လူငယ်ဇာတ်မင်းသား ဟန်ဇာမိုးဝင်းနှင့် တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 11/04/2013 10:15:00 AM


ဇာတ်သဘင် လောကတွင် အောင်မြင်မှု ရရှိနေသော လူငယ်ဇာတ်မင်းသားများအနက် တစ်ဦး အပါအဝင်ဖြစ်သည့် ဟန်ဇာမိုးဝင်းနှင့် တွေ့ဆုံပြီး အစဉ်အလာရှိသော သဘင်မျိုးဆက်ကို လက်ဆင့်ကမ်း သယ်ဆောင်ဖြစ်ပုံ၊ သဘင်လောကတွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲများနှင့် မြန်မာ့ဇာတ်သဘင် ပြန်လည် ဦးမော့လာစေရန် ပြင်ဆင်ရမည့် အရာများ အကြောင်းတို့ကို The Voice က မေးမြန်းထားပါသည်။


Voice : အစဉ်အလာရှိတဲ့ သဘင်မျိုးဆက်တစ်ဆက်မှာ ဟန်ဇာမိုးဝင်း စီးမျော ပါဝင်ဖြစ်ပုံကနေစပြီး ပြောပြပေးပါဦး။

HZMW : ကျွန်တော် အရင်တုန်းက နည်းနည်းတော့ ဝေဝါးခဲ့ဖူးတယ်ဗျ။ လူငယ် တစ်ယောက်လည်း ဖြစ်တော့လေ။ အရင်တုန်းက ကျွန်တော် ဟစ်ဟော့ သီချင်းတွေလည်း ဆိုခဲ့တယ်။ ငါ့ရဲ့ပင်မ အနုပညာအလုပ်က ဘာဖြစ်သင့်တယ်ဆိုတာ အဲဒီအချိန်တုန်းက မဆုံးဖြတ်နိုင်ခဲ့ဘူး။ အဲဒီတော့ အလုပ်တွေကို ကြုံသလို လုပ်ခဲ့တယ်။ သီချင်းဆိုတဲ့အခါ ဆိုတယ်။ ကားရိုက်တဲ့အခါ ရိုက်တယ်။ ဇာတ်ကတဲ့အခါ ကတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာကျတော့ သဘင်လောကမှာ ကျင်လည်ရင်းနဲ့ ဒီအလုပ်ကို ကျွန်တော် ပိုချစ်လာတယ်။ နောက်ပြီး ကျွန်တော်တို့ သဘင်လောကမှာက လူကလည်း နည်းတယ်။ ရုပ်ရှင်မင်းသား၊ အဆိုတော် ဖြစ်ချင်တဲ့လူက အများကြီး။ ဇာတ်မင်းသား ဖြစ်ချင်တဲ့သူက နည်းတယ်။ အခုနောက်ပိုင်းမှာလည်း ဇာတ်မင်းသား တစ်ယောက်ယောက် ဇာတ်မကဘူးလို့ ပြောလာရင် ဇာတ်သဘင်လောကက မထွက်ဖို့ တစ်ယောက်နဲ့ တစ်ယောက် ဝိုင်းပြီး ဖျောင်းဖျကြတယ်။ လူက အရမ်းနည်းတယ်လေ။ ကျွန်တော် ကိုယ်တိုင်လည်း ဒီဇာတ်သဘင်ကိုပဲ ကိုယ့်ရဲ့ပင်မအနုပညာအဖြစ် လုပ်ဖို့ဆုံးဖြတ်ချက် ချလိုက်တယ်။ တခြားအလုပ်တွေ သွားလုပ်တဲ့အခါ ဒီအလုပ်ကို သေချာအာရုံ မစိုက်နိုင်ဘူး။ ညပွဲကထားပြီး နေ့ဘက် ကားရိုက်ရင် ကျွန်တော်ခေါင်းမူးနေရော။ ဘယ်အလုပ်မှ အရာမရောက်ဘူး။

