လူငယ်များ အားကောင်းရပါမည် - Eleven Media Group

ပို့စ်တင်ချိန် - 10/20/2013 10:50:00 AM




(ဆောင်းပါးရှင် - လွင်ချန်ဖြိုး(နတ်မောက်))

စည်းကမ်းကလနားများသည် မျက်မှောက်ခေတ် လူငယ်များအဖို့ စည်းပါးပါးလေးများသဖွယ် ဖြစ်ကုန်ပြီလား ထင်မှတ်မိပါသည်။ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို ပြန်ကြည့်ချင်ပါသည်။ မိသားစုတိုင်း နီးပါးတွင်ရှိသော အသက်ငါးဆယ်နှင့်အထက် ပုဂ္ဂိုလ်များကို ရှေးခေတ်မျိုးဆက်၏ နောက်ဆုံးလက်ကျန်များဟု သတ်မှတ်ချင်ပါသည်။ ရှေးခေတ်လူကြီး အများစုသည် စည်းစနစ် ကြီးမားကြောင်း အားလုံးအသိ ဖြစ်ပါသည်။ စည်းစနစ် ကြီးခြင်းနှင့်အတူ အနေအထိုင်၊ အလုပ်အကိုင် ရိုးသားဖြူစင်ခြင်း၊ အသုံးအစွဲ ကျစ်လျစ်ချွေတာခြင်း၊ စုဆောင်းမိခြင်းများကို တွေ့နိုင်ပါသည်။ စည်းစနစ် ကြီးမားခဲ့သူတိုင်းသည် သူ့အတိုင်းအတာနှင့်သူ အထိုက်အလျောက် ချမ်းသာကြွယ်ဝ ပိုင်ဆိုင်မှု ရှိခဲ့ကြသည်သာ ဖြစ်ပါသည်။

လက်ရှိ သက်လတ်ပိုင်းနှင့် သက်ငယ်ပိုင်း မျိုးဆက်များသည် အဖေအမေ၊ အဘိုးအဘွား ရှေးခေတ်လူကြီးသူမများထံမှ စည်းကမ်းရှိကြဖို့ ပြောဆို၊ ဆုံးမ၊ သွန်သင်၊ လမ်းညွှန်မှု ခံယူခဲ့ကြရမည် ဖြစ်ပါသည်။ ဒီခရီးဒီထီး၊ ဒီအရပ် ဒီဖိနပ် ဆိုတာမျိုးကအစ အသေးစိတ် စနစ်တကျ စီမံကြလေ့ ရှိပါသည်။ သေချာသည်မှာ အဘိုးအဘွားတို့ခေတ်က စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် "အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက" ဟူသော ဆောင်ပုဒ်ဆိုင်းဘုတ်များ မရှိခြင်း ဖြစ်ပါသည်။ သို့သော်လည်း စည်းမဲ့ကမ်းမဲ့တွေ အခုအချိန်လောက် မပေါများခဲ့ဟု ယူဆမိပါသည်။

"အမှိုက်မပြစ်ရ၊ ဆေးလိပ်မသောက်ရ၊ ကွမ်းမထွေးရ၊ ယာဉ်ကြောပြောင်းပြန် မမောင်းရ၊ ဟွန်းမတီးရ" စသည့် စည်းကမ်းချက် များစွာသည် နေရာတိုင်းလိုလိုမှာ မြင်တွေ့နေရပြီ ဖြစ်သည်။ "လမ်းသွားရင် သတိထား၊ ခရီးထွက်ရင် ဂရုစိုက်၊ ကျောင်းမှန်မှန်တက်၊ စာမှန်မှန်ကျက်" စသော စည်းကမ်းချက် များစွာကိုလည်း မိသားစုတိုင်းမှာ နေ့စဉ်ကြားနေ ကြရသည်။ အမြင်၊ အကြား များခဲ့ကြသဖြင့် နား၊ မျက်စိ လျှံကုန်ပြီလား တွေးဆမိပါသည်။ စည်းကမ်း၏တန်ဖိုး လျော့ကျကုန်ပြီလား သုံးသပ်မိပါသည်။

"တော်ပြီ။ ဘောင်းဘီတို မ၀တ်ရင် လိုက်မပို့ဘူး။ သွားချင်ရင် ဘောင်းဘီတို ၀တ်ခဲ့။" စကိတ်ကွင်းသို့ သွားချင်နေသည့် တက္ကသိုလ်ကျောင်းသူ တစ်ယောက်ကို ကျောင်းသားတစ်ယောက်က ပုဂ္ဂလိက အမျိုးသမီး အဆောင်ခေါင်းရင်း လူသွားလမ်းမပေါ်မှာ အကျပ်ကိုင်၍ တောင်းဆိုနေခြင်း ဖြစ်ပါသည်။ ခဏနေတော့ ကျောင်းသူက အဆောင်တွင်းသို့ ဘောင်းဘီတို ၀င်လဲကာ နှစ်ဦးသား ဆိုင်ကယ်ဖြင့် ထွက်သွားပါသည်။ ဒါကတော့ လူငယ်များ အနေဖြင့် လွတ်လပ်စွာဖြင့် ကိုယ့်စည်းကို ကျော်ခြင်းဟု ဆိုချင်ပါသည်။ မည်သူ့ကိုမျှ အန္တရာယ် မဖြစ်သော စည်းကျော်ခြင်းများ ရှိသလို အရင်ဆုံး ကိုယ်တိုင်ထိခိုက် နစ်နာစေသည့် စည်းကျော်ခြင်းများ၊ မိသားစု၊ ပတ်ဝန်းကျင်၊ ရည်မှန်းချက် ပန်းတိုင်သာမက နောက်ဆုံးအသက်ပါ ဆုံးရှုံးရသော၊ နိုင်ငံနှင့် လူမျိုးကိုပါ ထိခိုက်ရသော စည်းကျော်ခြင်းများလည်း ရှိပါသည်။

စာရေးသူ၏အိမ်တွင် အဆောင်ဖွင့်ကာ တက္ကသိုလ်ကျောင်းသားများ ထားပါသည်။ ည ၁၀ နာရီမှ နံနက် ၇ နာရီအတွင်း ဂီတာတီး၊ အော်ဟစ်ဆူညံ သီချင်းဆိုခြင်း မပြုရဟု စည်းကမ်းချက် ထုတ်ထားပါသည်။ ပတ်ဝန်းကျင်အား အနှောင့်အယှက် ဖြစ်မှာစိုး၍ ဖြစ်ပါသည်။ တစ်ညတွင် အိမ်မှကျောင်းသား သုံးယောက်က ဗွေဖောက်ကာ ည ၁၂ နာရီတွင် ဂီတာတီး သီချင်းဆိုကြပါသည်။ နာရီဝက်ခန့် ကြာသည်အထိ မရပ်သဖြင့် စာရေးသူက အကျိုးအကြောင်း သွားမေးပါသည်။ သူတို့ထံမှ မမျှော်လင့်သော၊ ထင်မှတ်မထားသော အဖြေကို ကြားသိရသဖြင့် အံ့သြမိပါသည်။ စာရေးသူ၏ အဆောင်နှင့် မျက်နှာချင်းဆိုင် ခြံဝင်းတွင် ကျောင်းသူအဆောင် ရှိပါသည်။ ထိုအဆောင်မှ မိန်းကလေးတချို့က စာရေးသူ၏ စည်းကမ်းချက်ကို သိသဖြင့် သီချင်းဆိုသော ကျောင်းသားများအား "နင်တို့ ဒီည ၁၂ နာရီကနေ မနက် ၂ နာရီအထိထပြီး ဂီတာတီး သီချင်းဆိုရဲရင် နောက်နေ့မှာ နင်တို့ကြိုက်တာ ကျွေးမယ်" ပြောသောကြောင့်ဟု ဆိုပါသည်။

