Eggs ကြက်ဥ အစရှာခြင်း

ပို့စ်တင်ချိန် - 10/10/2013 06:57:00 PM



ကျနော် ဝိတ်ကစားနေတော့ ကြက်ဥပြုတ် တစ်နေ့ ၃ လုံး ပုံမှန်စားပါတယ်။ ကြာရင် ဆိုးကျိုးရှိနိုင်မလားခင်ဗျာ။ ကြက်ဥကို တစ်ပတ် ၇ လုံးထက် ပိုမစားဖို့လည်း ဖတ်ဖူးလို့ ဖြေကြားပေးပါအုံး။

လူတွေဟာ ဟိုရှေးရှေးကတည်းက ဥမျိုးစုံးကို စားသုံးခဲ့ကြတယ်။ Chicken ကြက်ဥ၊ Duck ဘဲဥ၊ Goose ငန်းဥ၊ Quail ငုံးဥ၊ Roe ငါးဥ၊ နဲ့ Caviar ငါးကြီးဥ၊ Ostriches ငှက်ကုလားအုတ်ဥ အစုံပေါ့။ အာဖရိကားမှာတော့ Pheasant eggs ရစ်ဥ၊ Guineafowl eggs ရစ်တမျိုးဥ၊ သြစတြေးလျမှာ Emu eggs အီမျူးဥတွေကို စားကြတယ်။ Gull eggs စင်ရော်ဥကို နော်ဝေနဲ့ အင်္ဂလန်မှာ Delicacy ရသာမွန်လို့ ပြောပြီး လူကြိုက်များတယ်။

ကြက်ဥရဲ့အရောင်ဆိုတာ အကောင်အမျိုးအစားအပေါ် မူတည်တယ်။ ကြက်နားသီးဖြူရင် ဥကဖြူတယ်။ နီရင် ညိုမယ်။ အရောင်နဲ့ အာဟာရတန်ဘိုးက ဆက်စပ်မှု သိပ်မရှိပါ။ အထဲက အဝါနှစ်ဟာ လတ်ဆတ်နေချိန်မှာ သေးသေး၊ မာမာနဲ့ ဝိုင်းနေတယ်။ ကြာရင် အဖြူထဲကရေကို စုပ်ယူလို့ ကြီးလာ၊ ကျဲလာ၊ ကျယ်လာမယ်။ ကြက်စားတဲ့ အစာအပေါ် မူတည်ပြီး အနှစ်ရောင်က ပြောင်းသေးတယ်။

ကြက်ဥကို ပြုတ်ရင် မြင့်တဲ့နေရာမှာဆို ပိုကြာတယ်။ မီတာ ၁ဝဝ ပိုမြင့်ရင် ၃ စက္ကန့်၊ မီတာ ၁ဝဝဝ ပိုမြင့်ရင် ၂၈ စက္ကန့် ပိုကြာတယ်။ (62.2 - 65°C) အထိ အပူပေးလိုက်ရင် အဖြူက ခဲလာမယ်။ အဝါကတော့ နဲနဲပိုပူမှ (65 - 70°C) မှ ခဲမယ်။ အပူပေးတာ များရင် အရသာတော့ မပျက်ပါ။ ပရိုတင်းကိုတော့ နဲနဲထိခိုက်စေတယ်။ အပူများသွားရင် အဝါနှစ်ဘေးမှာ ခပ်စိမ်စိမ်းအလွှာ ပေါ်လာတယ်။ သံဓါတ်နဲ့ (ဆာလ်ဖါ) ဓါတ်ကြောင့် ဖြစ်ရတယ်။ ပြုတ်တဲ့ ရေထဲမှာ သံဓါတ် များနေရင်လဲ အဲလို ဖြစ်ပါတယ်။ ကျက်ပြီးမှ ရေအေးထဲ နှစ်ထားလိုက်ရင် အစိမ်းလွှာ ပျောက်တယ်။

ဥတွေကို ကိုင်တွယ်ထိန်းသိမ်းတာ အရေးကြီးတယ်။ စနစ်တကျ မရှိရင် သူ့ထဲမှာ ပါနေတဲ့ Salmonella ဗက်တီးရီးယားပိုး ကြောင့် Food poisoning အစာဆိပ်သင့်တာ ဆိုးဆိုးဝါးဝါး ဖြစ်စေနိုင်တယ်။ အလွယ်ဆုံးနည်းက ဆားသုံးတဲ့နည်းပါ။ တရုပ်တွေက ဆားနဲ့ ရွံ့နဲ့ မံကြတယ်။ ဆားနဲ့ တလထားရင် အဝါနှစ်က ဆားပြည့်ဝသွားပြီး၊ လိမ်မော်ရောင် ဖြစ်လာမယ်၊ အဖြူရည်က ဒီအတိုင်း ကျန်နေမယ်။ ဒါကို ပြုတ်ပြီး Rice congee ဆန်ပြုတ်နဲ့ စားသုံးလေ့ရှိကြတယ်။

