သံသရာကို အာခံနိုင်ရဲကြပါစေ
ပို့စ်တင်ချိန်
- 12/22/2013 07:30:00 AM
မြနှင်းက ကြည့်မြင်တိုင် ထီးတန်းမနက်ဈေးလေးမှာ ကုန်စိမ်း ရောင်းရတာပါ။ ကြည့်မြင်တိုင် သီရိမင်္ဂလာ ဈေး ရှိစဉ်တုန်းက ကုန်စိမ်းက နီးနီးနားနား ၀ယ်လို့ရပေမယ့် ဘုရင့်နောင်ဘက် ပြောင်းသွားတော့ နည်း နည်းအလှမ်းဝေးသွားသလို သယ်ယူစရိတ်ကလည်း ပိုမြင့်သွားတယ်။ ဒါနဲ့ပဲ ကြံရာမရတဲ့အဆုံး ထညင်း ကုန်း ကုန်စိမ်းဈေးဘက် ခြေဦးလှည့်ကြည့်ရတာပေါ့ ။
ရထားဘူတာရုံနဲ့ ဈေးကနီးတော့ အဆင်ပြေတယ်။ တညင်းကုန်း ကုန်ဈေးဆိုတာကလည်း တညင်းကုန်း ဘူတာနဲ့ နီးနီး၊ ကြည့်မြင်တိုင် ထီးတန်းဈေးကလေးကလည်း ကြည့်မြင်တိုင်ဘူတာနဲ့ နီးနီးဆိုတော့ မြနှင်း အတွက် အဆင်ပြေတာပေါ့၊ တညင်းကုန်းဈေးက ကုန်စိမ်းတွေက လတ်လတ်ဆတ်ဆတ် ရှိတယ်၊ အထားခံပြီး ရောင်းရတာ မျက်နှာပန်း လှတယ်လေ။
ကန်စွန်းရွက်ခြံစည်းကြီးတစ်စည်း ငွေသုံးထောင်လောက်ရင်း လိုက်တာနဲ့ ရောင်းကောင်းတဲ့ နေ့တွေဆို ရင် ထက်ဝက်လောက် မြတ်ပါတယ်။ ခြံစည်းကြီးကို ရောင်းတန်းဝင်ဖို့ အစည်းလေးတွေ ပြန်စည်းရပါ တယ်။ လက်လီဈေး တစ်စည်း နှစ်ရာ၊ ဈေးကွဲတဲ့အခါမှာ နှစ်စည်း သုံးရာပေါ့၊ အခြေအနေနဲ့ အချိန် အခါလိုက်ပြီး ရောင်းရတာလေ။ တရုတ်ကန်စွန်း(ရေကန်စွန်း)နဲ့ ထိုင်ဝမ်ကန်စွန်း (ကုန်းကန်စွန်း) ဆိုပြီး ရှိတဲ့အထဲက ထိုင်ဝမ်ကန်စွန်းက လူကြိုက်နည်းသွားပြီ။ အရောင်းလိုက်တဲ့ ဟင်းနုနယ်၊ ကင်ပွန်းချဉ်တို့ လို ဟင်းရွက်တွေက အ၀ယ်လိုက်တယ်။ အရှုံးနည်းတဲ့ ဟင်းသီးဟင်းရွက်တွေကို ကာလအလျောက် ချိန် ပြီးရောင်းရပါတယ်။
မြနှင်းအစ်ကိုက ရာသီပေါ် သီးနှံတွေ ရောင်းတယ်၊ ပန်းသီးကအစ ကီလိုမာလကာသီး အဆုံးပေါ့ ၊ နွေရာ သီဆို ကြံရည်ဆိုင်တွေ ပေါ်လာတာနဲ့အမျှ ကြံအရောင်းလိုက်တယ်။ အစ်မ၀မ်းကွဲက ဖရဲသီးဒိုင် ပါ။ အား လုံးက ကြည့်မြင်တိုင်ကမ်းနားနဲ့ ဗားကရာဝန်းကျင်မှာ ကျင်လည်ကျက်စားကြသူတွေပေါ့။ ဗားကရာထိပ် မှာ ကြံတန်း၊ မာလကာတန်းတွေရှိသလို ဟုမ်းလမ်းထိပ်မှာ ဖရဲသီးဒိုင်တွေရှိပါတယ်။ သီရိမင်္ဂလာ ဈေးရှိ စဉ်တုန်းကတော့ တစ်ညလုံး အသက်ဝင်လှုပ်ရှားနေကြပြီး မအိပ် တဲ့ဒေသပေါ့၊ နတ်စင်လမ်းဘက် ရောက်တော့ ငါးဈေးနဲ့ ကြက်ဒိုင်တွေ စီစီညံခဲ့တဲ့ဒေသ၊ ငါးဖမ်းလှေတွေ ဆိုက်တော့လည်း ဒီကမ်းနား၊ စပါးလှေတွေဆိုက်တော့လည်း ဒီ ကမ်းနားပေါ့။ မြနှင်းတို့အဖို့တော့ ရောင်းဝယ်ဖောက်ကားလို့အကောင်း ဆုံးအရပ်ပါပဲ။
မြနှင်းအနေနဲ့ ကတော့ နံနံပင်ကအစ ပန်းဂေါ်ဖီအဆုံး၊ ကုန်စိမ်းတောမှာပဲ ကျွမ်းကျင်လိမ္မာခဲ့ရတာပါ။ ကျင်လည်တယ်ဆိုတာလည်း လူမျိုးစုံနဲ့ ကျင်လည်ရပါတယ်။ ဆိုက်ကားသမားကအစ ရထားလက်မှတ် စစ်အဆုံး အားလုံးကို ပြေလည်အောင် ပေါင်းသင်းဆက်ဆံရပါတယ်။ တစ်ခါတလေ သားပြော မယား ပြောတောင် အပြောခံရတဲ့ အထိပါပဲ။ မြနှင်းက ကိုယ့်ကိုယ်ကိုယ် ထိန်းထားနိုင်တော့ ဘ၀ပျက်တဲ့အဆင့် အထိ မရောက်တာပါ။ တချို့ မိန်းကလေးတွေဆို ဆိုက်ကားသမားရဲ့ အငယ်အနှောင်းဘ၀၊ ကားစပယ် ယာရဲ့ အပျော်မယားဘ၀နဲ့ ...။
ဝါဆိုရာသီဆိုရင် ပန်းဘက် လှည့်ရတယ်၊ အချိန်ကာလအရပေါ့၊ ပန်းဆိုတာကလည်း သပြေကအစ နှင်း ဆီအဆုံး ကိုယ့်လက်ထဲထားပြီး ရောင်းရမှ အလွန်ဆုံး သုံးရက်ပဲ၊ မဟုတ်ရင် အရှုံးပေါ် ပါတယ်။ ဈေး သည်ဆိုတာက ရောင်းတတ်ရုံတင်မက၊ ၀ယ်တတ်ဖို့လည်း လိုတယ်။ ဈေးသည် အတတ်ပေါ့။ မြနှင်းတို့ လို ဈေးသည်မျိုးက ဒီအတတ်ကို တစ်ဖက်ကမ်းမခပ်ရင် ငတ်မှာပဲမို့လား။ ဘ၀က သင်ပေးတာလည်း ယူ၊ ကိုယ့်ဘာသာ ၀ီရိယစိုက်ပြီးလည်း တတ်အောင် လုပ်ကြရတာပဲပေါ့။
မြနှင်းက ပုံမှန်ဖောက်သည် အနေနဲ့စားသောက်ဆိုင်တွေ ရှိတယ်။ ခရမ်းချဉ်သီးကအစ ကိုက်လန်နဲ့ မှို အဆုံး အမြဲတမ်း ပို့ပေးရတယ်။ အသီးအရွက်ဆိုတာ သိုမှီးသိမ်း ဆည်းတတ်ဦးမှ၊ မဟုတ်ရင် အရင်းပါ ပျောက်တတ်ပါတယ်။ ကျွမ်းကျင်ရာ လိမ္မာပေါ့ ၊ ဆရာမပြ နည်းမကျရင် ငပိဖုတ်တာတောင် အဆင်မပြေ ဘူးမဟုတ်လား။ မြနှင်းတို့အတွက်ကတော့ ဘ၀သင်ခန်းစာဆိုတာ နောကျေနေပါပြီ။
