ဖြူဖြူကျော်သိန်း၏ ဆေးတက္ကသိုလ် ကျောင်းသူဘဝ
ပို့စ်တင်ချိန်
- 11/04/2013 10:24:00 AM
Rock သီချင်းများကို တစ်ဦးတည်း ကွဲပြားသည့် ဝတ်စားဆင်ယင်မှု Fashion၊ တင်ဆက်မှု Performance များဖြင့် သီဆိုတင်ဆက်ရင်း အောင်မြင်သူ အဆိုရှင် ဖြူဖြူကျော်သိန်းမှာ ပညာရေးတွင် ထူးချွန်ခဲ့သူလည်း ဖြစ်နေပြန်သည်။ ဆေးပညာ သင်ယူခဲ့စဉ် ဆေးတက္ကသိုလ် ကျောင်းသူဘဝကို ယခုလို ပြောပြခဲ့ပါသည်။
“တစ်နိုင်ငံလုံး အဆင့် ၁၇ နဲ့ အောင်တယ်” |
ဖြူဖြူ ဒီသူငယ်တန်းက နေပြီးတော့ နှစ်တန်းအထိကတော့ အ.မ.က ၁၆ စမ်းချောင်း အဲဒီမှာ တက်ခဲ့တယ်။ ပြီးတဲ့အခါကျတော့ နှစ်တန်း ပထမနှစ်ဝက်မှာ အရေးအခင်း ဖြစ်သွားတယ် ၈၈ ဆိုတော့ ဒီနှစ်တန်း ပြီးသွားတဲ့ အချိန်မှာ သုံးတန်းကနေစပြီး ဆယ်တန်းအထိက ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း ကမာရွတ် TTC ဆယ်တန်းကို အဲ့ဒီမှာ အောင်ခဲ့တယ်။ နောက်ပြီးတဲ့ အခါကျတော့ ဒီကြားထဲမှာတော့ နိုင်ငံရေး အခြေအနေကြောင့် ကျောင်းပိတ်တဲ့ နှစ်နှစ်တာ ကာလအတွင်းမှာတော့ NCC က လာဖွင့်တဲ့ IDCS ကွန်ပျူတာသင်တန်း တက်တယ်။ နောက်ပြီး ကိုယ်က အဆိုဝါသနာပါတော့ ဆရာဦးစောနု အဆိုသင်တန်းတို့ တစ်နှစ်လောက် တက်ဖူးတာရှိတယ်။ နောက်ကြားထဲမှာ သီချင်းတွေဘာတွေ ဆိုတယ်ပေါ့နော်။ နောက် ဒီတက္ကသိုလ် စတက်ပြီ ဆိုတဲ့ အခါကျတော့ လိပ်ခုံးပေါ့၊ ကမာရွတ် ဆေးတက္ကသိုလ် (၁) အဲ့ဒီမှာကျတော့ First M.B, Second M.B နှစ်နှစ် အဲဒီမှာ တက်ရတယ်။ နောက်ပြီး 3rd M.B ကနေပြီးတော့ နောက်ဆုံးနှစ်အပိုင်း (ခ) ပြီးတဲ့ အထိပေါ့။ အဲ့ဒါကကျတော့ လမ်းမတော် ဆေး (၁) ရန်ကုန်ကနေပြီးတော့ ဖြူဖြူ ဆေးတက္ကသိုလ် ဆေးပညာဘွဲ့ကို ရခဲ့တယ်။ M.B.,B.S ကို။ အဲဒါကတော့ ၂၀၀၆ ဒီဇင်ဘာမှာ ဘွဲ့ယူခဲ့တာ။
ဆယ်တန်းအောင်တဲ့ နှစ်က ၁၉၉၈ ကမာရွတ် TTC ကနေ အောင်တယ်။ တစ်နိုင်ငံလုံး အဆင့် ၁၇ နဲ့ အောင်တယ်။ အဲ့ဒီတုန်းက ဖြူဖြူတို့က ငါးဘာသာ။ ငါးဘာသာမှာ ဖြူဖြူက မြန်မာစာဂုဏ်ထူး ပြုတ်တယ်။ အဲဒီတော့ လေးဘာသာ။
“အဲဒီအချိန်မှာ ရန်ကုန်မြို့ထဲမှာ တက္ကသိုလ်တွေ မရှိတော့ဘူး”
ငယ်ငယ်လေး ကတည်းက တစ်ခုဘာရှိလဲဆိုတော့ အကြောင်းအရာတွေ မျိုးစုံသွားတယ်လို့ ပြောလို့ရတယ်။ တစ်ခုတည်းကြောင့် လို့တော့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်လေးက တည်းက ဖြူဖြူတို့ မိဘတွေကလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ်ရှိတဲ့ အရပ်မှာ ဆိုရင်တော့ အမြင့်ဆုံး ပညာအဆင့်ကို ရစေချင်တယ်ဆိုတာ မိဘတိုင်းရဲ့ စိတ်ထဲမှာ သားသမီးတိုင်းအတွက် ရှိကြတာပဲလေ။ ဒါပေမဲ့ မိဘရဲ့ စေတနာ တစ်ခုတည်းနဲ့တင် ပြီးတာမဟုတ်ဘူး။ သားသမီးတွေကလည်း တကယ့်ကျောင်းသား ကာယကံရှင်ကလဲ ငယ်ငယ်လေးကတည်းက ကြီးလာရင် ဘာလုပ်မလဲလို့ မေးလို့ရှိရင် ဆရာဝန်မကြီး ဖြစ်ချင်တယ်။ ဒါမျိုးက ပြောတတ်တာ ပေါ့နော်။ နောက်ပြီးတော့ ကိုယ့်အရှေ့မှာ ကိုယ့်အစ်မကျတော့လည်း ဆယ်တန်းအောင်တဲ့ အခါကျတော့ သူကတစ်နိုင်ငံလုံး ပထမနဲ့ အောင်တယ်။ ပြီးတော့ သူက ဆေးတက္ကသိုလ် (၁) တက်တယ်။ ကိုယ်အလယ်တန်း၊ အထက်တန်း စဖြတ်သန်းတဲ့ အချိန်မှာကတည်းက အလယ်တန်း ဖြတ်သန်းတဲ့ အချိန်မှာ ကတည်းက သူကဆေးကျောင်း တက်နေပြီဆိုတဲ့ အခါကျတော့ ကိုယ်လည်း ဆရာဝန် သိပ်ဖြစ်ချင်ခဲ့တယ်။ နောက်အဲ့ဒီဟာ နှစ်ခုတည်းနဲ့တင် မပြီးဘူးပေါ့။ တကယ်တမ်း လက်တွေ့ ရွေးချယ်ရတော့မယ် ဆိုတဲ့အချိန်ကျတော့ တကယ်လက်တွေ့ဖြစ်နေတဲ့ နိုင်ငံရဲ့ အခြေအနေ၊ လူမှုစီးပွား အခြေအနေ အကုန်လုံးက ဒါကိုရွေးချယ်ဖို့ အတွက်ပဲ တွန်းအားပေးသွား တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအချိန်မှာ ရန်ကုန်မြို့ထဲမှာ တက္ကသိုလ်တွေ မရှိတော့ဘူး။ ပညာရေးကို မြို့ထဲမှာ လုံခြုံစွာ၊ စိတ်ချစွာ ရှာဖွေလို့ ရရှိတဲ့ အခြေအနေမျိုး မဟုတ်တော့ဘူး။
