နိုင်ငံကြီးကို ပြောင်းလဲဖို့
ပို့စ်တင်ချိန်
- 11/19/2013 06:54:00 PM
(ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို)
ဆရာကိုဘသစ် အတန်းထဲ ၀င်လာသည်။
"မင်္ဂလာပါ ဆရာ"
"အေး မင်္ဂလာပါ"
သူ၏ ၁၀ တန်း ကျောင်းသားတွေက
"ဆရာ ကျွန်တော်တို့ကို ဒီနေ့ နိုင်ငံရေးအကြောင်း ပြောပြ" ဟု ပြောလေ၏။
"ဟေ ဘာဖြစ်လို့လဲ"
"ကျွန်တော်တို့ နိုင်ငံကြီး ပြောင်းလဲနေတယ်လို့ မြန်မာစာဆရာ ဦးရဲက ပြောတယ်။ ကျွန်တော်တို့က ဘာပြောင်းတာလဲလို့ မေးတော့ နိုင်ငံရေးလို့ ဆရာရဲက ဖြေတယ်။ ဒါဆို ပြောပြဆိုတော့ မင်းတို့ဆရာ ကိုဘသစ်ကိုမေး။ သူက နိုင်ငံရေးကို ကျွမ်းတယ်လို့ ပြောတယ် ဆရာ"
"ဟာကွာ ကျောင်းနေတာ ပညာရေးကို လေ့လာတာ၊ နိုင်ငံရေးမှ မဟုတ်တာဘဲ စာသင်မယ်"
"ဆရာကလည်း ဆရာ့ကျောင်းသားတွေ လူပုံလယ်မှာ မျက်နှာငယ်တာကို ကြည့်နေမှာလား။ မနက်ဖြန်ဆို ကျောင်း ၁၀ ရက် ပိတ်တော့မယ်"
"အင်း သီတင်းတောင် ကျွတ်ပြီပဲ။ ကဲ မင်းတို့ကို အိမ်ပြန်လက်ဆောင် ပြောပြမယ်"
"ဟေး"
ကျောင်းသားများ "ဟေး" ခနဲ အော်သံသည် ဆူညံသွားသောကြောင့် ကိုဘသစ် ထိန်းလိုက်ရသည်။
"အခြားတန်းတွေကို အနှောင့်အယှက် ဖြစ်မယ်။ ဆရာ စပြောပြမယ်"
အားလုံး တိတ်နေကြသည်။
"ရှေးသရောအခါ ပြည်ဗာရာဝယ် ကုဋေကြွယ်သား သူဌေးသား . . ."
"ဟာ ဆရာ၊ နိုင်ငံရေးအကြောင်း ပြောပြပါဆို"
ကိုဘသစ် ပြုံးလိုက်သည်။
"ဒါ နိုင်ငံရေးပဲလေ"
"ဆရာက ပုံပြောပြနေတယ် မဟုတ်လား။ အဲဒီ ပုံပြင်ကို ကျွန်တော်တို့ သိတယ်။ ကဗျာကိုလည်း ရတယ်"
"ကဲ ဒါဆိုရင် မင်းမင်းအောင်။ အဲဒီပုံပြင်ကို တစ်တန်းလုံးကြားအောင် ပြောပြပါဦး"
မင်းမင်းအောင် မတ်တတ်ထကာ ပြောလိုက်သည်။
"တစ်ခါက ချမ်းသာတဲ့ ကုဋေရှစ်ဆယ် ကြွယ်ဝတဲ့ သူဌေးကြီး တစ်ယောက်ရှိတယ်။ သူတို့မှာ သားတစ်ယောက်ပဲ ရှိတယ်။ ဒီသားလေးကို အင်မတန်ချစ်လို့ အိမ်မှာပဲ နေစေတယ်"
"အိမ်မှာ Home Tuition ပေးတာလား"
"ဟင့်အင်း ဘာစာမှ မသင်စေဘူး။ ချစ်တာကိုး"
"တို့ မိဘက မချစ်လို့ ကျောင်းနေခိုင်းတာ"
တစ်ယောက်တစ်ပေါက် ဆူညံနေသောကြောင့် ဆရာကိုဘသစ် ၀င်ထိန်းရသည်။
"ကဲ အားလုံး ဘာမှဝင်မပြောဘဲ နားထောင်။ မင်းမင်းအောင် ဆက်ပြော"
"ဒါနဲ့ သူဌေးသားဟာ စာလည်းမတတ်ဘူး။ ဘာကိုမှလည်း မတတ်ဘူး။ အရှေ့အနောက် တောင်မြောက်တောင် မသိဘူး"
"မင်းကော သိလို့လား"
ဆရာကိုဘသစ် စားပွဲပေါ်ကို ကြိမ်လုံးနှင့် ရိုက်လိုက်ရသည်။