တစ်ရက်က မြို့ပတ်ရထားပေါ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံဖြစ်တယ်။ သူ့အကြောင်း ကိုယ့် အကြောင်း၊ သူ့ဘ၀ ကိုယ့်ဘ၀တွေ ဆုံတုန်း ပြောဖြစ်ပါတယ်။ သူ့ဘ၀ကလည်း ခပ်နဲ့နဲ့၊ ရပ်ကွက်ထဲမှာ နှစ်လုံးထီ ရောင်းတယ်တဲ့။ အန္တရာယ် များလိုက်တာလို့ပြောတော့ သူကရယ်ရင်းနဲ့ ဘ၀ကိုယ်က အန္တရာယ်နဲ့ မကင်းတာ ဘာကိုထပ်ကြောက် ရဦးမှာလဲတဲ့။ သူ့ယောက်ျားက စက်ဘီးနဲ့ အောင်ဘာလေ ထီရောင်းတယ်။ သူတို့မိသားစုတွေ အူတော့စိုကြတယ်တဲ့။ မြနှင်းလည်း သက်မချ လိုက်ရုံကလွဲလို့ ဘာတတ်နိုင်မှာတဲ့ လဲ။
မြို့ပတ်ရထားနဲ့ နေ့စဉ်ထိတွေ့နေရသူ တစ်ယောက်အဖို့ ရထားပေါ်က ဘ၀မျိုးစုံနဲ့လည်း ထိတွေ့ရပါ တယ်။ ရပ်ကွက်ထဲမှာ နို့ဆီဘူး တစ်ဘူးကို နှစ်ရာသုံးရာပေးပြီး ၀ယ်စားရတဲ့ မြေပဲပြုတ်က ရထားပေါ်မှာ တစ်ဘူးတစ်ရာပဲ ရှိတယ်။ အသုတ်တစ်ပွဲ တစ်ရာဆိုတာကလည်း လတ်လတ်ဆတ်ဆတ်ပါပဲ။ ဖရဲသီး အနေတော် တစ်စိတ်တစ်ရာ၊ တရုတ်ကလာတဲ့ ဆားငံစေ့တစ်ထုပ်တစ်ရာ၊ ဘယ်လောက် အခြေခံကျ သလဲ၊ ရထားလက်မှတ် အသွားအပြန် တစ်ရာ။ သြော် ..တစ်ရာတန်ဘ၀တွေ ပေါ့လို့တောင် တွေးလိုက် မိပါတယ်။
ဒီရထားကြီး ဒီဘူတာကို အချိန်မှန်ရောက်လာပြီး အချိန်မှန် ထွက်သွားသလို မြနှင်းတို့ ဘ၀တွေလည်း မျက်စိနှစ်လုံး ပွင့်ပါပြီ ဆိုကတည်းက အိပ်ချိန်တန်တဲ့အထိ ၀မ်းစာရှာရတဲ့ အလုပ်တွေက အချိန်ကိုမှန်လို့၊ အမောတွေက အချိန်ကိုမှန်လို့၊ ရုန်းကန်မှုတွေက အချိန်ကိုမှန်လို့ ပေါ့။
ဟင်းရွက်ကန်စွန်းရောင်းရတဲ့ ဘ၀တွေက ဟင်းရွက်ကန်စွန်းအဖြစ်ကို ငြင်းဆန်လို့ မှမရတာ။ ဘ၀ဆို တာ ပေးသလောက်ကိုပဲ ကျေနပ်ရမှာပါ။ မလှူတတ်ဈေးရောင်းဆိုတဲ့ စကားက မှန်သလို မရောင်းတတ် ရင်လည်း အရင်းပါလှူလိုက်ရတဲ့ ဘ၀တွေပါ။ ဈေးဦးမပေါက်ခင် ဈေးကောက်ကအရင် ထွက်ရတဲ့ ဘ၀ တွေ ပေါ့။