စည်းကမ်းတားမြစ် ကန့်သတ်ချက် အများအပြား ရှိသော်လည်း ကျူးလွန်ချိုးဖောက်ရန်လည်း လွယ်ကူနေတတ်ပါသည်။ ဆေးလိပ်၊ ကွမ်းယာ၊ ဘီယာ၊ အရက် စသည်များက နေရာမရွေး၊ အချိန်မရွေး၊ လူငယ်လူကြီး မရွေးအလွယ်တကူ ၀ယ်ယူအသုံးပြု နိုင်ကြသည်။ စာသင်ကျောင်းသို့ မရောက်ဘဲ ဂိမ်းဆိုင်၊ ဘိလိယက်ဆိုင်၊ ကေတီဗွီ၊ မာဆတ်၊ နေ့ကလပ်များမှာ ၀င်ရောက်ခိုနား ပျော်ပါးနိုင်ကြသည်။ ယာဉ်လမ်းစည်းကမ်းနှင့် အပြောအဆို၊ အတွေးအခေါ်ပိုင်း ဆိုင်ရာတွင်လည်း လိုက်နာမှု၊ ယဉ်ကျေးမှု၊ ဆန်းသစ်မှု အားနည်းသည်ဟု ဆိုချင်ပါသည်။ မိမိကိုယ်မိမိ တန်ဖိုးမထားခြင်း၊ ငွေကြေးနှင့် အချိန်များကို အကျိုးမဲ့စွာ လေလွင့်ဖြုန်းတီးခြင်းများသည် တစ်ဦးချင်းစီအတွက် မသိသာသော်လည်း နိုင်ငံတော် တစ်ခုလုံးအတွက် ဆိုပါက ဆုံးရှုံးနစ်နာမှု ကြီးမားလှပါသည်။

မိဘ၊ အုပ်ထိန်းသူ၊ ဆရာများ၏ ရှေ့မှောက်တွင် စည်းကမ်းရှိခြင်းသည် ကောင်းကျိုးကို ဖြစ်ထွန်းစေနိုင်ပါသည်။ သို့သော် ထိုသူများ၏ မမြင်ကွယ်ရာတွင် စည်းကမ်းဖောက်ဖျက်ခြင်းများကြောင့် ဆိုးပြစ်များစွာကို ပို၍ပေါ်ပေါက် စေနိုင်ပါသည်။ အထူးသဖြင့် တက္ကသိုလ်မှာ ပညာဆည်းပူးရန် ရောက်လာကြသည့် လူငယ်များသည် ပိုမိုလွတ်လပ်ခွင့် ရကြသည်။ လုပ်ချင်ရာ လုပ်နိုင်ကြသည်။ တက္ကသိုလ်ဝင်တန်း အောင်ချိန်အထိ ရိုးအေးနုံအသော လူငယ်အချို့ တက္ကသိုလ်အဆင့် ရောက်ခါမှ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားကြရသည်။ ပညာရေး လမ်းမဆုံးမီ ထွက်သွားရသူတွေ ရှိသည်။ ယာဉ်တိုက်မှု၊ ရမ်းကားမှု၊ ကိုယ်ဝန်ပျက်ကျမှု စသည့်အကြောင်း အမျိုးမျိုးကြောင့် အသက်စွန့်ကြရသည်။ ထောင်၊ အချုပ်ခန်းများတွင် စံမြန်းကြရသည်။ မလိုလားအပ်သော လုပ်ရပ်များအတွက် လူငယ်များ၏ အားအင်များကို လွဲမှားစွာ အသုံးချခြင်းအား ရှောင်ကြဉ်ကြရ ပါမည်။