"ကဲကဲ ဆရာ ဆက်ပြောမယ်။ သူဌေးလင်မယား ကွယ်လွန်သွားတော့ ဘာမှမတတ်တဲ့ သားရဲ့နံဘေးမှာ ခရိုနီတွေ ရောက်လာသတဲ့"
"ဟာ ဆရာကလည်း ခရိုနီဆိုတာ ခုခေတ်မှာမှ ပေါ်လာတာ မဟုတ်လား"
"ဆရာက တင်စားပြောတာပါ။ ကိုယ့်အကျိုးကိုသာ လုပ်တယ်။ သူ့အကျိုး မဆောင်ရွက်တဲ့ သူတွေပေါ့လေ။ သာပေါင်းညာစားတွေကို ပြောချင်တာပါ"
"ခရိုနီလို့ပဲ ထားလိုက်ပါ ဆရာ။ ခေါ်လို့ ကောင်းတယ်"
"အေးကွ အဲဒီလို လူတွေလာပြီး သာပေါင်းညာစား လုပ်လိုက်တာ ကုဋေ ၈၀ သူဌေးသားဟာလည်း မွဲတေဆင်းရဲ သွားတယ်။ တောင်းစားရတယ်တဲ့။ ကဲမင်းမင်းအောင် ပုံပြင်လေးရဲ့ ကဗျာအဆုံးပိုဒ်လေးကို ရွတ်ပြပါဦး"
"ခွက်လက်စွဲကာ တောင်းစားပါလည်း သင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ ရွာမှထွက်လေ တောမှာသေသည် ကောင်သေလင်းတ ကျ၏တည်းတဲ့ ဆရာ"
"အေး မွဲတေစုတ်ပြတ် သွားတယ်။ ဒါဆို ဖြေကြည့်ကြပါ။ ကုဋေ ၈၀ သူဌေးသား ဘာကြောင့်မွဲသွား တာလဲ"
"ခရိုနီကြောင့်ပါ ဆရာ"
"မဟုတ်ဘူး"
"သူ့မိဘ လက်ထက်မှာလည်း ဒီလိုလူတွေ ရှိတာပါပဲ။ ဒါပေမဲ့ သူ့မိဘတွေ မဆင်းရဲဘူး။ ဒီသူငယ်ကျမှ ဆင်းရဲမွဲတေ သွားတာ အဓိက အကြောင်းက ဘာလဲ"
"ပညာ မတတ်လို့ပေါ့"
"အေးကွ ပညာမတတ် သူ၏၀န်ထမ်းဆိုတဲ့ စကားရှိတယ်။ အလုပ်သမားတွေ ဖြစ်ရတာကို ပြောတာ"
"ဆရာ ပညာတတ်လည်း အလုပ်သမား ဖြစ်တာတွေ အများကြီး ရှိတာပဲ"
"ပညာတတ် ဆိုတာက အရင်ခေတ်က စာတတ်ရုံပေါ့။ ခုခေတ်မှာ အင်္ဂလိပ်စာ တတ်ရမယ်။ ကွန်ပျူတာ တတ်ရမယ်။ ဒါမှ စာတတ်သူ၊ ပညာတတ်သူ literate လို့ ခေါ်တယ်"
"ဒီလိုတတ်ရင် အလုပ်သမား မလုပ်ရတော့ဘူးလား ဆရာ"
"ဒါပေါ့ အနည်းဆုံး ဆရာခေါ်ခံ ရတာပေါ့"
"ဆိုက္ကားဆရာလား ဆရာ"
တစ်တန်းလုံး ရယ်ကြသည်။
"မင်းတို့ပြောတာလည်း ဟုတ်တာပဲ။ တို့နိုင်ငံကို ပြန်ကြည့်မယ်။ တို့နိုင်ငံဟာ အင်မတန် သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံပဲ မဟုတ်လား။ ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာတွေ ပေါတဲ့နိုင်ငံလို့ ခေါ်တယ်မဟုတ်လား"
"ဟုတ်ကဲ့ ဆရာ"
"ရေနံတို့၊ ကျွန်းသစ်တို့၊ ကျောက်စိမ်းတို့လည်း အများကြီး ထွက်တယ်။ ဒါပေမဲ့ ဘာမှမထွက်တဲ့ စင်ကာပူက ချမ်းသာပြီး တို့ဆီကလူတွေ တောင်းတောင်းပန်ပန်နဲ့ သူ့ဆီမှာ အလုပ်တောင်းရတယ်။ ကံကောင်းမှ အလုပ်ရတယ်။ ဘာဖြစ်လို့လဲ"
"စင်ကာပူ ချမ်းသာလို့"
"ဘာလို့ ချမ်းသာလဲ"
"ပညာတတ်ကြလို့"
