နေပြည်တော် ဆန္ဒခံယူပွဲ ခွင့်ပြုမိန့်ရပြီ
ပို့စ်တင်ချိန်
- 11/16/2013 06:44:00 PM
နေပြည်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထားရယူရေး လူထုဟောပြောပွဲ ကျင်းပဖို့ တာဝန်ရှိသူတွေက ခွင့်ပြုလိုက်ပြီလို့ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန္ဒမင်းက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲနဲ့ လူထုဆန္ဒခံယူပွဲကို နေပြည်တော်နယ်မြေ ရဲစခန်းက ခွင့်မပြုဘဲ ရှိရာကနေ ဒီနေ့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး လူထုဟောပြောပွဲ နေပြည်တော်မှာ ကျင်းပဖို့ ခွင့်ပြုချက်တောင်းခံရာမှာ အချက်အလက်မစုံဘူး၊ လုပ်မယ့်နေရာဟာ ရုံးဌာနတွေနဲ့နီးပြီး ရုံးသွားကျောင်သွားချိန်ဖြစ်နေတာကြောင့် ခွင့်မပြုနိုင်ဘူးလို့ သက်ဆိုင်ရာနယ်မြေစခန်းမှူးက နိုဝင်ဘာ ၁၄ ရက်မှာ အကြောင်းပြန်ခဲ့တာဖြစ်ပါတယ်။
nld coverဒီနေ့မှာတော့ ဇမ္ဗူသီရိမြို့နယ် ထွေအုပ်နဲ့ မြို့နယ်ရဲမှူးက အန်အယ်လ်ဒီတာဝန်ရှိသူတွေကို ညှိနှိုင်းခေါ်ယူ ဆွေးနွေးပြီးနောက် နေပြည်တော် ပြည်သူ့ဆန္ဒခံယူပွဲကို မူလ သတ်မှတ်ထားတဲ့ နေ့ရက်၊ အချိန်၊ နေရာအတိုင်း ဆက်လက် ကျင်းပခွင့် ပြုခဲ့တယ်လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။
“သူတို့က ပထမ ငြင်းပယ်တဲ့စာ ထုတ်ပြီးပြီဆိုတော့ အခု ကျမတို့ကို အယူခံတင်ခိုင်းတယ်။ ကျမတို့က အယူခံတင်လိုက်ပါတယ်။ ဒီနေရာမှာပဲ လုပ်ဆောင်ခွင့်ပြုပါ၊ ကျမတို့အနေနဲ့ နေရာ ရွှေ့ဆိုင်းဖို့ကို အခက်အခဲဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနေရာ၊ ဒီနေ့၊ ဒီအချိန်မှာပဲ ပြန်လုပ်ချင်ပါတယ်ဆိုပြီး အယူခံထပ်ဝင်ရပြီး ခွင့်ပြုမိန်ရရှိခဲ့တယ်” လို့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နေပြည်တော် အခြေခံဥပဒေရှင်းလင်းပွဲကို လာမယ့် နိုဝင်ဘာ ၁၈ ရက်၊ မနက် ၈ နာရီမှာ ဇဗ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှကျေးရွာမှာ ပြုလုပ်မှာဖြစ်ပါတယ်။
အန်အယ်လ်ဒီ ပါတီက ဥပဒေပညာရှင်တွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဦးအောင်ကြည်ညွန့်တို့က ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြကြမယ်၊ ပြီးရင် ပြည်သူ့ဆန္ဒသဘောထားရယူကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း အန်အယ်ဒီပါတီရဲ့ ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒရယူပွဲ ပြုလုပ်ခဲ့ပြီး အများစုက ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒပေးခဲ့ကြပါတယ်။
by ဒီဗွီဘီ