ထင်ရှားကျော်ကြား ၂၀၁၃
ပို့စ်တင်ချိန်
- 12/30/2013 10:26:00 AM
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် Facebook စာမျက်နှာတွင် ဖော်ပြထားမှု တစ်ခုအား တွေ့ရစဉ်
၂၀၁၃ ခုနှစ်တွင် ပြည်သူလူထုအကြား လက်တွေ့အကောင်အထည်ပေါ်မှု နည်းပါးသော်လည်း ပြောစမှတ်တွင်သည့် မိန့်ခွန်းများစွာ ပြောကြားခဲ့သူ သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၏ ခံကတုတ်အနေဖြင့် ဝေဖန်မှုများကို တုံ့ပြန်ပြောကြားသူ သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်တို့အား ၂၀၁၃ ခုနှစ်၏ Person of the Year အဖြစ် Weekly Eleven News ဂျာနယ်က ရွေးချယ်ဖော်ပြပါသည်။ ၂၀၁၂ ခုနှစ်သည် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်များ ဖြစ်စေခဲ့သည့် နှစ်တစ်နှစ်ဟု ဆိုပါလျှင် ၂၀၁၃ ခုနှစ်သည် အကောင်းထက် အဆိုးက ပိုများခဲ့သော နှစ်တစ်နှစ်ဟု သတ်မှတ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများ၊ မြန်မာနိုင်ငံ အလယ်ပိုင်း မငြိမ်မသက်မှုများနှင့် မြန်မာနိုင်ငံ အနောက်ပိုင်း မတည်ငြိမ်မှုများက ၂၀၁၃ ခုနှစ်တွင်လည်း ရပ်တန့်သွားခြင်း မရှိသေးပေ။ အစိုးရအဖွဲ့အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းများနှင့်အတူ လူထု၏ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိခြင်း၊ လယ်မြေသိမ်းမှု ပြဿနာများ၊ တရားမျှတမှု မရှိခြင်းများနှင့် တစ်နှစ်ပတ်လုံး အလျဉ်မပြတ် ဖြစ်ပေါ်ခဲ့သော ဆန္ဒထုတ်ဖော်မှုများ၊ ဘာသာရေး ပဋိပက္ခအသွင်ဆောင် အကြမ်းဖက်မှုများ၊ အကြမ်းဖက် ဗုံးဖောက်ခွဲမှုများမှာလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ အစိုးရ အုပ်ချုပ်ရေးမဏ္ဍိုင်၊ လွှတ်တော်ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် အစရှိသည့် မဏ္ဍိုင်သုံးရပ်အကြား ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့သည့်နည်းတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအ၀င်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမည်မျှအထိ သန့်ရှင်းမျှတမည် ဆိုခြင်းမှာလည်း သံသယဖြစ်ဖွယ် အနေအထား၌ ရှိနေသည်။
သမ္မတနှင့် မိန့်ခွန်း ၄၀ ကျော်
၂၀၁၃ ခုနှစ်ကို ပြန်ကြည့်မည်ဆိုပါက သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းများသည် လက်တွေ့ဖြစ်ပေါ်လာခြင်းထက် အပြောများသာ ဖြစ်နေခဲ့သည်။ သမ္မတ သက်တမ်းတစ်လျှောက် ပြည်သူလူထု၏ လိုအပ်ချက်နှင့် သက်ဆိုင်သော တိုက်ရိုက်မိန့်ခွန်း၊ ဌာနဆိုင်ရာ မိန့်ခွန်းများ အပါအ၀င် မိန့်ခွန်းပေါင်း ၇၀ ကျော်ပြောကြားခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် မိန့်ခွန်းအများဆုံး ပြောခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ခြောက်ကြိမ်ခန့်ပြောကြားပြီး ၂၀၁၂ ခုနှစ်တွင် အကြိမ် ၂၀ ခန့် ပြောကြားသည်။ ၂၀၁၃ ခုနှစ် တစ်နှစ်တည်း ၄၃ ကြိမ်ထက်မနည်း ပြောခဲ့သည်။ မိန့်ခွန်းများ၌ ပြောကြားခဲ့သည့် ကတိက၀တ်များမှာ လက်တွေ့နှင့် နှိုင်းယှဉ်ပါက အကောင်အထည်ပေါ်မှု အားနည်းခဲ့သော အချက်ကပင် သမ္မတ၏ မိန့်ခွန်းများအပေါ် ပြည်သူလူထု၏ စိတ်ဝင်စားမှု တဖြည်းဖြည်း လျော့ကျစေခဲ့ပြီး ၂၀၁၃ ခုနှစ်မှာလည်း ပြည်သူလူထု၏ မျှော်လင့်ချက်များေ၀၀ါးစေသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။
ဦးရဲထွဋ်နှင့် အစိုးရ၏ ခံကတုတ်
သမ္မတနည်းတူ အစိုးရ သို့မဟုတ် အုပ်ချုပ်ရေးမဏ္ဍိုင်၏ ခံကတုတ်အနေဖြင့် ရပ်တည်ပြီး စကားများစွာ ပြောဆိုခဲ့သူ နောက်တစ်ဦးမှာ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၈ ရက်က နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်သည် အစိုးရ၏ ခေတ်အဆက်ဆက် ၀ါဒဖြန့်ချိရေး ယန္တရားအနေဖြင့် ရပ်တည်ခဲ့သော ပြန်ကြားရေး ၀န်ကြီးဌာန၏ ဒုတိယ၀န်ကြီး ဖြစ်သည်။