နောက်တနည်း ဥကိုပြုတ်၊ Vinegar ဗနီဂါရည်၊ ဆားနဲ့ ချင်းထဲစိမ်ပြီး Pickled eggs ကြက်ဥအချဉ်လုပ်ကြတယ်။ တချို့ Beetroot juice မုံလာဥနီ အရည်မှာ စိမ်ထားပြီး အရောင်လှအောင်လုပ်တယ်။ အချဉ်ဓါတ်က ဗက်တီးရီးယား ပွါးမှာကို တားဆီးနိုင်တယ်။ ဒီလိုလုပ်ထားတဲ့ ဥတွေက ရေခဲသေတ္တာမရှိဘဲ နှစ်နဲ့ချည်ပြီး အကြာကြီးထားလို့ခံတယ်။

ဥကို ဆား၊ ပြာ၊ ရွံ့၊ သံပုရာ-ရှောက်ရည် လိမ်းပြီး ထားရင် နှစ်တရာခံသတဲ့။ ကောက်ရိုးနဲ့ထားရင် လနဲ့ချည်ပြီး ထားနိုင်သတဲ့။ ကြာကြာထားတဲ့ဥက အဝါနှစ်ဟာ စိမ်းပုတ်ရောင်ဖြစ်လာစေတယ်။ (ဆာလ်ဖါ) နဲ့ (အမိုးနီးယား) ကြောင့် အနံ့တမျိုးလဲ ရစေတယ်။ အဖြူနှစ်ကလဲ ညိုမဲလာမယ်။ Transparent jelly (ဂျယ်လီ) ဖြစ်လာတယ်။

ကြက်ဥရဲ့ ထိပ်အကြီးပိုင်းမှာ Air cell လေခိုနေတယ်။ လေ နည်းရင် ကြက်ဥက လတ်ဆတ်တယ်။ လေများတာ မကောင်းပါ။ စကားသိပ်မပြောနဲ့။ ရေထဲလိုက်ထည့်ရင် ပေါ်နေလေလေ ကြက်ဥက ဟောင်းလေလေဘဲ။ ကြက်ဥကို ထားရင် အချွန်ပိုင်းက အောက်က ထားရတယ်။ အဝါနှစ်က လေရှိတာနဲ့ ဝေးအောင်လို့။

ကြက်ဥမှာ (ပရိုတင်း)၊ ဗီတာမင် (A, B2, B6, B9, B12, D, E) နဲ့ ဓါတ်ဆား သံဓါတ်၊ (ကိုလိင်း)၊ (ကယ်လ်စီယမ်)၊ (ဖေါ့စဖိတ်)၊ (ပိုတက်ဆီယမ်) တွေပါတယ်။ Choline ဆိုတာက ဦးနှောက်အတွက် ကောင်းတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် လိုအပ်တယ်။

ကြက်ဥ ခပ်ကြီးကြီးတလုံးရဲ့ အဝါက ကယ်လိုရီ ၆ဝ၊ အဖြူက ၁၅ ရတယ်။ (ကိုလက်စထော) ၃ဝဝ mg နဲ့ ဆီ ၅ gm ပါတယ်။ ၂၇% က LDL Cholesterol ဖြစ်တယ်။ အဖြူမှာ ရေ ၈၇% နဲ့ ပရိုတင်း ၁၃% ပါပြီး၊ အဆီ နဲနဲလေးသာ ပါတယ်။

ကြက်ဥနဲ့ ဆီးချို (၂) အမျိုးအစားရှိသူ မသင့်ဘူး။ ကြက်ဥစားရင် ကလေးငယ်လေးတွေ အပါအဝင် တချို့မှာ (အလာဂျီ) ရတယ်။ အဖြူကို မတည့်တာ များတယ်။ တချို့က မတည့်တာ မဟုတ်ပေမဲ့ မခံနိုင်တာ ဖြစ်တတ်တယ်။ ကြက်ဥကို ချက်-ပြုတ်လိုက်ရင် အဝါနှစ်ထဲက (ကိုလက်စထော) ကို Oxidization များစေလို့ Atherosclerosis သွေးကြောကျဉ်းတာကို ပိုဖြစ်စေနိုင်တယ်။ အင်္ဂလန်မှာ နှလုံးရောဂါ ရှိသူတွေ ၇ ရက်တပါတ်ကို ကြက်ဥ ၄ လုံးထက်ပို အစားမခိုင်းဘူး။ WHO ကတော့ ၁ဝ လုံးအထိ စားနိုင်တယ် ပြောတယ်။ ၁ဝ လုံးဆိုတာ ကြက်ဥနဲ့လုပ်တဲ့ တခြား အစားအစာတွေကိုပါ ထည့်တွက်ရမယ်။

