မြန်မာ့ရုပ်ရှင် ဦးမော့လာဖို့

ပို့စ်တင်ချိန် - 11/16/2013 07:01:00 PM


လက်ရှိကာလတွင် မြန်မာ့ရုပ်ရှင်သည် အနိမ့်ဆုံးအဆင့်သို့ လျှောကျ သက်ဆင်းနေသည်။ လွန်ခဲ့သော အနှစ်ငါးဆယ်က တစ်နှစ်လျှင် မြန်မာ့ရုပ်ရှင် ဇာတ်ကား ၉၃ ကားအထိ ထွက်ရှိခဲ့သော်လည်း ယခုအခါ မြန်မာဇာတ်ကား ၁၅ ကားအထိသာ ထုတ်လုပ်နိုင်သဖြင့် ခြောက်ဆကျော်ကျော် ကျဆင်းသွားသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရသည်။

ထိုစဉ်က အစိုးရပိုင် ဇာတ်လမ်းရုပ်ရှင် အပါအ၀င် မြန်မာ့ရုပ်ရှင် စတူဒီယိုကြီး ခုနစ်ခု ရှိနေသော်လည်း ယခုအခါ ရုပ်ရှင်ရိုက်ကူးရေး စတူဒီယို လုံးဝမရှိတော့ပါ။ တစ်ချိန်တည်းမှာပင် ခေတ်မီကင်မရာအသံနှင့် ဆက်စပ်ပစ္စည်းများ ချို့တဲ့လာသည့်အတွက် ရုပ်ရှင်နည်းပညာပိုင်းပါ အားနည်းလာပါသည်။

ရုပ်ရှင်သည် စက်မှုနှင့် အနုပညာ ပေါင်းစပ်ထားသော လုပ်ငန်းဖြစ်ပါသည်။ စက်မှုနှင့် နည်းပညာပိုင်း အားနည်းလာသောအခါ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ၏ အရည်အသွေးလည်း ကျဆင်းလာပါသည်။

တစ်စတစ်စ ကုန်ဈေးနှုန်း ကြီးမြင့်နေမှုကလည်း ရုပ်ရှင်ထုတ်လုပ်မှုကို အကျပ်အတည်း ဖြစ်လာစေသည်။ ရုပ်ရှင်ကားတစ်ကား ရိုက်ကူးစရိတ်သည် လွန်ခဲ့သော အနှစ်ငါးဆယ်က ကျပ်သုံးသိန်းရှိလျှင် ရုပ်ရှင်ဇာတ်ကား ရုံတင်သည်အထိ မကြောင့်မကြ ဆောင်ရွက်နိုင်သော်လည်း ယနေ့ဆိုလျှင် ကျပ်သိန်းတစ်ထောင်မရှိလျှင် ရုံတင်နိုင်သည့် အခြေအနေကို မရောက်ရှိနိုင်သေးပါ။ ယင်းကြောင့် ရုပ်ရှင်ထုတ်လုပ်သူများသည် ငွေအရင်းအနှီး နည်းပါးမှု ပြဿနာနှင့် အစဉ် ရင်ဆိုင်နေကြရသည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား ရုံပေါ်ရောက်အောင် ဆောင်ရွက်ရသော စိန်ခေါ်မှုများသည် ကြာလေဆိုးလေ ဖြစ်လာလေသည်။

အဆိုးဆုံး ပြဿနာမှာ ဆင်ဆာခွင့်ပြုချက်ရပြီး ရုပ်ရှင်ဇာတ်ကားတစ်ကား ရုံတင်ပြသနိုင်သည်အထိ နှစ်နှစ်နီးပါး စောင့်ဆိုင်းနေရခြင်းပင် ဖြစ်သည်။ ယင်းသည် ရုံတင်ပြသမှုစနစ် အားနည်းနေခြင်းနှင့် ရုပ်ရှင်ရုံများ နည်းပါးသွားခြင်းကြောင့်ပင် ဖြစ်သည်။

