လောကကြီးမှာ မရှိတာထက် မသိတာခက်
ပို့စ်တင်ချိန်
- 12/18/2013 08:00:00 PM
လောကကြီးမှာ မရှိတာထက် မသိတာခက်တဲ့
မရှိတာကိုသာ ရှိအောင်လုပ်နေကြပေမယ့်
မသိတာကို သိအောင်လုပ်ဖို့ကျရင်တော့ ကျွန်တော်တို့တတွေ တုန့်ဆိုင်းနေတတ်ကြ
တာ သဘာဝပါ ....
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ နေ့စဉ်မြင်တွေ့၊
ကြားသိနေရတဲ့ အရာတွေကို အသိ(Knowledge)
လို့သတ်မှတ်ပြီး .. အဲဒီကရလာတဲ့ အသိကိုမှ
အကောင်းအဆိုးအနေနဲ့ မိမိကိုယ်ပိုင်ဥာဏ်နဲ့ အကြောင်းအကျိုးအဖြစ် ဆင်ခြင်စဉ်းစားပြီး နှလုံးသွင်းမှတ်ယူ တဆင့်မြှင့်တင်နိုင်မှာသာ
ပညာ(Wisdom) လို့ ခေါ်ဆိုနိုင်မှာပါ ...
ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ အကြောင်းအရာလေးကို
တင်ပြရင်းနဲ့ ရှေ့ဆက်ကြည့်ရအောင်....
ရုံးအုပ်စာရေးကြီးတစ်ယောက်ရှိတယ် ..အမည်က
ဦးဘထွန်းတဲ့ ...ရွှေတိဂုံဘုရားမှာ ဦးဘထွန်း
တစ်ယောက် လေးဆယ့်ငါးရက်အဓိဌာန် ဝင်နေ တာ ဒီနေ့ဆိုပြည့်ပြီ...
အဓိဌာန်ပြည့်သွားတဲ့ ဦးဘထွန်းတစ်ယောက်
စိပ်ပုတီးလေး လွယ်အိတ်ထဲကောက်ထည့်ပြီး
ဘုရားစောင်းတန်းက လှည့်အထွက်မှာ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့ လူတစ်ယောက်
သူရှေ့မှာပိတ်ရပ်နေပြီး စကားလှမ်းပြောတယ်...
“ ဘထွန်း ငါ့ကိုငွေနှစ်ရာ ပေးစမ်းတဲ့ ”
“ ဟ ဘာလို့ ကျုပ်ကငွေနှစ်ရာ ပေးရမှာလဲ ”
“ ပေးမှာသာပေးစမ်းပါ ဘထွန်းရာ မင်းအကျိုး
မယုတ်စေရပါဘူးကွ ”
ဦးဘထွန်း ဘာမှဆက်ပြောမနေတော့ပဲ ငွေနှစ်ရာ
ထုတ်ပေးအပြီးမှာ သတင်းစာ နှစ်စောင်ပြန်ပေး
ရင်းနဲ့ အဲဒီလူ သူ့ရှေ့ကရုတ်ခြည်းပျောက်သွား
တယ်...
ဦးဘထွန်း အံသြတကြီးနဲ့ သတင်းစာ
ရက်စွဲကိုဖတ်လိုက်မှ ပိုလို့တောင်
အံအားသင့်သွားခဲ့တယ်...
ဒီနေ့မှ လကုန်၃၀ရက်နေ့ ..မနက်ဖြန်မှ ၃၁ရက်
ဒါဆို ဒီသတင်းစာနှစ်စောင်က ၁ရက်နေ့နဲ့ ၂ရက်နေ့ရက်စွဲတပ်ထားတဲ့ သတင်းစာဆိုတော့ သန်ဘက်ခါမှထွက်ရမှာလေ
..ဘာဖြစ်လို့များးးးးးးးးးးး
ဦးဘထွန်း အခြေအနေကို ချက်ချင်း သဘောပေါက်လိုက်တယ်..ဒါသူတော်ကောင်း
တွေမစချင်လို့သာ ပေးတဲ့သတင်းစာဖြစ်ရမယ်..
ချက်ချင်းပဲ ၁ရက်နေ့ နေ့စွဲနဲ့သတင်းစာကို
ကောက်ဖတ်ကြည့်လိုက်တော့ ခေါင်းကြီးပိုင်းမှာ
သိန်းတစ်ထောင် ထီဆုကြီးရဲ့ အက္ခရာစဉ်နဲ့
ကိန်းဂဏန်းတွေကို တိတိကျကျကြီး မြင်လိုက်ရ
တယ်....
အဲလိုနဲ့ဦးဘထွန်းတစ်ယောက် ရသမျှပိုက်ဆံစုပြီး
၃၁ရက်နေ့မှာ သတင်းစာပါတဲ့ထီနံပါတ်ကို ရှာပုံ
တော်ဖွင့်တာ နောက်ဆုံးမထင်မရှားထီဆိုင်လေး
တစ်ခုကျမှရတယ် ...
၁ရက်နေမှာ့ အလုပ်ကိုခွင့်ယူပြီး ထီရုံးကိုမိုးလင်း
ထဲကသွား ထီဖွင့်တာကို စိတ်အားထက်သန်စွာ
စောင့်နေခဲ့တယ် ...
နောက်ဆုံး အတိုချုပ်ပြောရရင် ဦးဘထွန်း
သိန်းတစ်ထောင်ဆုကြီး တကယ်ပေါက်တယ်..
