Marriage Advice (2) သီတင်းကျွတ်ရင် ဖတ်စေချင်
ပို့စ်တင်ချိန်
- 10/17/2013 08:58:00 AM
သီတင်းကျွတ်ရင် မင်္ဂလာဆောင်တွေ လာပါတော့မယ်။ ခေတ်လူငယ်တွေအတွက် ခေတ်ဆေးပညာအရ အကြံပေးပါရစေ။ ခေတ်လူငယ်တွေထဲမှာ မိဘစကား သိပ်နားမထောင်သူတွေလဲရှိတယ်။ မိဘစကားနားမထောင်ရင် ဆရာဝန့်စကားလဲ လိုက်နာမယ်တော့ မထင်ပါ။ ဒါပေမဲ့ အိမ်ထောင်ပြုတာမှာတော့ ကိုယ့်သဘောချည်းမပြီးတာကို သိလာပါလိမ့်မယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ဆွေတွေမျိုးတွေ စသူတွေမပါရင် မြန်မာ့ထုံးစံမှာ အိမ်ထောင်ပြုတဲ့အရာ မပြည့်စုံပါ။ နားထောင်ရမှာတွေ တိုးလာပါပြီ။ ဆရာဝန့်စကားလဲ နဲနဲလေးဖြစ်ဖြစ် နားထောင်ကြည့်ကြပါ။
(က) လိင်ကတဆင့်ကူးစက်ရောဂါတွေဆိုတာ -
၁။ (ဂနိုရီးယား)
၂။ (ဆစ်ဖလစ်)
၃။ (ကလာမိုင်ဒီးယား)
၎။ လိင်လမ်း-ရေယုံ
၅။ (ထရွိုင်ကိုမိုးနပ်စ်)
၆။ (ရှန်ကာရွိုက်)
၇။ LGV (လင်ဖိုဂရင်ညူလိုမား-ဗနီးရီးယမ်း)
၈။ PID တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း
၉။ အသဲရောင် (ဘီ)
၁ဝ။ HIV/AIDS ခုခံအားကျရောဂါတွေဖြစ်ပါတယ်။
သူ့မှာ ကူးစက်ရောဂါတွေရှိသလား။ ကိုယ့်မှာကော အဲတာတွေကင်းရှင်းရဲ့လား။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို စစ်ဆေးသင့်တယ်။ အများစုရောဂါတွေက ရောဂါမပြဘဲ ပိုးရှိနေတာမျိုး ဖြစ်နိုင်တယ်။ သိလိုက်တာနဲ့ ဆေးကုလိုက်ရင် အိမ်ထောင်ပြုတဲ့အချိန်မှာ အိမ်ထောင်ဘက်ကို ဒုက္ခမပေးနိုင်တော့ပါ။ တချို့ရောဂါတွေက သောက်ဆေးနဲ့ရတယ်။ တချို့လဲ ဆေး ၃ လုံးထိုးတာနဲ့ပြီးတယ်။ ရောဂါရှိမှန်းမသိဘဲ အိမ်ထောင်ပြုလိုက်ရင် ဇနီး-ခင်ပွန်းကိုသာမက မွေးလာမဲ့ ကလေးတွေကိုပါ ဒုက္ခပေးမယ်။
(ခ) လက်မထပ်ခင် သွေးအုပ်စုစစ်ခြင်း
“အေ-ဘီ-အို” သွေးအုပ်စုမတူသူတွေ လက်ထပ်လို့ ဘာမှမဖြစ်ပါ။ Rh-ve ရှိသူအချင်ချင်း အိမ်ထောင်ပြုတာ စိုးရိမ်စရာ မရှိပါ။ မိန်းမက RH-ve နဲ့ ယောက်ျားက RH+ve ဖြစ်နေရင် သူတို့ကနေမွေးမဲ့ကလေးဟာ RH+ve ဖြစ်ဘို့ အခွင့်အလမ်း ၅ဝ% ရှိနိုင်တယ်။ အဲလို ဖြစ်နေရင်တော့ ပြဿနာတက်မယ်။ ကလေးရဲ့သွေးနဲ့ မအေသွေးတွေ အမျိုးမတူကြဘူး။
ကလေးအတွက် အန္ကရာယ်ရှိမယ်။ မိခင်ရဲ့ ဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) တွေကတိုက်ခိုက်ခံရတော့ သွေးနီဥတွေ နည်းပြီး သွေးအားနည်းမယ်၊ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အသားဝါရောဂါရမယ်၊ ဦးနှောက်ညံ့မယ်၊ ကြာရင် နှလုံးရောဂါရမယ်။ ဗိုက်ထဲမှာတင် သေနိုင်တယ်။ မွေးပြီးမကြာခင်လဲ သေနိုင်တယ်။ မွေးလာတဲ့ကလေးမှာ သွေးရောဂါရမယ်ဆိုရင် သွေးလဲတာ လုပ်ရတယ်။