လွန်ခဲ့သော အနှစ်ငါးဆယ်က တစ်နိုင်ငံလုံးတွင် လေးရာကျော်ရှိသော်လည်း ယခုအခါ ရုပ်ရှင်ရုံ တစ်ရာမျှသာ ရှိပါတော့သည်။ ယင်းရုံတစ်ရာလုံးတွင်လည်း ရုပ်ရှင်ပြသနိုင်သည် မဟုတ်ပါ။ ရုပ်ရှင်ပြသခွင့် လိုင်စင်ရှိသော်လည်း ရုပ်ရှင်မပြသဘဲ ကုန်လှောင်ရုံ ပြုလုပ်ထားခြင်း၊ ရုပ်ရှင်ပြသခြင်းမဟုတ်သော ပုံကျစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကို တွေ့နေရသည်။ ယခင်က ရုပ်ရှင်ရုံ သုံးလေးရုံရှိသော မြို့ကြီးအချို့တွင် ယခုအခါ ရုပ်ရှင်ရုံ တစ်ရုံမျှမရှိတော့သည်အထိ ရုပ်ရှင်ပြသနိုင်မှုတို့ ပုံပျက်ပန်းပျက် ဖြစ်လာသည်။

လက်ရှိ ရုပ်ရှင် ရုံတင်ပြသမှုစနစ်သည် တန်းစီပြသရသော စနစ်ဖြစ်သည်။ အလှည့်ကျစနစ်ဖြင့် ရှေ့က အလှည့်ကျသည့် ရုပ်ရှင်ဇာတ်ကားသည် ရန်ကုန်မြို့လယ်က ရုံအုပ်စုများတွင် ဦးစွာပြသခွင့်ရလျှက် ကျန်ရုံတို့တွင် အလှည့်ကျ ပြသသည့်စနစ် ဖြစ်သည်။ ပြသခွင့်ရသည့် အချိန်အတိုင်းအတာကို ရုံတင်ရုပ်ရှင်ဇာတ်ကားက ရသည့်ဝင်ငွေပေါ်တွင် ဆုံးဖြတ် သတ်မှတ်ထားသည်။ ယင်းစနစ်ကြောင့် တစ်နေ့လုံး ရုံတင်ပြသနိုင်သည့် ကားအရေအတွက်သည် အနည်းဆုံး ၁၂ ကား အများဆုံး ၁၅ ကားသာရှိသည်။ ဤပြသမှုစနစ်ကြောင့် ဆင်ဆာကျပြီးဖြစ်ပါလျက် ရုံတင်ခွင့်ရရန် နှစ်နှစ်နီးပါး စောင့်ဆိုင်းရခြင်း ဖြစ်သည်။ ချေးငှား၍ အတိုးဖြင့် ရိုက်ကူးရသော ရုပ်ရှင်ထုတ်လုပ်သူတို့သည် နှစ်နှစ်နီးပါးကြာမျှ စောင့်ဆိုင်းရသည့် ကာလကြာမြင့်မှုဒဏ်ကို အလူးအလဲ ခံရလေသည်။ ပုံမှန် လည်ပတ်နိုင်သော ငွေကြေး အင်အားရှိသည့် ရုပ်ရှင် ထုတ်လုပ်သူများသည်လည်း နှစ်နှစ်နီးပါးကြာမျှ ကျပ်ငွေ သိန်းပေါင်း တစ်ထောင်ကျော်ကို မြှုပ်နှံထားရသည့်အတွက် ရုပ်ရှင်လုပ်ငန်းလုပ်ရန် တွန့်ဆုတ်လာကြလေသည်။

