SEA Games ပြိုင်ပွဲအပြီး ဝါရင့်လက်ရွေးစင် ကစားသမားအချို့အနားယူ

ပို့စ်တင်ချိန် - 12/28/2013 08:00:00 AM



ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သော လက်ရွေးစင် ကစားသမားအချို့ ပြိုင်ပွဲ ပြီးဆုံးချိန်တွင် အားကစားသမားဘဝက အနားယူရန် ဆုံးဖြတ်ခဲ့ကြကြောင်း ယင်းပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကစားသမား အချို့က ပြောကြားသည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော လက်ရွေးစင် ကစားသမား အများစုသည် ဒေသတွင်း နိုင်ငံများမှ ကစားသမားများနှင့် နှိုင်းယှဉ်လျှင် သက်ကြီးကစားသမား ပိုမို များပြားကြောင်း၊ ဝါရင့် ကစားသမားများဟု အားပေးမှုများ ရှိသော်လည်း ၂၀၁၅ စင်ကာပူ SEA Games ပြိုင်ပွဲအတွက် လက်ရွေးစင်အဖြစ် ဝင်ရောက် ရွေးချယ်ခံတော့မည် မဟုတ်ကြောင်း မီတာ၂၀ လမ်းလျှောက် ပြိုင်ပွဲတွင် ကြေးတံဆိပ် ရရှိခဲ့သည့် ယဉ်ယဉ်ခိုင်က ပြောဆိုသည်။

မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်၏ ရွှေတံဆိပ် ၂၇ခုရှင် အောင်ငှိမ်းကလည်း ကစားသမားဘဝမှ အနားယူရန်ဆုံး ဖြတ်ခဲ့ပြီးနောက် နည်းပြဘဝအဖြစ် ဆက်ရှိမည် မရှိမည်ကိုမူ လက်ရှိအချိန်၌ အတိအကျ မပြောနိုင်သေးဟု ဆိုသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် SEA Games ပြိုင်ပွဲ၌ မြန်မာ ပိုက်ကျော်ခြင်း အဖွဲ့အနေနှင့် အောင်မြင်မှု ရခဲ့သည်ဟု ဆိုနိုင်သော်လည်း နောင်ပြိုင်ပွဲများတွင် အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းနိုင်မည့် မျိုးဆက်သစ်များကို အားပြုသင့်ကြောင်း ရွှေတံဆိပ်ဆုရ လက်ရွေးစင် ပိုက်ကျော်ခြင်း ကစားသမား ရာဇာထွန်းက မှတ်ချက်ပြုသည်။

မြန်မာ့သိုင်းပညာကို ၁၂ နှစ်သားကတည်းက စတင်ကစားခဲ့ရာ လက်ရှိအချိန်တွင် အသက်အရွယ်အရ အနားယူရတော့မည် ဖြစ်ပြီး နည်းပြဘဝဖြင့်သာ ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ဗိုဗီနမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သော အသက် ၃၇ နှစ်အရွယ်ရှိ ဦးလွမ်းအောင်ကလည်း ပြောကြားသည်။
The Voice Weekly Myanmar