မြေမဲ့၊ ယာမဲ့များမှ နှလုံးသားမဲ့သူများသို့ ပန်ကြားစကား
ပို့စ်တင်ချိန်
- 1/31/2014 02:35:00 PM
ဒီမိုကရေစီ ခေတ်နှင့် အညီ ပြည်သူများက မိမိတို့၏ ခံစားချက် များကို နည်းလမ်း မျိုးစုံဖြင့် ဆန္ဒ ထုတ်ဖော် လာကြသည်။ ၄င်းတို့အထဲ တွင် တောင်သူလယ်သမား များ လည်း ပါဝင် လာကြသည် ကို တွေ့မြင်လာရသည်။ တောင်သူ လယ်သမားများမှာ အကြောင်း အမျိုးမျိုးကြောင့် မိမိတို့၏ လယ်ယာမြေများ နစ်နာဆုံးရှုံး ရ၍ ကျေးရွာ တစ်ခုချင်း အလိုက် အနယ်နယ် အရပ်ရပ်မှ ဘဝတူတောင်သူ လယ်သမားများ စုပေါင်း၍ ဆန္ဒ ထုတ်ဖော် လာသည်။ ဇန်နဝါရီ ၁၈ ရက်တွင် မြို့တော် ခန်းမရှေ့၌ ဆန္ဒ ထုတ်ဖော် ခဲ့ကြသော အနယ်နယ် အရပ်ရပ်မှ တောင်သူ လယ်သမားများ အနက်မှ ၄င်းတို့၏ ပြောဆို ရင်ဖွင့်ချက်များကို စုစည်း တင်ပြလိုက်ပါသည်။
ဦးအုံးကြည်
(ကဇင်ကျော်ကျေးရွာအုပ်စု
ကဇမ်းကျေးရွာ
ညောင်တုန်းမြို့နယ်)
နဂိုကတော့ လယ်လုပ်တာ ငယ်ငယ်လေး ကတည်းကပါ။ ဒါပေမဲ့ အဲ့ဒီ မှာ လုပ်တာက လေးငါးနှစ်လောက် ကြာသွားတာပေါ့။ ပြေစာ ထုတ်ပေးမယ် ဆိုပြီးတော့ ထုတ်ပေး မယ့်နှစ် ကျမှ အဖွဲ့ အစည်းတွေ ကနေ သိမ်းသွားတာပေါ့။ အဲ့ဒီတော့ နစ်နာကြေး ရတာ ရှိတယ်။ မရတဲ့ သူတွေလည်း ရှိတယ်။ အဲ့ဒါတွေ ကို တောင်းဆိုတဲ့ အခါကျတော့ အခု ညောင်တုန်း တရားရုံးမှာ အမှုရင်ဆိုင် နေရပါတယ်။ အခု အယူခံ ဝင်ထားတယ်။ ညောင်တုန်း တရားရုံးမှာပါ။ ဟိုတုန်းက ၂ဝဝဝ ခုနှစ်လောက် က အဲ့ဒီမှာ နစ်နာကြေး ဆိုပြီးတော့ အစားစား ရကြတယ်။ ဦးလေးက ၁ဝ ဧက အတွက် ၁ သိန်းရ တယ်။ ဦးလေးတူ က ၁ဝ ဧကအတွက် ငါးထောင် ရတယ်။ နစ်နာကြေး ဆိုပြီး တော့ ပြောပြီးပေးတယ်။ ကျေးရွာ ဥက္ကဋ္ဌ အိမ်မှာ ခေါ်ပေးတယ်။ အခုကတော့ အငှား လိုက်လုပ်ရတယ်။
ကျပန်းဆို တော့ စားဝတ်နေရေး က ပြေလည်တယ် လို့ ဘယ် ရှိပါ့မလဲ။ အလုပ်မရှိတော့ လည်း ဒီလိုပဲ လုပ်စားရတာပေါ့။ လယ် မြေရှိ တုန်းက ကျတော့ ကိုယ်လည်း အဆင်ပြေတယ်။ ကိုယ့်မိသားစု အတွက် လည်း ကူ ညီထောက်ပံ့ လို့ ဘာသာရေး သာသနာရေးရော လုပ်လို့ ရတာပေါ့။ ဦးလေး ရဲ့ လယ်က နှစ်ဆယ့်ငါး ဧက ရှိတာ။ ၁ဝဧကအတွက်ပဲ လျော်ကြေးနစ် နာကြေး ရခဲ့တာ။ ၁၅ ဧက က လုပ်လို့ မရတော့ဘူး။ လျော်ကြေး လည်း မရခဲ့ ဘူး။ ဦးလေး တို့က ကိုယ့်မိရိုးဖလာ လယ် သမား သားသမီး ဆိုတော့ လယ်ပဲ လုပ် ချင်တာပေါ့။
