"လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ က ဘယ်နိုင်ငံမှ မသုံးတော့တဲ့ ဟာကို သုံးနေရတယ်" ဆိုသည့် စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)မှ ပါမောက္ခ ဒေါက်တာ ဦးဝင်းအောင်မြင့်နှင့် တွေ့ဆုံခြင်း
ပို့စ်တင်ချိန်
- 11/10/2013 09:06:00 AM
ရန်ကုန်၊ နိုဝင်ဘာ ၉။
စိတ်ကျန်းမာရေးဆေးရုံ(ရန်ကုန်)၏ အခြေအနေများနှင့် ပက်သက်၍ ပါမောက္ခဒေါက်တာ ဦးဝင်းအောင်မြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး- စိတ်ရောဂါသည်တွေကို အထွေထွေဆေးရုံတွေမှာဘဲ ထားသင့်တယ် တစ်ချို့က စိတ်ကျန်းမာရေး ဆေးရုံကြီးမှာဘဲ သီးသန့်ထားသင့်တယ် လို့ဖြစ်နေကြတယ် ။ဘယ်လိုအခြေနေက အကောင်းဆုံးဖြစ်မလဲ။
ဖြေ- တိုးတတ်တဲ့ နိုင်ငံတွေမှာဆို စိတ်ကျန်းမာရေး ဆေးရုံရယ်လို့ သတ်သတ်မှတ်မှတ်ကို မရှိတော့ဘူး။ အထွေထွေ ဆေးရုံတွေမှာပဲ စိတ်ကျန်းမာရေး ကုသဆောင်တွေ ထားလိုက်တယ်ဆိုရင် ကောင်းတဲ့ အချက်တွေရှိတယ်။ ဥပမာ-စိတ်ရောဂါသည်ကို ပြုစုကုသတဲ့နေရာမှာ တခြားရောဂါတွေနဲ့ တန်းတူ ပြုစုကုသမှုပေးတာ စောင့်ရှောက်မှုတွေရော ဒီလိုထားတာ ကောင်းတယ်။ စိတ်ရောဂါ ဆိုတာရှက်စရာ ကြောက်စရာလို့ လူတွေက လက်မခံနိုင်စရာ အဲလို သဘောထားတွေ ရှိတာကိုး လူတစ်ယောက်က စိတ်ရောဂါသည် ဆိုပြီးတော့ နာမည်တပ် ခံလိုက်ရလို့ရှိရင် တံဆိပ် နှိပ်ခံရသလိုပဲ။ တွဲထားလိုက်ခြင်းအားဖြင့် ခွဲခြားနှိမ့်ချ ဆက်ဆံမှုခံရတာတွေ လျော့မယ်။ သဘောက ဆေးရုံလာတဲ့ လူနာက ဘာဖြစ်လို့ ဘယ်သွားမလဲဆိုရင် ဆေးရုံကြီးကိုသွားမယ် တကယ်တော့ သူက စိတ်ရောဂါ အတွက် လာကုတာပဲ ဒါပေမယ့်ဒီမှာ သတ်သတ်မှတ်မှတ် စိတ် ကျန်းမာရေး ဆေးရုံကြီး ရှိတယ် ဘယ်သွားမလဲ ရွာသာကြီး သွားမယ်ဆိုတာနဲ့ သူက ရူးနေတယ်လို့ အလိုအလျောက် သတ်မှတ်ခြင်းခံရတယ်။ နောက်တစ်ခု အားသာချက်ကဘာရှိလည်းဆိုတော့
စိတ်ရောဂါဖြစ်တဲ့ သူက ခန္စာကိုယ်ရောဂါလည်းရှိတာပဲ စိတ်ရောဂါရှိရင် ခန္ဓာကိုယ်ရောဂါ ပိုဖြစ်တယ် ။ ဆရာတို့ စီမှာတင်ထားတဲ့ လူနာ က စိတ်ကစဉ်ကလျားရောဂါ ခံစားနေရတယ် ဒီလူက စိတ်ကစဉ်ကလျား
ရောဂါခံစားရလို့ ခန္ဓာကိုယ်ရောဂါတွေ မဖြစ်တာ မဟုတ်ဘူး နမိုးနီးယား ဖြစ်သွားတယ်ဆိုလည်း သူ့သက်ဆိုင်ရာ ဆရာဝန်က လာကြည့်လို့ရတယ် အူအတတ်ပေါက်တယ်ဆိုလည်း ခွဲခန်းထဲကို ပို့လို့ရတယ်ဆိုတော့ဒါတွေက နောက်ပိုင်းမှာ အရမ်းပဲကောင်းပါတယ်။ တဖက်ကပြန်ကြည့်တော့ လည်း စိတ်ရောဂါရဲ့ သဘော သဘာဝက နာတာရှည်ဖြစ်တဲ့ အခါကြတော့ စိတ်ကျန်းမာရေးဆေးရုံကြီးမှာ လနဲ့ ချီပြီးတော့ နှစ်နဲ့ ချီပြီး လာထားပြီးတော့ လိုအပ်ရင် ကုသမှုခံယူုလို့ ရတာတွေရှိတယ်။ အထွေအထွေ ဆေးရုံတွေမှာပဲ ထားမယ် ဆိုရင် ဖြစ်ခါစ လူနာမျိုး နဲ့ မကုရင်မဖြစ်တဲ့ ဆေးရုံမတင်ရင် မဖြစ်တဲ့ လူနာလောက်ပဲ အဲဒီ့ဆေးရုံတွေမှာ ထားလို့ရမယ် ။ အိမ်ကိုလည်း ပြန်ထားလို့ မရဘူး ဆေးရုံမှာဘဲ ထားရမယ့် အနေထားရှိတယ် ။ တော်တော် ကြာကြာ ကုရမယ့် လူနာမျိုးတွေ အတွက်ကြတော့ စိတ်ကျန်းမာရေး ဆေးရုံမျိုးက လိုပြန်ရော ဆရာ့အယူအဆပေါ့ စိတ်ကျန်းမာရေး ဆေးရုံလည်း ရှိသင့်တယ်။ ဒီမှာလူနာ ၁၂၀၀ လောက်ရှိတယ်။ အရှေ့တောင်အာရှမှာ တော်တော်ကို များတဲ့ ဆေးရုံကြီး တစ်ရုံပဲ ။ ထိုင်းမှာ အကြီးဆုံးက ကျောက်ဖရား အဲဒီ့ဆေးရုံမှာ လူနာ ၅၀၀ ရာပဲရှိတယ် ဒါကို သူတို့က အများဆုံး ဖြစ်နေပြီ။ ဖြစ်သင့်တာ အထွေထွေ ဆေးရုံတွေမှာ စိတ်ကျန်းမာရေး ကုသဆောင်တွေကို ဒီ့ထက်ပိုကောင်းအောင်ထားရမယ် တစ်ချိန်ထဲမှာ စိတ်ကျန်းမာရေး ဆေးရုံကို ဆက်ထားပြီး လျော့ချရမယ် ။ quality of care ကိုမြှင့်ရမယ် ။ စိတ်ကျန်းမာရေး ဆေးရုံကြီးသည် အဆင့်မြင့်မားတဲ့ ဆေးရုံဖြစ်ရမယ် လူနာကိုလည်း အများကြီး ထားဖို့မဟုတ်ဘူး academic research အဲသဘောတွေနဲ့ ကမ္ဘာကို ရင်ဘောင်တန်းနိုင်အောင် ထားရမယ်။ စိတ်ကျန်းမာရေး ဆေးရုံလည်း ထားသင့်တယ် ။ နောက်ပြီး အထွေအထွေ ဆေးရုံတွေမှာလည်း စိတ်ရောဂါ ကုသဆောင်တွေက အဆင့်တန်းတခု ထိရှိသင့်တယ်။
မေး-ငွေကြေးတတ်နိုင်သူများကရောဂါ ဝေဒနာခံစားရရင်
နိုင်ငံခြားသွားရောက်ကုသတာတွေရှိပါတယ်။ စိတ်ရောဂါ
ဝေဒနာခံစားရလို့ နိုင်ငံခြားမှာ သွားရောက်ကုသတာတွေရော ရှိပါသလား။