၂၀၀၅ ခုနှစ်တွင် တပ်မတော်မှ အရပ်ဘက်သို့ ပြောင်းလဲရောက်ရှိလာသည့် ဦးရဲထွဋ်သည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်၌ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဖြစ်ခဲ့သည်။ ယခင်ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း အပါအ၀င် ဒုတိယ၀န်ကြီးများ အခြားဝန်ကြီးဌာနများသို့ အသီးသီး ရောက်ရှိသွားချိန်၌ ဦးရဲထွဋ်က တစ်ဆင့်မြင့်ရာထူးဖြင့် သမ္မတအနီးသို့ ရောက်ရှိခဲ့သူဖြစ်သည်။
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ရာထူးအတွက် ဦးရဲထွဋ်တွင် တာဝန်နှစ်ရပ်ရှိသည်။ အစိုးရ၏ မူဝါဒများ၊ လုပ်ငန်းဆောင်ရွက်မှုများကို မီဒီယာများက မေးမြန်းချိန်တွင် ဖြေကြားရန်ဖြစ်သည်။ ကျန်တစ်ခုမှာ သတင်းမှန်ကန်မှုများကို အတည်ပြုရန်၊ ကွဲပြားခြားနားသည့် အမြင်များကို ဖော်ပြရန်နှင့် အငြင်းပွားမှုများတွင် နှစ်ဖက်အမြင်များကို ဖော်ပြပြီး စာဖတ်သူများကို ဆုံးဖြတ်စေခြင်းဖြစ်သည်။
ထိုကဲ့သို့ တာဝန်နှစ်ရပ် ရှိသော်လည်း ၂၀၁၃ ခုနှစ်အတွင်း ဦးရဲထွဋ်၏ ပြောဆိုရေးသားချက်များမှာ အစိုးရဘက်တွင်သာ ရပ်တည်နေခဲ့သည်။
ဦးရဲထွဋ်၏ မျက်နှာစာများ
ဦးရဲထွဋ်ကို မျက်နှာစာသုံးမျိုးခွဲ၍ ရှုမြင်နိုင်မည်ဖြစ်သည်။ ပြန်ကြားရေး ဒုတိယ၀န်ကြီး၊ နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် Facebook ၀န်ကြီးဟူ၍ ဖြစ်သည်။
သမ္မတ၏ အာဘော်ကို ထင်ဟပ်စေသော ပြောဆိုမှုများ၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကိုယ်စား ဝေဖန်မှုများကို တုံ့ပြန်လေ့ရှိသည့် ဦးရဲထွဋ်သည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထက် ပို၍နာမည်ကျော်ကြားသူ ဖြစ်သည်။
အစိုးရပိုင် မီဒီယာများ၏ အကျိုးစီးပွားကို ကာကွယ်ရန် ထိပ်ဆုံးမှ ရပ်တည်ခဲ့သူ ဖြစ်သည့်အပြင် အစိုးရပိုင် မီဒီယာများကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်သည့် အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း၊ ပုဂ္ဂလိက သတင်းသမားများနှင့် သတင်းလွတ်လပ်ခွင့်ကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း မီဒီယာဥပဒေကြမ်း ပေါ်ထွက်လာရေးတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ပုဂ္ဂလိက မီဒီယာ အဖွဲ့အစည်းများ တိုင်ပင်ရေးဆွဲခဲ့သည့် ပုံနှိပ်မီဒီယာ ဥပဒေကြမ်းကို များစွာဝေဖန်ခဲ့သည်။
လူမှုကွန်ရက် ၀က်ဘ်ဆိုက် Facebook တွင် Follower ပေါင်း ၅၈၀၀၀ ဖြင့် အခိုင်အမာ ခြေကုပ်ယူထားသော ဦးရဲထွဋ်၏ Facebook Account မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကွန်ရက်တစ်ခုအဖြစ်သာ မကဘဲ သမ္မတနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်၏ ကွန်ရက်တစ်ခုအဖြစ် ရှုမြင်သူများ ရှိခဲ့သည်။
၂၀၁၃ ခုနှစ်အတွင်းမှာပင် ဦးရဲထွဋ်၏ Facebook ၌ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရေးသားချက်နှင့် ဝေဖန်မှုများကို ပုဂ္ဂိုလ်ရေးရှုထောင့်မှ တုံ့ပြန်ချက် ၆၀ ကျော်၊ ပဋိပက္ခဆိုင်ရာ ကိစ္စရပ်များ သက်ဆိုင်သော သတင်းဖော်ပြချက် ၅၆ ခုကျော်၊ တိုက်ပွဲဖြစ်ပွားမှုဆိုင်ရာ သတင်းဖော်ပြချက် ၄၃ ခုကျော်၊ ပုဂ္ဂလိက မီဒီယာများကို ဝေဖန်ထောက်ပြချက် ၄၀ ကျော်၊ အစိုးရပိုင် မီဒီယာများအပေါ် ဝေဖန်မှုများအား ကာကွယ်ခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာ ၃၅ ခုကျော်၊ မိတ္ထီလာအရေး သတင်းဖော်ပြချက် ၃၄ ခုကျော်၊ ရခိုင်အရေး သတင်းဖော်ပြမှု ၂၂ ခုကျော်၊ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုမှု ၁၁ ခုကျော်၊ အခြားဝန်ကြီးဌာနများနှင့် ပတ်သက်ပြီး ပြောဆိုမှု ၁၃ ခုကျော်၊ နေပြည်တော် အမြန်လမ်းနှင့် ပတ်သက်ပြီး ကာကွယ်ပြောဆိုမှု ၁၁ ကြိမ်အပါအ၀င် ၂၀၁၃ ခုနှစ်အတွင်း ပြောဆိုချက် စုစုပေါင်း ၇၀၀ ကျော်နှင့်အထက် ရေးသားခဲ့သည်။
ကချင်အရေးနှင့် ကွဲလွဲချက်များ
