နိုင်တယ် ဆိုတာတောင်မှ သိက္ခာရှိရှိနိုင်မှ ဂုဏ်ရှိတာ
ပို့စ်တင်ချိန်
- 12/21/2013 07:38:00 PM
၄၄ နှစ်ကြာ တကျော့ပြန်
၄၄ နှစ်ကြာမှ တကျော့ပြန် ကျင်းပပြုလုပ်ခွင့်ရတဲ့ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကတော့ ကိုရွှေမြန်မာတွေကို ဖမ်းစားလိုက်နိုင်ခဲ့ပါတယ်။ ဆိုးသည်၊ ကောင်းသည် စကားနှစ်လီတွေကလည်း စိတ်ဝင်စားဖို့ တွေးဖို့ ဖြစ်ရပါတယ်။
ဆီးဂိမ်းဖွင့်ပွဲ အကြောင်းပြောရင် တရားအားထုတ် တရုတ် အားထား ဆွေမျိုးပေါက်ဖော်တွေ တွဲလျက်ပါလာတာလည်း ထူးနေပြန်ပါတယ်။ ဘောလုံးပွဲတွေမှာ ဦးအောင်ဇေယျကို ပွဲထုတ်လာသူတွေ တွေ့မြင်ရတော့ ဘယ်လို ပြောရမယ် မသိအောင် ဖြစ်ရပြန်ပါတယ်။ ကတ်ပြားတပ်ခြင်း၊ မတပ်ခြင်းကို သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်က သူ့ဖေ့စ်ဘွတ်မှာ ဓာတ်ပုံတွေ ယှဉ်တင်လာတာ တွေ့ရပြန်တော့လည်း “ညီမလေးရယ် စိုးရိမ်မိတယ်” ဆိုတဲ့ ၀တ္ထုခေါင်းစဉ် ပြေးမြင် မိပြန်ပါတယ်။
ဆီးဂိမ်းဖွင့်ပွဲနဲ့ ပတ်သက်ပြီး မြင်စရာ၊ တွေးစရာနဲ့ ကောင်းတာတွေ ဖေ့စ်ဘွတ်မှာ ရေးတင်ထား ကြတာ မျှဝေ ပေးချင်ပါတယ်။
ဖွင့်ပွဲမှာ လူအင်အား ၁ သောင်းကျော် သုံးပြီး သရုပ်ပြ တင်ဆက်ခဲ့တာ၊ အများစုက ယဉ်ကျေးမှုသင်တန်း ကျောင်းသားတွေနဲ့ တပ်မတော်သားတွေလည်း ပါတယ်လို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။ သရုပ်ပြ တင်ဆက်ခဲ့တဲ့ ကလေးတွေအကြောင်း ရေးတင်ထားတာ အရင် ဖတ်ကြည့်ကြပါ။
“ဆီးဂိမ်းဖွင့်ပွဲကို မလိုတမာ ရှုတ်ချကဲ့ရဲ့ ပြောနေကြတဲ့ သူတွေကို တခုပဲ ကျနော် ပြောချင်ပါတယ်၊ ကျန်တာတွေ ဘာမှ မချီးမွမ်းချင်နေကြပါ၊ လပေါင်းများစွာ ကတည်းက နေ့စဉ်နဲ့အမျှ ချွေးဒီးဒီးကျအောင် သရုပ်ဖော်ကွက်တွေ၊ အဆိုနဲ့ အကတွေကို လေ့ကျင့်ခဲ့ကြရတဲ့ ခင်ဗျားတို့ရဲ့ သားသမီးအရွယ်၊ တူ၊ တူမအရွယ်၊ ညီနဲ့ ညီမငယ်အရွယ်လေးတွေရဲ့ ကြိုးပမ်း အားထုတ်ခဲ့ရမှုတွေကို နည်းနည်းလောက်တော့ အသိအမှတ် ပြုသင့်ပါတယ်၊ စင်ပေါ်မှာ နာရီဝက်လောက်သာ ကြာမယ့် တင်ဆက်မှု ၁ ခုကို အနည်းဆုံး အကြိမ် ၁၀၀ ထက်မနည်း သူတို့လေးတွေ လေ့ကျင့်ခဲ့ကြရပါတယ်။ လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းက သူတို့တတွေ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရတာပါ။ ညနေ တန်းဖြုတ်ချိန် ရောက်ပြီး ရေချိုး ထမင်းစားပြီးလို့ ညဘက်အချိန်ထိအောင် လေ့ကျင့်နေတဲ့ ကလေးတွေကို သက်ဆိုင်သူတယောက်က မေးကြည့်တယ်တဲ့။ “သမီးတို့က ကိုယ်ပိုင်အချိန်မှာ မနားဘဲ ဘာလို့ ညကြီးမှာ ထပ် လေ့ကျင့်ကြတာလဲ” သူတို့လေးတွေရဲ့ အဖြေက “သမီးတို့ မညီရင် သမီးတို့ နိုင်ငံကို အထင်သေးသွားကြမှာပေါ့” တဲ့။ တကယ်ကို စိတ်ဓာတ် မြင့်မားတဲ့ ကလေးတွေနော်။ သူတို့တွေရဲ့ ကြိုးစားမှုကို ကျနော်တော့ မျက်ရည်ကျမတတ် ၀မ်းမြောက်မိပါတယ်။ ဒါကို တရုတ်က မီးထွန်းပေးလို့သာ ဒီ အခမ်းအနားကြီး ဖြစ်တာပါကွာလို့ ပြောလိုက်တာနဲ့ ဒီကလေးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မြောင်းထဲကို ကန်ချလိုက်သလို ပါပဲဆိုတာ စဉ်းစားမိကြရဲ့လား ခင်ဗျာ။ ၀မ်းသာဂုဏ်ယူ နေကြသူတွေဘက်က ကြည့်ရင်လည်း ဒီလို ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ဂုဏ်ယူဝင့်ကြွားမှု မလုပ်နိုင်ခဲ့တာ “ရာစုနှစ် တ၀က် နီးပါးလောက်” ကြာခဲ့ပါပြီ။ အခုလို ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ ၀မ်းမြောက်ဂုဏ်ယူ နေကြတာလေးကို နည်းနည်းလောက်တော့ မုဒိတာ ပွားပေးကြပါလားဗျာ။”
ကလေးတွေ မိုးထဲလေထဲ အကာအရံမဲ့ ကွင်းပြင် ကွက်လပ်တွေထဲ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း လေ့ကျင့်နေကြပုံ ဓာတ်ပုံနဲ့ တွဲတင်ထားတာပါ။ ဆီးဂိမ်းဖွင့်ပွဲ တီဗွီမှာ ကြည့်လိုက်ရကတည်းက သရုပ်ပြ တင်ဆက်ခဲ့ကြတဲ့ ကလေးတွေ ဘယ်လောက် လေ့ကျင့်ထားတယ်ဆိုတာ ခန့်မှန်း ကြည့်မိထားပြီး ချီးကျူးနေမိတာပါ။ စင်ကာပူ တီဗီချန်နယ်ဖိုက်က ပရီစင်တာဆို တချိန်လုံး ချီးကျူး ဂုဏ်ပြုစကား ပြောနေတာ တွေ့ရပါတယ်။ ၂၀၁၅ သူတို့ အိမ်ရှင် အလှည့်ကျ ဒီလိုမျိုး ခမ်းခမ်းနားနားဖြစ်အောင် လုပ်ရမယ်လို့လည်း ပြောသွားတာ ကြားလိုက်ရပါတယ်။ (မြန်မာ့ရုပ်မြင်သံကြား ပရီစင်န်တာကတော့ နားထောင်ရ အတော်ဆိုးပါတယ်၊ အခမ်းအနား အစီအစဉ် ကြေညာသူတွေ အသံအတိုင်း လွှင့်ပေးရင်တောင် တော်တော် အဆင်ပြေမှာပါ။ ပြောတတ် ဆိုတတ် သူတွေလည်း မျိုးဆက်ပြတ်ကုန်ပြီထင်ပါ့)။
မတူကွဲပြားတဲ့ အမြင်တွေ
ဒါလေးကတော့ စင်ကာပူမှာ အလုပ် လုပ်နေတဲ့ မြန်မာတဦး ရေးတင်ထားတာပါ။
စင်ကာပူနေ ညီငယ်တယောက်ရဲ့ အလုပ်ထဲက စင်ကာပူရီယန်မိတ်ဆွေက ပြောပါတယ်။ ဆီးဂိမ်းပွဲကြီး ညက ကြည့်ပြီး မနက်မှာ ပြောတာပါ။