နောက်ပိုင်း ကျန်းမာရေးလည်း ထိခိုက်၊ လေဖြတ်တဲ့အထိ ဖြစ်လာတယ်။ ကျွန်တော်က အလုပ်နှစ်ခုမှာ တစ်ပြိုင်တည်း အကောင်းဆုံးဖြစ်အောင် လုပ်ချင်လို့ မရဘူးဆိုတာ သိလာတယ်။ ဒီဇာတ်သဘင် တစ်ခုတည်းကိုပဲ ဇောက်ချ လုပ်ကိုင်လာတဲ့ အခါမှာတော့ ကျွန်တော့်အတွက် ကောင်းကျိုးတွေ အများကြီးရပါတယ်။ ငယ်ငယ်တုန်းကတော့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း မသုံးသပ်တတ်ဘူး။ ဟိုဟာ ဝါသနာပါသလို၊ ဒီဟာ ဝါသနာပါသလို ဖြစ်နေတာ။ နောက်ပြီး သဘင်မှာက အစဉ်အလာ၊ မျိုးရိုးဆိုတာ ရှိတယ်။ ကျွန်တော်တို့ စံပြသဘင်ဆို နှစ် ၅၀ ကျော်သက်တမ်း ရှိပြီ။ သဘင်လောကမှာ ၂ နှစ်၊ သုံးနှစ်နဲ့ ကျဆုံးသွားတဲ့လူတွေ အများကြီးရှိတယ်။ ဒီလောက်ခိုင်မာ အားကောင်းလာခဲ့တဲ့ သဘင်မျိုးဆက်ကြီးကို ကိုယ့်အလှည့်ကျမှ အပျက်အစီး မခံနိုင်ဘူး။ တစ်သက်လုံး ထိန်းသိမ်းလာတဲ့သဘင် မျိုးဆက်ကြီးကို ဒီကောင့်အလှည့်ကျမှ ပျက်စီးသွားတယ်လို့ အပြောခံရမှာကိုလည်း ကျွန်တော်ရှက်တယ်။

Voice : သဘင်ဆိုတာက ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရတာလေ။ ကိုယ်ကခဲ့တဲ့ ပွဲတွေမှာ လွန်လွန်ကျူးကျူး အားပေးတဲ့ ပရိသတ်မျိုးတွေနဲ့ တွေ့ကြုံလာရင် ဟန်ဇာမိုးဝင်း ဘယ်လိုတုံ့ပြန် ဆက်ဆံလဲ။

HZMW : တစ်ခါတလေကျတော့ အနုပညာရှင် ဆိုတာလည်း လူသားတစ်ယောက်လေ။ သူ့မှာလည်း စိတ်ရှိတာကိုး။ တချို့ပွဲတွေမှာဆို ပရိသတ်က မူးပြီးတော့ ဆဲတယ်ဗျာ။ အဘရွှေမန်း ဦးတင်မောင်တို့၊ ကျွန်တော့်အဖေတို့ ကခဲ့တဲ့ အချိန်တုန်းကဆို ဇာတ်ကတဲ့နေရာမှာ မိုက်မသုံးဘူး။ မိုက်မပါဘဲ ကလို့ရတယ်ဆိုတာ ပရိသတ်က ငြိမ်နေလို့ပေါ့ဗျာ။ အဲဒီတုန်းက လူတွေရဲ့အပြုအမူက ယဉ်ကျေး ပျူငှာကြတယ်။ မင်းသားက မိုက်မပါဘဲ သီချင်းဆိုရင်တောင် ငြိမ်ပြီးတော့ နားထောင် နေတဲ့အတွက် ပွဲခင်းတစ်ခုလုံး ကြားနေရတယ်။ ဒီဘက်ခေတ်မှာတော့ သောက်စားပြီး လာကြည့်ကြတဲ့ ပရိသတ်တွေ ရှိသလို၊ သူတို့စိတ်ထဲမှာ မွန်းကျပ်နေတာတွေကို ပွဲခင်းထဲမှာလာ ဖြေဖျောက်ကြတဲ့ ပရိသတ်တွေလည်း ရှိတယ်။ ဘောလုံးပွဲတစ်ပွဲကို ကြည့်ရင်တောင် ကိုယ်တိုင်ကန်တတ်လား ဆိုတော့ မကန်တတ်ဘူး။ ကွင်းထဲမှာ ကန်နေတဲ့သူကို မင်းဘယ်လို ကန်နေတာလဲ ဆိုပြီး ဆဲမိကြတာတွေ ရှိတယ်။ နောက်ပိုင်း ပရိသတ်တွေထဲက ကိုယ့်ကိုဆဲလာတယ် ဆိုရင် သြော်သူအိမ်မှာ တစ်ခုခု အဆင်မပြေခဲ့လို့ ငါ့ကိုလာပေါက်ကွဲ သွားတယ် ထင်တယ်လို့ မှတ်ယူလိုက်တယ်။ တတ်နိုင်သလောက်တော့ ကျွန်တော်သည်းခံတယ်။ ဘယ်လိုမှ မရတော့ဘူး။ အရမ်းလွန်ကျူးလာတယ် ဆိုရင်တော့ ပွဲလုံခြုံရေး တာဝန်ရှိသူ တစ်ယောက်ကို သွားပြောခိုင်းလိုက်တယ်။ ကျွန်တော်က အားနာတတ်တယ်။ ဒေါသထွက်ပြီးရင်လည်း စိတ်ပြေလွယ်တယ်။ စိတ်ထဲမှာ အတေးအမှတ် မထားတတ်ပါဘူး။

