအလဲတွေကို စုစည်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာ့ပညာရေးကဏ္ဍမှာ အထူးခြားဆုံးသတင်းလို့ ပြောရမှာကတော့ နှစ်ပေါင်းများစွာ ပိတ်ထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ဒီဂရီ သင်တန်းတွေကို ဒီပညာသင်နှစ်က စတင်ပြီး ထူးချွန် ကျောင်းသားများ ရွေးချယ်ကာ ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။
ထူးချွန်ကျောင်းသား ၃၀၀ စီ ရွေးချယ်ကာ ဘွဲ့သင်တန်း ၄ နှစ်အပြင် ပါရဂူဘွဲ့အထိ သိပ္ပံနဲ့ ၀ိဇ္ဇာဘာသာရပ် စုစုပေါင်း ဘာသာရပ် ၂၀ သင်ကြားပေးနေတာ ဖြစ်ပြီး ၁၉၉၆ နောက်ပိုင်း ကတည်းက ပိတ်ထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မှာ ထူးချွန်ကျောင်းသူကျောင်းသားတွေဟာ ဒီဇင်ဘာ ၂ ရက်နေ့က စပြီး ကျောင်းတက်နေကြပါတယ်။
တက္ကသိုလ်တွေ ပြန်ဖွင့်လှစ်ပေးလိုက်တာနဲ့ တပြိုင်နက်တည်း ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်းမှာ ရှိတဲ့ အဆောင် ၇ ခု ထဲက ၆ ခုကိုလည်း ကျောင်းသူကျောင်းသားတွေ နေထိုင်ဖို့ ပြန်လည် အသုံးပြုခွင့်တွေလည်း ပေးခဲ့ပါတယ်။
၂၀၁၃ ခုနှစ်ထဲ ပညာရေးလောကမှာ တခြားထူးခြားတဲ့ ဖြစ်ပေါ်တိုးတက်မှုတခုကတော့ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်ဖို့ ကော်မတီတရပ် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း ပြည်သူ့ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ အဆို တင်သွင်းခဲ့ပြီး၊ အဆိုကို မဲခွဲဆုံးဖြတ်ရာမှာ အနိုင်ရတဲ့အတွက် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်အတွင်း ပညာရေးအခြေအနေတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးကွန်ရက်က ဒေါက်တာသိန်းလွင်က ခုလို သုံးသပ်ပြောကြားပါတယ်။
“၂၀၁၃ နှစ်မှာ မြန်မာနိုင်ငံရဲ့ ပညာရေး ဖြစ်ပေါ်တိုးတက်မှုက လက်တွေ့မှာတော့ အပြောင်းအလဲ မရှိသေးဘူး။ ဒါပေမယ့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွေ ရှိလာတာတွေ့တယ်။ မူလတန်း အလယ်တန်း အထက်တန်း အခြေခံပညာမှာ ဘာမှ သိသာတဲ့ ပြောင်းလဲမှု မရှိသေးဘူး။ ဆရာတွေရဲ့ အရည်အချင်းတွေ တိုးမြှင့်တာ ဘာမှမရှိသေးဘူး။ တက္ကသိုလ်မှာလည်း အလားတူပါပဲ။ တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် တင်ပြထားတဲ့ ဘာသာရပ်ပေါင်းစုံ ပါတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ တက္ကသိုလ်ဆောင်ရွက်ဖို့ လွှတ်တော်က သဘောတူတယ်။ ဒါပေမယ့် ပညာရေး ၀န်ကြီးဌာနက ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့အတွက် အောင်မြင်အောင် အကောင်အထည် မဖော်နိုင်သေးဘူး။ ပညာရေး ပြုပြင်ပြောင်းလဲမှုဟာ ကျောင်းသားအားလုံး အကျိုးရှိတဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်ရမယ်။ လူအနည်းစုအတွက် ပြုပြင် ပြောင်းလဲမှု မဖြစ်သင့်ဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက်ထားတာရှိတယ်။”
