ဖြတ်လမ်းအမွေ မပေးသင့်ပါ (Daily, Vol-1 No-179)

ပို့စ်တင်ချိန် - 11/04/2013 10:25:00 AM


ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်သွားလာ လှုပ်ရှားမှုတွေကို ကြည့်လိုက်ရင် သာမန်ထက်ပိုပြီး အမြန်ကြိုက်တဲ့သူတွေ အတွေ့ရ များလာသလားလို့။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် သူများတွေရှေ့ကနေ ကျော်တက်၊ ကြားဖြတ်တာတွေ များများလာတယ်။
ကားတွေကို ကြည့်လိုက်ရင်လည်း မီးပွိုင့်မှာ သူလိုငါလို တန်းမစီချင်ဘူး။ အလွတ်ချိုး ကွေ့ကြောကနေ အများရှေ့က ဖြတ်ဝင်ချင်တယ်။ ဆူပါမားကက်တွေမှာ ဈေးဝယ်ရင်လည်း ကိုယ့်ထက် အရင်ရောက်နေတဲ့သူ ရှေ့ကနေ လုဝင်ချင်တယ်။ ဓာတ်လှေကားစီးဖို့ တန်းစီနေရင်လည်း ဘေးကနေ ကြားဖြတ်ဝင်တိုးတယ်။ လူကူးခုံးကျော်တံတား ဆောက်ပေးထားပေမယ့် ကားလမ်းပေါ်ကနေပဲ အသက်ကို ဖက်နဲ့ထုပ်ပြီး ကူးကြတယ်။ ဘယ်နေရာကြည့်ကြည့် တန်းစီရတဲ့ နေရာမှန်သမျှ ရတဲ့နည်းနဲ့ သူများရှေ့ကနေ ကျော်ဖို့ ကြိုးစားတာတွေ တွေ့နေရတယ်။

အဲဒါတွေက မြင်ရတဲ့ နေ့စဉ်လှုပ်ရှားမှုတွေ။ တခြားနေရာတွေမှာလည်း ဒီလိုပဲ။ ရှေ့က အောင်မြင်နေတဲ့ လုပ်ငန်းထက် ပိုအောင်မြင်ချင်တဲ့စိတ်နဲ့ နည်းမျိုးစုံသုံးပြီး ကျော်ဖို့လုပ်တယ်။ ရှေ့မှာ ထုတ်ဝေထားပြီးဖြစ်တဲ့ သတင်းစာ၊ ဂျာနယ်တွေထက် လူအများ ပိုအာရုံစိုက်တာရချင်လို့ ကျင့်ဝတ်၊ စည်းကမ်းတွေ ဘေးချိတ်ပြီး ပုဂ္ဂိုလ်ရေး အတင်း၊ အဖျင်းတွေ၊ အမှားတစ်ဝက် အမှန်တစ်ဝက် ရောထားတဲ့ လံကြုပ်ဇာတ်လမ်းတွေနဲ့ ပရိသတ်ကို အလွဲနည်းနဲ့ ဆွဲဆောင်ဖို့ ကြိုးစားတယ်။

နိုင်ငံရေးမှာကော ဘာထူးလဲ။ ပြိုင်ဘက်လို့ ယူဆတဲ့သူတွေ အားလုံးကို ညစ်ကျယ်ကျယ်လုပ်ပြီး ကန့်သတ်ဖို့ ကြိုးစားတယ်။ အောက်လမ်းနည်း သုံးပြီး ချေမှုန်းဖို့ ကြံစည်တယ်။ နိုင်ငံတော်ပိုင်၊ ပြည်သူပိုင် ဘဏ္ဍာငွေတွေ၊ သယံဇာတတွေ အလွဲသုံးစားလုပ်ပြီး တခြားနိုင်ငံရေး အင်အားစုတွေထက် ရုပ်ပိုင်းဆိုင်ရာ အစစ အရာရာသာအောင် အကျောယူထားတယ်။ ပြည်သူ့ဘဏ္ဍာ၊ နိုင်ငံ့ဘဏ္ဍာတွေ သုံးပြီး ကိုယ့်အဖွဲ့အစည်း နာမည်တပ် မဲဆွယ်ဖို့လုပ်တယ်။