အမေက ပြောဖူးတယ် ... “စေတနာကောင်းရင် ကံကောင်းပါတယ်အေ” တဲ့။ ဈေးသည်ဆိုတာ ကလည်း အမြဲတမ်း စိတ်ရင်းကောင်းတာမဟုတ်တော့ ခက်သား။အဖေကတော့“ဟေ့ အလုပ်ကောင်းမှ ကံကောင်း မှာဟေ့” လို့ ပြောပြန်ပါတယ်။ ဘာပဲပြောပြော မြနှင်းအနေနဲ့ကတော့  မိဘနှစ်ယောက်လုံးရဲ့  ဆုံးမစကား တွေလို့ပဲ မှတ်သား ထားပါတယ်။ ဘ၀ဆိုတာက အပြောလွယ်သလောက် အကျင့်ခက်တယ် မဟုတ် လား။
သီရိမင်္ဂလာဈေးရှိတုန်းက မနက်ဆို နှစ်နာရီလောက် ထရတယ်။ ငါးနာရီခွဲ ခြောက်နာရီအမီ ကိုယ့်ဈေးထဲ အရောက်ပြန်ပြီး ရောင်းရတာ၊ ဈေးမကွဲခင် တွက်ခြေကိုက်ဖို့က အရေးကြီးတယ်လေ။ တချို့ မိုးတွင်း ရက်ဆိုရင် မနက်ပိုင်းမိုးရွာလိုက်တာ နဲ့  ဈေးထဲဝယ်သူပျောက်သွားပြီဆို နာပြီသာမှတ်။
ကိုယ့်ဟင်းရွက် ကန်စွန်းလေးတွေကို သေသေချာချာ သိမ်းပြီး ဈေးနားဖို့ ပြင်ပေတော့ပေါ့။ နွေကျတော့ လည်း နေဒဏ်ကို ကာကွယ်ရပါတယ်။ ဈေးသည်ဘ၀ရဲ့ ရှောင်ရန်ဆောင်ရန်တွေကလည်း အများသား လေ။ ၀ယ်သူတွေဘက်က ကြည့်တော့လည်း လတ်လတ်ဆတ်ဆတ်မှ ကြိုက်ကြတာကိုး၊ ကိုယ်လည်း လတ်လတ်ဆတ်ဆတ်ပဲ ကြိုက်တတ်တာ မဟုတ်လား၊ မြနှင်းက ကိုယ်ချင်းစာပြီး ရောင်းပါတယ်။ စီးပိုး တဲ့ ၀ယ်သူတစ်ယောက်တလေ တော့ရှိတာပေါ့။ ငစွေသွားရင်ငကန်း လာလိမ့်မယ်စိတ်မျိုးတော့ မြနှင်း မမွေးပါဘူး။ ကိုယ့်အလုပ်လေး အချိန်တန်ရင် အဆင်ပြေဖို့ကိုပဲ စိတ်ထားပါတယ်။
အချိန်မှန် ရထားပေါ်ရောက်တိုင်း အချိန်တန်ရင် ကိုယ်ဆင်းရမယ့် ဘူတာကို ဆိုက်ဆိုက်မြိုက်မြိုက် သေ ချာပေါက် ရောက်မှာမဟုတ်လား။ ဈေးထဲမှာ ဘ၀ရောင်စုံရှိသလို၊ ရထားပေါ်မှာလည်း ဘ၀တွေက အရောင်စုံပေါ့။ တစ်ခါတစ်ရံ မထင်မှတ်တဲ့ ရထားအ၀င်နောက်ကျတာတို့ ရထားပျက်တာတို့လို ယာယီ ဒုက္ခ တွေတော့ ရှိခဲ့ကြုံခဲ့ရတာပေါ့။ မြနှင်းကတော့ ဘာမဆို ရင်ဆိုင်တတ်နေပါပြီ။ ရေစီးတစ်ခါ၊ ရေသာ တစ်လှည့် မဟုတ်လား။ ဈေးဆိုတာ ရောင်းတိုင်းမမြတ်သလို၊ အမြဲတမ်းလည်း မရှုံးပါဘူးလေ။ စကားကြီး စကားကျယ် ပြောတာတော့ မဟုတ်ပါဘူး။ မြနှင်းတို့ရဲ့ ဘ၀ဆိုတာ သံသရာကို အာခံရင်းနဲ့ပဲ ခရီးဆက် ရတာပဲ အစ်ကိုရေ။
Mizzima Burmese