ဒီမှာလာပြီး ဆန္ဒ ထုတ်ဖော်ရတာ က ရင်ဖွင့် စကားပေါ့။ တစ်နိုင်ငံလုံး လည်းသိစေချင်တယ်။ နိုင်ငံတော် အကြီး အကဲ ကိုယ့်မိဘလည်း သိစေချင်တယ်။ အောက်ခြေမှာ ပွင့်လင်းမှု မရှိဘူး။ မပြောလည်း မပြောရဲကြဘူး။ ဒီကိုလာ တာတောင်မှ လူတိုင်း မလာရဲကြဘူး။ လျော်ကြေး မရမချင်းတော့ တောင်းဆို နေရမှာပေါ့။ အခု အလုပ်လေး ထွက် လုပ်လိုက်၊ သွားစရိတ် လာစရိတ်လေး ရှာလိုက်၊ စာရွက် စာတမ်းလေးနဲ့ ဟို တင်လိုက် ဒီတင်လိုက်ပေါ့။ ကိုယ်က တော့ နားမလည်ဘူး။ အခုဆို အသက် ကသာ ၅ဝ ကျော်တယ်။ ပညာအရည် အချင်းက နှစ်တန်းပဲ။ မိရိုးဖလာ လယ်နဲ့ အသက်မွေး ဝမ်းကျောင်းပြုမယ် ဆိုတော့ ဒီကြားထဲမှာ ပြောတာ ဆိုတာ လုပ်တာ ကိုင် တာတွေ ကဘာမှ နားလည်တာ မဟုတ်ဘူး။
ပညာ အရည်အချင်းက မူလတန်း ပဲရှိတာကိုး။ ဒီကို မ နက်ခြောက်နာရီကျော် ကထွက်လာ တာ။ ဘဝတူတွေ စုပြီးလာကြတာပေါ့။ စာအုပ် တွေ၊ ဘာတွေဖတ်ဖူးတဲ့ သူတွေက တောင်းဆိုရင် ရတယ်ဆိုပြီး ဖတ်ဖူးတဲ့၊ သိတဲ့ သူတွေက ပြောလို့ ကိုယ်က သွား ကြည့် တိုင်ပင်ကြပြီးတော့ ဖြစ်သင့်ဖြစ် ထိုက် တာလေး၊ ကိုယ့် ခံယူချက်လေးတွေ ပြောကြမယ် ဆိုပြီးတော့ အရဲစွန့်ပြီး လာ ရတာပေါ့။ စိတ်ထဲ မှာတော့ စိုးရိမ်စိတ် တော့ ရှိတာပေါ့။ ရှင်းရှင်းပြောရရင် ကိုယ့်ရွာ ကိုယ့် လမ်းလျှောက် တာတောင် မှာ အုပ်ချုပ်ရေးမှူးတွေ က ဘယ်လို မြင်မလဲ၊ ဘယ်လို ပြောမလဲ၊ ဒီမှာဆိုတော့ ပိုဆိုးတာပေါ့။ နောက်ပိုင်း တစ်ပိုင်းက တော့ သိသွား ရင် ကျေနပ်တယ်။ တို့ဖြစ်တာက ခံလို့ရတယ်။ တို့နောက်ပါ လာမယ့် ကလေးတွေက တို့ထက်ပိုဆိုး သွားမလား ဆိုပြီးတော့ အဲဒါကို တွေးပြီးတော့ ခြေတစ်လှမ်း လှမ်း ပြီးတော့ ဒီအလုပ် လုပ်ထားတာပဲ။
ဦးသာအုံး
သဲကုန်းကျေးရွာ
ကြုံတိုင်းကြီးကျေးရွာအုပ်စု၊
ပန်းတနော်မြို့နယ်