လူတွေမှာ Rh (+) ဖြစ်သူ 90.35% နဲ့ Rh (-) ဖြစ်သူ 9.65% ရှိတယ်။ (အာရ်အိတ်ခ်ျ) အနုတ်ရှိသူတွေက အာရှမှာက ပိုများတယ်။ Rh -ve ကိုယ်ဝန်ဆောင်ကို Rhogam ဆေးထိုးပေးရတယ်။ Anti-D globulin (RhoGAM) ဆေးပေးရင် မိခင် ၉၉% မှာ Anti-Rh (အင်တီဘော်ဒီ) တွေ ဖြစ်မလာစေနိုင်ဘူး။ ကိုယ်ဝန် ၂၈ ပါတ်မှာနဲ့ မွေးပြီး ၇၂ နာရီအတွင်းပေးတယ်။ ပဌမကိုယ်ဝန်မှာ မဆိုးတာများတယ်။ ဒုတိယကလေးဆိုရင် RH+ve ဖြစ်ဘို့ ၂၅-၅ဝ% ရှိတယ်။ ပဌမ ကိုယ်ဝန်ဆောင်တုံးက သွေးထဲမှာ ဖြစ်နေခဲ့ပြီးသား (အင်တီဘော်ဒီ) တွေက များနေပြီမို့ ဒုတိယကိုယ်ဝန် ဖြစ်နေတဲ့ အထဲကကလေးကို ဆိုးဆိုးဝါးဝါးတိုက်ခိုက်တော့မယ်။ မွေးစကလေးမှာ ဒီရောဂါဖြစ်မှာကို ဗိုက်ထဲကတည်းက သွေးလဲတာနဲ့ ကုနိုင်သေးတယ်။
(ဂ) ခေတ်လူငယ်တွေအတွက် အကြံပေးချက်
ကူးစက်ရောဂါတွေနဲ့ သွေးအုပ်စုအပြင် သိစရာတွေရှိပါသေးတယ်။ ကျန်းမာရေးမေးခွန်းတွေ ဖြေနေတာကြာလာတော့ ကနေ့မြန်မာလူငယ်တွေ၊ လူကြီးတွေမှာ ဘာဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။
• ရာသီ မမှန်သူတွေ OG ပြပါ။
• မင်္ဂလာဆောင်ရက်နဲ့ ရာသီလာမဲ့ရက် တိုက်ဆိုင်လို့ ရာသီရက်ပြောင်းချင်ရင်လဲ လုပ်ပေးနိုင်ပါတယ်။
• သားအိမ်ဝ (သားအိမ်ခေါင်း) ကင်ဆာ ကာကွယ်ဆေး ထိုးထားပါ။
• တယောက်ယောက်မှာ (ဘီ) ပိုးရှိနေရင် ကျန်တဲ့သူ (ဘီ) ကာကွယ်ဆေးထိုးပါ။
• အသက်ငယ်လွန်းသူတွေနဲ့ ကြီးလွန်းသူတွေ လက်ထပ်ကြရင် သူများတွေထက် ပိုဂရုစိုက်ပါ။
• ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။ နောက်မှ ဆရာဝန်ကိုလှမ်းမေးလို့ ဖြေနေရတာ မနည်းလှပါ။
• လက်မထပ်ခင်က တားဆေး၊ အရေးပေါ်တားဆေး၊ ဖျက်ဆေး သောက်ထားဘူးရင် ကိုယ့်ကျန်းမာရေးရာဇဝင်ကို မမေ့ပါနဲ့။
• တခုခုဖြစ်ရင် ယုံကြည်စိတ်ချတဲ့ ဆရာဝန်ကိုရှာပါ။ ဆရာဝန်ကတော့ ကျေးဇူးပြုပြီး မညာပါနဲ့။
• ယောက်ျားလေးများလဲ ဆက်ဆံရေးကိစ္စတွေမှာ အားနည်းချက်ရှိနေတယ်ဆိုရင် ဆရာဝန်ကိုမေးဘို့ မရှက်ပါနဲ့။
• ကိုယ်ဝန်မယူချင်သေးရင် ကိုယ်ဝန်တားနည်း-တားဆေးတွေကို စနစ်တကျသုံးတတ်ဘို့ ကြိုတင်သိထားပါ။
ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းပြီး ဥာဏ်ပညာ ထက်မြက်ထူးချွန်တဲ့၊ စိတ်ထားလဲကောင်းကြတဲ့ မြန်မာနိုင်ငံသားတွေကို မွေးထုတ်ပေးကြပါ။ ဒါမှ ကနေ့ ရင်ဆိုင်နေကြရတဲ့ ဒုက္ခသုက္ခတွေကို ဖြေရှင်း ကယ်တင်နိုင်မဲ့သူတွေ ပေါ်ပေါက်လာပါမယ်။ အားကိုးပါရစေ။
ဒေါက်တာတင့်ဆွေ