အဲ့ဒီတော့ အထူးသဖြင့် ဘယ်လိုခေါ်မလဲ ကိုယ့်မှာ သမီးမိန်းကလေးရှိတဲ့ မိဘတွေက တတ်နိုင်လို့ရှိရင် ကိုယ့်သားသမီးကို ပညာရှာဖွေတဲ့ အခါကျလို့ရှိရင် ရင်အုပ်မကွာ ကိုယ့်မြို့ထဲမှာရှိတဲ့ ကျောင်းတွေမှာပဲ ထားချင်ကြတော့တယ်။ အဲဒီအချိန်မှာ တက္ကသိုလ်တွေကို မြို့ပြင် ပို့လိုက်ကြပြီလေ RIT (ရန်ကုန် နည်းပညာတက္ကသိုလ်) တွေရော၊ ကွန်ပျူတာတွေရော အကုန်ပါသွားခဲ့ပြီ။ မပါဘဲ ကျန်ခဲ့တာဆိုလို့ ဆေးတက္ကသိုလ်နဲ့ UFL (နိုင်ငံခြားဘာသာ တက္ကသိုလ်) နဲ့ နှစ်ခုပဲ ရှိတော့တယ်။ အဲဒီတော့ အဲ့ဒီမှာ အားလုံးက ပြုံတိုးကြတာပေါ့နော်။ ထုံးစံအတိုင်းပေါ့။ အဲဒီတော့ မမီနိုင်တဲ့သူတွေ အကုန်လုံးကလည်း ဒါကိုတိုးကြတယ်။ နောက် ဝါသနာပါပါ မပါပါလည်း တချို့က တိုးကြတော့တယ်။ ဘဝရဲ့ အခြေအနေအရ။ ဒါတခြားတစ်နေရာမှာ သွားပြီးတော့ မိဘမျက်ကွယ်ရာမှာ သွားပြီးတော့ ဆိတ်ကွယ်ရာ နေရာကြီးမှာ လွှတ်ပြီး စာသင်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ များသောအားဖြင့် ကျတော့လဲ မတတ်သာလို့သာ လွှတ်လိုက်ကြရတာလေ။ နယ်က မိဘတွေဆိုလို့ ရှိရင်လည်း ရပ်ဝေးမြေခြားက ကျောင်းတွေကို မတတ်သာလို့ လွှတ်ရတာဆိုတော့ အခြေအနေတွေကအစ၊ အသွားအလာတွေကအစ အဆင်ပြေကြတာ မဟုတ်ဘူး။ အဲ့ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ဘက်ပေါင်းစုံက ကြည့်လိုက်တဲ့အခါမှာ ဒါကိုရွေးချယ်ဖို့ အသင့်တော်ဆုံးလို့လည်း ပါတယ်။ နောက်ပြီးတော့ ဝါသနာ ပါလို့လည်း ပါတယ်။ ငယ်ငယ်ကတည်းက ဒီလိုဖြစ်ဖို့ အတွက်ကို ကြိုးစားလာခဲ့ရတာ ဖြစ်တဲ့အတွက်ကြောင့် ဒါကို ရွေးချယ်ပြီးတော့ လုပ်ဖြစ်တယ်။
“2nd M.B အောင်ပြီးတဲ့အချိန်မှာ ဖြူဖြူက ကိုယ့်ရဲ့ပိုးက ဘယ်လိုမှ အတောမသတ်နိုင်ဘူး ဖြစ်သွားတယ်”
ဘယ်အချိန်မှာ စပြီးအလုပ်လုပ်ဖြစ်လဲ ဆိုတဲ့အခါကျတော့ ဖြူဖြူ ဒီ 2nd M.B ပေါ့။ ဒုတိယနှစ် ဆေးတက္ကသိုလ်ကို အောင်ပြီးသွားလို့ရှိရင် ဖြူဖြူတို့ ဆေးလောကမှာ ပြောတာရှိတာပေါ့နော်။ ဆရာဝန်ဖြစ်ဖို့ တစ်ဝက် သေချာသွားပြီတဲ့။ ဘာဖြစ်လို့လဲဆိုတော့ 2nd M.B နဲ့ Part 2 နဲ့က ကြောက် စရာ အကောင်းဆုံးပဲ။ ဆေးကျောင်းသား တစ်ယောက်ရဲ့ Life (ဘဝ) ပေါ့။ အဲဒီတော့ 2nd M.B အောင်ပြီးတဲ့ အချိန်မှာ ဖြူဖြူက ကိုယ့်ရဲ့ပိုးက ဘယ်လိုမှ အတောမသတ်နိုင်ဘူး ဖြစ်သွားတယ်။ အဲဒီအခါကျတော့ ဒီမှာ ဖြူဖြူ “လုံးဝမသက်ဆိုင်တော့ပါ” အခွေကို IC (Iron Cross) နဲ့ 2nd M.B အောင်ပြီး ကျောင်းပိတ်ထားတဲ့ နှစ်လခွဲ သုံးလလောက်မှာ စလုပ်ဖြစ်တယ်။ စလုပ်ဖြစ်ပြီး သွားတဲ့အချိန်မှာ 3rd M.B တက်နေရင်းနဲ့ပေါ့။ 3rd M.B တက်နေရင်းနဲ့ IC ကနေပြီးတော့ ဖြူဖြူကို သူတို့ရဲ့ပထမဆုံး စင်တင် မိတ်ဆက်အနေနဲ့ Strand Hotel IC Show က စပြီးပွဲထုတ်ခဲ့တယ်။ အဲဒီကနေစပြီးတော့ ရိုးရိုး သာမန်ဆေးကျောင်းသူ မိန်းကလေးတစ်ယောက် ဘဝကနေပြီးတော့ ဒီပရိသတ် လက်ခံအားပေးတဲ့ ဘဝကို ပိုင်ဆိုင်ရမယ့် အနုပညာရှင် တစ်ယောက် အဖြစ်ကို စပြီးတစ်ဆစ်ချိုး ဖြူဖြူဘဝရဲ့ အရေးကြီးတဲ့ Turning Point (တစ်ဆစ်ချိုး) လို့လည်း ပြောလို့ရတယ်။ ဒီအဖြစ်အပျက်သာ မဖြစ်ခဲ့ဘူး။ ဒီလိုနောက်ဆက်တွဲ ဆက်ပြီး ပရိသတ် အားပေးမှုလည်း ရှိမလာဘူး၊ ဘုရားကလည်း ဒီအခွင့်အရေးကို မပေးခဲ့ဘူးသာ ဆိုလို့ရှိရင် ကိုယ့်အနေနဲ့ အခုအချိန်မှာ ကျလို့ရှိရင် အထူးကု ဆရာဝန် တစ်ယောက်အနေနဲ့ပဲ ရိုးရိုးသာမန် လူသားတစ်ယောက် သို့သော်လည်းပဲ ဆရာဝန် တစ်ယောက်အနေနဲ့ပဲ ဖြတ်သန်းရင် ဖြတ်သန်း မိနေလိမ့်မယ်။