Voice : ဇာတ်သဘင်လောကမှာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သဘင်လောကသား တစ်ယောက်အနေနဲ့ ပြောပြပေးပါဦး။

HZMW : သဘင်လောကမှာ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကတော့ အများကြီးပါပဲ။ သဘင်လောကက လူအရမ်းများတယ်ဗျ။ ဇာတ်အဖွဲ့တစ်ဖွဲ့မှာ ခေါင်းဆောင်မင်းသားက တစ်ယောက်။ သူ့ကို မှီခိုနေတဲ့ ဇာတ်အဖွဲ့သားတွေက ၆၀၊ ၇၀ လောက်ရှိတယ်။ ဇာတ်မင်းသားက လည်း လက်ချိုးရေလို့ ရပါတယ်။ ဇာတ်သဘင် လောကသားတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ခရီးသွားလာရေး အပိုင်းတွေမှာ လိုအပ်တာတွေ အများကြီးပဲ။ ဘာမှပံ့ပိုးပေးမှုမှ မရှိတာဗျာ။ ဇာတ်သဘင် လောကသားတွေက နေပူမိုးရွာမရှောင်၊ ကုန်ကားကြီးတွေနဲ့ တစ်နှစ်ပတ်လုံး သွားလာနေရတယ်။ ဇာတ်သဘင်သမားတွေက တစ်ညလုံး ဇာတ်ကထားရတဲ့အတွက် ခရီးသွားတဲ့ အခါမှာတော့ ကျွန်တော်တို့က သက်သောင့်သက်သာ ဖြစ်စေချင်တယ်။ ကျွန်တော်တို့ ကိုယ်တိုင် ဖြည့်ဆည်းပေးဖို့ ကျတော့လည်း အဲဒီလောက်အထိ ကျွန်တော်တို့ မတတ်နိုင်ဘူးဗျ။ အခု Express ကားတစ်စီးရဲ့ လက်ရှိပေါက်ဈေးက ကျွန်တော်တို့ရနေတဲ့ ဝင်ငွေနဲ့ဆို အဆင်မပြေဘူး။ ဒါမျိုးက နိုင်ငံတော်ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဖြည့်ဆည်းပေးမှ ရမှာလေ။ ကျွန်တော်တို့က စိတ်ကူးပဲရှိတယ်။ လက်တွေ့ အကောင်အထည် မဖော်နိုင်ဘူး။ ကျွန်တော်တို့က မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာ တစ်ခုဖြစ်တဲ့ ဇာတ်သဘင်ကို ထိန်းသိမ်းနေကြတဲ့သူတွေ ဖြစ်ပေမယ့် တခြားအနုပညာ ကဏ္ဍတွေနဲ့ ယှဉ်ရင် ပံ့ပိုးကူညီမှုတွေ သိပ်မရပါဘူး။