ဒီနှစ်ထဲမှာပဲ မြန်မာပြည်က တက္ကသိုလ်တွေနဲ့ နိုင်ငံရပ်ခြားက တက္ကသိုလ်တွေအကြား ပူးပေါင်း ဆောင်ရွက်မှုတွေ မြန်မာကျောင်းသားတွေကို ပညာသင်ဆု ပေးတာတွေလည်း သိသိသာသာ တိုးမြှင့်လာခဲ့တာ မြင်တွေ့ရပါတယ်။
ရန်ကုန်တက္ကသိုလ်နဲ့ အမေရိကန်က ဂျွန်ဟော့ကင်း တက္ကသိုလ်တို့အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးအနေနဲ့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် ကျောင်းသားတွေ ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ်မှာ မြန်မာစာသင်တန်း တက်ရောက်ရေးနဲ့ ရန်ကုန်တက္ကသိုလ်မှာ အီလက်ထရွန်းနစ် စာကြည့်တိုက် (e-library) ဖွင့်လှစ်ရေးကိစ္စတွေလည်း ဆွေးနွေး နိုင်ခဲ့ကြပါတယ်။
ဒါပြင် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာ တက္ကသိုလ်အဖွဲ့အစည်းတွေဖြစ်တဲ့ ထိုင်းနိုင်ငံ သက်ဖ်စထရီ ရာဂျဘတ်တက္ကသိုလ်(Thepsatri Rajabhat)၊ ကိုရီးယားနိုင်ငံ ဟန်းကောက်တက္ကသိုလ်(Hankok) စတဲ့ ပညာရေး အဖွဲ့အစည်းများတွေနဲ့ နားလည်မှု စာချွန်လွှာတွေ ရေးထိုးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဆယ်စုနှစ်တခုကြာအောင် နိမ့်ကျနေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေ ဟာ ခုချိန်ထိလည်း တိုးတက်မှု အရိပ်အယောင်တွေ ပျောက်ကွယ်လို့နေဆဲ၊ အစမ်းသပ်ခံ ပညာရေးစနစ် ဖြစ်နေဆဲ ဖြစ်ပါတယ်။
မြန်မာပြည်မှာ ဘွဲ့ရပညာတတ်ကျောင်းသားတွေ တပုံတပင် ရှိနေပေမယ့် အလုပ်အကိုင် မရှိ ဖြစ်နေကြပြီး ယခင်ကတည်းက စွဲမြဲခဲ့တဲ့ အလွတ်ကျက်၊ အလွတ်ဖြေ ပညာရေးစနစ်ဟာ မပြောင်းလဲသေးတဲ့အတွက် ပညာရေး နိမ့်ကျနေရတယ်လို့ ပညာရှင်တွေက ထောက်ပြ ပြောဆိုကြပါတယ်။
တက္ကသိုလ်က လက်ထောက်ကထိကဟောင်းတဦးဖြစ်တဲ့ ဦးဝင်းမောင်ကတော့ မြန်မာပြည်ရဲ့ ပညာရေးဟာ ပျက်စီးသွားပြီလို့ ခုလို ဆိုပါတယ်။
“ပညာရေးလောကကြီးရဲ့ အနာဂတ်လုံးဝ မကောင်းဘူး။ ဆရာ ဆရာမ အများစုက ငွေနောက်လိုက်ပြီး မသမာမှုတွေ ဖန်တီးတယ်။ သက်ဆိုင်ရာ လုပ်ခွင့်ကိုင်ခွင့်ရှိတဲ့ သူတွေက အကြံအဖန်တွေ အရမ်းများတယ်။ အဲဒါကြောင့် စိတ်ပျက်ပြီး ကျုပ်ထွက်တယ်။ လက်ရှိမှာလည်း ထူးမခြားနား ဇာတ်ခင်းနေတုန်းပဲလို့ မြင်တယ်။ နောက်ထပ်တိုးတက်လာဖို့ဆိုတာလည်း လောလောဆယ် မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်လမ်းမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လူကြီးတွေက အခုထက်ထိ ဒီအတိုင်းပဲ အတွေးအမြင်လည်း မပြောင်းဘူး၊ အကျင့်အကြံလည်း ပြောင်းတယ်လို့ မမြင်ဘူး။ ဒါကြောင့်ဖို့ ၂၀၁၃ ရဲ့ ပညာရေးလောကကြီးက ဘာမှ မထူးခြားသလို ၂၀၁၄ မှာလည်း ဘာမှ ထူးခြားဦးမှာ မဟုတ်ဘူးလို့ မြင်ပါတယ်။”