“Grade 5 ကျောင်းသူအနေနဲ့ ဘယ်လိုမှ ရပ်တည်လို့ မဖြစ်တော့ဘူး”
ဖြူဖြူက အမှန်အတိုင်း ပြောရလို့ရှိရင် 1st M.B နဲ့ 2nd M.B နှစ်နှစ်ပေါ့။ အဲဒီ နှစ်နှစ်မှာဆိုရင် ဖြူဖြူက Grade 5 ကျောင်းသူအဖြစ်နဲ့ ရပ်တည်ခဲ့တယ်။ Grade 5 ကျောင်းသူ ဆိုတာကတော့ ဒီ ဂုဏ်ထူးရတဲ့သူ တစ်ယောက် အနေနဲ့ပေါ့နော်။ 2nd M.B ဆိုလို့ ရှိရင်လည်း ဖြူဖြူ Anatomy -ခန္ဓာဗေဒပေါ့နော်။ ဂုဏ်ထူး ထွက်တယ်။ အဲဒီလို ကျောင်းသူအဖြစ်နဲ့ ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်ဒီဝါသနာပါတဲ့ဟာ တစ်ခုကို အဆိုတော် တစ်ယောက်ရဲ့ Life ကိုရဖို့အတွက် အခွင့်အရေး ရလာပြီ ဆိုတဲ့အခါမှာလည်း ဒါကို မစွန့်လွှတ်နိုင်ဘူး။ ဟိုအဲ့ဒီအချိန်က အရမ်းရွေးချယ်ရလည်း ခက်တယ်။ ဆိုတော့ ကဲ ငါငယ်ငယ်က တစ်သက်လုံး အရမ်းဖြစ်ချင်ခဲ့တဲ့ စိတ်ကူး ယဉ်အိပ်မက်ကြီးတစ်ခု အကောင်အထည် ပေါ်တော့မယ်ဆိုတော့ လုပ်မယ်။ ဘဝရဲ့ Passion ရှိတဲ့ ဥစ္စာကိုပေါ့နော် ဖြစ်အောင် လုပ်မယ်လို့ ကြိုးစားတဲ့အချိန်မှာ ဘယ်တော့မဆို တစ်ခုလိုချင်လို့ရှိရင် တစ်ခုကို အတိုင်းအတာ တစ်ခုအထိ စွန့်လွှတ်ရတယ် ဆိုတာတော့ ရှိတယ်။ ဒါကတော့ လက်မခံ ချင်လို့လဲ မရဘူး။ အမှန်တရားတစ်ခုပဲ။
တကယ်လက်တွေ့လုပ်မှ သိနိုင်တာ။ အဲဒီတော့ ဖြူဖြူအနေနဲ့ Grade 5 ကျောင်းသူအနေနဲ့ ဘယ်လိုမှ ရပ်တည်လို့ မဖြစ်တော့ဘူး။ အဲ့ဒီတော့ ဖြူဖြူ Grade 4 ကျောင်းသူ အဖြစ်နဲ့ပဲ ရပ်တည်ခဲ့တယ်။ Credit ပေါ့ ၆၀ ကျော် ရရင်တော်ပြီ။ အဲဒီလို အခြေ အနေမျိုးကို ဆင်းလိုက်တယ်။ ဟိုလိုမျိုး ၇၀ ဆိုတဲ့ ဂုဏ်ထူးထွက်တဲ့ဘက်ကို မသွားတော့ဘူး။ အဲဒီတော့ ဆရာတွေ ဆိုလို့ရှိရင် Professor (ပါမောက္ခ) တွေ ဆိုလို့ရှိရင် ဖြူဖြူ့ကို ဆူတယ်။ ဟိုမေမေတို့နဲ့ လဲတိုင်တာပေါ့နော်။ သူ့ကို ကျက်ခိုင်းလို့လဲ ရတယ်။ နည်းနည်းလေးပဲ ထပ်လုပ်ခိုင်းလိုက်။ ရလည်း ရနိုင်လျက်သားနဲ့ ဆိုရင်။ ဖြူဖြူ ကိုယ့်၌ကိုယ်က အကြောက်အကန် ပေါ့နော်။ အဲဒီ Stress ကို ထပ်တော့ မခံနိုင်တော့ဘူး။ မလုပ်ပါရစေနဲ့ပေါ့နော်။ သမီးမှန်မှန်ပုံမှန် အောင်တဲ့ ကျောင်းသူဖြစ်အောင် ကြိုးစားမယ်။ Credit ရတဲ့ကျောင်းသူဖြစ်အောင် ကြိုးစားမယ်။ ဒါပေမဲ့ D ရဖို့ဆိုတဲ့ Stress ဆိုတဲ့ဟာကို မလုပ်ပါရစေနဲ့တော့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်က Celebrity Life (ကျော်ကြား အောင်မြင်သူဘဝ) ရဲ့ Stress သည်လည်း အရမ်းများတယ်။
နှစ်ခုကို ထိန်းညှိဖို့ကျတော့ ကိုယ့်အတွက်လည်း ခက်တယ်။ ဒါပေမဲ့ ဖြူဖြူ့ မိသားစုကလည်း အရမ်းပံ့ပိုး ပေးပါတယ်။ နောက်တစ်ခုကကျတော့ တအားအဆင်ပြေတဲ့ဟာတစ်ခုက ဖြူဖြူ အစ်မကိုယ်တိုင်က သူကဆရာဝန်ဆိုတဲ့ အခါကျတော့ သူကလည်း အဲဒီအချိန်မှာ ဘွဲ့ရသွားပြီးတဲ့ အချိန်ဆိုတော့ သူ ကိုယ်တိုင်ကလည်း စာတော်တဲ့ ကျောင်းသူ တစ်ယောက်ဆိုတဲ့ အခါကျတော့ ဖြူဖြူ့ကို သူပြန်ပြီး သင်ပေးနိုင်တယ်။ စာသင်ပေးတယ်။ နောက်သူငယ်ချင်းတွေက ကျောင်းတက်တယ်။ အတန်းတက်တယ်၊ ဒီဆေးရုံမှာ Training ဆင်းကြတယ်။ ပြီးတော့ ကျူရှင်တွေ တက်ကြတဲ့အချိန်မှာ ကိုယ်က ကျူရှင် လိုက်မတက်နိုင်ဘူး။ အတန်းကို မှန်မှန်တက်တယ်။ ပြီးလို့ရှိရင် ကျောင်းက Lectures (သင်ခန်းစာ) တွေ မှန်မှန်လိုက်တယ်။ နောက်ပြီးတော့ ဆေးရုံကို