ရက်တို ဝမ်းလျှောခြင်း (Acute Diarrhoea)

ပို့စ်တင်ချိန် - 11/12/2013 09:47:00 AM


နှစ်ပတ်ထက် ပိုမကြာတဲ့ ဝမ်းလျှောတာကို ရက်တို ဝမ်းလျှောခြင်း (Acute Diarrhoea) လို့ ခေါ်ပါတယ်။ များသောအားဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်း ပိုးဝင်လို့ ဖြစ်တာ များပါတယ်။ အလိုလို ပျောက်ကင်းပြီး ဝမ်းလျှောတဲ့ဒဏ်ကို သိပ်မခံလိုက်ရဘူး။ အကြမ်းဖျင်းအားဖြင့် နည်းနည်း ရေငတ်တဲ့အတွက် ဓာတ်ဆားရည်သောက်ဖို့ လိုမယ်။ နည်းနည်းဆိုးရင် ဆားရည် (Normal Saline) ဒါမှမဟုတ် Ringer Lactate သွင်းချင်သွင်းရတယ်။ နှစ်ပတ်ထက် ကျော်သွားရင်တော့ နာတာရှည် ဝမ်းလျှောရောဂါ (Chronic Diarrhoea) လို့ ခေါ်တယ်။ ကိုယ်ခံစွမ်းအားကျတဲ့ လူတွေမှာ ပိုးကြောင့် ရက်တို ဝမ်းလျှောမှုဟာ မပျောက်ဘဲ ရက်ရှည် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ နာတာရှည် ဝမ်းလျှောရောဂါ ဖြစ်စေတဲ့ အကြောင်းတွေက ကွဲပြားခြားနားတယ်။ အောက်ပါ မေးခွန်းလေးတွေကို မေးရမယ်။

၁) ဘယ်လောက်ကြာပြီလဲ။
၂) များသလား၊ သွေးခုန်မြန်သလား၊ ရင်တုန်သလား၊ အန်သလား။
၃) ဝမ်းထဲမှာ သွေးစသွေးန တွေ့ရသလား။
၎) တစ်နေ့တည်းမှာ အကြိမ်ရေ ဘယ်နှခါသွားသလဲ။
၅) ဗိုက်နာသလား၊ နာရင် ဘယ်နားက နာသလဲ။
၆) ပိုးရှိလောက်တဲ့ အစာစားမိသလား။ ပိုးရှိလောက်တဲ့ ရေသောက်မိသလား။
၇) ဘယ်ကို ခရီးသွားဖူးသလဲ။ ပင်လယ်ကမ်းခြေမှာ အပန်းဖြေသလား။ မြစ်ကမ်းစပ်လား၊ အင်းစပ်လား၊ လမ်းဘေးစားသောက်ဆိုင်မှာ စားမိသလား။ ယင်အုံသလား။
၈) ဝမ်းလျှောတဲ့သူနဲ့ ရက်ပိုင်းအတွင်း ထိတွေ့မှုရှိသလား။ မိသားစုတွေကရော နေကောင်းကြသလား။ ဝမ်းလျှောသလား။ လူနာကို စမ်းသပ်စစ်ဆေးတဲ့အခါမှာ မျက်တွင်းဟောက်ပက်ဖြစ်တာ၊ အလွန်ပျော့လှီနေတာ၊ အရေပြားတွေ ရေစိမ်ပဲလို တွန့်နေတာ၊ လျှာခြောက်တာ၊ ဆီးထွက်နည်းတာတွေကို သတိထားရမယ်။

ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာ ကိုယ်ခံစွမ်းအား ကောင်းစွာ မဖွံ့ဖြိုးသေးတဲ့အတွက် ဒါမှမဟုတ် ကိုယ်ခံစွမ်းအား ကျသွားတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပိုးဝင်လွယ်တယ်။ မိခင်နို့က အန္တရာယ်ကင်းတယ်။ ပိုးမဝင်ရအောင် ကာကွယ်ပေးတယ်။ နို့ဖြတ်ချိန်မှာ ဝမ်းလျှောလွယ်တယ်။ အစာအိမ်က အက်စစ်ဓာတ် မထုတ်နိုင်တဲ့ လူတွေမှာ ဝမ်းလျှောလွယ်တယ်။ အစာအိမ်ထဲမှာ အစာအိမ်ပိုး (Hpylori ပိုး) ဝင်ရင် အက်စစ်ဓာတ် အထွက်နည်းတယ်။ ဝမ်းလျှောလွယ်တယ်။ အစာအိမ်နာရှိတဲ့အတွက် PPI လို့ခေါ်တဲ့ အက်စစ်ဓာတ် ပိတ်တဲ့ဆေးတွေ သောက်ရင်လည်း ဝမ်းလျှောလွယ်တယ်။ HIV ရှိတဲ့လူ၊ ကင်ဆာဆေးကြောင့် ကိုယ်ခံစွမ်းအားကျသူတွေမှာ ဝမ်းလျှောလွယ်တယ်၊ တချို့ကတော့ အစာနဲ့ မတည့်လို့ ဝမ်းလျှောတယ်။ Food Allergy ကို Intolerance လို့ ခေါ်တယ်။ တချို့ ပိုးသတ်ဆေး (Antibiotic) တွေက ဝမ်းလျှောတတ်တယ်။ တချို့က ကြာကြာသုံးရင် ဝမ်းလျှောတယ်။ တချို့ဆေးတွေကလည်း သဘာဝကိုက ဝမ်းလျှောတယ်။ သွေးပါတဲ့ ရက်တို ဝမ်းလျှောမှုနဲ့ သွေးမပါတဲ့ ရက်တို ဝမ်းလျှောမှု နှစ်မျိုးရှိတယ်။

၁။ သွေးပါသော ရက်တိုဝမ်းလျှောမှုများ

၁) ရှီဂယ်လိုးစစ် (Shigellosis) Bacillary Dysentery
၂) သွေးယိုနိုင်တဲ့ အီကိုလိုင်ပိုး (Enterohaemorrhagic E.Coli)
၃) ကမ်ပိုင်လိုဘက်တာ (Campylobactor)
၎) ဆာမိုနဲလား (Salmonella)
၅) ယာဆီးနီးယား (Yersinia)
၆) ဝမ်းကိုက်ပိုး (Amoebic Dysen-tery)
၇) Antibiotic-Associated Colitis

၂။ သွေးမပါသော ရက်တိုဝမ်းလျှောမှုများ

၁) ရိုတာဗိုင်းရပ်စ် (Rotavirus)၊ နော်ဝေါ့က် (Norwalk)၊ အက်စထရိုဗိုင်းရပ်စ် (Astrovirus)၊ အဒီနိုဗိုင်းရပ်စ် (Ad-enovirus) စတဲ့ ဗိုင်းရပ်စ်ပိုးတွေ၊
၂) ရှီဂဲလား (Shigella)၊ ဆာမိုနဲလား (Salmonella)၊ ကမ်ပိုင်လိုဘက်တာ (Campylobacter)၊ ပိုးဝင်ပေမယ့်လည်း မပြင်းထန်ရင် ဝမ်းလျှောတဲ့အခါမှာ သွေးမပါပါဘူး။
၃) သွေးမယိုတတ်တဲ့ E.Coli ပိုးတွေ (Enterotoxigenic E.Coli (ETEC), Enteropathogenic E.Coli (EPEC), Enteroaggregative E.Coli (EAEC))
၎) ပရိုတိုဇိုးဝါး (Protozoa) ခေါ် ဂျီယားဒီယား (Giardia)၊ ခရစ်ပ်တိုစပိုရီဒီရိုးစစ် (Cryptosporidiosis)၊ ဆိုက်ကလိုစပိုရာ (Cyclospora)
၅) စတောင်ဂလိုက်ဒီးစ် (Strongylodies)
၆) အစာအဆိပ်အတောက်များ (Food Toxins)
၇) ငှက်ဖျား (Malaria) တို့ ဖြစ်ကြတယ်။