“မင်းတို့ အစိုးရက ဒီပွဲကြီးအတွက် ပိုက်ဆံတွေ သုံးလှချည်လား၊ တကယ်ဆို ဆေးရုံတွေ များများ ဆောက်ပါတော့လား၊ ငါ့ရဲ့ မြန်မာ သူငယ်ချင်းတွေ တခါလာ သူတို့ ဆွေမျိုးတွေ ဆေးကုတော့မယ်ဆို စင်ကာပူလာ ဘန်ကောက် သွားနဲ့” လို့ ပြောပါတယ်။ ဒီစကားရဲ့ နောက်ကွယ်မှာတော့။
မြန်မာပြည် အနေအထားကို စေတနာနဲ့ အားမလို အားမရ ဖြစ်တာလည်းပါမယ်။ စင်ကာပူ နိုင်ငံသားအနေနဲ့ အထက်စီးက ပါးပါးလေး ကျောတာလည်းပါမယ်ပေါ့လေ။ (မြန်မာနိုင်ငံက ပိုက်ဆံရှိသူတွေ ကျန်းမာရေးကိစ္စ ထစ်ခနဲရှိ အကဲပိုကြတာလည်း ပါသပေါ့) ဘာပဲဖြစ်ဖြစ် တွေးစရာ တခုတော့ ရတာပါပဲ။
ချမ်းသာတဲ့ စင်ကာပူမှာတောင် နှစ်တိုင်း အမျိုးသားနေ့ပွဲကို တခမ်းတနား လုပ်တဲ့အခါ နီနီရဲအောင် ၀တ်လို့ သွားအားပေးကြတဲ့သူတွေ ရှိသလို မလိုအပ်ဘဲ ပိုက်ဆံတွေ ဖြုန်းတယ်လို့ ယူဆပြီး အစိုးရကို တဲ့တိုး ဝေဖန်သူတွေလည်း အများကြီးပေါ့။ ဒါပေမယ့် နိုင်ငံသားတွေကတော့ ပြောင်ပြောင် ယောင်ယောင်နဲ့ အခြေခံ လိုအပ်ချက်တွေတော့ ပြည်စုံကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းမှာ အင်ဒိုအစိုးရက အမေရိကန်ဒေါ်လာ သန်း ၃၇၀ ကျော် သုံးခဲ့ရပါတယ်။ မြန်မာအစိုးရရဲ့ တာဝန်ရှိသူတဦး အဆိုအရလည်း အဲဒီ ပမာဏထက်မနည်း သုံးမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံသာ မကူရင် မီးရှူးမီးပန်းဖောက်ဖို့တောင် အတော် စဉ်းစားရမှာပါ။ တရုတ်က သူတို့ဆီ လုပ်သွားတဲ့ ၂၀၀၈ အိုလံပစ်ပွဲ၊ ၂၀၁၀ အာရှ အားကစားပွဲတွေမှာ ဖွင့်ပွဲနဲ့ ပိတ်ပွဲ သရုပ်ပြ တာဝန်ယူခဲ့တဲ့ အားကစား ကော်ပိုရေးရှင်းတခုကို လွှတ်ပြီး နည်းပညာရော လူအင်အား ၇၀၀ ပါ အကူအညီ ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအပေါ် ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောခွင့်ရ ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ဖေ့စ်ဘွတ်မှာ အခုလို ရေးတင်ထားပါတယ်။
“၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားမှာ အသံ၊ မီးနဲ့ မီးရှူး မီးပန်းများနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှ နည်းပညာကို အသုံးပြုတဲ့အပေါ် ဝေဖန်နေတာ တွေ့ရပါတယ်။
“မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဟာ အစိုးရက လုပ်တာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေက အိမ်ရှင်အဖြစ် ကျင်းပတာ ဖြစ်ပါတယ်။ အစိုးရက ဒီတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပေးတာပါ။ ဒါကြောင့် ဒီပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ မြန်မာပြည်သူများရဲ့ အောင်ပွဲ ဖြစ်ပါတယ်။