အသိမ်းခံ ရတာ ၁ဝ နှစ်ကျော်ပြီ။ လယ်ဧက ၅ ဧက သိမ်း ခံခဲ့ရတာ။ ၉၆ ခုနှစ်က လယ် စလုပ်တယ်။ ၉၈ ခုနှစ် အထိပဲ လုပ်ရတယ်။ ၉၉ မှာ အသိမ်းခံ ရတယ်။ ကြံ့ခိုင်ရေး က အသိ မပေးဘဲနဲ့ သိမ်းသွားတာ။ လယ်မရှိတော့ ကြုံရာ လုပ်စားနေ ရတာပေါ့။ လယ်ပြန်ရဖို့ အတွက် အဆင့်ဆင့်တိုင်ထားတယ်။ နိုင်ငံ တော် သမ္မတလည်း တိုင်ထား တယ်။ လယ်ယာမြေ ကော်မတီ ကိုလည်း တိုင်ထားတယ်။ ကိုယ့်လယ်တွေ မရှိတော့ ဝမ်းနည်းတာပေါ့။ ဒီလယ်မြေတွေက စီမံကိန်းမြေတွေ ကို တိုင်းမှူး ဦးတင်လှ က နေ မြေမရှိတဲ့ ဆင်းရဲတဲ့ သူတွေကို ပေး သွားခဲ့တာ။ မြေလွတ်မြေရိုင်းတွေ ကို ၁၉၉၆ ခုနှစ်မှာ ကိုယ်တိုင် ဖော်ထုတ်ခဲ့ ရတာ။ အဲ့ဒီမှာ ဒိုက်တွေ ကို ထွန်စက်နဲ့ ထွန်ရ တယ်။ နွားစားတဲ့ ဒိုက်မြက်ကြီး တွေပေါ့။ အဲ့ဒါတွေကို ခုတ်ထွင်ပြီး လုပ်ခဲ့ရတာ။ အခု ဆန္ဒ ထုတ်ဖော်ရေး အတွက် မနေ့က ညနေက တည်းက လာ ခဲ့ရတာ ”ရွှေပြည်သာ က အသိအိမ် မှာ တည်းတယ်။ အဲ့ဒီလယ် မြေတွေ ပြန်ရ ရင်တော့ ချောင်လည်တာ ပေါ့။ လယ်တွေ မရှိတော့ ဒုက္ခရောက် ရတာ စိတ်ဆင်း ရဲရတာပေါ့။
ဦးတင်ငွေ
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်။
သိမ်းခံရတာက ၉၆၊ ၉၇ လောက် က သိမ်းသွားတာ။ ကျွန်တော်တို့က ၃ ဧက သိမ်းခံရတယ်။ ရန်ကုန်တိုင်း သမ အသင်းစုက သိမ်းသွားတာ။ ကြံစိုက် မယ် ဆိုပြီး သိမ်း သွားတာ။ အဲဒီမှာ ကျွန် တော်က ၃ ဧက ပါသွားတယ်။ အား လုံးပေါင်း ဧက ၃၆ဝ လောက် ပါတယ်။ သူတို့က ကွင်းနံပါတ် ၆၆၈ ကို တစ် ကွင်းလုံး ရတယ် ဆိုပြီး ကျွန်တော် တို့ စိုက်ပျိုးထားတဲ့ မြေတွေ ပါပါသွားတယ်။ ကနေ့ထက်ထိ ဘာမှလည်း ပြန်မပေး ဘူး။ လျော်ကြေးလည်း ဘာမှ မပေးဘူး။ ကျွန်တော်တို့ ဆန္ဒထုတ်ဖော် ရတာက ဒီ မြေတွေက ဘိုးစဉ်ဘောင်ဆက် လုပ်စား ခဲ့ကြတာ။ အခုလည်း တောင်သူတွေပါ ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ လက်ငုတ် လက်ရင်းကို တစ်ပြားမှ မပေးဘဲ ကျွန် တော် တို့ ငုတ်တူးရတယ်။ တောရှင်းရ တယ်။
ဒီလို ငုတ်တူးတောရှင်း ပြီးမှ သူတို့ မြေကွက်ဆိုပြီး မတရားနဲ့ လျော် ကြေးလည်း တစ်ပြားမှ မပေးဘဲ သိမ်းသွားတာ။ ဒါကြောင့်မို့ ကျွန်တော် တို့ အထက်ကို စာတင်တယ်။ မြေယာ စုံစမ်းရေး ကော်မရှင်ကိုလည်း စာတင်တယ်။ ကျွန်တော်တို့ စိုက်ပျိုးခဲ့တဲ့ မြေတွေကို ကျွန်တော် တို့ ပြန် လိုချင်တယ်။ ဒီအတွက် ရန်ကုန်ကို လာတယ်။ ည ၁၂ နာရီ ကတည်းက ထွက်လာခဲ့ရတာ အိပ် ရေးလည်း ပျက်တယ်။ ထမင်း အငတ်ခံ အပင်ပန်း ခံပြီး ကျွန်တော်တို့ ခံစားချက် တွေကို ထုတ်ဖော်ဖို့ လာခဲ့တာပါ။ ကျွန် တော်တို့က တောင်သူတွေ ဆိုတော့ ဘာ မှလည်း မသိဘူး။ နားလည်း မလည် ဘူး။ နားလည်တဲ့ သူတွေက တာဝန်ရှိ တဲ့သူ တွေနဲ့ ညှိနှိုင်းပေးစေ ချင်တယ်။ ဒါ့ကြောင့် ဆန္ဒ ထုတ်ဖော်တာပါ။ ကျွန် တော်တို့ ဆန္ဒတွေက ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်မှပဲ ပြည့်မယ်ထင် တယ်။
ကိုစောထီးမောင်
(ဝါးခယ်မမြို့နယ်)
အခု အစ်ကို တို့က လက်ရှိက တော့ အသိမ်းခံရတဲ့ လယ်မှာပြန်လုပ်နေ တယ်။ အဲဒီလိုလုပ်တော့ ဒီ၂ဝ၁၃ ခုနှစ် ခြောက် လပိုင်းက စလုပ်တော့ ပုဒ်မ ၄၄၇ နဲ့ တရား စွဲပြီးတော့ ၅ ယောက် အလုပ် ကြမ်းနှင့် ထောင်ဒဏ် နှစ်လစီ ကျကြတာ ပေါ့။ ဒီလယ်တွေကို ၁၉၈၁ လောက်က အစ်ကို့ မိဘတွေ လက်ထက်က သိမ်းသွား တာ။ အဲဒီလို သိမ်း သွားတော့ အစ်ကိုတို့ မိသားစုက အလုပ်လက်မဲ့ ဖြစ်သွားတာ ပေါ့။ အသိမ်း မခံရရင်တော့ အစ်ကိုတို့ လူတန်းစေ့ နေနိုင်တာပေါ့။ အသိမ်းခံ ရတဲ့ လယ် ဧက ပေါင်း ကတောင်သူ ၆၂ ဦး အသိမ်းခံရပြီး ဧကပေါင်းက ၄၆ဝ ဒသမ ဝ၈ ဧက အသိမ်းခံ ထားရတယ်။ ဒီလယ်ဧကတွေ ကို ကိုယ့် တစ်မြို့နယ် တည်း မဟုတ်ဘူး။ အသိမ်းခံ ရတဲ့ လယ် ဧကတွေ အကုန်လုံး ပြန်ရအောင် မရ မချင်း တောင်းဆိုမှာပါ။ ဒီမြေတွေသိမ်း တော့ အကြမ်းဖက်တာ ရှိတယ်။ ဒီတောင် သူတွေ စိုက်ထားတဲ့ စိုက်ခင်းတွေ ကို ထွန် စက်တွေ နဲ့ ဝင်ပြီး စက်မှု (၁)က ဖျက်ဆီးတယ်။ ခရိုနီတော့ မပါဘူး။ အခုကျ တော့ ဘယ်လို ဖြစ်လဲ ဆိုတော့ တာဝန်ခံ ဒေါ်တင်မာဖြူ က ဝါးခယ်မမြို့နယ် အရှေ့ ခြမ်း မှာရှိတဲ့ လုပ်အားပေး ခေါ်တူးထား တဲ့ ရေတံခါး ဆည်မြောင်းကို အင်းမြောင်း ရောင်းချနေတယ်။ လယ်ယာမြေတွေကို ပိုက်ဆံ ရှိတဲ့ ခရိုနီတွေကို အဖိုးအခ နဲ့ ငှားစားနေ တယ်။ ဒီလယ်မြေတွေကို ပိုင်ဆိုင်ကြောင်း ပြေစာတွေ ရှိတယ်။