မှန်မှန်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူနာကို စမ်းသပ်တဲ့ လက်တွေ့ စမ်းသပ်မှုဆိုတာက ကျတော့ စာအုပ်ထဲမှာ ဖတ်လို့ မရဘူး။ ကျူရှင်တက်လို့လဲ မရဘူး။ သူများသင်ပေးလို့လဲ မရဘူး။ အဲဒီတော့ ဆေးရုံဆိုလို့ရှိ ရင်လည်း မပျက်မကွက် သွားတယ်။ ကိုယ်အရမ်း ဒီနယ်ခရီးတွေ သွားဖို့ရှိတဲ့ ရက်တွေ တစ်ရက်နှစ်ရက်လောက်က လွဲလို့ တရားဝင် ပျက်ကွက်တာမျိုးပဲ ရှိတယ်။ ကျောင်းကစာနဲ့ ဆေးရုံက သင်ခန်းစာနဲ့ရယ် ပြီးတော့ မမညို သင်ပေးတဲ့ဟာနဲ့ကိုပဲ အားကိုးခဲ့ရတာ။
သူငယ်ချင်းတွေ ကျူရှင်တက်တဲ့အချိန်၊ အတူတူ စာကျက်ကြတဲ့ အချိန်မလုပ်နိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်နေ့လုံး ကျောင်းသွား၊ ဆေးရုံသွားပြီး ပြန်လာတဲ့အချိန် ညဘက်ကျလို့ရှိရင် ကိုယ်က Recording ဝင်ရတာကို။ နောက် သီချင်းသွားဆိုရတယ်။ အဲဒီတော့ အမြဲတမ်း လိုလိုပေါ့နော် ကိုယ် Recording သွားနေတဲ့ လမ်းမှာ ဆိုလို့ရှိရင် ကားပေါ်မှာ တစ်ချိန်လုံး စာကျက်သွားရတယ်။ နောက် ကိုယ့်အလှည့် မရောက်သေးဘူးဆိုရင် ပွဲမှာ အခုစာဖတ်တယ်။ သူများတွေက ပိုတယ်လို့ ထင်တယ်။ ဒါပေမဲ့ အခုတော့လည်း နားလည် လာကြတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆေးကျောင်းသူ ဆေးကျောင်းသား ဆရာဝန်တွေလည်း ဒီဂီတလောက၊ အနုပညာ လောကထဲကို ရောက်လာတဲ့သူတွေ အများကြီး ရှိလာပြီဆိုတော့ ဂီတလောက ညီအစ်ကို မောင်နှမတွေကလည်း အခုတော့ နားလည် သွားကြပြီပေါ့နော်။ ကိုယ်စပြီး အဲဒီအချိန်တုန်းက ကျတော့လည်း ဟယ်ဘာလို့များလဲ သူတို့မှာ သနားစိတ်လေး ပိုမှာပေါ့နော် အဖြစ်က။ ဒါပေမဲ့ အဲ့ဒီလိုပဲ။ တစ်ချိန်လုံး စာဖတ်နေရတာပေါ့။ ဒီ တခြားအလုပ် မလုပ်ဘူး ဆိုရင်တောင်မှ ဆေးကျောင်းသား တစ်ယောက်ရဲ့ Life က အရမ်းစိတ်ဖိစီးမှု များတယ်။
ကိုယ်က အဲဒီမှာမှ ဒါတစ်ခုကို ပိုလုပ်လိုက်မိတဲ့ အခါကျတော့ ပိုပြီးတော့ ယောက်ယက် ခတ်တာပေါ့နော် ပြောရရင်။ ခေတ်စကားနဲ့ ပြောရင်တော့။ ဒါပေမဲ့ အစ်မက သင်ပေးတယ်။ အဖေတို့ အမေတို့ကလည်း ကိုယ့်ရဲ့ အချိန်လေးတွေကအစ ကိုယ်ဖြစ်ချင်တာလေးတွေကို ခွဲဝေပြီးတော့ မျှပြီးတော့ ကူညီပေးတယ်။ အဲ့ဒီလိုနဲ့ ဖြူဖြူ မှတ်မှတ်ရရ ဆိုလို့ရှိရင် ဆေးကျောင်း Life ရော၊ ဒီဘက် Life ကိုရော မျှမျှတတလေး ဖြတ်သန်းလာတဲ့ အချိန်မှာ Part 2 မှာ ခုနပြောသလိုမျိုး ဆရာဝန်တစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံး Turning Point တစ်ခုကို ရောက်တဲ့အချိန် ကိုယ်က အဲဒီအချိန်မှာ အတွင်းကြေတို့ ထွက်ထားပြီးပြီ။ ဇာတ်ဆရာအလိုကျကလည်း ထွက်ပြီးတော့ ပရိသတ်ကလည်း တော်တော်လေး စပြီး အသိအမှတ်ပြုတဲ့ အချိန်ရောက်နေပြီ ဆိုတဲ့အခါမှာ ပွဲတွေကို ငြင်းဖို့တို့၊ လက်မခံဘဲ နေဖို့ဆိုတာက တော်တော်လေး ခက်တဲ့အချိန်၊ ပရိသတ်နဲ့လည်း အဆက်ပြတ်သွားနိုင်တဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ ဖြူဖြူတို့ရဲ့ Final Part 2 ဆိုတာက စာမေးပွဲက လနဲ့ချီပြီး ဖြေရတယ်။ တစ်လခွဲလောက် ကြာတယ်။ ဒီရေးဖြေရော၊ နှုတ်ဖြေတွေရော အကုန်လုံးပေါ့။ အဲ့ဒီမတိုင်ခင် တစ်လနှစ်လလောက် ကတည်းက အရှိန်ယူရတယ်။ တစ်နှစ်ပတ်လုံးလည်း စာမေးပွဲက အပတ်တိုင်းရှိတယ်။ တစ်ခါတစ်လေကျရင် တစ်ပတ်တည်းမှာ နှစ်ခု၊ တစ်ရက်တည်းမှာ နှစ်ဘာသာတို့ ဖြေရတာတွေ ရှိတယ်။ အဲဒီအချိန်မှာ ဖြူဖြူရဲ့ ဆရာတွေပေါ့။ အထူးသဖြင့် Professor တွေ ဆိုလို့ရှိရင်လေ ဆရာကြီးတစ်ယောက် ဆိုလို့ရှိရင် မမညိုရဲ့ ဆရာအရင်းလည်းဖြစ်တော့ ကိုယ့်ကို ဆိုလို့ရှိရင် သူက အရမ်းဖြစ်စေချင်တဲ့အခါ ကျတော့ Grade 5 ကနေ Grade 4 ဆင်းသွားတာကို သူ့မှာမကျေနပ်နိုင်ဘူး။ ဆိုတဲ့အခါကျတော့ သူက ဘယ်လိုပြောလဲဆိုတဲ့ အခါကျတော့ စာမေးပွဲနီးလို့ ညည်းနာမည်ကို စတိတ်ရှိုး ဘုတ်တွေမှာ တွေ့လို့ရှိရင် ညည်းဟာညည်း ဘယ်လောက်စာရရ၊ ကိုယ့်ဟာနဲ့ကိုယ် ဘယ်လို အောင်နေအောင်နေ ငါညည်းကို အမြင်ကတ်ပုဒ်မနဲ့ ချကိုချပစ်မယ်လို့ ပြောတာ။ အစ်မတို့ရဲ့ ဒီဟိုဟာမှာကျတော့ ဒါလုပ်လို့လည်း ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပညာတော်ခြင်း၊ ပညာရခြင်း တစ်ခုထဲနဲ့တင် မကဘူး။ တခြားသော ဆရာဝန် Ethics (ကျင့်ဝတ်) ဆိုတဲ့ဟာ မျိုးတွေကိုလည်း ကြည့်ရတယ်။ အခုခေတ်တော့ ဘယ်လိုရှိသေးလဲ မသိဘူးပေါ့နော်။ အစ်မတို့ အဲဒီတုန်းကတော့ အဲဒီလိုပဲ။ ဒါမျိုး တွေကိုလည်း ထည့်သွင်း စဉ်းစားရတယ်။
“ကိုယ်ရွေးချယ်တဲ့ ဥစ္စာကို ကိုယ်အရမ်း ကျေနပ်တယ်”
ဖြူဖြူအနေနဲ့တော့ နှစ်မျိုးစလုံးကို အပြည့်အဝ ရတယ်လို့ပဲ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရတာထက်တောင် ပိုပြီး တခြားဘာမှမဆိုင်တဲ့ဟာ တစ်ခုကိုတောင် လုပ်ခဲ့နိုင်သေးတယ်ဆိုတော့။ အထင်ကြီးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဖြတ်သန်းခဲ့တဲ့ဟာ တစ်ခုကို ကျေနပ်တယ်။ ဘယ်တော့မှလည်း နောင်တမရဘူး။ ကိုယ်တက္ကသိုလ်ကာလမှာ ဖြတ်သန်းတဲ့ အချိန်မှာ ဘာမှမဆိုင်တဲ့ အခြား Complicated (ရှုပ်ထွေးတဲ့) ဖြစ်တဲ့၊ Stressful ဖြစ်တဲ့ နောက်ထပ် Life တစ်ခုကို ဖက်တွယ်ခဲ့တဲ့ အတွက်ကြောင့်လဲ ငါပညာကို အေးအေးဆေးဆေး တစ်မျိုးတည်း မသင်ခဲ့နိုင်လေခြင်းဆိုတဲ့ နောင်တလည်း မဖြစ်ဘူး။ အဲဒီလိုပဲ အခုလိုမျိုး အဆိုတော် Life လိုမျိုး ရွေးချယ်လိုက်တဲ့ အချိန်မှာလည်း ငါတော့ အထူးကု မဖြစ်ရတော့လေခြင်း ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် နောင်တရပြီး အားငယ်တာမျိုးလည်း မရှိဘူး။ ကိုယ်ရွေးချယ်တဲ့ ဥစ္စာကို ကိုယ်အရမ်းကျေနပ်တယ်။ ကိုယ်ပျော်လို့ ကျေနပ်လို့ပဲ လုပ်ခဲ့တာပဲ။ အဲဒီလိုပဲ ဖြူဖြူ သူငယ်ချင်းတွေကလည်း သူတို့ဆိုလို့ ရှိရင်လည်း အထူးကု ဆရာဝန်တွေ ဖြစ်နေကြပြီ။ ဘဝမှာ ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်နိုင်တဲ့ ကိုယ်လုပ်နိုင်တဲ့ ဘက်ကနေ အကောင်းဆုံး အကျိုးပြုပေးဖို့ပဲ ဖြူဖြူတို့ သူငယ်ချင်းတွေက ရည်ရွယ် ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ကလည်း ကိုယ့်ကိုအထူးကု မဖြစ်လို့ ဘယ်လိုမှ စိတ်ထဲမယ် နှိမ်ခြင်းပြုခြင်း မရှိသလို ကိုယ်ကလည်း သူတို့ နိုင်ငံကျော် မဖြစ်တဲ့အတွက် နှိမ်ခြင်းပြုခြင်း မရှိဘူး။ ဒါ တစ်ယောက်နဲ့ တစ်ယောက် ကြားမှာရှိတဲ့ Respect ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လူလူချင်း ဆိုတာက လူတိုင်းက သူ့တန်ဖိုး တစ်ခုစီ ရှိကြတယ်။ ကိုယ်ရွေးချယ်ပြီးလုပ်တဲ့ အလုပ်တစ်ခုမှာ ကိုယ်ကိုယ်တိုင် လေးစားရင် လူတိုင်းက လေးစားတယ်။ ကိုယ်ကိုယ်တိုင် တန်ဖိုးထားရင် လူတိုင်းက တန်ဖိုးထားတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင် နောင်တမရတဲ့ ရွေးချယ်မှုမျိုးတွေကို လုပ်ဖို့ပဲ အရေးကြီးတယ်လို့ ဖြူဖြူ မြင်တယ်။