သမ္မတဦးသိန်းစိန်လက်ထက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အစွမ်းကုန်ကြိုးစားမည်ဆိုသော အချက်မှာ ပြည်သူများအကြား မျှော်လင့်ချက်များ ဖြစ်စေခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းအထိ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၊ ၂၀၁၃ ခုနှစ် အတွင်းမှာပင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဆက်လက်ဖြစ်ပွားခဲ့သော တိုက်ပွဲများက ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးဆဲ ဖြစ်သည်ကို ပြဆိုခဲ့သည်။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကို အဓိကနေရာထားပြီး လုပ်ဆောင်ခဲ့သော ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ တိုးတက်မှုအချို့ ရှိသော်လည်း မျှော်မှန်းထားသကဲ့သို့ အောင်မြင်မှု မရရှိခဲ့ပေ။
၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်တွင် ပြုလုပ်သော လူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင် သမ္မတဦးသိန်းစိန်က ကချင်ပဋိပက္ခနှင့် ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့သည်။ ထိုသို့ ပြောကြားရာတွင် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ ပြန်ရောက်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းနေကြောင်းနှင့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ နိုင်ငံရေး ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားပြီး KIO အဖွဲ့ကို ငြိမ်းချမ်းရေးဆောင်ရွက်ရန် ကမ်းလှမ်းထားပြီး ထပ်မံဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည့်အပြင် တပ်မတော်ဘက်က အကန့်အသတ်ဖြင့် ဆောင်ရွက်နေသော စစ်ဆင်ရေးများကို ရပ်ဆိုင်းရန် အမိန့်ပေးထားပြီး ဖြစ်သည်ဟု ဆိုသည်။
နိုင်ငံတော်သမ္မတက ကချင်အရေးနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားမှုများ ရှိခဲ့သည့်နည်းတူ သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ကချင်ပြည်နယ်အတွင်း တိုက်ပွဲဆိုင်ရာ ဖြစ်စဉ်များကို အစိုးရ သတင်းစာများနှင့် ၎င်း၏ Facebook မှတစ်ဆင့် သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းစဉ်၏ သတင်းများကို အခြေပြုပြီး ထုတ်ပြန်ခဲ့သော ဦးရဲထွဋ်၏ သတင်းထုတ်ပြန်ချက်များမှာ အငြင်းပွားဖွယ်များ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ဦးရဲထွဋ်၏ တိုက်ပွဲသတင်းထုတ်ပြန်မှုများမှာ ဘက်တစ်ဘက်တည်းမှ အမြင်များကိုသာ ဖော်ပြပြီး ထိုဖော်ပြချက်များသည် တစ်ဖက်နှင့်တစ်ဖက် သံသယဖြစ်မှုများကို ပိုကြီးထွားစေသည်ဟု ဝေဖန်မှုများ ရှိခဲ့သည်။
ထို့ပြင် KIO ဌာနချုပ် လိုင်ဇာအနီးရှိ လဂျားယန်စခန်းနှင့် ပွိုင့် ၇၁၇ တောင်ကုန်းကို သိမ်းယူရာ၌ လေကြောင်းစစ်ဆင်ရေး အသုံးပြုခဲ့ခြင်းအား ဦးရဲထွဋ်က ပြောကြားခဲ့ခြင်း မရှိပေ။
အဆိုးဝါးဆုံး ဖြစ်စဉ်အနေဖြင့်မူ ဇန်န၀ါရီ ၂၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သော KIA မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ် သတင်းတွင် ဖော်ပြခဲ့သည့် ဓာတ်ပုံမှာ အဲပုဂံ လေယာဉ်ပျက်ကျစဉ်က မြန်မာတိုင်း(မ်) အင်္ဂလိပ်ဂျာနယ်တွင် အသုံးပြုခဲ့သည့် လေယာဉ်တိုက်မိသဖြင့် သေဆုံးခဲ့ရသူ ‘ဦးပြား’ ၏ ဆိုင်ကယ်ပုံကို ကူးယူဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖော်ပြမှုအတွက် ဝေဖန်မှုများ ထွက်ပေါ်ချိန်တွင် သတင်းဓာတ်ပုံ ဖော်ပြမှုမှာ မှားယွင်းခဲ့ကြောင်းနှင့် သတင်းဖြစ်စဉ်မှာ အမှန်ဖြစ်ကြောင်း ဦးရဲထွဋ်က ပြန်ရှင်းခဲ့ပြီး တောင်းပန်ခဲ့ရသည်။
မိထ္ထီလာအရေးနှင့် ပဋိပက္ခဆိုင်ရာ ကိုင်တွယ်မှုများ
၂၀၁၃ ခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့သော မိတ္ထီလာ အရေးအခင်း အပါအ၀င် ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းတွင် ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများက သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုအစိုးရ၏ ကိုင်တွယ်မှုအပေါ် မေးခွန်းထုတ်မှုများ ဖြစ်စေခဲ့သည်။