အမှန်စင်စစ် လူငယ်များတွင် ကောင်းမွန်ထက်မြက်သော စွမ်းအားများ ပိုင်ဆိုင်ထားကြပါသည်။ ထိုစွမ်းအားများကို စည်းနှင့်ကမ်းနှင့် ထိရောက်မှန်ကန်စွာ အသုံးချခြင်းဖြင့် ကောင်းကျိုးများစွာကို ရရှိစေမည် ဖြစ်ပါသည်။ မူးယစ်သေစာ၏ သားကောင်များ၊ မှုခင်းပြစ်ဒဏ်များ၏ တရားခံများ၊ အချိန်မတိုင်မီ အညွန့်ကျိုးခဲ့ရသည့် လူသားပန်းပွင့်လေးများ မဖြစ်ရအောင် အားထုတ်ကြရပါမည်။ တိုင်းပြည်တည်ဆောက်ရေးအတွက် လူငယ်များက အဓိက အကျဆုံးဟု ဆိုချင်ပါသည်။ အရာရာ နှစ်ပေါင်းများစွာ နောက်ကျနေခဲ့ရသော စာရေးသူတို့ မြန်မာနိုင်ငံအတွက် အနာဂတ်ပုံရိပ် လှပဖို့ လူငယ်များ၏ လက်ထဲတွင် ရှိပါသည်။ လူငယ်တွေ ကြိုးစားလျှင် ဘာမဆို ဖြစ်နိုင်သည်ဟု ယုံကြည်ပါသည်။ ဆိုင်ရာဆိုင်ရာများကလည်း လူငယ်များ၏ ကြိုးပမ်းလုံ့လပြုမှု၊ အသုံးဝင်မှုများကို အသိအမှတ်ပြု၊ လုပ်ကိုင်ခွင့်ပြုဖို့ လိုပါသည်။

အားလုံးအတွက် စည်းကမ်းချက်များသည် ကျော်လွှားပစ်ပယ်ရန် မဟုတ်ဟု ဆိုချင်ပါသည်။ စည်းကမ်းများကို လျစ်လျူရှုမှု များပြားလာပါက ကြာလေကြာလေ မှုန်ဝါးဝါးဖြစ်ကာ စည်းကမ်းသတ်မှတ်ချက်များ မရှိတော့ဟု ထင်ရလောက်အောင် ပျောက်ကွယ်သွားမှာကို စိုးရိမ်မိပါသည်။ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး ကာလတွင် လူငယ်တွေ အားကောင်းဖို့ လိုပါသည်။ စာရိတ္တ အားကောင်းရမည်။ ကြိုးစားမှု အားကောင်းရမည်။ ပညာလေ့လာမှု အားကောင်းရမည်။ ကျွမ်းကျင်အသုံးချနိုင်မှု အားကောင်းရမည်။ ခံယူချက်၊ ရည်မှန်းချက်၊ ဇွဲ၊ သတ္တိများ အားကောင်းရမည်။ တိုင်းရေးပြည်ရေး စိတ်ဝင်စားမှု အားကောင်းရမည်။ နိုင်ငံရေး နားလည်နှံ့စပ်မှု အားကောင်းရမည်။

လူငယ်မျိုးဆက်သစ်တွေ အခုအချိန် ကတည်းက စည်းကမ်းစနစ်ကျကျ၊ အားကောင်းထားပါမှ အာဏာပြ ဖိနှိပ်မှု၊ လိမ်ညာဖုံးကွယ်မှု၊ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရအောင် လုပ်ခဲ့မှုများကို တွန်းလှန်တိုက်ဖျက်နိုင်မှာ ဖြစ်ပါသည်။ ပြည်ပနိုင်ငံ အသီးသီး၊ လူမျိုးခြား အသီးသီး၏ နည်းပေါင်းစုံဖြင့် အားစမ်းထိုးဖောက် လွှမ်းမိုးမှုများကိုလည်း ဟန့်တားကာကွယ်နိုင်မှာ ဖြစ်ပါသည်။ ထို့ကြောင့် လူငယ်များ ကောင်းသောအားများ အားကောင်းဖို့ လိုပါသည်။

(ရွှေတိဂုံ စေတီတော်တွင်၂၀၁၁ ခုနှစ်က စုပေါင်းသွေးလှူဒါန်းပွဲ တစ်ခု၌ သွေးလှူဒါန်းရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်)