မြန်မာပြည်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ပုဂ္ဂလိကပိုင် နိုင်ငံတကာကျောင်းတွေ တိုးဖွင့်လာတဲ့ အလျောက် ငွေကြေးတက်နိုင်သူတွေကတော့ သားသမီးတွေကို အစိုးရကျောင်းတွေမှာ မသင်ကြားစေတော့ပဲ သင်ကြားစရိတ် မြင့်မားတဲ့ နိုင်ငံခြားကျောင်းတွေမှာ ပညာသင်ကြား စေတာကိုလည်း မြင်တွေ့ရပါတယ်။
မြန်မာပြည်မှာ တက္ကသိုလ်ပေါင်း ၁၆၀ လောက် ဖွင့်လှစ်ထားပေမယ့် အရေအတွက်သာ များပြားနေပြီး အရည်အချင်းပြည့်ဝတဲ့ ဆရာတွေ နည်းကာ သင်ထောက်ကူ ပစ္စည်းတွေ ပံ့ပိုးမှုတွေဟာလည်း ၂၀၁၃ ခုနှစ်မှာ သိသိသာသာ ပြောင်းလဲတာမျိုး မရှိခဲ့ပါဘူး။
မြန်မာပြည်မှာရှိတဲ့ အစိုးရကျောင်းတွေနဲ့ တက္ကသိုလ်တွေဟာ အစိုးရဌာနတွေရဲ့ လက်အောက်မှာ ရောက်ရှိနေကြလို့ ကျောင်းသားတွေနဲ့ ဆရာတွေကတော့ ဗဟိုချုပ်ကိုင်မှု လွတ်ကင်းတဲ့ ပညာရေးစနစ်မျိုးကို လိုလားနေကြတာ ဖြစ်ပါတယ်။
ဒီလို ချုပ်ကိုင်မှုတွေ ရှိနေလို့ ကျောင်းသားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးရ တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂက ကိုဖုန်းပြည့်ကြွယ်ကတော့ သမဂ္ဂ ဖွဲ့စည်းခွင့် တရားဝင်ရဖို့အပါအ၀င် ကျောင်းသားအခွင့်အရေးတွေ အပြည့်အ၀ရအောင် အစိုးရက ဖြည့်ဆည်းပေးဖို့ လိုနေသေးတယ်လို့ ပြောပါတယ်။
“၁၉၆၂ ခုနှစ် နောက်ပိုင်းမှာကတည်းက ကျောင်းသားသမဂ္ဂတွေက ကျောင်းတွေထဲမှာ တရားဝင် ရှိခွင့်မရခဲ့တာလေ။ အခုအချိန်အထိလည်း တရားဝင် ရှိခွင့် မရဘူး။ ဒီနှစ် ၂၀၁၃ မှာဆို ကျောင်းသားသမဂ္ဂတွေ ကျောင်းတွေထဲမှာ ပေါ်ပေါက်လာတာပဲ။ အဲလို ကျောင်းသားတွေကို ကျောင်းအုပ်ချုပ်ရေး အာဏာပိုင်တွေက မနှစ်မြိုတဲ့ဟာတွေ ရှိတဲ့အတွက် ဖိနှိပ်မှုတွေ ရှိတာပေါ့။ ကျနော်တို့အနေနဲ့က ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂ ရှိရမယ်လို့ ယုံကြည်တယ်။ အစိုးရ အုပ်ချုပ်မှုအောက်ကနေပြီး လွတ်လပ်ရမယ်။ ကျနော်တို့က အဲဒီလို ယုံကြည်တယ်။”
ခုချိန်မှာ ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်များ ဗဟိုကောင်စီဖွဲ့စည်းဖို့ စီစဉ်နေပေမယ့် လည်း ဆရာများသမဂ္ဂနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့ကတော့ ဗဟိုချုပ်ကိုင်မှုနဲ့ ကင်းလွတ်ဖို့ လိုတယ်လို့ ဆရာများသမဂ္ဂရဲ့ အတွင်းရေးမှူး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။
“သိပ်ပြီးတော့ တက်တက်ကြွကြွ မရှိဘူးဆိုတာ ကျနော်ဆိုလိုချင်တာက အစိုးရပိုင်းမှာ ပြင်ပလောကနဲ့ ပူးပေါင်းဆောင်ရွက်မှု အင်မတန် အားနည်းတာတွေ့ရတယ်။ အခုတော့ ပြန်လည် ပူးပေါင်းဆောင်ရွက်လာမယ်ဆိုတဲ့အတွက် ဒါကို ကြိုဆိုရမှာပေါ့ဗျာ။ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ ကျနော်တို့ မြင်တာက ပညာရေးမူဝါဒတွေ ချမှတ်တဲ့အခါမှာ နိုင်ငံနဲ့ ကိုက်ညီတဲ့ မူဝါဒတွေ ဖြစ်အောင် အားလုံးပါဝင် ဆွေးနွေးညှိနှိုင်းပြီးမှ ဖြစ်စေချင်တယ်။ အခုတော့ တက္ကသိုလ် အက်ဥပဒေကိုတောင် အတည်ပြုပြဋ္ဌာန်းခြင်း မရှိတဲ့အချိန်မျိုးမှာ တက္ကသိုလ်များ ဗဟိုကောင်စီ မူကြမ်းဆိုတာ ထက်ထွက်လာတော့ လုပ်ပုံလုပ်နည်းတွေ မှားနေတယ်။”