ဖြေ- စိတ်ကျန်းမာရေး ဘာသာရပ်ဖြစ်နေလို့ နိုင်ငံခြားမှာနေတဲ့ မြန်မာတွေ အလုပ်လုပ်နေတဲ့ မြန်မာတွေ စိတ်ရောဂါ ဖြစ်လို့ ဟိုမှာကုရင် တော်တော်များများက အဆင်မပြေဘူး ။ဘာလို့လဲဆိုတော့ ဘာသာစကား ပြောတာကို မပေါက်ဘူး။ ဒီပြဿနာတွေရှိတယ် ဟိုက ဆရာဝန်တွေက နားမလည်ဘူး မြန်မာတွေ ဘာဖြစ်နေတယ် ဆိုတာကို မသိဘူး တော်တော် များများက ဒီပြန်လာရတယ်။ ဒီပြန်လာပြီး မြန်မာ စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ ကုသတယ် ကောင်းတော့မှဟို
ပြန်သွားရတာ များတယ် ဆရာတို့စီမှာ medecial tourism ဆိုတာ တော်တော် ခေတ်စားတယ် တခုခုဆို နိုင်ငံခြားသွား ပြီးတော့ ဘီလီယံပေါင်းများစွာ သူများနိုင်ငံကို သွားပေးနေတာ အခု မြန်မာပြည်က တခုခုဆို ဘာလေးဖြစ်ရင်သွားပြန်ပြီ အဲဒါ ဆရာတို့ဘာသာရပ်မှာမရှိဘူး။ တော်တော်ကို တတ်နိုင်တဲ့သူတွေ သူတို့သွားပြီး ကုရင်တောင် အဆင်မပြေဘူး။ ဒီပဲပြန်လာရတာ ။ ဘာသာရပ်သဘော သဘာဝ ကိုယ်တိုင်ကိုယ် က ကိုယ့်လူမျိုး ကိုယ့်စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ပြမှ သူကပျောက်တဲ့ သဘောရှိတာကိုး ။ နိုင်ငံခြားက ဘာသာခြင်း မတူ ယဉ်ကျေးမှုခြင်းမတူ တနည်းအားဖြင့် ရင်မှာနားလည် ခံစားပေးလို့မှ မရတာ ဒီမှာဘဲ လာကုရတာများတယ်။ ကိုယ်တော်လို့ မဟုတ်ဘူး ဘာသာရပ် သဘော သဘာဝကိုက ဒီအတိုင်းဖြစ်နေတာ နောက်တစ်ခုက ထူးထူး ဆန်းဆန်းခွဲရစိတ်ရတဲ့ ဟာမျိုးလည်း မဟုတ်ဘူး။ ဆေးပေးရတယ် နားထောင်ရတယ် စကားပြောရတယ် ဒီလူဘာဖြစ်နေတယ် ဆိုတာကို စက်တွေနဲ့ စမ်းလို့မရဘူး ။ ဆရာတို့ ဘာသာရပ်မှာ health tourism မရှိဘူး ။ အဲလိုဖြစ်တဲ့အတွက် မြေတောင် မြှောက်သင့်တယ်။ လိုတာတွေကို ပိုဖြည့်ပေးသင့်တယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့်အားနည်းနေတယ်လို့ထင်တယ် - တခုခု ဆိုရင် ဆရာတို့ ဘာသာရပ်ကို တခြားနိုင်ငံတွေနဲ့ စာရင်နိမ့်ကျနေတယ်လို့ထင်တယ် အဲဒါလုံးဝမှားတယ် ။
မေး-လိုနေတာတွေဖြည့်ပေးသင့်တယ် အားနည်းနေသေးတယ်ဆိုတော့ ဘာတွေများဖြည့်ပေးဖို့ မြေတောင်မြှောက်ပေးဖို့ လိုအပ်နေလို့ပါလဲ။
ဖြေ-ECG - equipment ဆိုလို့ ECG တခုပဲရှိတယ် ။ ဓါတ်နှိပ်ကုတဲ့ စက်ပေါ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ဘယ်နိုင်ငံမှ မသုံးတော့တဲ့ ဟာကို သုံးနေရတယ် ။ နှစ်ပေါင်းများပြီ အထက်ကို တင်ပြတယ် ၀ယ်ပေးမယ် ဆိုပေမယ့် ခုထက်ထိတော့ မရသေးဘူး ။ ဆရာတို့မှာတခြား ဘာသာရပ်တွေနဲ့ ယှဉ်ရင် ရှုပ်ထွေးတဲ့ ကြီးကြီးမားမား စက်တွေ မလိုဘူး ။ ဆရာတို့က