“ဒါကြောင့် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများ ခမ်းနားစွာ ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ နည်းပညာ မှန်သမျှ အသုံးပြုမှာပဲ ဖြစ်ပါတယ်။ အသံ၊ မီးနဲ့ မီးရှူးမီးပန်းများနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံက နည်းပညာကို အသုံးပြုခဲ့သလို ရုပ်သံရိုက်ကူး ထုတ်လွှင့်ရေးနဲ့ ပတ်သက်ရင် အမေရိကန် နိုင်ငံက Grass Valley ကုမ္ပဏီက ပစ္စည်းများနဲ့ နည်းပညာကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပါပဲ၊ ရိုက်ကူးရေး ၀န်ထမ်းများကို လေ့ကျင့်ပေးဖို့အတွက် ပြင်သစ် CFI အဖွဲ့အစည်းနဲ့ ဗြိတိန်နိုင်ငံက BBC Media Action တို့က အကူအညီ ပေးခဲ့ပါတယ်။
“ဘာတွေ လုပ်နိုင်ခဲ့တယ် ဆိုတာကို အသိအမှတ် မပြုနိုင်ဘဲ ဘယ်သူလုပ်တာ ဆိုတာကိုပဲ ကြည့်ပြီး ပြောနေသူများ၊ လန်ဒန်အိုလံပစ်မှာလည်း တရုတ်နည်းပညာများ သုံးခဲ့ကြောင်း အောက်ပါ လင့်ခ်များမှာ လေ့လာကြည့် စေလိုပါတယ်။ မသိတဲ့လူတွေပြောတာ နားလည်ပေးနိုင်ပေမယ့် စာဖတ်ပြီး သိအောင်လုပ်ရမယ့် နိုင်ငံရေးလောကက ပုဂ်္ဂိုလ်များက ပြောတာကိုတော့ သူတို့ဝမ်းစာ မပြည့်မှုအတွက် စိတ်မကောင်း ဖြစ်ရပါတယ်။”
အစိုးရပိုင်းက အခုလို သဘောထားမှတ်ချက်ပေးသလို ဆီးဂိမ်းကို လက်မခံနိုင်တဲ့ မတူကွဲပြားတဲ့ သဘောထားတွေလည်း ဖေ့စ်ဘွတ်ပေါ်မှာ ရှိပါတယ်။ ဖတ်ကြည့်ပါဦး။
“အခု ကျင်းပနေတဲ့ ဆီးဂိမ်းနဲ့ပတ်သတ်ပြီး ကျမဝေါ (wall) မှာ လက်ခံသူရော လက်မခံသူပါ တွေ့ရပါတယ်၊ မနေ့က ဖွင့်ပွဲ အပြီးမှာတော့ နှစ်ဖက်စလုံးက အသံတွေ ပိုမို ကျယ်လောင်လာကြရင်းက အချင်းချင်း ထိုးနှက် တိုက်ခိုက်ကြတဲ့ အရေးအသားတွေပါ တွေ့လာရပါတယ်။ ကျမတဦးတည်းရဲ့ သဘောထားအရတော့ ဒီဆီးဂိမ်းကို လက်မခံပါဘူး။ ဒါပေမယ့် လက်ခံပြီး ပျော်ရွှင်စွာ ဂုဏ်ယူကြောင်း ဆိုနေသူတွေကိုလည်း မဆန့်ကျင် မတိုက်ခိုက်လိုပါဘူး။ ကျမအနေနဲ့ ဘာလို့ ဒီဆီးဂိမ်းကို လက်မခံကြောင်း ပြောပါမယ်။
ဆီးဂိမ်းမှာသုံးဖို့ မီးလုံးတွေအတွက် အသုံးပြုတဲ့ ငွေကြေးတန်ဖိုး သိန်း ၇ ထောင်ကျော်လို့ ကြားတဲ့အခါ လျှပ်စစ်မီးတောင် မရှိတဲ့ မြန်မာပြည်အနှံ့က ကျေးရွာပေါင်း ၄ သောင်းကျော် အကြောင်း တွေးမိပြီး အားနာလို့ ကျမ ဂုဏ်မယူနိုင်ပါဘူး။