ကားတစ်စီးကို အချိန်ပိုင်းနဲ့ငှား သူ့မိတ်ဆွေ
တွေကိုခေါ်ပြီး တဆိုင်ဝင်တဆိုင်ထွက်နဲ့
သောက်စားမူးရစ်ပြီး အောင်ပွဲခံတယ် ...
ညဘက်လူစုခွဲတော့ သူတော်တော်မူးနေပြီ
အပြန်လမ်းမှာ ကားကိုအာရုံစိုက်ပြီးမောင်းလာတဲ့
ကြားက တစ်နေရာအရောက်မှာ စူးရှလွန်းတဲ့
မီးရောင်တစ်စုံက သူ့ကားဘေးဘက်ကို
တန်းတန်းမတ်မတ်ကြီး အရှိန်နဲ့ထိုးဝင်လာတယ်
ဦးဘထွန်း တကယ့်ကိုနောက်ကျသွားခဲ့ပါပြီ
အရှိန်နဲ့မောင်းလာတဲ့ ကုန်တင်ရထားရှေ့ကိုမှ
သူ့ကားက ဖြတ်မောင်းမိရက်သားဖြစ်ပြီး
ဦးဘထွန်းတစ်ယောက် အဲဒီနေရာမှာတင် ပွဲချင်း
ပြီးဆုံးပါးသွားခဲ့တယ် .. ဇာတ်လမ်းကဒါပါပဲ..။
ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး စာရေးသူက အောက်
မှာစာလေးနှစ်ကြောင်း ဖြည့်စွတ်ရေးသားထားပါ
တယ်...
( အကယ်ရ်ျများ ဦးဘထွန်းတစ်ယောက် ၁ရက်နေ့
သတင်းစာပါ ထီအကြောင်းကိုပဲဖတ်ပြီး အပျော်လွန်ပြီး ရပ်မထားခဲ့ဘူးဆိုရင်....၂ရက်နေ့
သတင်းစာမှာပါတဲ့ နာရေးကြော်ငြာလေးကို
ဖတ်မိသွားခဲ့ရင်တော့ ဦးဘထွန်းရဲ့ ကံကြမ္မာဟာ
တစ်မျိုးတစ်ဖုံပြောင်းလည်းသွားနိုင်ပါတယ်...)
( နာရေးကြော်ငြာပါ အကြောင်းအရာကတော့
၁ရက်နေ့ညပိုင်း သန်းခေါင်ယံအချိန် ဦးဘထွန်း
အမည်ရှိလူတစ်မောင်းနှင်လာသော ယဉ်အမှတ်
ဘယ်လောက် ဘယ်လောက် ယဉ်အမျိုးအစား
သည် ကုန်တင်ရထားတစ်စီးနှင့် မတော်တဆ
တိုက်မိရာမှ ယဉ်မောင်းမှာ နေရာတွင်ပင်သေဆုံး
ပြီး ကားမှာပျက်ဆီးဆုံရှုံးသွားကြောင်း ........)
ကျွန်တော်စာတစ်ပုဒ်လုံးကို ပြန်ချုပ်ပါတော့မယ်
ဟုတ်တယ် ..ကျွန်တော်တို့တိုင်းပြည်ဟာ အစိုးရ
အဆက်ဆက် အသိနဲ့ပညာတွေမဖွံ့ဖြိုးခဲ့တဲ့
အတွက် သူများတိုင်းပြည်တွေနဲ့ယှဉ်ရင်နှစ်ပေါင်း
များစွာ နောက်ကျကျန်နေခဲ့ပါတယ် ...
အဆိုးဆုံးက ဧရာဝတီမြစ်ကြီးအပါအဝင် သစ်တောကြီးတွေ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတ
တွင်းထွက်တွေ ၊ သဘာဝဓာတ်ငွေ့တွေကို
တိုင်းပြည်နဲ့ပြည်သူအများအတွက် မဟုတ်ပဲ
လိုသလို ခေတ်အဆက်ဆက်ကိုယ်ကျိုးရှာ
ရောင်းချနေတာဟာ ၁ရက်နေ့သတင်းစာကိုပဲ
ဖတ်ခဲ့မိတဲ့ ဦးဘထွန်းလိုပဲ အခုနေအခါမှာ အပျော်ကြီးပျော်ရမယ့် အနေအထားမျိုး ဆိုပေမယ့် ....
နောင်လာမယ့် တစ်နေ့မှာတော့ ကျွန်တော်တို့
တိုင်းပြည်ရဲ့ အနာဂတ်ဟာရှေ့ဖြစ်လာမယ့်
အုပ်ချုပ်သူ လူကြီးမင်းတို့ရဲ့ အသိပညာအမြော်
အမြင်နည်းပါးမှုကြောင့် ၂ရက်နေ့သတင်းစာကို
မဖတ်ဖြစ်ခဲ့တဲ့ အခြေအနေထက် တိုင်းပြည်ရဲ့
အနာဂတ်အရေးဟာ မတွေးရဲလောက်စရာ
ဆိုးရွားသွားနိုင်ပါကြောင်း ခံစားမိရင်း..........။
မောင်ချမ်း ( ခရမ်းပြာ )
သာဝတ္ထိဟောပြောပွဲမှ ဆရာကြီးရဲ့ ကောက်နှုတ်
ချက်ကို ကျွန်တော်နားလည်ခံစားမိသလို ပြန်လည်
ရေးသားထားခြင်းသာဖြစ်ပါကြောင်း .......