ဥပမာတစ်ခု ပြောရရင် စီးပွားရေး လုပ်ငန်းရှင်တွေကအစ ကြော်ငြာတစ်ခု ရိုက်ရင် ဇာတ်မင်းသားတွေနဲ့ ရိုက်တာနည်းပါတယ်။ နာမည်ကြီး မင်းသားတွေနဲ့ ရိုက်တာများတယ်။ တကယ်တမ်း နိုင်ငံခြားသားတွေ မြန်မာပြည်ကိုလာလို့ မြန်မာ့အနုပညာကို မြည်းစမ်း ခံစားဖို့ လာကြည့်ကြတာက ကျွန်တော်တို့ ပွဲတွေပါ။ ဇာတ်သဘင်ပညာနဲ့ ကမ္ဘာ့နိုင်ငံတွေကို ပတ်ပြီး ကခဲ့တဲ့ မင်းသားတွေလည်း ရှိပါတယ်။ ဟစ်ဟော့သီချင်းတွေ၊ ရော့ခ်သီချင်းတွေ ဆိုပြလို့လည်း သူတို့ စိတ်ဝင်စားတာ မဟုတ်ဘူး။ ကျွန်တော် ပုတ်ခတ် ပြောတာတော့ မဟုတ်ပါဘူး။ ကျွန်တော်လည်း ထိုင်းရောက်ရင် ရော့ခ်သီချင်းတွေ၊ ဘာတွေ စိတ်ဝင်စားတာ မဟုတ်ဘူး။ ကိုယ်မမြင်ဖူးသေးတဲ့ သူတို့နိုင်ငံက ရိုးရာအနုပညာတွေကို ကြည့်ရတာကိုပဲ စိတ်ဝင်စားတယ်။

ဇာတ်သဘင်လောကက အရင်ကထက် စာရင်တော့ ပံ့ပိုးမှုအနည်းငယ် ရှိပါတယ်။ ကျွန်တော်တို့ ဇာတ်သဘင်လောကက ၈၈ အရေးအခင်း နောက်ပိုင်းမှာ တော်တော်လေး လျော့ကျသွားတယ်။ ဇာတ်သဘင် ပညာရှင် တော်တော်များများလည်း ဇာတ်လောကက ထွက်သွားကြတယ်။ ဘာဖြစ်လို့ဆိုတော့ ၈၈ မှာက ညမထွက်ရ အမိန့်တွေ ဘာတွေထုတ်တော့ ဇာတ်ကရတာ သိပ်အဆင် မပြေတော့တဲ့အတွက် ဇာတ်သဘင်ပညာရှင် တော်တော်များများက ကြုံရာကျပန်း အလုပ်တွေ ဝင်လုပ်ကုန်ကြတယ်။ နောက်ပြီး အဲဒီအချိန်တုန်းက ဇာတ်ရုံတွေကလည်း အဆင့်အတန်းမီမီ မဆောက်နိုင်ကြတော့ဘူး။ အဲဒီတော့ ရတဲ့နေရာမှာ အဆင်ပြေသလို ရုံထိုးပြီး ကကြတယ်။ ၈၈ ကာလနောက်ပိုင်းက ထမင်းစားဖို့အတွက် ပွဲဖြစ်ရုံ၊ ဖြစ်သလို ရုံထိုးပြီး ကကြတဲ့အတွက် ဇာတ်သဘင်လောကကပိုပြီး ကျဆင်းလာတယ်။ ဒီအချိန်အထိ ဖြစ်သလို ရုံထိုးပြီး ကနေကြရတုန်းပဲ။ ဘုရားပွဲတွေမှာ ဇာတ်ကဖို့အတွက် လေလံဆွဲတဲ့ အခါမှာရော ဘယ်လိုအခက်အခဲတွေ ကြုံရလဲ။ အခု နောက်ပိုင်း လေလံကြေးတွေက အရမ်းမြင့်နေတော့လေ။

ဘုရားပွဲလေလံ ကိစ္စတွေနဲ့ ပတ်သက်ပြီး စာနယ်ဇင်းတွေကို ကျွန်တော်တို့ တင်ပြစရာတွေ ရှိပါတယ်။ အခုနောက်ပိုင်း ဘုရားပွဲတွေမှာ လေလံကြေးတွေက အရမ်းမြင့်လာတယ်။ ဟိုတစ်ရက်ကတောင် ကျွန်တော်တို့ ဇာတ်မင်းသား သူငယ်ချင်း အချင်းချင်း ပြောဖြစ်ကြသေးတယ်။ လေလံကြေးတွေ အဲဒီလောက် မြင့်နေရင် ဇာတ်သဘင်လောက ဘယ်လို အဆင်ပြေမလဲလို့။ ကျွန်တော်တို့ကတော့ ပြည့်စုံတယ်။ ဒါပေမဲ့ ဇာတ်သဘင်လောကမှာ မပြည့်စုံတဲ့သူတွေ အများကြီး ရှိသေးတယ်။ အဲဒီလိုလူတွေ အတွက်ကျတော့ လေလံကြေးတွေ ဒီလောက် ဈေးကြီးနေရင် ဘယ်လိုသွား ကတော့မလဲ။ ဇာတ်ကြီးတွေက လေလံကြေးဆွဲပြီး ကနိုင်ပေမယ့် သိပ်မအောင်မြင်တဲ့ ဇာတ်တွေကျတော့ ဘယ်လိုသွား ကတော့မလဲ။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုတာ ကျွန်တော်တို့ သူငယ်ချင်းတွေအားလုံး တိုင်ပင်နေကြပါတယ်။