မိတ္ထီလာ အရေးကိစ္စ အပါအ၀င် ထိုအချိန်က ဖြစ်ပွားခဲ့သော အခြေအနေများနှင့် စပ်လျဉ်းပြီး သမ္မတဦးသိန်းစိန်က မတ် ၂၈ ရက်တွင် ပြည်သူလူထုသို့ ရှင်းလင်းခဲ့သော်လည်း ထိုရှင်းလင်းချက်မှာ အချိန်များစွာ နောက်ကျပြီးမှ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်၏ ရှင်းလင်းချက်တွင် ‘မွန်မြတ်သည့် ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးသည့် အယူသီး၊ အစွန်းရောက်လုပ်ရပ်များ၊ မတူညီသည့် ဘာသာတရားများအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုများ၊ ကိုယ်ကျိုးစီးပွားနှင့်ယှဉ်သည့် နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်မှုများ ပပျောက်စေရန် အစိုးရအဖွဲ့ အနေဖြင့် ဖွဲ့စည်းပုံအခြေခံ၊ တည်ဆဲဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မည်’ ဟု ဆိုသည်။ တရားဥပဒေ စိုးမိုးရေးတွင် အဓိကကျသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ဥပဒေနှင့်အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် ပြောကြားသည်။
လက်တွေ့၌မူ ဖြစ်ခဲ့သောဖြစ်စဉ် အများစု၌ လုံခြုံရေးတာဝန် ယူထားသူများက ရပ်ကြည့်နေခဲ့ကြသည်။ အရေးယူမှု အပိုင်းတွင်လည်း ဖြစ်စဉ်တစ်ခုချင်းစီအလိုက် သွေးပူစွာဖြင့် ပါဝင်ခဲ့သူများကို ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။ ဖြစ်စဉ်ကို အဓိက ကြိုးကိုင်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးခြင်း မရှိခဲ့ပေ။ ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။
မိတ္ထီလာအရေးနှင့် ပဲခူးတိုင်းအနောက်ပိုင်း ပဋိပက္ခများ ဖြစ်ချိန်တွင် ဦးရဲထွဋ်က အစိုးရ သတင်းစာများနှင့် ၎င်း၏ Facebook မှတစ်ဆင့် သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။ နေရာတစ်ခုချင်းစီအလိုက် လူအုပ်စုတစ်စု၏ ဖျက်ဆီးမှုများ၊ လူစုခွဲမှုများ အစရှိသည်တို့ကို ရေးသားခဲ့သည်။ သို့သော် ဖြစ်စဉ်တိုင်း၏ နောက်ကွယ်အကြောင်းအရာများကို တိကျသော ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ဘဲ အဖြစ်အပျက်များကိုသာ ဆက်တိုက်ဖော်ပြခဲ့သည်။ အခြားတစ်ဖက်တွင် ဦးရဲထွဋ်၏ ဖော်ပြချက်များသည် ပွဲဆူအောင် လုပ်သည်ဆိုသော ဝေဖန်မှုများ ရှိခဲ့သည်။ ထိုဝေဖန်ချက်များကို ဦးရဲထွဋ်က ငြင်းဆိုခဲ့သည်။
ထို့အတူ ဘာသာရေး အကြောင်းပြ ဆူပူလှုပ်ရှားမှုများ ဖြစ်စေရန် အွန်လိုင်းမှတစ်ဆင့် လှုံ့ဆော်နေသူများအနက် တစ်ဦးတစ်ယောက်ကိုမျှ ဖော်ထုတ်အရေးယူမှု မရှိခဲ့ခြင်းကလည်း သမ္မတဦးသိန်းစိန် ပြောကြားခဲ့သည့် ‘ထိရောက်စွာ အရေးယူမည်’ ဆိုသည့်အချက်ကို သံသယများ ဖြစ်စေခဲ့သည်။
၂၀၁၃ ခုနှစ် အတွင်းမှာပင် မိတ္ထီလာအရေး၊ ပဲခူးတိုင်းအနောက်ခြမ်းဒေသ ပဋိပက္ခများအပြင် လားရှိုးပဋိပက္ခ ဖြစ်စဉ်လည်း ပေါ်ပေါက်ခဲ့ပြီး ရခိုင်ပြည်နယ်သို့ သမ္မတ သွားရောက်နေစဉ် ကာလမှာပင် သံတွဲမြို့၌ ပဋိပက္ခများ ဖြစ်ခဲ့သည်။
အောက်တိုဘာ ၃ ရက်တွင် သမ္မတဦးသိန်းစိန်က သံတွဲမြို့မှ ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖများ၊ ကမန်တိုင်းရင်းသား ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။
‘စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တောနယ်မြေများသို့ ရောက်ရှိချိန်တွင် သံတွဲမြို့အတွင်း သာမန်အငြင်းပွားမှု တစ်ခုမှ စတင်ပြီး ပဋိပက္ခအချို့ ပေါ်ပေါက်ခဲ့ကာ မိမိခရီးစဉ်နှင့်ပင် အချိန်ကိုက် လုပ်ဆောင်သည်ဟုပင် သံသယဖြစ်စရာ အကြောင်းများရှိကြောင်း’ ဦးသိန်းစိန်က ပြောကြားသည်။
ယခုအချိန်တွင် ပြည်ထောင်စု အစိုးရအဖွဲ့အတွက်၂၇ လသာ ကျန်ရှိတော့သည်။ ထိုသို့ကျန်ရှိချိန်တွင် ပြည်သူလူထု၏ အဓိကလိုအပ်ချက် နှစ်ခုဖြစ်သော တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုမှု၊ လူမှုစီးပွားဘ၀ တိုးတက်လိုမှုများအတွက် မျှော်မှန်းချက်မှာ မရေရာသော အခြေအနေတွင် ရှိနေဆဲဖြစ်ပါသည် . . . . .
