ခုတ်ရာတခြား၊ ရှရာတခြား

ပို့စ်တင်ချိန် - 12/27/2013 02:30:00 AM

[ Letter to Editor ]



အယ်ဒီတာခင်ဗျား

ပုဂံညောင်ဦးတွင် နိုင်ငံခြားသား များအား မကြာခဏ လုယက်မှုများ ဖြစ်ပေါ်နေ သည်မှာ လူတိုင်းအသိပင် ဖြစ်ပါသည်။ လုယက်ခံရသူ အများစုမှာ ပုဂံ နေဝင်ချိန် ကြည့်အပြီး မှောင်ချိန်တွင် စက်ဘီးဖြင့် ဟိုတယ်ပြန်သူ အများစုဖြစ်ပါသည်။

စက်ဘီးရှေ့ ခြင်းထဲ ထည့်ထားသော ကင်မရာနှင့် ပိုက်ဆံအိတ် များကို ဆိုင်ကယ်ပေါ်မှ လုယက်သည် ဟုဆိုကာ စက်ဘီးငှား ဆိုင်များမှ စက်ဘီးခြင်း များကို စည်ပင်နှင့် လုံခြုံရေး တာဝန်ရှိသူများက ဖြုတ်စေပါသည်။ မဖြုတ်လျှင် အရေးယူမည်ဟု ပြောပါသည်။

စက်ဘီးဖြင့် လည်ပတ်ရာတွင် ရှေ့ခြင်း မပါပါက သယ်ရသည့် ပစ္စည်းများ လေး၍ ဒုက္ခအလွန် ရောက်ရပါသည်။ ခရီးသွား Tourists များကလည်း ရှေ့ခြင်းမပါဘူး လားဟု အမြဲတမ်းမေး၍ Complaint လုပ်ပါသည်။

ခရီးသည်များ လုံခြုံရေးကို တိုးမြှင့် တာဝန်ယူရမည့်အစား၊ မဆီမဆိုင်စက်ဘီး ရှေ့ခြင်းများ ဖြုတ်ခိုင်းသော ပုဂံ ညောင်ဦးရှိ အာဏာပိုင်များ၏ လုပ်ရပ်မှာ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်နေပါသည်။ ဖိနပ်မတော် သဖြင့် ခြေထောက် ဖြတ်ခိုင်းသလိုများ ဖြစ်ခိုင်းနေမည်လားဟု အတွေးပွားကာ အများပြည်သူ သိနိုင်ရန် လူကြီးမင်းတို့ The Voice Daily မှ တစ်ဆင့် တင်ပြအပ် ပါသည်။

(ဧည့်လမ်းညွှန်တစ်ဦး)
The Voice Weekly Myanmar