ဒါမျိုးတွေကို ကျွန်တော် ဘယ်လိုစိတ်မျိုးနဲ့ လက်ခံရပါ့မလည်း?

ပို့စ်တင်ချိန် - 1/27/2014 02:20:00 PM


ကိုယ်တိုင်ရေးပုံတူ (Self Portrait)
မောင်ထွန်းလွင်(မိုးလေ၀သ) / ဇန်န၀ါရီ ၂၆၊ ၂၀၁၄

မနေ့က (၂၅-၁-၂၀၁၄) ရက်နေ့ကျွန်တော့ရဲ့ အရင်ဌာနက တပည့်မတစ်ဦးက ဖုံးဆက်လာပါတယ်။ သူက ဌာနမှာ လက်ထောက် ညွှန်ကြားရေးမှုး ရာထူးနဲ့ တာဝန် ထမ်းဆောင်နေဆဲပါ။ ရုံးမှာရှိစဉ်ကလည်း ခန့်မှန်းရေးမှူး ရုပ်မြင်သံကြား မိုးလေ၀သ သတင်းကြေငြာသူ စသဖြင့် တာဝန်တွေ ထမ်းဆောင်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။

သူပြောပြတာကတော့ လောလောလတ်လတ် ဖေါင်ကြီးသင်တန်းတက်ရာမှာ သူကြုံတွေ့ခဲ့ရတဲ့ အတွေကအကြုံကို မကျေမနပ်နဲ့ မခံမရပ်နိုင်ဖြစ်ပြီး ဖုံးဆက်ပြောလာတာဖြစ်ပါတယ်။

သူပြောပြတာကတော့ သူတို့သင်တန်းမှာ သင်တန်းဆရာတစ်ယောက်က သင်တန်းတွင်းမှာ ကျွန်တော့ကို ပုတ်ခတ်ပြောဆိုသတဲ့။ အထူးသဖြင့် နာဂစ်ကိစ္စနဲ့ ပတ်သက်ပြီးဖြစ်ပါတယ်။ မဟုတ်တန်းတရားတွေ အတင်းဆန်ဆန် ပုတ်ခတ်ပြောဆိုနေ တဲ့အပြင်၊ ပြီးတော့လည်း ကျွန်တော် ရန်ကုန်တက္ကသိုလ်မှာ (၄)နှစ် သင်တန်းတက်ပြီး စာတမ်းတင်ပြီးမှ ရလာခဲ့ ပါရဂူဘွဲ့ဟာလည်း နာဂစ်ကြောင့် အချောင်ရလာခဲ့တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တဲ့ဗျ။

ဖြစ်ချင်တော့ အဲဒီသင်တန်းထဲမှာ စောစောကပြောတဲ့ ကျွန်တော့တပည့်ရင်း တစ်ယောက်က ပါနေတယ်ဗျ။ သင်တန်းဆရာခင်ဗျာက ဘယ်သူမှမပါဘူးထင်ပြီး အားရပါးရ အတင်းတုတ်အပုတ်ချနေတယ်ထင်ပါရဲ့ဗျာ။

အဲဒီမှာ ကျွန်တော့အကြောင်းကို အစစ အရာရာကောင်းကောင်းသိနေတဲ့ ကျွန်တော့ တပည့်ရင်းက မခံမရပ်နိုင်ဖြစ်ပြီးတော့ “ဒီကိစ္စ ကျမ ဆွေးနွေးပါရစေ၊ ကျမဟာ မိုးလေ၀သဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်….. ပါ” ဆိုတဲ့ပြီး ကျွန်တော့ရဲ့ အကြောင်းတွေ၊ နာဂစ်နဲ့ ပတ်သက်ပြီး ကျွန်တော် လုပ်ဆောင်ခဲ့တာတွေ (နာဂစ်ကာလ တလျှောက်လုံး ဒီတပည့်မကလည်း ဂျူတီကျနေတော့ ကျွန်တော်နဲ့ အနီး ကပ် တာဝန်ယူခဲ့ရတာလေ) ကို အစအဆုံးပြောပြသတဲ့။ ဌာနမှာ ဌာနတိုးတက်ရာ တိုးတက်ကြောင်း အတွက်ကအစ ပညာအမွေဖြန့်ဝေပေး နေပုံတွေ၊ ပညာအရာမှာ ပြည့်စုံပုံတွေ၊ စေတနာ ထားဆောင်ရွက်ပုံတွေကအစ ခေါင်ေးဆာင်နှိုင်မှု အရည်အသွေးတွေကို အသေးစိတ်ပြောပြ ခဲ့တဲ့အပြင်၊ နောက်ဆုံး စာတမ်းတင်တော့လည်း “ခေါင်းဆောင်ကောင်းတို့ရဲ့အရည်အချင်းနဲ့ ဦးဆောင်နှိုင်မှုအရည်အချင်း” ဆိုပြီး စာတမ်း တင်ပြောခဲ့သတဲ့။