"အေးကွ ပညာတတ်ပြီး စီမံခန့်ခွဲမှုကောင်းဖို့ အရေးအင်မတန် ကြီးတယ်။ စင်ကာပူမှာ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်လည်းဖမ်း၊ လမ်းပေါ် တံတွေးထွေးလည်းဖမ်း။ ရထားပေါ် ရေသောက်ရင်တောင် ဖမ်းတယ်"
"အတော်ဆိုးတာပဲ"
"မဆိုးပါဘူး။ ဒီလိုစည်းကမ်းကို စကိုင်လိုက်မှ အားလုံးစည်းကမ်းကို ရိုသေတဲ့ အကျင့်ရသွားတယ်။ သူတို့ရဲ့ mind-set တွေကို ပြောင်းလိုက်တာပဲ။ တကယ်တော့ မြန်မာတွေ စင်ကာပူ ရောက်တဲ့အခါ အမှိုက်ပစ်တာတို့ တံတွေးထွေးတာတို့ကြောင့် အဖမ်းခံရတာ မရှိဘူး။ အင်မတန် ရှားတယ်။ ဘာကြောင့်လဲ သိလား"
"ဖမ်းခံထိမှာ ကြောက်လို့ပေါ့"
"အေး ဖမ်းပြီး ဒေါ်လာနဲ့ ဒဏ်ရိုက်တာတို့၊ ကြိမ်ဒဏ်ခံရမှာတို့ကို ကြောက်တာကိုး။ သူတို့အကျင့် သူတို့ပြင်လာ ကြတယ်"
"ဒီမှာ မပြင်ဘူးပေါ့ ဆရာ"
"မပြင်ကြဘူး။ တကယ်တော့ ဒီလို စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်တာဟာ တစ်ချိန်မှာ ကိုယ်တိုင်ခံရတာကို ကိုယ်မသိလိုက်ဘူး။ ညစ်ပတ်တဲ့ ၀န်းကျင်မှာ နေကြရင် ကျန်းမာရေးတွေ ချို့ယွင်းလာတာမျိုး ဖြစ်လာတယ်"
"ကျွန်တော်တို့ ရန်ကုန်မြို့ကြီးဟာ အမှိုက်တွေနဲ့ အင်မတန် အရုပ်ဆိုးတယ် ဆရာ။ မနှစ်က ကျွန်တော့်အစ်ကိုနဲ့ စင်ကာပူ လိုက်သွားတော့ မြို့ကြီးဟာ လှပနေတယ်။ သူတို့ဟာ နေတတ်ထိုင်တတ်လို့ ဒီလိုလှပနေတယ်လို့ ထင်ခဲ့တယ် ဆရာ"
"နေတတ်ထိုင်တတ်တယ်လို့ ပြောနိုင်ပါတယ်။ အဆင့်မြင့်မြင့် နေဖို့ဟာ အားလုံးကြိုးပမ်း ကြရမယ်။ ရန်ကုန်မြို့ကြီးရဲ့ လမ်းပေါ်မှာ နေ့စဉ် လူတွေဖြစ်သလို အမှိုက်ပစ်နေကြတာ အများက မြင်နေတာပဲ။ ညဘက်ဆို အမှိုက်တွေ လမ်းပေါ်ပုံ၊ အိမ်ရှေ့မှာ ပစ်နဲ့။ ဈေးသည်တွေကလည်း မြောင်းဖုံးလှန်ပြီး ရေမြောင်းထဲ ပစ်နေကြတယ်။ ဒါဟာ ဘယ်သူ့ကို ထိခိုက်သလဲ"
"ကျွန်တော်တို့ကိုပဲ ဆရာ"
"အေး မြန်မာပြည်ဟာ အာရှတိုက်မှာ အချမ်းသာဆုံးကနေ အဆင်းရဲဆုံး ဖြစ်သွားပြီ။ ကုဋေ ၈၀ သူဌေးသားဟာ အခု မွဲသွားသလိုပဲ ဘာကြောင့်လဲ"
"ပညာမတတ်လို့ပါ"
"အဓိကကတော့ ပညာတတ်တွေကို နေရာမပေးလို့ပေါ့။ ဒါတွေကို နားလည်ရင် အခုကစပြီး ပြုပြင်ကြမယ်"
"ဟုတ်ကဲ့ပါ ဆရာ"
"ဘာတွေပြုပြင်မလဲ"
"ပညာတတ်အောင် လုပ်မယ်"
"စည်းကမ်းရှိမယ်"
"အေးတပည့်တို့ တို့တစ်တွေဟာ နိုင်ငံကြီးသား ပီသအောင် ကြိုးစားပြီး တို့နိုင်ငံကို တို့တည်ဆောက်ကြစို့"
Eleven Media Group