သမ္မတက ထိုသို့ပြောကြားခဲ့သော်လည်း သံတွဲပဋိပက္ခကို မည်သူက နောက်ကွယ်က ဆောင်ရွက်ဆိုခြင်းကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိဘဲ ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများကို စုံစမ်းစစ်ဆေး အရေးယူမှုများ ပြုလုပ်ခဲ့သည်။
ဘာသာရေးအသွင်ဆောင် ပဋိပက္ခတိုင်းသည် သာမန်ခိုက်ရန်ဖြစ်ပွားမှု၊ သာမန်ရာဇ၀တ်မှုများမှ စတင်ခဲ့သည်။ ထို့နောက် ကြီးကျယ်သွားပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ နေရာဒေသ ကွဲပြားသော်လည်း ဖြစ်ပျက်မှုတိုင်း ပုံစံတူဖြစ်နေသည်။ ဖြစ်ပွားခဲ့သော ပဋိပက္ခတိုင်းသည် အစိုးရ၏ တာဝန်ခံမှု အားနည်းခြင်းကို ပြဆိုနေခဲ့သည်။
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်အနေဖြင့် ဘာသာရေး အကြောင်းပြု ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များတွင် သတင်းအချက်အလက်များကို ဆက်တိုက်ထုတ်ပြန်လေ့ ရှိသော်လည်း ဆူပူမှုများ၏ နောက်ကွယ်တွင် ရှိနေသူများကို ထုတ်ဖော်ပြောကြားခြင်း မရှိသည်မှာ ထူးခြားချက်တစ်ရပ် ဖြစ်ခဲ့သည်။
ဦးရဲထွဋ်နှင့် ဒေါက်တာဆိတ်ဖွား
၂၀၁၃ ခုနှစ်အတွင်း သမ္မတပြောရေးဆိုခွင့်ရှိသူ၏ နာမည်ကျော်ခဲ့သော ဖြစ်စဉ်မှာ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားကိစ္စ ဖြစ်သည်။
လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ထိပါးစေသည့် ဝေဖန်မှုတစ်ရပ်ဖြစ်သော ‘ဥပဒေရဲ့အထက်မှာ လွှတ်တော်ရှိသလား’ ဆောင်းပါးကို Voice of Myanmar ဘလော့ဂ်၌ ဒေါက်တာဆိတ်ဖွား ဆိုသူက ရေးသားခဲ့သည်။ ထိုရေးသားချက်ကို လွှတ်တော်က စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းခဲ့သည်။
ထိုကဲ့သို့ စစ်ဆေးစဉ် ကာလမှာပင် ဒေါက်တာဆိတ်ဖွားသည် ဦးရဲထွဋ်ဖြစ်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။
ဦးရဲထွဋ်က ၎င်းသည်ဒေါက်တာဆိတ်ဖွား မဟုတ်ကြောင်း သုံးကြိမ်ထက်မနည်း ငြင်းဆိုခဲ့သည်။
လွှတ်တော်စုံစမ်းရေး ကော်မရှင်၌ ပြောကြားခဲ့သည့် အချက်သုံးချက်ကိုလည်း ၎င်း၏ Facebook ၌ ဦးရဲထွဋ်က ဖော်ပြခဲ့သည်။
ထိုအချက်သုံးချက်မှာ “(၁) ပြန်ကြားရေး ၀န်ကြီးဌာနနဲ့သော် လည်းကောင်း၊ ကျွန်တော့်အနေနဲ့သော် လည်းကောင်း ဘယ်သူ့ကိုမှ ဒေါက်တာဆိတ်ဖွားအဖြစ်ရေးဖို့ တာဝန်ပေးထားတာ မရှိဘူး။ (၂) ကျွန်တော်ဟာလည်း ဒေါက်တာဆိတ်ဖွား မဟုတ်ဘူး။ (၃) ကျွန်တော် ဒေါက်တာဆိတ်ဖွား ဆိုရင်လည်း ကော်မရှင်အနေနဲ့ ဒီလောက်လူတွေအများကြီး ခေါ်မေးစရာ မလိုပါဘူး။ ကော်မရှင်ဖွဲ့ပြီး နောက်တစ်နေ့မှာပဲ ကော်မရှင်ကို ကျွန်တော်ကိုယ်တိုင်လာပြီး ကျွန်တော်ဟာ ဒေါက်တာဆိတ်ဖွားပါ။ ကျွန်တော်မြင်တဲ့အတိုင်းရေးတယ်။ တရားဥပဒေနဲ့ ငြိစွန်းတယ်ထင်ရင် ဥပဒေအရ အရေးယူပါ။ ရင်ဆိုင်ဖို့ အသင့်ပါပဲလို့ လာပြောမှာ ဖြစ်ပါတယ်” အစရှိသည်တို့ ဖြစ်သည်။
အင်တာနက်ပေါ်၌ အမည်ဝှက်ဖြင့် ရေးသားခဲ့သူ ဒေါက်တာဆိတ်ဖွားသည် လွှတ်တော်ကို ဝေဖန်ခဲ့သည့်အပြင် အစိုးရ အတိုက်အခံများနှင့် ပုဂ္ဂလိက မီဒီယာများကိုလည်း ဝေဖန်ခဲ့သူ ဖြစ်သည်။
ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဖြစ်သည် ဆိုခြင်းကို စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်အချို့က ထုတ်ဖော်ပြောကြားခဲ့သော်လည်း အဖွဲ့၏ အစီရင်ခံစာ ထွက်ပေါ်ချိန်တွင် မည်သူမည်ဝါ ဆိုသည်ကို တိတိကျကျ ပြောဆိုခဲ့ခြင်း မရှိပေ။ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်ကမူ ဒေါက်တာဆိတ်ဖွားဆိုသူသည် မိမိရေးသားချက်၏ အမှန်တရားကို တာဝန်ယူ ဖြေရှင်းရဲသူ မဟုတ်သည့်အပြင် အမှောင်ထဲမှ ခဲနှင့်ထုသူ ဖြစ်သည့်အပြင် ၀ါဒဖြန့်ချိရေး အုပ်စုတစ်စုဝင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဒေါက်တာဆိတ်ဖွားကို စုံစမ်းဖော်ထုတ်ရေးနှင့် ပတ်သက်ပြီး Eleven Media Group က သတင်းအယ်ဒီတာများကို လွှတ်တော်စုံစမ်းရေး ကော်မရှင်က ခေါ်ယူမေးမြန်းစဉ်တွင် ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက Eleven Media Group ၏ စုံစမ်းတွေ့ရှိချက်များကို ထောက်ခံခဲ့ပြီး ဒေါက်တာဆိတ်ဖွားဆိုသူသည် ပြန်ကြားရေးဒုတိယ၀န်ကြီး ဦးရဲထွဋ် ဖြစ်နိုင်ကြောင်း ပြောကြားသည်။ ဦးလှဆွေသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ၀ါဒဖြန့်ချိရေး ပိတောက်မြေရေဒီယိုတွင် သုံးနှစ်ကြာ လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။