အဲဒီတော့မှ စောစောက ဆရာက လာပြီးတောင်းပန်သတဲ့။ အခြားသင်တန်းသားတွေကလည်း လာရောက်ဝိုင်းဝန်းချီးကျူးကြသတဲ့။ အဲဒီ သင်တန်းဆရာက ဘယ်လိုတောင်းပန်သလည်းဆိုရင် “ ဒီသင်တန်းထဲမှာ မိုးလေ၀သဌာနက သင်တန်းသားပါမှန်း မသိလို့ပါ” တဲ့ဗျာ။ ကောင်းရော။

ကျွန်တော်က “အဲဒီသင်တန်းဆရာက ဘယ်ကလည်း” လို့ မေးမိတော့ “ဟိုကလာတာပေါ့ ဆရာရယ်” တဲ့ဗျ။

မနှစ်ကလည်း ကျွန်တော့သမီးကြီး မြို့နယ်ကျောင်းကျန်းမာရေး ဆရာဝန်မကြီး က မြို့နယ်သင်တန်းတစ်ခုမှာ နေပြည်တော်ကျန်းမာရေးဌာနက ဒုတိယ ညွှန်ကြားရေးမှူး အဆင့်ရှိတဲ့ဆရာဝန်သင်တန်းဆရာ တစ်ဦးက သင်တန်းပို့ချတာကို တက်ရောက် နားထောင်နေတုံး အဲဒီဆရာဝန် ကလည်း အခုလိုဘဲ ကျွန်တော့ကို ပုတ်ခတ်ပြောဆိုပြန်သတဲ့။ ဒီတော့ မခံမရပ်နိုင်ဖြစ်ရတဲ့ ကျွန်တော့သမီးက “ကျမ နည်း နည်းဆွေး နွေးပါရစေရှင့်၊ ကျမဟာ မိုးလေ၀သဌာနက အငြိမ်းစားယူသွားစတဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးထွန်းလွင်ရဲ့သမီး ဒေါက်တာ…….ဖြစ်ပါတယ်ရှင့်။…”

ဆိုပြီး ထလည်းရှင်းလိုက်ရော စောစော လူပုံအလယ်မှာ အတင်းတုတ်တဲ့ဆရာ အရှက်တွေရပြီး၊ ခေါင်ေးတာင်မဖေါ်နှိုင်တော့ဘူးတဲ့။ ပွဲသာပြီးသွားရော စကားလည်း တစ်လုံးမှ မပြောနှိုင်တာ့ဘူးတဲ့ဗျ။ ပွဲ့ပြီးတော့ စာစောကလိုဘဲ “ဒီအထဲမှာ ကျွန်တော့သမီး ပါနေတာ မသိ လို့ပြောမိတာပါ” ဆိုပြီးတောင်းပန်သတဲ့။

ရော..၊ ခက်ကပြီ။ သူတို့ပြောပုံ့တွေက ဆွေမျိုးရင်းချာ အသိတွေ ပါနေမှန်း မသိလို့ပြောမိတာပါဆိုတော့ မပါဘူးဆိုရင် ဆက်ကြိတ်နေဦးမယ့် သဘောဘဲ။

ကြည့်ဗျာ။ နှစ်ဦးလုံး ပညာတတ်တွေဗျ။ နှစ်ဦးလုံး ပညာပေးသင်တန်းကိုဟောပြော ပို့ချနေကြတာဗျ။ ဒါလောက်အချက်အလက်မှန်ကန်မှုကို ဂရုမစိုက်၊ မလေ့လာ၊ အလေးမထားဘဲ လူပုံအလယ်မှာ လူတစ်ဦးတစ်ယောက်(အထူးသဖြင့် ကျွန်တော့လို အထိုက်အလျောက် လူတွေ သိနေတဲ့ လူတစ်ယောက်အကြောင်းကို) ဒီလို လက်လွတ်စမ္ပယ် စကားတွေပြောနေတာဟာ ဒီလူတွေမှာ လောကနိတိတရား။ ဘရားအဆုံးအမတွေ၊ ပြောသင့်တဲ့စကားမပြောသင့်တဲ့ စကား၊ အကျိုးရှိတဲ့စကား အကျိုးမရှိတဲ့စကား၊ ဒါတွေကို ဘာမျှမသိကြပါလား၊ ဥပမာဗျာ၊ နာဂစ်ကတော့ ခံစားချက်တွေရှိနေကြလို့ထားတော့၊ ကျွန်တော့ပါရဂူဘွဲ့ ဆိုရင် လေးနှစ် တက်ရတယ်၊ ဘွဲ့ယူစာတမ်းတင်ရတယ်။ ဒီစာတမ်းကို ပါရဂူဘွဲ့ယူ အကောင်းဆုံး စာတမ်းဆု၊ ဆရာခအထိမ်းအမှတ်ဘွဲ့ယူစာတမ်းဆု၊ ၀ိဇ္ဖာသိပ္ပံပညာရှင်အသင်းရဲ့ အကောင်းဆုံး သိပ္ပံဘွဲ့ယူ စာတမ်းဆု စတာတွေ အကုန်ရခဲ့တယ်ဗျ။