Voice : တစ်ခေတ်တစ်ခါက ဇာတ်သဘင်တွေက ပြဇာတ်၊ အော်ပရာ၊ နှစ်ပါးသွား၊ နောက်ပိုင်း ဇာတ်တော်ကြီးစသဖြင့် ပြည့်ပြည့်စုံစုံ စုံစုံလင်လင် ကပြကြတဲ့အတွက် ဇာတ်သဘင်ရဲ့ အရသာကို အပြည့်အဝ ခံစားရပြီး လူတွေကလည်း ဇာတ်ပွဲတွေကို အားပေးကြတယ်။ အခုနောက်ပိုင်း ဇာတ်သဘင် တော်တော်များများကတော့ စတိတ်ရှိုးကိုသာ အထူးအလေးပေးပြီး အဖြစ်သဘောမျိုး ကလာတဲ့အတွက် ဘုရားပွဲ တစ်ခုလုပ်ရင် ပွဲဈေးလျှောက်ဖို့သာ စိတ်ဝင်စားပြီး ဇာတ်ပွဲတွေကို သိပ်မလာကြည့်ကြတော့ဘူး။ ဒီအပေါ်မှာ ဟန်ဇာမိုးဝင်းရဲ့ အမြင်လေး ပြောပြပေးပါဦး။

HZMW : ပထမဆုံး အချက်ကတော့ ကျွန်တော်တို့ မြန်မာလူမျိုး အများစုက ပါဠိ၊ ပါဌ်သားတွေ သိပ်မဖတ် တတ်ကြတော့ဘူး။ ဇာတ်သဘင် ဆိုတာက ကာရန်၊ နဘေ၊ ပါဠိ၊ ပါဌ်သားတွေ ပါတယ်။ အဲဒီဇာတ်စကားတွေ ပြောတဲ့အခါ ပါဠိပါဌ်သားတွေ မသိလို့ရှိရင် သူတို့က နားမလည်ဘူး။ နားမလည် တဲ့ အခါကျတော့ ဇာတ်တွေကို မကြည့်ချင်တော့ဘူး။ ဟိုခေတ်တုန်းက ပရိသတ်တွေကတော့ ပါဠိပါဌ်သားတွေ နားလည်တဲ့အတွက် ဇာတ်ထုပ်တွေရဲ့ အရသာကို ပိုခံစားတတ်ကြတယ်။ ဒီဘက် ခေတ် လူငယ်တွေကျတော့ ဒီလိုပါဠိတေ ဘာတွေနဲ့ ဝေးတယ်လေဗျာ။ ကျွန်တော်တို့ ဇာတ်စကားတွေ ပြောတဲ့အခါ သူတို့နားမလည်ရင် မကြည့်ချင်တော့ဘူး။ ဇာတ်ထုပ်တွေ ပျောက်သွားတာ ဒီအချက်တွေကြောင့်လည်း ပါတယ်။ အရင်တုန်းကဆို ငိုချင်းညည်းနေရင် ဒါဘယ်ငိုချင်း၊ ခွန်းထောက် ဆိုရင်လည်း ဒါဘယ်ခွန်းထောက်ဆိုတာ သိကြတယ်။ ကျောင်းတွေမှာက နောက်ပိုင်းဒါတွေက သိပ်မသင်ရဘူးလေ။ ကလေးတွေကလည်း အင်္ဂလိပ်ကျောင်း တက်တဲ့သူတွေ များလာတဲ့အတွက် ဒါမျိုးတွေနဲ့ ပိုပြီး အလှမ်းဝေးသွားတယ်။ ကျွန်တော့် ညီတွေကအစ အင်္ဂလိပ်ကျောင်းပဲ နေတာ။ အခုနောက်ပိုင်း နိုင်ငံတကာက ယဉ်ကျေးမှု အနုပညာတွေကလည်း မြန်မာနိုင်ငံကို စိမ့်ဝင်နေတယ်။ လူငယ်တွေကလည်း ကိုယ့်မြန်မာ့ ယဉ်ကျေးမှုထက် ဒါတွေကိုပဲ ပိုစိတ်ဝင်စားနေကြတယ်။ ကျွန်တော်တို့က လူငယ်တွေကို မြန်မာ့ယဉ်ကျေးမှုကို စိတ်ဝင်စားလာအောင် ဆွဲခေါ်ဖို့ဆို၊ သူတို့ စိတ်ဝင်စား နေတာတွေကိုလည်း ပစ်ပယ်ထားလို့ မရဘူးလေ။ အနောက်တိုင်း ယဉ်ကျေးမှုတွေကို တိုက်ထုတ်ဖို့ကလည်း အခုအချိန်မှာ ဒါတွေက အရမ်းအင်အားကြီးနေတယ်။ အဲဒီတော့ ကျွန်တော်တို့က လူငယ်တွေ စိတ်ဝင်စားတာနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ ပေါင်းစပ် တီထွင်ပြီး ပြမှပဲရတော့မယ်။ ဒါမှလည်း လူငယ်တွေက ကြည့်ချင်မှာ။ ကျွန်တော်တို့တောင် ကိုယ့်ထက်သဘင်ရဲ့ မူလဇာစ်မြစ် မပျောက်အောင် တော်တော်တောင့်ခံ ထားရတာ။ ကျွန်တော်တို့ပါ ဝင်မျောလိုက်ရင် ပွဲက ပြီးသွားပြီ။