ရုပ်ရှင်လုပ်ငန်းသည် သေချာပေါက် အမြတ်အစွန်းရမည်ဟု တွက်ချက်၍ရသော လုပ်ငန်းမဟုတ်ပေ။ ရုပ်ရှင်လုပ်ငန်းကို ယှဉ်ပြိုင်နေရာယူနေသော နိုင်ငံခြား ရုပ်မြင်ဇာတ်လမ်းတို့ကလည်း မြန်မာရုပ်ရှင်လုပ်ငန်း ၀င်ငွေနည်းအောင် ဆွဲဆောင်လျက် ရှိပေသည်။ ရုပ်ရှင်ကား တစ်ကားသည် မမျှော်လင့်ဘဲ ပရိသတ်အကြိုက်နှင့် မတွေ့လျှင် နောက်တစ်ဖန် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနိုင်ဖို့သည် အရပ်ကူပါ လူဝိုင်းပါ အဆင့်သို့ ရောက်သွားတတ်လေသည်။ ယင်းကြောင့် ရုပ်ရှင်ဖြင့် ပုံမှန်စီးပွားရှာသူတို့ပင်လျှင် ရုပ်ရှင်လုပ်ငန်းကို နောက်တွန့်လာကြလေသည်။

ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် သရုပ်ဆောင်အပိုင်းတို့တွင်လည်း ပရိသတ်အကြိုက်နှင့် အံမ၀င်မှု ဖြစ်လာသည်ကို တွေ့လာရသည်။ ဇာတ်လမ်း၊ ဇာတ်ကွက်တို့သည် များသောအားဖြင့် တစ်ခုနှင့်တစ်ခု ခပ်ဆင်ဆင် တူနေသော ဇာတ်လမ်းမျိုးချည်း ဖြစ်သဖြင့် ပရိသတ်သည် ခေါင်းခါလာသည်။ မကျေမနပ် ဖြစ်လာသည့်အခါ မင်းသား၊ မင်းသမီးတို့၏ သရုပ်ဆောင်ချက်တို့သည်လည်း တစ်ခါလာ မည်းပြာပုဆိုးဟန်မျိုးတို့ကို တွေ့လာရ၍ ပရိသတ်သည် လက်မခံချင် ဖြစ်လာသည်။ ယင်းနည်းအားဖြင့် ပရိသတ်အားပေးမှု အပိုင်းတွင် တစ်စတစ်စ အားနည်းလာကြလေသည်။ နောက်ဆုံးတွင် မြန်မာ့ရုပ်ရှင် ပျက်သုဉ်းဖို့ကို ရှေးရှုလာသည့် အနေအထားသို့ ယနေ့ ရောက်ရှိလာလေပြီ။ ပြုပြင်ရပေတာ့မည်။

ယခုအခါ ရုပ်ရှင် ထုတ်လုပ်သူများအတွက် ချေးငွေဖန်တီးပေးရေးနှင့် ရုပ်ရှင်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလိုသူတို့ကို လျှော့ပေါ့သော သက်သာခွင့်တို့ဖြင့် မက်လုံးပေးရေး အပါအ၀င် ခေတ်မီ စတူဒီယိုကြီးများ ရိုက်ကူးရေး စက်များ၊ ရုပ်ရှင်ရုံများ ပေါ်ထွန်းလာရေးတို့ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကမူ ချမှတ်ဆောင်ရွက်နေပေသည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ ပူးပေါင်း ကူညီမှုသည်လည်း မြန်မာ့ရုပ်ရှင် ပြန်လည် ဦးမော့လာရေးတွင် အထူးလိုအပ်လျှက် ရှိပေသည်။

ပျက်အစဉ် ပြင်ခဏဟု ဆိုကြသော်လည်း ရုပ်ရှင်လုပ်ငန်းသည် ယခုရေတွင်းတူး ယခုရေကြည်သောက် အနေအထားမျိုး ရနိုင်သည့် လုပ်ငန်းမျိုး မဟုတ်ပေ။ ရုပ်ရှင်ပညာသည် ပေါင်းစုံပါသော မြန်မာ့ရုပ်ရှင် နှီးနှောဖလှယ်ပွဲကြီး တစ်ခုပြုလုပ်၍ မြန်မာ့ရုပ်ရှင် ပြန်လည်ဦးမော့လာရေးကို အချိန်နှင့် တစ်ပြေးညီ ရလဒ်ထွက်ပေါ်လာအောင် ဆောင်ရွက်သွားရန် လိုအပ်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
Written By - မြေနီသစ္စာ(မြန်မာ့အလင်းအောင်သန်း)
Eleven Media Group