အဲ့ဒီလိုပဲ ဖြူဖြူ သူငယ်ချင်းတွေနဲ့ ဖြူဖြူနဲ့ ဆိုလို့ရှိရင်လည်း လတိုင်းလိုလို ဆုံတွေ့လေ့လည်း ရှိတယ်။ သူတို့ဖြတ်သန်းတဲ့ ဟာလေးတွေ ပြောပြတယ်။ ကိုယ်ဖြတ်သန်းတဲ့ ဟာလေးတွေ ပြောပြတယ်။ ငယ်ငယ်တုန်းကလိုပဲ ပျော်ပျော်ရွှင်ရွှင်ပေါ့။ အကုန်လုံးကလည်း အပျိုကြီးတွေပဲ ဖြစ်နေကြသေးတယ်။ အဲဒီလိုမျိုးတွေ ပြန်ပြောပြရတာ ပျော်စရာ ကောင်းတယ်။ နောက်ကိုယ် ဖြတ်သန်းနေတဲ့ အချိန်မှာ ဖြူဖြူတို့ မိန်းကလေးအုပ်စု တောင့်တောင့်ကြီးပေါ့နော်။ ဖြူဖြူတို့ ပေါင်းကြသင်းကြတယ်။ Field Trip တွေ ထွက်တဲ့အခါမှာလည်း အရမ်းပျော်စရာ ကောင်းတယ်။ ကျောင်းမှာ ဆိုလို့ရှိရင်လည်း စာအတူတူကျက်တဲ့ အချိန်တွေလည်း ရှိကြတယ်။ အတူတူ ဗြောင်းဆန်တဲ့ အချိန်တွေလည်း ရှိကြတယ်။ လူတွေတွေ ဒီတက္ကသိုလ် Life ကို ဖြတ်သန်းတဲ့အခါမှာ လူငယ်တွေ ဖြတ်သန်းဖူးတဲ့ ပုံစံမျိုးနဲ့ ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်အနုပညာရှင် စဖြစ်လာတဲ့ အချိန်မှာတော့ ကိုယ့်သူငယ်ချင်းတွေအတွက် အနေကျုံ့တဲ့ ဟာလေးတွေတော့ ဖြစ်ဖူးရှာတာပေါ့။ သူတို့နဲ့ မုန့်သွားစားတဲ့ အခါကျရင် သွားဟယ်လာဟယ် ဆိုလို့ရရှိရင် ပုံမှန် တက္ကသိုလ်ကျောင်းသူ တစ်ယောက်ပဲ ဆိုလို့ရှိရင်တော့ လန်းတယ်ဆိုတဲ့ ကောင်မလေးတွေကို အာရုံစိုက်တယ် ဆိုတာက လွဲရင်တော့ တခြားဘာအနှောင့်အယှက်မှ ရှိမှာ မဟုတ်ဘူးလေ။ ကိုယ်က Celebrity တစ်ယောက် ဖြစ်လာတဲ့ အခါကျတော့ ပရိသတ်က သိတာ၊ သတိထားမိတာ၊ လက်မှတ်ထိုးကြတာ ဒါမျိုးတွေကို သူငယ်ချင်းတွေက နားလည် ပေးကြတယ်။ အဲဒါလေးတွေက အမှတ်တရ ဖြစ်တယ်။ နောက်တစ်ခု စာမေးပွဲဖြေတဲ့ အချိန်တွေကလည်း အခုထိ အမှတ်ရတုန်းပဲ။ တစ်ခါတလေ ကျလို့ရှိရင် စာမေးပွဲတွေက ဖြေလို့ မပြီးနိုင်ဘူး။ ကိုယ့်အိပ်မက်တွေထဲမှာ သူငယ်ချင်းတွေနဲ့ စာကျက်တာ၊ စာမေးပွဲ ဖြေတာတို့တွေကို အိပ်မက်ထဲထိ ပါတုန်း။ ဘာဖြစ်လို့လဲဆိုတော့ ဆေးကျောင်း စာမေးပွဲ ဆိုတာက ဘဝရဲ့ စာမေးပွဲထက်တောင် ကြောက်ကြတယ်။ အဲဒီစိတ်က အမြဲတမ်း စွဲနေတယ်။
“ပညာသင်တွေ လွှတ်ဖို့ ဆိုတဲ့အခါမှာ အရင်တုန်းကဆို သိပ်ကြောက်ကြတယ်”
အကောင်းဆုံး ဖြစ်နိုင်လို့ ရှိရင်တော့လေ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီးတော့လေ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံကတော့လေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေ မတူကြဘူး။ ကိုယ်က ဒီနိုင်ငံက ဆရာဝန်အဖြစ် မွေးဖွားလာမှာ ဖြစ်တဲ့ အတွက်ကြောင့် အရင်ဆုံးတော့ ဒီနိုင်ငံမှာ အဖြစ်တတ်ဆုံး ခေတ်အစားဆုံး ရောဂါတွေနဲ့ ကုထုံးတွေကို အရင်သိအောင် လုပ်ဖို့က နံပါတ်တစ် အရေးအကြီးဆုံး။ ပြီးတော့ နိုင်ငံတကာနဲ့ယှဉ်တဲ့ Update ဖြစ်တဲ့ ရောဂါတွေ၊ ကုထုံးတွေကိုရော သိနိုင်ဖို့အတွက် ဆရာဝန် အငယ်ဆုံးလေးတွေကအစ၊ ဆေးကျောင်းသူ ဆေးကျောင်းသားတွေကအစ သိနိုင်အောင် လုပ်ပေးနိုင် တဲ့ သင်ရိုးညွှန်းတမ်းတွေ ဖြစ်လာရင် အကောင်းဆုံးပဲ။ အရင်တုန်းက ကျတော့လည်း တိုင်းပြည်က သိပ်ပြီးတော့ မပွင့်လင်းတဲ့ အခါကျတော့လည်း နည်းနည်းလေး ကုထုံးလေးတွေ နောက်ကျတာမျိုး လေးတွေတို့ အဲဒါက ဘာနဲ့ဆိုင်လဲ ဆိုရင်တော့ တစ်နိုင်ငံလုံး ဒီနိုင်ငံရေး၊ စီးပွားရေး အကုန်လုံးနဲ့တော့ ဆိုင်တာပေါ့။ ကမ္ဘာမှာ ဘယ်လို ကုထုံးတွေနဲ့ သွားနေတယ်။ နောက်ဆုံး ကုထုံးတွေကို တစ်ခါတလေကျ ဆရာကြီးတွေက ဖတ်ခွင့်ပဲ ရကြရှာတာလေ။ ဒီဆေးတွေက သိပ်ဈေးကြီးတဲ့ အခါမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးတို့ မပြေလည်တဲ့ အခါမှာလည်း၊ နိုင်ငံချင်း ဆက်ဆံရေး အဆင်မပြေတဲ့ အခါမှာလည်း ဒါတွေကို မရခဲ့တာမျိုးတွေ အရင်က ရှိခဲ့တာပေါ့လေ။