“မြန်မာ မြန်မာ မြန်မာတဲ့ဟေ့” ဆိုတဲ့ ဆီးဂိမ်း ဂုဏ်ပြုသီချင်းသံကြားတိုင်း အိမ်ပေါင် လယ်ရောင်းပြီး ရေခြားမြေခြားမှာ မျက်နှာငယ်စွာ အလုပ်ကြမ်း သွားလုပ်နေရတဲ့ ကိုယ့်ပြည်သားတွေ မျက်နှာ ပြေးပြေးမြင်မိလို့ ကျမ ဂုဏ်မယူနိုင်ပါဘူး။
ဆီးဂိမ်းမှာ လွှင့်ဖောက်လိုက်တဲ့ မီးရှူးမီးပန်း ရောင်စုံကို မြင်ရတဲ့အခါ ဗုံးသံကျည်သံတွေကြား အိုးပစ် အိမ်ပစ် စစ်ပြေးနေရတဲ့ ကိုယ့်တိုင်းရင်းသား သွေးချင်းတွေကို မြင်ယောင်ပြီး ကျမ ဂုဏ်မယူနိုင်ပါဘူး။
မပြေလည်သေးတဲ့ ကြေးနီမိုင်း ပြဿနာနဲ့ သမ္မတဦးသိန်းစိန် သက်တမ်းအပြီးမှာ ဘယ်လို ရှေ့ဆက်ရမယ် မသိသေးတဲ့ မြစ်ဆုံဆည်နဲ့ ဧရာဝတီရဲ့ အရေးက အဖြေမထွက်သေးခင်၊ တရုတ်ရဲ့ ကျေးဇူးရှိတယ်လို့ လူသိရှင်ကြား တရားဝင် ထုတ်ဖော်ပြောထားတဲ့ အစိုးရဟာ ဒီဆီးဂိမ်းအတွက် ကျေးဇူးရှင် တရုတ်ဆီမှာ အမေရိကန် ဒေါ်လာ ၃၆ သန်းဖိုး ကျေးဇူးကြွေး ထပ်တင်ခံလိုက်တဲ့အခါ အလန့်တကြားနဲ့ ကျမ ဘယ်လိုမှ ဂုဏ်မယူနိုင်ပါဘူး။
ဒါဆို ဒါတွေကို ဂုဏ်မယူဘူးဆိုတော့ ကျမက ဘာကိုမှ ဂုဏ်မယူတတ်ဘူးလား၊ ဘာကိုမှ ဂုဏ်မယူချင် ဘူးလား မေးလာခဲ့ရင် ကျမက ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးအတွက် သိပ်ကို ဂုဏ်ယူချင်နေသူပါလို့ပဲ ဖြေပါရစေ။
တိုင်းပြည်ရဲ့ တဦးချင်း အနည်းဆုံး လုပ်ခလစာဟာ ဒေသတွင်းနိုင်ငံတွေကို ဥပမာ – ထိုင်းလောက်၊ ဗီယက်နမ် လောက်ကို မီလာတဲ့အခါ ဂုဏ်ယူလိုက်မှာပါ။
တိုင်းပြည် အလုံးစုံ ငြိမ်းချမ်းလို့ ကျမတို့ အမြဲဆိုနေတဲ့ ကမ္ဘာမကျေ သီချင်းထဲက “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ” ဆိုတဲ့ စာသားလေးကို ဘယ်သူ့မှ အားမနာဘဲ ဆိုခွင့်ရပြီဆိုတဲ့အခါ ကျမဂုဏ်ယူလိုက်ပါမယ်။
ကျမတို့ တက္ကသိုလ်တွေက ပေးတဲ့ ဘွဲ့လက်မှတ်တွေကို အခု ဆီးဂိမ်းမှာ ၀င်ဆင်နွှဲနေကြတဲ့ နိုင်ငံတွေရဲ့ တက္ကသိုလ်တွေက လေးလေးစားစား အသိအမှတ်ပြုကြပြီ ဆိုတဲ့အခါ ကျမ ရှေ့ဆုံးက ဂုဏ်ယူလိုက်ပါမယ်။
ကားလမ်းမပေါ်တက်ပြီး ဘောလုံးကန်၊ စွန်လွှတ် လုပ်နေကြရတဲ့ ကျမတို့ ကလေးတွေအတွက် ရပ်ကွက်ကစားကွင်းတွေ၊ ကျောင်းကစားကွင်းတွေ သူများနိုင်ငံတွေမှာလို အပြည့်အစုံ ရှိလာတဲ့တနေ့၊ ကျမ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်မြန်မာ့ အားကစားလောကအတွက် ရှေ့ဆုံးကကို ခေါင်းမော့ ဂုဏ်ယူပြပါမယ်။