ကြက်ဥကို ပြုတ်-ကျော်-ချက်တာက အစာခြေဘို့ ပိုလွယ်စေပြီး Salmonellosis အစာဆိပ်သင်တာလဲ မဖြစ်စေဘူး။ အစိမ်းက အစာကျေခဲတယ်။ ကလေး ၉ လသားဆိုရင် အဝါနှစ်ကို အစာခြေနိုင်ပြီ။ နလံထသူတွေပါ စားသင့်တယ်။ အူမကြီး သိပ်မကောင်းသူတွေလဲ စားနိုင်တယ်။ ပိန်ချင်သူတွေ (ကာဗွန်ဟိုက်ဒရိတ်) နည်းလို့ ကြက်ဥ စားနိုင်တယ်။

ကြက်မတွေကို Polyunsaturated fats and kelp meal အစာတွေ ကြွေးပြီး နာမည်ကြီး Omega 3 ပါတဲ့ ကြက်ဥတွေ ဆိုင်တင်ရောင်းနေကြပြီ။ အင်္ဂလန်မှာ ကြက်ဥရောင်းရင် Egg Code ပါတော့ အင်တာနက်ကနေ Tracker ဆိုတာ ရှာရင် ဒီကြက်ဥဟာ ဘယ်လောက်ဝေးတဲ့ ကမ္ဘာ့ဘယ်နေရာကနေ လာသလဲဆိုတာ တန်းသိစေနိုင်တယ်။ မြန်မာပြည်က ပိုသာတယ်။ နာဂစ် မုန်တိုင်းမှာ ကွဲသွားတဲ့ ကြက်ဥအရေအတွက် အတိအကျကို သိတယ်တဲ့။

လူအများသုံး ကြက်ဥတွေကို Unfertilized မျိုးမစပ်ရသေးတဲ့ဥ ခေါ်ပြီး၊ အိမ်မွေးဥကို Fertile eggs မျိုးပေါက်နိုင်တဲ့ဥလို့ ခေါ်တယ်။ အဟာရဓါတ်က နဲနဲသာကွာတာပါ။ ဒါပေမဲ့ Pastured egg အိမ်မွေး ကြက်ဥဟာ (ဆူပါမားကက်) တွေမှာ ရောင်းနေတဲ့ စက်ရုံထုတ် ကြက်ဥတွေထက် ကောင်းတဲ့အကြောင်း (ကင့်ပိန်း) လုပ်ကြတယ်။ ၂ဝဝ၇ ခုနှစ်က Mother Earth News ရဲ့ ထုတ်ပြန်ချက်ထဲမှာ Cholesterol ၃ ပုံ ၁ ပုံ၊ Saturated fat ၄ ပုံ ၁ ပုံနည်းတယ်။ ဗီတာမင် ဒီ ၄-၆ ဆ၊ Vitamin A ၃ ပုံ ၂ ပုံ၊ Omega-3 fatty acids ၂ ဆ၊ Vitamin E ၃ ဆ၊ Beta carotene ၇ ဆ ပိုများတယ်လို့ ပါတယ်။ သူတို့ နှိုင်းတဲ့ ကိန်းဂဏန်းတွေက USDA နဲ့ ဖြစ်ပါတယ်။ တခြားဟာနဲ့ မမှားပါနဲ့။ US Department of Agriculture ကို ပြောတာပါ။

စကားပုံတွေထဲက “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်” ဆိုတာ နက်နဲ ရှုတ်ထွေးလို့ အမှန်းရ ခက်တယ် ဆိုတာက ခုခေတ်မှာ အဲလို ခက်တယ်လို့ မထင်စရာ ကောင်းနေပြီ ထင်တယ်။ နိုင်မယ်ဆိုတာက အနိုင်ယူလိုက်တာဘဲ မဟုတ်လား။ မခံချင်သူတွေလဲ “ကြက်ဥပြုတ် သံတုတ်နှင့်ချ” ဆိုသလို သေးသေးလေးပေမဲ့ များများကြီး ခံနေကြရတာဘဲ မဟုတ်လား။

Dr. တင့်ဆွေ
၂၃-၁၂-၂ဝ၁ဝ