တစ်ခုပဲလိုတယ် အဲဒီ့ ECG စက်လေး ရပြီ ဆိုရင် ဆရာထင်တယ် ဆရာတို့ရဲ့ ကုသမှုအဆင့် က အင်တာနေရှင်နယ်ပဲ မလျော့ဘူး ။
မေး- ငွေကြေး မတတ်နိုင်လို့ လမ်းပေါ်ရောက်ရတဲ့ စိတ်ဝေဒနာသည်တွေ ရှိတယ်ဆိုတော့ စိတ်ရောဂါသည် တစ်ယောက်အတွက် တစ်နှစ်ပျမ်းမျှ ကုန်ကျငွေ ဘယ်လောက်များရှိပါသလဲ။
ဖြေ-နှစ်ပိုင်းရှိတယ် ။ သူတို့ကိုယ်တိုင်က ခန္ဓာကိုယ်ရောဂါတွေကို လိုလိုလားလား ဆေးသောက်ချင်တဲ့ စိတ်မရှိဘူး။ ရောဂါဖြစ်တာလည်း လက်မခံဘူး။ လူတစ်ယောက်က ရောဂါဖြစ်တာ လက်မခံမှတော့ ဘယ်သွားဆေးသောက်တော့မလဲ ။ တချို့က မိသားစုတွေက ဆေးဖိုးတတ်နိုင်တယ် ကုနိုင်သော်လည်း လူနာရဲ့ ရောဂါ သဘော သဘာဝ ကိုယ်တိုင်ကိုက မသောက်တာ ။ လူနာက သိတယ် လက်ခံတယ် ဆေးသောက်တယ်။ မိသားစုက ဆေးဖိုး မတတ်နိုင်တာ။ အဲဒါတွေကို အတတ်ရောဂါတွေမှာ အတွေ့များတယ် ။ အတတ်ရောဂါသည်တွေက ကိုယ့်ဘာသာကိုယ် တတ်တာ သိတာပဲလေ
ရောဂါလို့လည်း တစ်ပိုင်းတစ်စလက်ခံတာပဲ ။ အတတ်ရောဂါ သည်တွေကို သွားကြည့်ရင် လူ ၁၀၀ မှာ ၇၀ လောက်က ဆေးမရဘူး။ ကုသမှုအောက်မှာမရှိဘူး ။ ဆေးဖိုးမတတ်နိုင်လို့ အဓိက အကြောင်းပြချက် ဖြစ်နေတယ်။ အတတ်ရောဂါ ပျောက်ဆေး မြန်မာ ပြည်မှာ အခု အသုံးများနေတဲ့ အန်ဂိုရိတ် ဆိုတဲ့ ဆေးတစ်ခု ဆိုရင် ၁၀၀ အားတစ်လုံးကို ကျပ်ငွေ ၆၀ လောက်ရှိတယ်။ လူနာက တစ်ရက်ကို ၂ လုံးလောက် သောက်ရပြီး ကျပ်ငွေ၁၂၀ လောက်ကုန်မယ်။ ဒါကအနည်းဆုံး
သူ့ထက်များဖို့ပဲ ရှိတယ်။ တစ်လ ဆိုရင် ၃ထောင် -၄ထောင် လောက်ရှိတယ်။ စီးပွားရေးအရ အဆင်မပြေတဲ့ သူတွေမှာ ဒီ ၃ထောင်-၄ထောင်ဆိုတာ လွယ်တာ မဟုတ်ဘူး ။ တခြားနိုင်ငံတွေမှာ ဆိုရင် ဖီနိုဘာပီတုန်းလို့ခေါ်တဲ့ ဆေး ဈေးတအား သက်သာတယ်။ အဲဒီ့ဆေး ကျတော့ ဒီအစိုးရလက်ထက်မဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ်တွေမှာ ဖီနိုဘာပီတုန်းက ဆေးစွဲစေတဲ့ ဆေးဖြစ်တယ် ဆိုပြီး ပိတ်တယ်။ အရင်တုန်းက MBF ကထုတ်တယ် အခု ဆို မထုတ်တော့ဘူး။ ဘယ်သူမှလည်း