ယခင်ပိတောက်မြေဘလော့ဂ်တွင် ရေးသားဖော်ပြလေ့ရှိသည် ဆောင်းပါးများကို ဦးရဲထွဋ်မှတစ်ဆင့် ဖြတ်သန်းရကြောင်း ဦးလှဆွေက ထုတ်ဖော်ပြောကြားသည်။ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဒေါက်တာဆိတ်ဖွားသည် တစ်ဦးသို့မဟုတ် တစ်ဦးထက်ပိုသော အစုအဖွဲ့အလိုက် လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ကောက်ချက်ချထားသည်။
ဒေါက်တာဆိတ်ဖွားသည် လွှတ်တော်က စုံစမ်းရေးကော်မရှင်ဖွဲ့ရန် စီစဉ်နေချိန်မှာပင် ၎င်း၏ဘလော့ဂ်၌ ထပ်မံရေးသားခြင်း မရှိတော့ဘဲ လွှတ်တော်ကိုယ်စားလှယ်များကို တောင်းပန်ကြောင်း ရေးသားချက်ကို နောက်ဆုံးရေးသားခဲ့သည်။ ဒေါက်တာဆိတ်ဖွားဘလော့ဂ် ရေးသားမှု ရပ်တန့်သွားခဲ့ပြီး နှစ်လအကြာတွင် ဦးရဲထွဋ်၏ ဘလော့ဂ်တစ်ခု ပေါ်ပေါက်ခဲ့ပြီး ဒေါက်တာဆိတ်ဖွားနည်းတူ blogspot ဖြင့် ရေးသားခဲ့သည်။
၁၁ ဘီလျံနှင့် တုံ့ပြန်မှု
၂၀၁၃ ခုနှစ်အတွင်း အထင်ကရ ဖြစ်စဉ်များတွင် မြန်မာနိုင်ငံမှ အကောင့်ငါးခုဖြင့် နိုင်ငံခြားငွေစာရင်း အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ရှိသည်ဆိုသော BIC မန်နေဂျာ ဂျေဆင်ဂါစီယာ ပြောကြားသည့်အချက်မှာလည်း ထင်ရှားသော အချက်တစ်ချက် ဖြစ်ခဲ့သည်။
အဆိုပါ ၁၁ ဘီလျံနှင့် ပတ်သက်၍ သမ္မတထံမှ တစ်စုံတစ်ရာ တုံ့ပြန်ချက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။ အသေးစိတ် စုံစမ်းဖော်ထုတ်မှုမရှိဘဲ သတင်းစာရှင်းလင်းပွဲ တစ်ခုဖြင့်သာ အဆုံးသတ်သွားသည်။ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ Facebook မှတစ်ဆင့် ရေးသားတုံ့ပြန်မှု ရှိခဲ့သည်။
“အစိုးရအနေနဲ့ နိုင်ငံပိုင်ငွေတွေကို အဲဒီလိုပြည်ပမှာ အပ်နှံထားတာ လုံးဝမရှိပါဘူး။ ၁၁ ဘီလျံ အပ်ထားတယ်ဆိုတဲ့ အကောင့်ငါးခုနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အချက်အလက်ရှိရင်ပေးပါ။ အစိုးရအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ အသင့်ပါပဲ” ဟု ဦးရဲထွဋ်က ရေးသားခဲ့သည်။
၁၁ ဘီလျံနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဦးရဲထွဋ်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ထိုသတင်းစာ ရှင်းလင်းပွဲ၌ ဖြေကြားခဲ့သော ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူများ၏ အဖြေမှာလည်း တိကျမှုမရှိခဲ့ပေ။
သို့သော် ၁၁ ဘီလျံကိစ္စမှာ အမှန်တကယ် ရှိနိုင်ပြီး ထိုထက်များပြားသော ငွေကြေးများပင် ရှိနိုင်သည်ဟု ယခင်အစိုးရ လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များက ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုပြောကြားချက်များကို အစိုးရဘက်က အရေးယူ ဆောင်ရွက်မှု မရှိခဲ့သည့်နည်းတူ ‘ပွဲပြီးမီးသေ’ အခြေအနေဖြင့် အပြီးသတ်ခဲ့သည်။
သို့သော် ၁၁ ဘီလျံနှင့် ကိစ္စတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပါဝင်ပတ်သက်နေသည်ဆိုသော ဝေဖန်မှုများကိုလည်း ဦးရဲထွဋ်က ဦးစိုးသိန်းကိုယ်စား ငြင်းဆိုခဲ့သည်။
ဂျာနယ်တစ်စောင်၌ ဖော်ပြထားသော အင်တာဗျူးတွင် ဦးစိုးသိန်းက ပြောကြားခဲ့သည့် “ဒေါ်လာတစ်သောင်းတောင် နိုင်ငံခြားမှာ မရှိဘူး။ ရှိတယ်ဆိုရင် ကျွန်တော့်ကို ထောင်ထဲထည့်လိုက်။ ဒါအောက်တန်းစား နိုင်ငံရေးလုပ်တာဗျ” ဟူသောစာသားကိုလည်း ဦးရဲထွဋ်က ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။