အရင်က ဂုန်လျှော်တွေ ရောင်းထားတဲ့ဖြတ် ပိုင်းတွေလည်း ရှိတယ်။ ဒီအဖမ်း ခံရတဲ့ လူတွေကို လည်း မြို့နယ် ရဲမှူးကြီးက လယ်ယာမြေ ရရှိရေး အတွက် ခေါ်ပြီး လက်မှတ် ထိုးခိုင်းတယ်။ ပထမတော့ မထိုးဘူးပေါ့။ မထိုးတော့ တရားစွဲလို့ မရဘူး။ စခန်းမှူး ကခေါ်ပြီး လယ်ယာ မြေ ရရှိရေး အတွက်ဆိုပြီး လိမ်ပြီး လက် မှတ် ခေါ်ထိုး ခိုင်းတယ်။ တောင်သူတွေ ကတော့ အဆင်ပြေတယ် ဆိုပြီး ထိုး လိုက်တာ။ စာမတတ်ဘူးလေ။ ပြီးမှ တရားစွဲ လို့ရသွားတာ။ ဒီလယ်ယာမြေ တွေ ပြန်ရမယ် ဆိုရင် နိုင်ငံတော်ရော၊ ပြည်သူ တွေရော အကျိုး ရှိတယ်။ အခု သူတို့ စိုက်ပျိုးလို့ ရတယ် ဆိုတာ ကိုင်း တောမြက် တောတွေဖြစ်နေတာ။ သူတို့ က ခြေမနိုင် လက်မနိုင်လေ။ နိုင်ငံတော် အတွက် နစ်နာတာပါ။ တောင်သူတွေ လက်ထဲ ရောက်မယ် ဆိုရင် ရှင်းမယ် လင်း မယ် ဆိုရင်ပဲ တို့စပါးတို့ စိုက်ရင် သီးနှံတွေလည်း ရရှိတာပေါ့။ လယ်ယာ မရှိတော့ဘူး ဆိုရင် မြန်မာနိုင်ငံက ဆန် ဈေးကွက် ပဲကြည့် နောက်ဆို တခြား နိုင်ငံတွေကပါ ဝယ် စားနေရမှာပေါ့။
ဒေါ်ခင်စန်း
(ရေတာရှည် ကရင်ရွာ)
တောင်သူတွေ မြေတွေကို သိမ်း ထားလို့ ပြန်ရရေး လုပ်နေတာ။ ၂၃ နှစ် ရှိသွားပြီ။ ကိုယ့်လယ်ကို အသိမ်းလည်း ခံရသေး နေ့စားနဲ့ ပြန်လုပ်နေ ရတယ်။ ကိုယ့်မြေ ကို ပြန်လုပ်ဖို့ ဝင်တိုးပြီး လုပ်တဲ့အခါ တောင်သူတွေကို ဖမ်းပြီးတော့ အချုပ်ချ ထားတယ်။ ပြန်ပြီးတော့ မလွှတ်သေးဘူး။ အဲဒါတွေ မခံနိုင်လို့ ဆန္ဒ ပြတောင်းဆိုနေ ကြတာပါ။ ကိုယ့်မြေ လည်း ပြန်လိုချင်တာပေါ့။ အခုတော့ အန်တီ တို့က သူတို့ အလုပ်ကိုပဲ နံနက် ၆ နာရီကနေ ညနေခင်း ၆ နာရီ အထိ လုပ်ရတယ်။ တစ်နေ့ကို နေ့စား ကျပ် ၂ဝဝဝ ပေးတယ်။ ဒါတောင် သူတို့ ဝန်ထမ်းက ကျပ် ၂ဝဝ ဖြတ်စားလို့ ကျပ် ၁၈ဝဝ ပဲ ရတယ်။ ဒီလို လုပ်စားတော့ ဘယ်လို ချမ်းသာမလဲ။ စားအိုး ကြီးပြီး ပိုငတ် သွားဖို့ပဲ ရှိတယ်။ အခုက ဖြစ်နေ တာက သူတို့ လယ်ကို သီးစားခနဲ့ တစ် ဧကကို စပါး ၂ဝ ပေးစားရတယ်။ ငွေနဲ့ ဆို ကျပ် ၃၅ဝဝဝ လေ။ စစ သိမ်းတော့ သကြား စက်ဆောက်ဖို့ အတွက် ဧက ၇ဝဝဝ ကျော် သိမ်းတယ်တဲ့။ အဲဒီကနေ တဖြည်းဖြည်း နဲ့များလာတာ။