မတင်သွင်းတော့ဘူး ဆိုတော့ ဒီ အတတ်ရောဂါ လူတွေမှာ ဒုက္ခရောက်တာပေါ့။ တတ်နိုင်တဲ့ သူတွေကို ဖယ်ထားပြီး တကယ့်ကို အခြေခံ လူတန်းစားကို စဉ်းစားရမှာ။ တချို့ဆေးတွေက လျော့ပေးရမယ် ဟာတွေရှိတယ်။ တစ်လောက နေပြည်တော်မှာလုပ်တဲ့ မြန်မာပြည်မှမရှိမဖြစ်ဆေးတွေ အသစ်ပြန်စွဲတဲ့ အထဲမှာ ဖီနိုဘာပီတုန်းကို ထည့်ပေးတယ် ဒါပေမယ့် ပြန်ထုတ်မထုတ် သွင်းမသွင်းက မသိဘူး။ စိတ်ကစဉ်ကလျားရောဂါ ဆိုရင် တစ်သက်လုံးနီးပါးဆေးသောက်ရတော့မှာ အနည်းဆုံး မသောက်ရဘူးဆိုရင် ၁နှစ် ကနေ ၃ နှစ်ထိသောက်ရမှာ။ လူနာတစ်ယောက်က တစ်လကို၅ထောင်-၆ထောင်ကုန်တယ်။ ၅ထောင်-၆ထောင်ဆိုတာ ဆေးဖိုးနော် ဆရာဝန်က အလကား ကြည့်ပေးမှာလား ဆရာဝန်ရှိတဲ့ နေရာကိုသွားတဲ့ စရိတ် အခုရွာသာကြီးကို သွားလိုက်လာလိုက်နဲ့ အချိန် ကားတွေပိတ်တာနဲ့
ဒါတွေကိုဖယ်ထား ။ဘယ်လိုလုပ်မှာလဲ။ ကျန်းမာရေး ၀န်ကြီးဌာနက ဘတ်ဂျက်တွေ အရင်ထက်စာရင် ဆေးဝယ်ဖို့ ပိုပြီး ချပေးပါတယ်။ အတွင်းလူနာတွေကို လက်ရှိအနေအထားမှာ သိသလောက်ကတော့ အလကားပေးလို့ရတယ်။ အပြင်ကလာတဲ့ လူနာအကုန်လုံးကို
မတတ်နိုင်ဘူး ။ ဆေးလည်းမကုနိုင်ဘူး ကြာတော့ ရောဂါတွေလည်း ပိုပိုဆိုးပြီး လမ်းပေါ်ရောက်ကုန်တယ်။
မေး- နောက်အဖြစ်များလာမယ့် စိတ်ရောဂါတွေထဲမှာ ဘယ်ဟာကပိုပြီး အဖြစ်များလာမလဲ ဘယ်လိုပြုစုကုသ စောင့်ရှောက်မှုတွေ လုပ်ရမလဲ။
ဖြေ- စိတ်ကျရောဂါပေါ့ အရမ်းကိုများတယ် ။ WHO ခန့်မှန်းချက်အရ ဆိုရင် ၂၀၃၀ မှာ ကမ္ဘာပေါ်မှာ အဖြစ်များဆုံး ရောဂါက စိတ်ကျရောဂါဖြစ်လိမ့်မယ်။ကိုယ့်ကိုကိုယ်သေကြောင်းကြံဖို့လုပ်တဲ့ သူတွေရဲ့ အနည်းဆုံး ၁၇- ၁၈ ရာခိုင်နှုန်းလောက်က စိတ်ကျရောဂါကြောင့် ကိုယ့်ကိုကို်ယ် သေကြောင်းကြံဖို့ လုပ်တာ များတယ် ။ စိတ်ကျရောဂါကို လူတွေက ဖြစ်လို့ဖြစ်မှန်းလည်းမသိဘူး။ ဖြစ်လာရင်လည်း သူတို့ကို စိတ်ရောဂါလို့ လူတွေက ထင်မှာစိုးပြီးတော့ တကယ်ကို ကူညီပေးနိုင်မယ့် ကျွမ်းကျင်သူတွေစီမှာ သွားပြဖို့ ၀န်လေးတယ်။ တစ်ချို့သိတယ် ၀န်လေးတယ် တစ်ချို့ကတော့ သိကိုမသိတာ ဆိုတော့ မဖြစ်သင့်တာတွေ အများကြီးဖြစ်တယ်။ ဆရာခန့်မှန်းတာပေါ့ စိတ်ကျရောဂါ ၁၀၀ရာခိုင်နှုန်းမှာ ဆရာတို့စီမှာ လာကုတာ ၅ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ကျန်တဲ့ ၉ ၀ ရာခိုင်နှုန်းက ဆရာတို့စီ လာကုတယ်မထင်ဘူး ။ တစ်ခုရှိတာက စိတ်ကျရောဂါက သူ့ဟာသူလည်းပျောက်သွားတတ်တယ်။ ဆေးမကုလည်းပဲ အလိုလို ကောင်းသွားနိုင်တယ် ဒါပေမယ့် လနဲ့ချီ ကြာနိုင်တယ်။ ဆေးကုရင် နှစ်ပတ် လေးပတ် တစ်လခွဲလောက်ဆိုရင် လူကောင်းပြန်ဖြစ်မယ်။ ပြန်မဖြစ်အောင်လို့ ကာကွယ်တဲ့ အနေနဲ့ ဆေးကနောက်ထပ် ၃ လ သို့မဟုတ် ၆ လ ဆက်သောက်ဖို့လိုတယ် ပြီးရင်ပြီးပြီ။ ခုက ကမ္ဘာပေါ်မှာ စိတ်ကျရောဂါ ဖြစ်တာများလွန်းအားကြီးလို့ ဆေးကုမ္မဏီကြီးတွေကလည်း စိတ်ကျရောဂါ ပျောက်ဆေးတွေကို ကောင်းသထက်ကောင်းအောင် တိုးထုတ်လာတော့
စိတ်ကျရောဂါ ပျောက်ဆေးတွေက အရမ်းကိုကောင်းတယ် လူမှာဘေးထွက်ဆိုးကျိုးတွေလည်း မရှိသလောက် ရှားတယ် ။ ဆရာတို့ဆေးရုံကြီးမှာ ကျန်းမာရေးဝန်ကြီးဌာနက ပေးထားတဲ့ စိတ်ကျ ပျောက်ဆေးတွေလည်း အလုံအလောက်ရှိတယ်။ တိုင်းနဲ့ပြည်နယ်မှာလည်း အကုန်လုံးဖြန့်ပေးထားတယ် ။ ဒါပေမယ့် လာမကုတာလေ ။ လာမကုပဲ ဟိုနား သေကြောင်း ကြံစည် ဒီနား သေကြောင်းကြံစည် ဆိုတော့ ဆရာလည်းတော်တော် စိတ်မကောင်းဘူး။ ဒီလူတွေကို ဘယ်လို လိုက်ရှာရမလဲ ။ စိတ်ကျတာကို ကာယကံရှင်သိတယ် ရူးတာနဲ့မတူဘူး ။ ကိုယ့်ကိုကိုယ် ရူးမှန်းမသိဘူး ဆိုတာက စိတ်ကစဉ်ကလျားရောဂါ - ရူးတဲ့အထဲပါတယ်။ စိတ်ကျတာ ကိုယ့်ဘာသာကိုယ်သိတယ်။ လုပ်ဖော်ကိုင်ဖက် မိသားစုတွေက သိတယ်။ အမူအရာ ပြောင်းသွားတာကိုး ။ ဆိုတဲ့အခါကြတော့ တိုက်တွန်းပေးရမယ်၊ နှိုးဆော်ပေးရမယ်။ အားပေးစကားတွေလည်း ပြောရမယ် ပြီးတော့ စနစ်တကျ ဆေးကုခံဖို့ မရှက်မကြောက်ဖို့ ဒါဟာ စိတ်ရောဂါ မဟုတ်ဘူး။ စိတ်ကျတာ မဆန်းဘူး စိတ်မကျဘူးတဲ့ သူလောကမှာမရှိဘူး ။ အဲလိုတိုက်တွန်း ပေးဖို့လိုတယ်။ ဥပမာ လူတစ်ယောက်က စိတ်ညစ်တာက တောက်လျှောက် နှစ်ပတ်တိတိ စိတ်ညစ်ပီ ဆိုရင်တော့ အဲဒါ စိတ်ကျတာ ဆေးကုဖို့လိုပြီ။ အဲဒါလေးတွေနည်းနည်းသိပြီး တော့ ၀ိုင်းဝန်းလုပ်ပေးမယ်ဆိုရင် တော်တော် အဆင်ပြေလိမ့်မယ်လို့ ထင်တယ် ။
ကျေးဇူးတင်ပါတယ်ဆရာ။
တွေ့ဆုံမေးမြန်းသူ - ရွှေထွဋ်
The Myanma Age