သမ္မတ လစာလျှော့ယူခြင်းနှင့် ဥပဒေချိုးဖောက်မှု
နိုဝင်ဘာ ၁၃ ရက်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သမ္မတအနေဖြင့် ခွင့်ပြုထားသော လစာငွေကို မယူဘဲ လျှော့ယူနေခြင်းသည် နိုင်ငံတော်သမ္မတကိုယ်တိုင် ဥပဒေချိုးဖောက်သည့်သဘော သက်ရောက်သည်ဟု ပြောကြားသည်။ သတ်မှတ်အတိုင်း ရယူရန် ရှိ၊ မရှိကိုလည်း လွှတ်တော်မှတစ်ဆင့် မေးမြန်းခဲ့သည်။ လစာငွေကို သတ်မှတ်ချက်အတိုင်း ရယူမည်ဟု သမ္မတက သ၀ဏ်လွှာ ပြန်ပို့ခဲ့သည်။
သို့ရာတွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ မှတ်ချက်သည် ပြင်းထန်လွန်းကြောင်းနှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအနေဖြင့် စိတ်မကောင်းဖြစ်မိကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေ မပြည့်စုံမှုနှင့် ပြည်သူများ၏ မပြည့်စုံမှု အခြေအနေကို ထောက်ထားပြီး လစာစရိတ်ကို ကာလအတိုင်းအတာ တစ်ခုအထိ လျှော့ပေါ့ခံစားရန် နိုင်ငံတော်သမ္မတက ဆုံးဖြတ်ခဲ့ခြင်းသည် ဥပဒေကို ဖောက်ဖျက်ရာ မရောက်ကြောင်း ၎င်း၏ Facebook မှတစ်ဆင့် ပြောကြားသည်။
အစိုးရအတွင်း ခြစားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ကျယ်ပြန့်စွာ ဆက်ရှိနေသည်။ သမ္မတရုံးက ဦးဆောင်ထားသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မရှင်၏ လုပ်ဆောင်မှုများက ထိရောက်မှုမရှိ ဖြစ်နေသည်။ ထိုအချိန်၌ သမ္မတက လစာလျှော့ယူပြီး ပြည်သူလူထု၏ မပြည့်စုံမှုကို စာနာထောက်ထားခြင်း နည်းလမ်းထက် အစိုးရအဖွဲ့အတွင်း ခြစားမှုများကို တာဝန်ခံမှု၊ တာဝန်ဖြင့် ထိရောက်စွာ လုပ်ဆောင်ခြင်းက ပိုမိုအကျိုးရှိစေမည်ဆိုသော ထောက်ပြမှုများ ရှိခဲ့သည်။
NLD ၏ ကမ်းလှမ်းချက်နှင့် သမ္မတကိုယ်စား တုံ့ပြန်မှုများ
ပြီးခဲ့သည့် နိုဝင်ဘာလမှာပင် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် တွေ့ဆုံရန် မေတ္တာရပ်ခံမည်ဆိုသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ကကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့သို့ ထုတ်ပြန်အပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံမည်အပေါ် ဦးရဲထွဋ်က သဘောထားမှတ်ချက် ပေးခဲ့သည်။
“လွှတ်တော်ထဲမှာ တပ်မတော်သားတွေ ရှိနေပြီပဲ။ လုံလောက်နေပြီလို့ ထင်ပါတယ်။ ကာချုပ်အနေနဲ့ တွေ့နိုင်မယ်၊ မတွေ့နိုင်ဘူးဆိုတာ အတိအကျပြောလို့ မရပါဘူး” ဟု ဦးရဲထွဋ်က ပြောကြားသည်။
သမ္မတကမူ ၎င်း၏သဘောထားကို တိုက်ရိုက်ထုတ်ဖော် ပြောဆိုခြင်းမရှိဘဲ ဦးရဲထွဋ်နှင့် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ထံမှတစ်ဆင့် သဘောထားကို ပြောကြားသည်။
သမ္မတအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ငြင်းပယ်ခဲ့ခြင်း မဟုတ်ကြောင်းအချက် အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာကို စောင့်ဆိုင်းရန်ကိုလည်း ပြောကြားခဲ့သည်။
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောကြားခဲ့သည့် စကားကို ၎င်း၏ Facebook တွင် ဖော်ပြခဲ့သည်။
“အဲဒီလေးယောက်ကနေ ဆွေးနွေးပြီးမှ သဘောတူတာကို လွှတ်တော်ချပေးမယ်ဆိုရင် လွှတ်တော်က ရော်ဘာတံဆိပ်တုံးနှိပ်တဲ့လွှတ်တော် ဖြစ်သွားမှာပေါ့” ဟု ဦးသိန်းညွန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စရပ်များနှင့်အတူ ဒီဇင်ဘာ ၁ ရက်က သမ္မတဦးသိန်းစိန် ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိခဲ့သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည့် စကားရပ်မှာလည်း ဝေဖန်တုံ့ပြန်မှုများစွာ ထွက်ပေါ်ခဲ့သည်။
“မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသည့် စိတ်ဓာတ်များကို ဖျောက်ဖျက်ရန် လိုအပ်ကြောင်း” ဟူ၍ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
လက်ခံမှုများ ရှိခဲ့သည် သို့သော် . . .