အခုတော့ ကျမ ဘယ်လိုမှ ဂုဏ်မယူနိုင်ပါဘူး။ အကောင်းမမြင်တတ်ဘူးလို့ ပြောလာခဲ့ရင်လည်း ငယ်ငယ်တုန်းက ကလေးတွေ စကားနိုင်လုရင်း ပြောသလို၊ အကောင်းလား ပြည်ကြီးမှာလို့ပဲ ပြောရပါလိမ့်မယ်”
မေတ္တ္တာရပ်ပြီ
ဒီလို အမြင်သဘောထားတွေ တွေ့မြင် ဖတ်ရှုရတာလည်း တွေးဆဖို့ ဖြစ်ရပါတယ်။ အခု ဒီစာရေးနေတဲ့ အချိန်မှာ ဆီးဂိမ်းဖွင့်ပွဲအပြီး ပရိသတ် စိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ မြန်မာနဲ့ ထိုင်း ဘောလုံးပွဲ ကန်ပါတော့မယ်၊ ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွေနဲ့ ဖွားဘက်တော် ဖြစ်လာတာကတော့ လက်မှတ်မှောင်ခိုနဲ့ အရက်မှောင်ခိုပါပဲ။ ဒီသံသရာက လည်ကောင်းတုန်း။
ထိုင်းနိုင်ငံနေ မိတ်ဆွေတဦးက အခုလို မေတ္တာရပ်စာ ရေးတင်ပါတယ်။
အထူးသတိပေးခြင်း – ယနေ့ မြန်မာ – ထိုင်း ဘောလုံးပွဲ အား ဘောလုံးကွင်းအတွင်းမှ သွားရောက် အားပေးကြမည့် ဘောလုံးဝါသနာရှင်များ အနေနှင့် ထိုင်း လူမျိုးများအား နာကြည်းစိတ် ဖြစ်ပေါ်စေမည့် အပြုအမူ အသုံးအနှုန်း များအား မပြုလုပ်ကြပါရန် အထူး သတိပေးအပ်ပါသည်။ ထိုင်းနိုင်ငံတွင် ကျနော်တို့ နိုင်ငံသားများ အမြောက်အမြား အလုပ်လုပ်နေကြသည်ကို သတိပြုစေလိုပါသည်။ ပဋိပက္ခ များကြောင့် မလေးရှားရောက် မြန်မာများ ဒုက္ခရောက် ကြရသည်ကို မမေ့အပ်ပါ။
မေတ္တာဖြင့် …။
သူစိုးရိမ်လည်း စိုးရိမ်စရာပါ။ ဘောပွဲသွားအားပေးတာ ဦးအောင်ဇေယျ ဓာတ်ပုံပါ ဗီနိုင်းကြီး ကိုင်လို့။ ဆီးဂိမ်းဖွင့်ပွဲအတွက် ဂုဏ်ယူနေကြတုန်း စိတ်ဓာတ်တွေ အောက်တန်း ကျတာ တပြိုင်တည်း ပြနေသလိုပါပဲ။ ဒါ ဆင်ခြင်ဉာဏ် နည်းတဲ့ လူနည်းစု လုပ်ရပ်ပါ။ ဒါမျိုးကို တာဝန်ရှိတဲ့ လုံခြုံရေးတွေ လက်ပိုက်ကြည့်မနေဘဲ ပြတ်ပြတ်သားသား ထိထိ ရောက်ရောက် အရေးယူဖို့ လိုပါတယ်။ အရေးယူရ ကောင်းမှန်း သိဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဆီးဂိမ်း ခြင်းခတ်ပြိုင်ပွဲ သွားအားပေးရင်း ပြောသွားတဲ့ စကား တခွန်းနဲ့ ဒီစာစုကို အဆုံးသတ်ပါမယ်။
“ရှုံးလို့ရှိရင်လည်း မယိုင်နဲ့၊ နိုင်လို့ရှိရင်လည်း မကျောနဲ့၊ နိုင်တယ် ဆိုတာတောင်မှ သိက္ခာရှိရှိနိုင်မှ ဂုဏ်ရှိတာ”
ပြည်သူ့ခေတ်ဂျာနယ် အတွဲ – ၄၊ အမှတ် – ၁၇၆ မှ ရွှေအာင်၏ ဆောင်းပါးကို ပြန်လည်ဖော်ပြသည်။
By ရွှေအောင် (DVB Burmese)