မုတ္တမ ပင်လယ်ကွေ့အတွင်း မျောနေသော မှောင်ခိုနွားတစ်ကောင် ဆယ်ယူလျှင် ကျပ်တစ်သိန်း ဆုချီးမြှင့်မည်

ပို့စ်တင်ချိန် - 12/28/2013 08:30:00 AM



မော်လမြိုင်၊ ဒီဇင်ဘာ ၂၆

မုတ္တမ ပင်လယ်ကွေ့အတွင်း မျောနေသော မှောင်ခိုနွားတစ်ကောင် ဆယ်ယူရရှိပါက ဒေသခံများကို နွားတစ်ကောင်လျှင် ငွေကျပ်တစ်သိန်း ဆုချီးမြှင့်မည် ဖြစ်ကြောင်း ပင်လယ်မျော နွားလေလံ ရောင်းချ သည့် ကော်မတီ ပေါင်မြို့နယ် ထန်းပင်ချောင်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက ကြေညာ ထားသည်။

မှောင်ခို သယ်ဆောင်လာစဉ် သဘာဝ ဘေးအန္တရာယ်နှင့် မှောင်ခိုလှေများ၏ ကြံ့ခိုင်မှု အားနည်းခြင်းများကြောင့် လှေမှောက်ကာ အချို့နွားများသည် အသက်မသေဘဲ ပင်လယ်တွင်း မျောပါလာတတ်ကြောင်း၊ နှစ်စဉ်အနိမ့်ဆုံး သုံး၊ လေးကြိမ်ထက်မနည်း နွားများ မျောပါလာလေ့ ရှိကြောင်း ပေါင်မြို့နယ် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပင်လယ်မျောနွားများကို လေလံကြမ်းခင်းဈေး တစ်ကောင်လျှင် ငွေကျပ် ငါးသိန်းဖြင့် သတ်မှတ် ရောင်းချရာ အဆိုပါ နွားများကို ဆယ်ယူလာသည့် ဒေသခံများကို နွားတစ်ကောင်လျှင် ငွေကျပ် တစ်သိန်းဆု ချီးမြှင့်မည် ဖြစ်ကြောင်း လေလံရောင်းချရေး အစည်းဝေး မှတ်တမ်းအရ သိရှိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းမှ နွားမှောင်ခို လုပ်ကိုင်သူများသည် နွားများကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန် မုတ္တမ ပင်လယ်ကွေ့မှတစ်ဆင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်များကို ဖြတ်သန်းပြီး ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် မြဝတီ-မဲဆောက် မြို့များသို့ သယ်ဆောင်လေ့ ရှိသဖြင့် မုတ္တမ ပင်လယ်ကွေ့တွင် မှောင်ခိုနွားများ မကြာခဏ မျောလာလေ့ ရှိကြောင်း ပေါင်မြို့နယ် ဒေသခံများက ပြောကြားသည်။

နွားမှောင်ခို သယ်သူများသည် နွားများကို စက်လှေများဖြင့် သယ်ယူလာပြီး၊ မုတ္တမ ပင်လယ်ကွေ့ရှိမုဒုံ၊ ကင်းချောင်း ကျေးရွာတွင် ကမ်းကပ် ဝင်ရောက် ခေတ္တနားခိုပြီးနောက် ကျိုက်မရောမြို့နယ်၊ ဖနုံ ကျေးရွာ ရော်ဘာခြံများသို့ နွားများ သယ်ဆောင်လေ့ ရှိကြောင်း ဖနုံကျေးရွာ ရော်ဘာခြံမှ ဦးမိုးဝင်က ပြောကြားသည်။
“ကင်းချောင်းကို စက်လှေတွေနဲ့ သယ်လာတဲ့ နွားပိုင်ရှင်တွေက လယ်လုပ်ဖို့ ချောင်းဆုံဘက်က ဝယ်လာတာလို့ ပြောတယ်၊ ကျွန်တော်တို့ရွာက လယ်သမားတွေ ဆီမှာလည်း ၁၀ ရက်လောက်ဆိုရင် တစ်ကြိမ် လာဝယ်ကြတယ်၊ သူတို့စက်လှေနဲ့ တင်လာတဲ့နွားနဲ့ ရွာကဝယ်တဲ့နွား အကောင် ၁၀၀ ပြည့်သွားရင်တော့ ပြန်သွားကြတယ်” ဟု ကင်းချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးက ဆိုသည်။

ရော်ဘာခြံများ၌ ထားရှိသော နွားများကို မွန်ပြည်နယ် အတ္ထရံ မြစ်ကြောင်းမှတစ်ဆင့် ကရင်ပြည်နယ် မိကသစ်ကျေးရွာ ဘက်သို့ ထပ်မံသယ်ဆောင်ပြီး၊ ကော့ကရိတ်၊ မြဝတီ၊ မယ်ထောတလေးကိုဖြတ်၍ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့နွားများ တင်ပို့ခြင်း ဖြစ်ကြောင်းဟု ကျိုက်မရောမြို့နယ် ဖနုံကျေးရွာမှ ဦးမောင်ချစ်က ဆိုသည်။

မှောင်ခိုနွားများ မုဒုံ၊ ကင်းချောင်း ကျေးရွာမှ မြဝတီ၊ မယ်ထောတလေးသို့ ရောက်ရှိရန်အချိန် ၇ ရက် ကြာမြင့်ပြီး နွားများကို ထိန်းကျောင်းပေးပါက တစ်ရက်လျှင် ငွေကျပ် ၃၅၀၀ ရရှိသည့်အပြင် နွားတစ်ခေါက် သယ်ပြီးပါက နွားပိုင်ရှင်များက ငွေကျပ် တစ်သိန်းကို ထပ်မံပေးအပ်ကြောင်း နွားကျောင်း လုပ်သားများနှင့် နီးစပ်သူများက ဆိုသည်။

လွန်ခဲ့သည်လများတွင် မုတ္တမ ပင်လယ်ကွေ့မှ မျောလာသည့် မှောင်ခိုနွား ခုနစ်ကောင်ကို ပေါင်မြို့နယ် တပ်မှူးချောင်း ဒေသခံများက ဆယ်ယူကာ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ အပ်နှံခဲ့ပြီး ပိုင်ရှင်မဲ့ နွားများကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထန်းပင်ချောင်ကြီး ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် လေလံစနစ် ရောင်းချခဲ့ရာ နွား ၃ ကောင်ကိုသာ လေလံရောင်းချ နိုင်ခဲ့ကြောင်း နွားလေလံဆွဲသူများထံမှ စုံစမ်းသိရှိရသည်။

ပေါင်မြို့နယ်၊ တပ်မှူးချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အပ်နှံထားသည့် နွားနှစ်ကောင်ကို လေလံပွဲတွင် ပြသနိုင်ခြင်း မရှိသဖြင့် ယင်းအုပ်ချုပ်ရေးမှူးထံ နွားနှစ်ကောင်ရှိ မရှိကို လေလံစိစစ်ရေး ကော်မတီက စစ်ဆေးသွားမည် ဖြစ်ကြောင်း လေလံ ကော်မတီဝင် များက ပြောဆိုခဲ့သည် နွားလေလံ ဆွဲသူများက ဆိုသည်။
The Voice Weekly Myanmar