အဲဒီတော့ Conference (ညီလာခံ) တို့၊ ပညာသင်တွေ လွှတ်ဖို့ဆိုတဲ့ အခါမှာ အရင်တုန်းကဆို သိပ်ကြောက်ကြ တယ်။ ကြောက်ချင်လည်း ကြောက်ချင်စရာပဲ။ ဘာဖြစ်လို့လဲဆိုရင် လွှတ်လိုက်ပြီးလို့ ရှိရင် အစ်မတို့ ဆရာဝန်တွေ ပြန်မလာရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်၊ ကြောက်စိတ်က အဲဒါက Block တစ်ခုလို ဖြစ်တာပေါ့။ ကြောက်ချင်လည်း ကြောက်ချင်စရာ ဖြစ်တာပဲကို။ တချို့ကလည်း သွားပြီးလို့ ရှိရင်လည်း ပြန်မှမလာကြတာပဲကို။ ပြန်မလာကြရအောင် ဆိုတော့လည်း တကယ်တော့လည်း ဒီမှာလည်း ပြန်လာချင်လောက်အောင် ဖန်တီးပေးတဲ့ အခြေအနေမျိုးလေးတွေ၊ ဆရာဝန် တစ်ယောက်ရဲ့ လစာကအစ၊ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ ကြည့်မယ်ဆိုရင် လူငါးသောင်းကို ဆရာဝန်တစ်ယောက်က တာဝန်ယူနေရတယ်။ အဲဒါက တော်တော် အားလျော့ ချင်စရာကောင်းတဲ့ အခြေအနေမျိုးပေါ့။ အဲဒီလို ပြောလိုက်လို့ ဆရာဝန်တွေ မွေးထုတ်လိုက်ပြီ ဆရာဝန်တွေ ဘယ်မှမသွားရတော့ဘူး။ ပိတ်ထားလိုက်ပြီ Black List လုပ်ထားလိုက်ပြီ ဆိုလို့ရှိရင်တော့ နှစ်သောင်းခွဲမှာ တစ်ယောက်တော့ ဖြစ်လာလိမ့်မယ်လို့ စဉ်းစားလို့ မရဘူး။ အဓမ္မလုပ်ခြင်း ဆိုတာက ဒီခေတ်နဲ့မှ မကိုက်ညီတော့တာ။
ဒါက အာဏာရှင်စနစ်ခေတ်က စနစ်ကပြီးခဲ့ပြီးပြီ။ ဘာပဲလုပ်ရမှာလဲ ဆိုလို့ရှိရင် ဆရာဝန်များများ မွေးထုတ်ဖို့ ဆိုတဲ့အခါမှာလည်း ခုနကပြောသလို သင်ရိုးညွှန်းတမ်းတွေနဲ့ လုပ်ဖို့လိုသလို နောက်တစ်ခုကလည်း ဘာရှိသလဲဆိုရင် လက်ရှိဆရာဝန် ဖြစ်နေပြီး အလုပ်မဝင်နိုင်သေးတဲ့ ဆရာဝန်တွေ ခြောက်ထောင်၊ ခုနစ်ထောင်လောက် ရှိနေသေးတယ်။ ဘာဖြစ်လို့လဲဆိုရင် လစာမပေးနိုင်ဘူးလို့ ပြောတယ်။ အဲဒီအတွက်ကိုလည်း ဖြစ်မြောက်အောင် ဖန်တီးပေးနိုင်ဖို့လည်း လိုအပ်တယ်။ ထွက်ချင်တဲ့သူတွေ ရှိတယ် ဆိုတာကလည်း မထွက်ချင်တော့အောင်လို့ ဒါကို ဖန်တီးပေးဖို့ လိုတယ်။ အဲဒီလိုကြောင့် တအားကြီး အလိုလိုက်ပြီးတော့ ငါတို့က အဲ့ဒီလို လုပ်လိုက်မယ်ဆိုရင် ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်တော့မှာ ပဲလို့ လူကြီးတွေက စဉ်းစားရင် စဉ်းစားမှာပဲ။ ဒါပေမဲ့ လမ်းသစ်တစ်ခုကို စဉ်းစားဖို့အတွက် မကြောက်သင့်ဘူးလို့ ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ အသုံးဝင်တဲ့ ဆရာဝန်တွေ အများကြီး ရှိကြသေးတယ်။ လုပ်ငန်းခွင်ဝင်ဖို့ အဆင်မပြေတဲ့ အတွက်မို့လို့ မဝင်တော့တဲ့သူတွေ ရှိတယ်။ လစာအားဖြင့် အဆင်မပြေတဲ့သူတွေ ရှိတယ်။ လူမှုရေးအရ၊ မိသားစု အရေးကြောင့် မလုပ်နိုင်တဲ့သူတွေ ရှိတယ်။ ဒါပေမဲ့ အလုပ်ထွက်တဲ့ အတွက်ကြောင့် Black List ကိုလုပ်တယ်။ အခုဆို ထုတ်ပေးလိုက်တယ်ဆိုပေမဲ့ အကုန်မဟုတ်သေးဘူးလေ။ ဆယ်ရက်၊ ဆယ်လမှာ တစ်ထောင့်တစ်ဆယ်ကို ထုတ်ပေးလိုက်တယ် ဆိုတာက အကုန်မဟုတ်သေးဘူး။ နိုင်ငံရေး ပြစ်မှုတို့၊ ဆရာဝန်အရ ပြစ်မှုတို့ မရှိဘဲနဲ့ Black List ဖြစ်နေတဲ့ ဆရာဝန်တွေ အများကြီး ကျန်သေးတယ်။ သူတို့ အဲဒီလို Black List ဖြစ်တဲ့ အတွက်ကြောင့် ဆမ မရှိတဲ့အတွက်ကြောင့် ဆေးရုံမှာ လုပ်မနေပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ဆေးခန်းထိုင်ပြီး ကုပေးနိုင်တဲ့ အများကြီး ရှိတယ်။ Charity ဒီ Programme တွေမှာ လိုက်ပြီး လုပ်ပေးနိုင်တဲ့ ဆရာဝန်တွေ အများကြီး ရှိနေသေးတယ်။ ဒါပေမဲ့ ဆရာဝန်လိုင်စင်ကို ပြစ်မှုမရှိဘဲနဲ့ ပိတ်သိမ်းခံရတဲ့အခါမှာ ဒါက ဘယ်လိုခေါ်မလဲ လူ့ရဲ့ပညာရှင် အရင်းအမြစ်က အလဟဿ ဖြစ်တာပေါ့။