ပညာရေးမှာ ကျတော့လည်း ဒီလိုပဲ။ ပညာတတ်ဖို့ထက် စာမေးပွဲအောင်ဖို့၊ ဤ၊ သည်မရွေး အလွတ်ကျက် အာဂုံဆောင်ဖြေပြီး အမှတ်များများရဖို့ပဲ ကြိုးစားနေကြတယ်။ ပညာရပ်တစ်ခုကို အခြေခံကျကျ မလေ့လာဘဲ ဖြတ်လမ်းနည်း၊ မသမာတဲ့ နည်းတွေသုံးပြီး မဟာဘွဲ့၊ ပါရဂူဘွဲ့လက်မှတ်တွေရအောင် လုပ်လာတယ်။

ရုပ်ရှင်၊ ဂီတ လောကမှာလည်း ထူးမခြားနားဘဲ။ နာမည် ကျော်ကြားဖို့အတွက် ဘာလုပ်ရ လုပ်ရဆိုသူတွေ များလာတယ်။ ဟီရိသြတ္တပ္ပ ဆိုတာရှိမှ ရှိသေးရဲ့လားလို့တောင် မေးယူရလောက်အောင် ဒီလောကထဲ ရောက်သွားရင် ဒီလိုနေထိုင် ဝတ်စားရမယ်လို့များ ထင်နေကြလား မသိဘူး။ ဓာတ်ပုံရိုက်ရင်လည်း မပေါ်ပေါ်အောင်ဖော်၊ မကော့ ကော့အောင်ကော့ပြီး တမင်အတင်းကြီးလုပ် ကိုယ်ဟန်ပြလာကြတယ်။

ပြောချင်တာက ကိုယ့်မှာရှိတဲ့ အရည်အချင်းနဲ့ ပင်ကိုအစွမ်းအစကို မြင့်သထက်မြင့်အောင် ကြိုးစားမြှင့်တင်ပြီး ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်မှာ အောင်မြင်အောင် ကြိုးစားဖို့ထက် ဖြတ်လမ်းနည်းကိုပဲ အားသန်လာကြတာကိုပါ။ ဒါကို အရင်းစစ်ကြည့်တော့ ဒီဘူတာပဲ ဆိုက်တယ်လို့ ပြောရမလား မသိဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ် ထိတွေ့၊ ဆက်ဆံ၊ မြင်၊ ကြား၊ တွေ့၊ သိနေသမျှအားလုံး ဒီဖြတ်လမ်းနည်းနဲ့မှ မလွတ်ပဲ။

ကျွန်တော်တို့ နှစ် ၅၀ လောက် ဖြတ်သန်းလာတဲ့ ခေတ်ကြီးက ကျွန်တော်တို့ကို ဖြတ်လမ်းနည်း ကြိုက်အောင် သင်ပေးလိုက်တာ။ ဖြတ်လမ်းနည်းနဲ့ သြဇာ၊ အာဏာ၊ နေရာရအောင်၊ ဖြတ်လမ်းနည်းနဲ့ ငွေရှာတတ်အောင်၊ ဖြတ်လမ်းနည်းနဲ့ ဘွဲ့လက်မှတ်ရအောင်၊ ဖြတ်လမ်းနည်းနဲ့ နာမည်ကြီးအောင် လမ်းပြခဲ့သလို ဖြစ်ခဲ့တယ်။ ဒီအတိုင်း ရှေ့ဆက်သွားရင် ဖြတ်လမ်းနည်းနဲ့ ဒီမိုကရေစီ ရအောင်တို့၊ ဖြတ်လမ်းနည်းနဲ့ ငြိမ်းချမ်းရေး ရအောင်တို့များ လုပ်လာရင် ခက်ရချည့်လို့ တွေးမိတယ်။

အရေးကြီးတာက ကျွန်တော်တို့ နောက်မျိုးဆက်ကိုတော့ ဖြတ်လမ်းနည်း သုံးတဲ့ အမွေမပေးခဲ့ဖို့လိုမယ် ဆိုတာပါ။ ကျွန်တော်တို့ ဒီကနေ့ ကြံစည်၊ စိတ်ကူး၊ အားထုတ်၊ လုပ်ကိုင်သမျှက လက်ရှိခေတ်တစ်ခေတ်၊ မျိုးဆက်တစ်ခု အတွက်တင် မဟုတ်ဘူး။ နောက်လာမယ့် ခေတ်တစ်ခေတ်၊ မျိုးဆက်တစ်ဆက် အထိပါ တာဝန်ရှိတယ်ဆိုတာ သတိပြုမိကြဖို့ပါ။

အယ်ဒီတာ (၂-၁၁-၂၀၁၃)
The Voice Weekly