Voice : သဘင်အစည်းအရုံးက သတ်မှတ်ထားတဲ့ ဇာတ်သိမ်းချိန်နဲ့ ပတ်သက်ပြီး လက်ရှိကနေတဲ့ လူတစ်ယောက်အနေနဲ့ ဒီစည်းမျဉ်းတွေက ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိသလဲဆိုတာ သုံးသပ်ပေးပါဦး။


HZMW : တစ်ခါတလေကျတော့ ဇာတ်ကတဲ့အခါ စည်းနဲ့ကမ်းနဲ့နေတာ ကောင်းပါတယ်။ ကိုယ်ကလို့ ကောင်းနေတယ် ဆိုရင်လည်း သတ်မှတ်ချိန်ထက် ကျော်လွန်ပြီး ကချင်လည်း ကမိမယ်။ အဲဒီလို အချိန်မျိုးမှာ ဘယ်လို ဆုံးဖြတ်ပေးမလဲလို့ ကျွန်တော် အစည်းအရုံးကို မေးကြည့်တယ်။ တာဝန်ရှိသူတွေက မင်းကချင်လို့ကတာ ကပါတဲ့။ အဲဒီအတွက်လည်း အရေးယူမှာ မဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ တစ်ညလုံး အလုပ်လုပ်ထားရတဲ့ ကျန်တဲ့သဘင် လုပ်သားတွေအတွက် ကြည့်စေချင် တာပါတဲ့။ ကိုယ့်ပရိသတ်နဲ့ကိုယ် အဆင်ပြေလို့၊ ပနံသင့်လို့ ကချင်ရင် ကပါတဲ့။ ဒါပေမဲ့ နောက်မှာ တစ်ညလုံး မီးထိုးပေးနေရတဲ့၊ ကားလိပ်ဆွဲပေး နေရတဲ့ သဘင့်လုပ်သားတွေ ရှိတယ်တဲ့။ ကျွန်တော်တို့က ကိုယ့်အလှည့်နဲ့ကိုယ် တက်တာ။ အဲဒီလိုမျိုးတွေ ပြောပြတော့ ကျန်တဲ့ဇာတ် အဖွဲ့သားတွေအတွက် ကျွန်တော်တို့က လက်ခံပေးလိုက်ပါတယ်။

Voice : ဇာတ်သဘင်လောကက ပြန်လည် ဦးမော့လာဖို့အတွက် အဘက်ဘက်က ပံ့ပိုးကူညီမှုတွေအပြင်၊ ဇာတ်သဘင် လောကသားတွေဘက်ကရော ဘယ်အချက်တွေကို ပြင်ဆင်ရမယ် ထင်လဲ။