ဒီဆရာဝန်တစ်ယောက် အတွက်ကလည်း အလဟဿ ဖြစ်ရတယ်။ တန်ဖိုးမရှိဘူး။ လူနာတွေ ပတ်ဝန်းကျင်အတွက် သန်းခြောက်ဆယ်သော ပြည်သူတွေအတွက် တန်ဖိုးမရှိဘူး။ အကျိုးမရှိဘူး။ အလဟဿ ဖြစ်ရတယ်။ အဲဒီလို စနစ်တွေကိုလည်း ပြင်ဖို့ လိုအပ်တယ်လို့ ဖြူဖြူကတော့ မြင်တယ်။ သင်ရိုးညွှန်းတမ်းတင် မကဘူး၊ လက်ရှိ ရှိနေတဲ့ ဆရာဝန် အရေအတွက်များဖို့ ဆိုလို့ရှိရင် Black List လုပ်ထားတဲ့သူတွေ အများကြီး ကျန်နေသေးတယ်။ နိုင်ငံရေး ပြစ်မှုမရှိ၊ လူသေမှု မရှိဘဲနဲ့ ပြောရလို့ ရှိရင်တော့ အမြင်ကတ် ပုဒ်မမျိုးနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒါမျိုးက ရှိနေသေးတယ်။ အလုပ်ထွက်တဲ့ အတွက်ကြောင့်၊ အလုပ်ထွက်တယ် ဆိုတဲ့နေရာမှာလဲ လုပ်ငန်းခွင်မှာ Satisfaction ရဖို့ဆိုတာက လူတိုင်းမှာ လိုအပ်တယ်။ အဲ့ဒါမျိုးတွေ ပြင်ဆင်ပြီးတော့ လုပ်လို့ရတာမျိုးတွေ ရှိသေးတယ်။ အဲဒါလေးတွေပါ ထပ်ဖြစ်လာမယ်ဆိုရင် အခြေအနေလေးတွေက ဒီထပ်ပိုကောင်းလာမယ်။ နောက်တစ်ခုက နိုင်ငံရပ်ခြားကို ပညာတော်သင် လွှတ်တဲ့အခါမှာ ပြန်မလာတော့မှာကို စိုးရိမ်တယ်။
“ဖြူဖြူတို့တုန်းက မျှမျှတတ ရခဲ့ပါတယ်”
ဖြူတို့ ဒီ Part 1, Part 2 ရောက်ပြီ ဆိုလို့ရှိရင်တော့ နှစ်ဖက်စလုံးမှာ ၅၀ စီ သင်ပေးဖို့ သင့်တယ်။ အခုနောက်ပိုင်း တချို့က ကြုံရတာ အခုနောက်ပိုင်း ကလေးတွေက ဘာလေးတွေ ရှိလာလဲဆိုတော့ ဖြူဖြူတို့ 2nd M.B မှာ ဆိုလို့ရှိရင် ရုပ်အလောင်းကို ခွဲတယ်။ ကျောင်းသူကျောင်းသား ၁၅ ယောက်ကို တစ်လောင်းရတယ်။ အခု နောက်ပြီး ရုပ်အလောင်း မလောက်တော့ဘူး ဆိုတဲ့အခါကျတော့ တီဗီနဲ့ သင်တယ်တို့ အဲဒီလိုမျိုးတွေတောင် ဖြစ်တယ်ပေါ့။ လူ ၅၀ မှာမှ တစ်လောင်းတို့ အဲဒီလို ကွာခြားမှုလေးတွေကလည်း အခက်အခဲ ရှိတာပေါ့။ လက်တွေ့ဆိုတဲ့ အခါမှာ အခုဟာက အိုင်တီ ခေတ် ဖြစ်လာတဲ့အခါမှာ များသောအားဖြင့် လူငယ်တွေ ထင်တတ်ကြတဲ့ ဥစ္စာက အင်တာနက်ကနေသင်ရင် အကုန်ရတယ်ပေါ့။ ဒါကလည်း မှန်တယ်။ အတိုင်းအဆ တစ်ခုအထိ မှန်တယ်။ ဒါပေမဲ့ ဆရာဝန် တစ်ယောက်ရဲ့ Life ကကျတော့ လူနာကို တကယ်ကိုယ်တိုင် ကိုင်ပြီးတော့ စမ်းကြည့်ခြင်းက အရမ်း အရေးကြီးတယ်။ တကယ့်လူနာကို စမ်းကြည့်တဲ့ အခါမှာ တွေ့တဲ့ ကိုယ်တိုင် တွေ့ရှိရတဲ့ လက်ကသိတဲ့အသိနဲ့ တီဗီမှာ မြင်တွေ့ရတာနဲ့ ဘာနဲ့မှမတူဘူး။ အဲဒါကို သိတဲ့အခါကျမှ လူနာရဲ့ Physical Examination ကို ကိုယ်တိုင်စစ်ဆေး ကြည့်ရှုတဲ့ဟာ လုပ်မှသာလျှင် တကယ့်ခွဲခြမ်း စိတ်ဖြာမှုကို လုပ်နိုင်တာ။ Imaging တွေ လိုတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ပထမအဆင့်က ကိုယ်တိုင်လူနာနဲ့ တွေ့ပြီးတော့ မေးရတယ်။ နောက် ဒုတိယအဆင့်က လူနာကို ကိုယ်တိုင် စမ်းရတယ်။ အဲဒါ သိပ်အဓိက ကျတယ်။ ပြီးတဲ့အခါကျမှ တခြား စမ်းသပ်မှုတွေ ဆိုတာက လုပ်ရတာ။ အဲဒါကြောင့် လက်တွေ့ကိုတော့ မပစ်ပယ်စေချင်ဘူး။ အခုနောက်ပိုင်း မောင်လေးတွေ၊ ညီမလေးတွေ ဆိုလို့ရှိရင် လူတိုင်းတော့ မဟုတ်ဘူးပေါ့။ တီဗီကသင်ရင် ရတာပဲဆိုတဲ့ဟာမျိုး စိတ်ထဲမယ် ဝင်တတ်ကြတယ်။ ဟုတ်ပါပြီ လူနာနဲ့တွေ့တဲ့ အခါကျတော့ ဘယ်လိုစကားလုံး အသုံးအနှုန်း သုံးရမလဲဆိုတာ မသိတော့ဘူး။ လူ့ပတ်ဝန်းကျင်ပေါ် မူတည်ပြီး စကားလုံး အသုံးအနှုန်းကို ပြောင်းသုံးရတာမျိုးတွေ ရှိတယ်။ ဒီဆေး အသုံးအနှုန်းကို တခြားသာမန် လူတစ်ယောက်က ဘယ်လိုမှ နားမလည်ဘူး။ အဲဒီမှာမှ သူရဲ့ပညာရေး အဆင့်အတန်းနဲ့နေတဲ့ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ပြောင်းသုံးရတဲ့ အသုံးအနှုန်းတွေလည်း ရှိတယ်။ အဲ့ဒီလို ပြောတတ်ဖို့ ဆိုတာကကျတော့ တကယ့်လူနဲ့ တိုက်ရိုက်တွေ့မှ ဖြစ်မယ်။ အဲဒါလေးတွေကို ဇောင်း ပေးစေချင်တယ်။ ဖြူဖြူတို့တုန်းက မျှမျှတတ ရခဲ့ပါတယ်။ ကိုယ်ကလည်း ရအောင်ယူခဲ့တယ်။
သင်းရတနာဆု
The Voice Weekly