အခုဖြစ်နေတာက ဒီလိုဆုတွေရခဲ့တာကို ဂုဏ်ပြုခံရဖို့ဝေးစွ။ အပုတ်ချတာတောင် ခံနေရသေးတယ်။ သူများတွေမသိတာထား။ ဒီဆရာ တွေလို ပညာပို့ချနေတဲ့ လူတွေ လောက်ကတော့ ကျွန်တော့ကိုပြောချင်ရင် ကျွန်တော့အကြောင်းကို ဒီလောက်တော့ သိသင့်တာ ပေါ့ဗျာ။ ခက်တာက သူတို့ဟာ ဒီစကားတွေကို ဆင်ခြင်တုံတရားမဲ့ လို့ ပြောနေတယ်ဘဲထား။ သူတို့ပြောနေတဲ့နေရာက လဖက်ရည်ဆိုင်၊ အရက်ဝိုင်း မဟုတ်ဘူးဗျ။ သူတို့က သင်တန်းပို့ချနေတာ တဲ့ဗျ။ သင်တန်းဆရာတွေတဲ့လေ။

တစ်ခါတုံးက အဖြစ်အပျက်တစ်ခုရှိခဲ့သတဲ့။ တစ်နေ့တော့ လင်ယေက်ကျားလုပ်တဲ့ သူက ကလေးကို ထရိုက်သတဲ့။ ဒီတော့ မိန်းမလုပ်တဲ့သူက “နေပါဦး၊ တော်က..ကလေးကို ဒီလောက်ဘာဖြစ်လို့ ရိုက်နေရတာတုံး” လို့မေးသတဲ့။ ဒိတော့ အဖေလုပ်တဲ့ယောက်ျားက “ဒီကောင်ကို ကျောင်းထားတာ၊ သုံးနှစ်ရှိပြီ၊ အခုအထိ ဖေဖေ မေမေ ကို စာလုံးမပေါင်းတတ်သေး ဘူးကွ” လို့ဒေါသမပြေသေး တဲ့လေသံ နဲ့ ပြောသတဲ့။ ဒီတော့ အမေလုပ်သူ မိန်းမက “ နေစမ်းပါဦး ဒီစာလုံးလေးမပေါင်းတတ်တာနဲ့ ကလေးကိုရိုက်နေရအောင်၊ တော်ကရော ပေါင်းတတ် လို့လား “ လို့ပြောသတဲ့။ ဒီတော့ အဖေလုပ်သူယေက်ျားက “ပေါင်းတတ်တာပေါ့ ကွ၊ ဖေ့ရေးချဖေ၊ ဖေ့ရေးချဖေ၊ ဖေဖေပေါ့ကွ” လို့ စာလုံးပေါင်းပြလိုက်သတဲ့။ ဒီတော့ ပညာတတ်မိန်းမက ဒီလိုပြန်ပြောသတဲ့။ “ ဒါတော့ တော်က လူကြီးကိုး” လို့ပြောလိုက်ပါသတဲ့။ ဇာတ်လမ်းနာမည်လေးက ပိဋကတ်မောင်နှံတဲ့။ ဒီနေ့ခေတ်ကာလက ဒီလိုခေတ်များရောက်နေပြီလားဗျာ။

ထားတော့ဗျာ။ ဒါက နှစ်ယောက်စလုံးက ပိဋကတ်အိုးကွဲမောင်နှံတွေကိုးဗျ။

အခုဟာက အပေါ်က ပို့ချနေသူက အခုနက အဖေလုပ်တဲ့လူလို ပိဋကတ်အိုးကွဲတွေ ဖြစ်နေပေမယ့် အောက်ကနားထောင်နေတဲ့သူတွေကမှ သူတို့ထက်ပိုပြီး အဆင်ခြင်တုံ တရား၊ အသိပညာ ပိုမြင့်မားနေကြသေးတယ်ဗျ။

အဲဒါကြောင့်သမိုင်းပညာရှင် ဆရာကြီးဒေါက်တာသန်းထွန်းကပြောသွားတာနေမှာ။ “မင်တို့ခေတ်က ပဲခူးမှာရေကြီးသလို ပါဘဲကွာ” တဲ့။ ဒီတော့ တပည့်တွေကမေးသတဲ့။ “ဆရာကြီး ပဲခူးမှာရေကြီးတော့ ဘာဖြစ်ပါသလည်းခင်ဗျ” ပေါ့။

ဒီတော့ ဆရာကြီးက ဒီလိုဖြေလိုက်ပါသတဲ့။

“အေး..ပဲခူးမှာရေကြီးတော့ ခွေးတွေ အိမ်ခေါင်မိုးပေါ်ရောက်ကုန်တာပေါ့ကွာ” ပါတဲ့ဗျာ။

26-1-2014
7:39 am

ဦးထွန်းလွင် (မိုးလေ၀သ) ဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူပါသည်။