HZMW : ဇာတ်သဘင် လောကသားတွေ ကိုယ်တိုင်က ဇာတ်စကားတွေ၊ ဇာတ်နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ပြန်လေ့လာသင့်တယ် ထင်တယ်။ ဒီဘက်ခေတ်မှာက နှစ်ပါးသွား ကတတ်ရုံ၊ စတိတ်ရှိုး ဆိုတတ်ရုံနဲ့ မင်းသား ဖြစ်ပြီလို့ ထင်နေကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလို မင်းသားမျိုးထဲမှာ ပါခဲ့တယ်။ အလင်္ကာအလွမ်းပြေ မှတ်တမ်းပွဲလို ဇာတ်သဘင် ပညာရှင်တွေ စုံလင်တဲ့ပွဲမှာ ပါဝင်ခွင့်ရတော့မှ ဇာတ်သဘင်ပညာရဲ့ လေးနက်မှုတွေကို သိလာရတာ။ အခြေခံ ဇာတ်သဘင်ပညာတွေ သိလာပြီ ဆိုတော့မှ ကိုယ့်ရဲ့တီထွင် ကြံဆမှုတွေ ထပ်လုပ်ချင်လုပ်ပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ခုနောက်ပိုင်းမှ ဇာတ်သဘင်နဲ့ ပတ်သက်တဲ့စာတွေ အများကြီး ပြန်ဖတ်နေရတယ်။ စတိတ်ရှိုးကဏ္ဍတွေ ဆိုတာကတော့ ပရိသတ် ကြိုက်နှစ်သက်တာကို အဆာပြေ ကြွေးတဲ့အနေနဲ့ပဲ ထားစေချင်တယ်။ ပရိသတ် ကြိုက်တာကိုလည်း လုပ်ပေး၊ ကိုယ့်ဘက်ကလည်း ဇာတ်သဘင်ပညာကို သေချာလေ့လာ ဆည်းပူး သင့်တယ်လို့ ထင်ပါတယ်။

Voice : ဟန်ဇာမိုးဝင်းက အရင်တုန်းကဆို သီချင်းတွေ ဆိုခဲ့တယ်။ ဇာတ်ကားတွေလည်း ရိုက်ခဲ့တယ်။ ဒီအလုပ်တွေကိုရော ပြန်လုပ်ဖို့ အစီအစဉ်ရှိလား။

HZMW : အခု လောလောဆယ်တော့ ကျွန်တော် ဇာတ်ကားတွေ မရိုက်ချင်ဘူး။ ရိုက်ချင်စိတ်ရှိတဲ့ အချိန်ကျရင်တော့ တစ်ခါတလေ ပြန်ရိုက်မယ်။ အခုဆို ပရိသတ်က ဇာတ်သဘင်ကို ပိုအာရုံစိုက်လာတဲ့ အခါကျတော့ ကျွန်တော်တို့က ဒီဘက်မှာ စိတ်နှစ်ပြီး လုပ်ရမယ်။ ကျွန်တော့်စိတ်ကလည်း ငယ်ငယ်တုန်းက ကခဲ့တဲ့စိတ်မျိုး မဟုတ်ဘူး။ ဟိုတုန်းကတော့ စင်ပေါ်တင်ပေးလိုက်ရင် ကနေတာပဲ။ ဘာမှ လေ့လာဆည်းပူး ထားတာလည်း မရှိဘူး။ အခုကျတော့ အရွယ်ရောက်လာတဲ့ အခါမှာ ဘာသိလာလဲဆိုတော့ ရုပ်ကလေးနဲ့တော့ ကလို့မရတော့ဘူးဆိုတာ သိလာတယ်။ ရုပ်ရည်ဆိုတာက အသက်တွေ ကြီးလာတာနဲ့အမျှ အိုလာမှာလေ။ အဲဒီတော့ ကိုယ့်ရဲ့ပညာနဲ့မှ ရေရှည် ကလို့ရမှာလေ။ ပရိသတ်တွေက ၂ နှစ်၊ သုံးနှစ်လောက် အထိတော့ ကိုယ့်ကို ခွင့်လွှတ်မှာပဲ။ သြော် … သူမကတတ်သေးလို့ပါ ဆိုပြီး ရေရှည်မှာတော့ ဒီအတိုင်းကြီး ဆက်သွားမယ်ဆိုရင် ပရိသတ်က ခွင့်လွှတ်တော့မှာ မဟုတ်ဘူး။ အဲဒီတော့ ပွဲနားတဲ့ အချိန်မှာ ကျွန်တော်ဆိုင်းတွေ သင်တယ်။ ခွန်းထောက်တွေ ကျက်တယ်။ စာတွေ ဖတ်ဖြစ်တယ်။

သန့်ဇင်ဦး
The Voice Weekly