တချို့ပိုးတွေက အူသိမ်ပေါ်မှာ သက်ရောက်တယ်။ အဆိပ်ထုတ်နိုင်တဲ့ ဘက်တီးရီးယား (Bacteria)၊ တောက်ဆင်ဂျဲနစ် (Toxigenic Bacteria)၊ Virus နဲ့ Giardia ပါရာဆိုက်ပိုးတွေဟာ အူသိမ်ပိုင်းကို တိုက်ခိုက်တယ်။ ဝမ်းလျှောတာများတယ်။ ဝမ်းထဲမှာ သွေးဖြူဥ မပါဘူး။ အူမကြီးကို တိုက်ခိုက်တာကတော့ Shigella, Campylobacter, E.coli ပိုးတို့ ဖြစ်ကြတယ်။ ဝမ်းဗိုက်အောက်ပိုင်းနာပြီး ဝမ်းသွားရင် နာတယ်၊ Tenesmus လို့ ခေါ်တယ်။ ဝမ်းထဲမှာ အကျိအချွဲနဲ့ သွေးစသွေးနပါတယ်။ သွေးဖြူဥတွေလည်း ပါတယ်။ Salmonella နဲ့ Yersinia ပိုးတို့ကတော့ အူသိမ်ကိုလည်း တိုက်နိုင်တယ်။ အူမကြီးကိုလည်း တိုက်နိုင်တယ်။ အူမကြီးထဲကို ဝင်ပြီး အူမထဲမှာ ပွားနေတဲ့ ပိုးတွေထဲမှာ ကာလဝမ်းရောဂါပိုး၊ Yersinia, Salmonella ETEC, EPEC, Giardia ပိုးတွေဟာ အူသိမ်ထဲမှာ ဝင်ရုံတင်မဟုတ်ဘူး၊ ပွားပြီး ရောဂါဖြန့်နေတတ်တယ်။ များသောအားဖြင့် ရက်တို ဝမ်းလျှောသူတွေဟာ အလိုလို ပျောက်ကင်းတဲ့အတွက် ဘာမှ စစ်ဆေးချက်တွေ မလုပ်ပါဘူး။ နှစ်ပတ်ကျော်ကြာသွားရင်၊ ဖျားရင်၊ အန်ရင်၊ ဝမ်းသွားရင်း နာရင် စစ်ဆေးမှုတွေ ပြုလုပ်ရတယ်။ HIV ရှိတဲ့လူ၊ ငါးစိမ်း၊ ပုစွန်စိမ်း စားမိသူ၊ ပိုးသတ်ဆေး သုံးနေသူတွေဟာ လေ့လာစစ်ဆေးရတယ်။ လူအများကြီး တစ်ပြိုင်တည်း ဖြစ်ရင်လည်း လေ့လာစစ်ဆေးရတယ်။

ဝမ်းကို Microscope နဲ့ကြည့်ရင် Shigella, Campylobacter, EIEC, EHEC တို့ကြောင့် ဝမ်းလျှောရင် ဝမ်းထဲမှာ သွေးဖြူဥတွေ တွေ့တယ်။ Cholera တို့၊ ETEC တို့၊ EPEC Virus, Giadia နဲ့ ဝမ်းကိုက်ပိုး (Amoebiasis) တွေဆို ဝမ်းထဲမှာ သွေးဖြူဥ မတွေ့ရဘူး။ Ameoba ပိုးတွေကိုလည်း တွေ့နိုင်တယ်။ တချို့ပိုးတွေအတွက် Serology ခေါ် သွေးစစ်တဲ့ သွေးထဲမှာ Antigen ရှာတဲ့နည်းရှိတယ်။ ဝမ်းကို ပိုးမွေးရတယ်။ လူအများကြီးဖြစ်တဲ့ ဝမ်းလျှောရောဂါ၊ ရောဂါပြင်းထန်တဲ့ ဝမ်းလျှောရောဂါတွေမှာ ပိုးမွေးမြူလေ့ရှိတယ်။ ပုံမှန်လုပ်ငန်း အနေနဲ့ မမွေးဘူး။ ကုထုံးအနေနဲ့ကတော့ ရေမခန်းခြောက်အောင် ဓာတ်ဆားရည်သောက်ဖို့ လိုတယ်။ အစာစားတိုင်း ဝမ်းသွားချင်နေတယ်။ ဆန်ပြုတ်တို့၊ မြူစွမ်ပြုတ်တို့ပဲ သောက်ရတယ်။ နွားနို့၊ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်ဘူးတွေ မသောက်ရဘူး။ ဝမ်းလျှောလွန်းအားကြီးရင် Loperamide ဆိုတဲ့ ဆေးကို ပေးရတယ်။ ပိုးသတ်ဆေး ပေးမယ်၊ မပေးမယ်ကတော့ အတော်စဉ်းစားပြီး ပေးရတယ်။ ပုံမှန်ကတော့ နှစ်ပတ်အတွင်း အလိုလို ပျောက်သွားတယ်။ မပျောက်ရင် ဘာပိုးကောင်လဲ သိဖို့လိုမယ်။ သင့်တော်တဲ့ ပိုးသတ်ဆေး ပေးရမယ်။

ပါမောက္ခဦးသံစစ် (အသည်းအထူးကု ဆရာဝန်)
ဆေးပညာဆိုင်ရာဆောင်းပါးများ