အဲ့ဒီလယ် တွေ ဆိုတာကလည်း တောကို တိုးပြီးတော့ ကိုယ့် ဘာသာကို ကျွဲ၊ နွားမရှိတော့ ပေါက်တူးလေး နဲ့ပေါက်ပြီး လုပ်ထားလာ တာ။ ပြောင်လည်း ပြောင်ရော သကြား စက်ကြီး တည်တယ် ဆိုပြီး သိမ်းတာ။ အန်တီ အစက နဂို ကနည်းနည်းလေး အဆင်ပြေနေတာက ငတ်သထက်ငတ် သွားတာပေါ့။ လျော်ကြေးလည်း မရ ဘူး။ သူတို့က ကောင်းတာ ဆို ကြီးတဲ့လူ က စားတယ်။ မကောင်း တာတွေကိုကျ တော့ ငယ်တဲ့ လူတွေကို ချပေးတယ်။ ဒီ မြေတွေကို ၁၉၉၇ ခုနှစ်က သိမ်းတာ လေ။ အဲ့ဒီနောက်ပိုင်း မှာ ပေးမယ်ပေး မယ်ဆိုပြီး ပြောတယ်။ ပြီးတော့ ကုမ္ပဏီ ပိုင် ဆိုပြီး ပြောတယ်။ ကိုယ့်မြေလေး ကိုယ်တစ်လက်မ ရှိလည်း တစ်လက်မ လုပ်စားချင်တယ်။
မိုးမြင့်ကျော်သူ
အလုပ်ကတော့ ကားလိုက်တာ ပေါ့။ ဒီဟာက ကျွန်တော်တို့ ဘိုးဘွား ပိုင်ပါ။ ကျွန်တော်တို့ မြောက်ဥက္ကလာ ဆင်ဖုံ ကို ၁၉၉၂ ခုနှစ်လောက်က သိမ်း တာ။ ဒီမြေတွေ သိမ်းတော့ နေရတာက တော့ ဘိုးဘွားတွေက ဟိုမှာ ပဲနေတယ်။ ကျွန်တော်တို့က သမိုင်းမှာ ငှားနေတာ။ လယ်ဧကပဲသိမ်းတာ။ လယ်ဧက ဘိုးဘွား တွေ အမွေပေးထား တာ ဧက ၃ဝဝ ကျော်တယ်။ အခုက စက်မှုဇုန် ဒေသကို ရန်ကုန်တိုင်းဒေသ ကြီး အစိုးရ အဖွဲ့က တစ်ဧကကို သိန်း ၉ဝဝ သတ်မှတ်ပေး ထားတယ်။ စုံစမ်းရေး ကော်မရှင် အဖွဲ့ လည်း ရောက်ရှိမလာသေးဘူး။ လွှတ် တော်ထိလည်း တင်ထားတယ်။ ဝန်ကြီး ဌာနတွေရော၊ သမ္မတ ရုံးထိ တင်ထား တယ်။ လာစစ်မယ်ဆို ပြီးဘာမှ မထူးဘူး။ ဒီ လယ်တွေနဲ့ ပတ်သက်ပြီး ဒီလယ်တွေ ရဲ့ အခွန်ဆောင်ထားတဲ့ ပြေစာတွေ ရှိတယ်။
ကိုယ့်ပစ္စည်းတွေကို မတရား အသိမ်းခံ ထားရတော့ မကျေနပ်ဘူး။ တန်ရာ တန်ကြေး ပေးရင်တစ်မျိုးပေါ့။ ကျွန်တော်တို့ ဒီစက်မှုဇုန်ထဲ က တစ် ယောက်မှ ပြန်မရသေးဘူး။ ၁၉၉၂ မှာသိမ်းတာ ဇေ ကမ္ဘာ နဲ့ အိုးအိမ် အကျိုး တူ စီးပွားဆိုပြီး ရွာတွေ ပါ ဖျက်ပေး လိုက်ရတာ။ သူတို့ က ဒီလယ်မြေတွေကို သူတို့က ၁၅ဝဝ၊ ကျပ် ၂ဝဝဝ နဲ့ရောင်း တယ်။ အဲဒီတော့ တန်ရာ တန်ကြေးရ အောင် ကြိုးစားရမယ်။ မရ ရအောင် ကြိုး စားရမယ်။ ဒီလယ်တွေကို ပြန်ရအောင် ရွာမှာရှိတဲ့ သူတို့ သိမ်းထားတဲ့ ဘုန်းကြီး ကျောင်း မြေ လယ်ဧက ၅ ဧကလောက် ရှိတာ ၂ ဧက သာသာလောက် ပါ သွား တယ်။ ဘုန်းကြီးကျောင်းဘေးက မြေ ရရင်တော့ ပြန်ဆောက်ပေးဖို့ ကြိုး စားထားတယ်။
အိမ်စည်စိုးစံ၊ ဇေဝေယံ စုစည်းတင်ပြသည်