အစိုးရအဖွဲ့ကို ဦးသိန်းစိန်က ဦးဆောင်ခဲ့ပြီးနောက် ပြောကြားခဲ့သည့် မိန့်ခွန်းများကို ပြည်သူလူထုက လက်ခံခဲ့ပြီး မျှော်လင့်ချက်များ ထားခဲ့ကြသည်။ သို့သော် အစိုးရအဖွဲ့ကို တာဝန်ယူပြီး သုံးနှစ်တာ ကာလအတွင်း ရောက်လာချိန်တွင် သမ္မတ၏ ပြောကြားချက်များကို စိတ်ဝင်စားမှု လျော့ကျလာခဲ့သည်။
‘မိဘပြည်သူများခင်ဗျာ’ အစချီသော သမ္မတ၏ ရေဒီယိုမိန့်ခွန်းများကို ဝေဖန်ထောက်ပြသူ များပြားလာသည့်နည်းတူ ပြက်ရယ်ပြုသူများလည်း ရှိလာခဲ့သည်။ ထိုအခြေအနေများက ပြည်သူလူထု၏ လိုအပ်ချက်ကို အစိုးရက မည်မျှအထိ ဖြည့်ဆည်းနိုင်သည်ဆိုသော အချက်ကို ပြဆိုနေခြင်းဖြစ်သည်။
ထို့အတူ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ ပြောကြားချက်များကို ၂၀၁၃ ခုနှစ် မတိုင်မီက လက်ခံသဘောကျ ထောက်ခံသူများ ရှိခဲ့သည်။ သို့သော် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းသို့ ရောက်လာချိန်တွင် ဦးရဲထွဋ်အား ဝေဖန်ပြောဆိုမှု၊ ပြယ်ရယ်ပြုမှုများ ပိုမိုများပြားလာသည်။ ဦးရဲထွဋ်အား ‘လျှာလိမ်အာလိမ် ကိုထွဋ်စိန်’ ဟု လည်းကောင်း၊ ‘သမိန်ပေါထွဋ်’ ဟု လည်းကောင်းသုံးနှုန်းခေါ်ဆိုပြီး ပြက်ရယ်ပြုသူ အများအပြား ပေါ်ထွက်လာခဲ့သည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သည် အပြောများစွာ ပြောနေခြင်းထက် လက်တွေ့အကောင်အထည်ဖော်မှု နည်းပါးသည့် ပြဿနာဖြင့် ရင်ဆိုင်နေရပြီဖြစ်သည်။ အစိုးရအဖွဲ့တွင် တာဝန်ခံမှု၊ တာဝန်ယူမှု အပိုင်း၌လည်း မေးခွန်းထုတ်စရာများ ရှိနေသည်။ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများလည်း ရှိနေသည်။ ထိုကိစ္စများကို ထိရောက်စွာ ကိုင်တွယ်အရေးယူ ဆောင်ရွက်မှု အားနည်းနေသည်။
ပြီးခဲ့သည့် စက်တင်ဘာအတွင်း သမ္မတဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့သည်မှာ တာဝန်ထမ်းဆောင်ရန် ကျန်ရှိနေသော လပေါင်းသုံးဆယ်တွင် အစိုးရအဖွဲ့ အနေဖြင့် ဘုရင့်နောင်ဖောင်ဖျက်နည်းဖြင့် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် လုပ်ဆောင်မည်ဟု ပြောကြားထားသည်။
ယခုအချိန်တွင် ပြည်ထောင်စု အစိုးရအဖွဲ့အတွက်၂၇ လသာ ကျန်ရှိတော့သည်။ ထိုသို့ကျန်ရှိချိန်တွင် ပြည်သူလူထု၏ အဓိကလိုအပ်ချက် နှစ်ခုဖြစ်သော တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုမှု၊ လူမှုစီးပွားဘ၀ တိုးတက်လိုမှုများအတွက် မျှော်မှန်းချက်မှာ မရေရာသော အခြေအနေတွင် ရှိနေဆဲဖြစ်ပါသည်။
eleven media group