မြန်မာပြည်ရဲ့ ပညာရေးမှာ ၁၉၉၉ – ၂၀၀၀ ၀န်းကျင်လောက်က စတင်ပြီး ကျောင်းစာသင်ကြားချိန် ပြင်ပကျူရှင်တွေ ပေါ်ထွန်းခဲ့ပါတယ်။ ခု ၂၀၁၃ မှာလည်း ကျူရှင်တွေ ပပျောက်သွားခြင်းမရှိသေးဘဲ အစိုးရက ပေးတဲ့လစာနဲ့ မလောက်ငလို့ ဆရာနဲ့ ဆရာမတွေဟာ ကျောင်းချိန်ပြင်ပမှာ ကျူရှင်ဖွင့်ပြီး အသက်မွေးနေရဆဲလည်း ဖြစ်ပါတယ်။
အစိုးရကတော့ ဒီနှစ်ထဲမှာ ထူးထူးခြားခြား ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေက ဆရာနဲ့ ဆရာမတွေကို လစာပေးတာတွေ လုပ်လာခဲ့ပါတယ်။
တခါ နိမ့်ကျနေတဲ့ မြန်မာ့ပညာရေးအဆင့်အတန်းကို ပြန်လည်မြင့်မားလာစေဖို့ ပညာရေးအသုံးစရိတ်ကိုလည်း ယခင် အစိုးရအသုံးစရိတ်ရဲ့ ၂ ရာခိုင်နှုန်း သုံးစွဲနေရာကနေ ၄ ရာခိုင်နှုန်းထိ တိုးမြှင့်လိုက်ပြီးတဲ့အတွက် ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာရေးနှစ် ပညာရေးအသုံးစရိတ်ဟာ ကျပ်ငွေ ၂၂၂,၅၃၃ ဒသမ ၉၉ သန်းအထိ ရရှိခဲ့ပါတယ်။
ဒါ့ပြင် လာမယ့် ၂ဝ၁၄ – ၂ဝ၁၅ ပညာသင်နှစ်မှာ နိုင်ငံတကာပညာရေးစနစ်နဲ့ တပြေးညီဖြစ်အောင် လက်ရှိ အခြေခံပညာ ၁၀ တန်း သင်ကြားနေရာကနေ ၁၂ တန်းပညာရေးကို ပြောင်းလဲ အကောင်အထည်ဖော် ကျင့်သုံးသွားမယ်လို့လည်း ဒီနှစ်ထဲမှာပဲ ကြေညာခဲ့ပါတယ်။
အရှေ့တိုင်းပညာဌာနမှ လက်ထောက်ကထိက ဒေါက်တာ အာကာမိုးသူကတော့ မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍ ဒီထက် ပိုတိုးတက်လာဖို့ တိုင်းပြည်ရဲ့ ပညာရေး ဖွဲ့စည်းပုံတခုလုံးကို ဗဟိုချုပ်ကိုင်မှုတွေ လျော့ချပစ်မှ ရမယ်လို့ ခုလို သုံးသပ်ပြောပါတယ်။
“ဒီ တက္ကသိုလ် ဗဟိုကောင်စီ မူကြမ်းကို အလောတကြီး ဆွေးနွေးတယ်။ ပြည်သူလူထုထံကို စတင်ချပြတယ်လို့တော့ ကျနော်တို့ မြင်တယ်။ ကန့်သတ်မှုတွေ ရှိနေသေးတယ်။ သူတို့ရဲ့ မူဝါဒကို အရင် ချပြတာ။ ကျန်တဲ့ မူဝါဒတွေ ရှိခြင်း မရှိခြင်း မေးမြန်းခြင်း မရှိသေးဘူး။ အဲဒါမျိုး သွားတွေ့တယ်။ တဘက်ခြမ်းပဲ စီးဆင်းနေတာ တွေ့တယ်။ အပေါ်ထပ်ကနေ အောက်ထပ်ကို စီးဆင်းတာမျိုးသွားတွေ့တယ်။ အဓိကက ချုပ်ကိုင်မှုကို လက်လွှတ်ရမှာ။ ချုပ်ကိုင်မှုကို လျော့ချပစ်ရမှာ မဟုတ်ဘူး၊ လက်ကို လွှတ်ရမှာ။”
မြန်မာနိုင်ငံရဲ့ ပညာရေး ၂၀၁၃ ကာလကို ဖြတ်သန်းခဲ့တဲ့ အတောအတွင်းမှာ အပြောင်းအလဲတချို့ ရှိခဲ့တာကလွဲလို့ တကယ့်စစ်မှန်တဲ့ အခြေခံကျကျ အပြောင်းအလဲတွေ အမှန်တကယ် လုပ်ဆောင်မှုတွေ လိုအပ်နေသေးတာကြောင့် နောင်လာမယ့်နှစ်မှာလည်း မြန်မာ့ပညာရေး တိုးတက်မြင့်မားလာမလားဆိုကတော့ မေးခွန်းထုတ်စရာတွေ ဖြစ်နေကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။
DVB Burmese