တစ်ပတ်ရစ်ဆပ်ပြာ

ပို့စ်တင်ချိန် - 10/25/2013 08:40:00 AM


ဟိုတယ်တစ်ခုမှာ တည်းလိုက်တိုင်း ရေချိုးခန်းထဲမှာ အဆင်သင့် ချပေးထားတတ်တဲ့ ဆပ်ပြာခဲ မွှေးမွှေးလေးတွေကို တွေ့မိမှာပါ။ ဆပ်ပြာအခွံကို ဖယ်လိုက်ပြီး ဆပ်ပြာ တိုက်ပြီးတာနဲ့ ပြန်တင်ထား လိုက်တာပါပဲ။ အခန်းရှင်းတဲ့ ဟိုတယ် ဝန်ထမ်းကလည်း သုံးပြီးသား ဒီဆပ်ပြာခဲလေးတွေကို သိမ်းသွားလိုက်ပြီး ဆပ်ပြာ အသစ်တွေ ပြန်တင်ပေးသွားပါတယ်။ နောက် တစ်ကြိမ်သုံးတော့ အမွှေးခဲ အသစ်လေးတွေကို အမှုမဲ့ အမှတ်မဲ့ပဲ ဖောက်ပြီး ပြန်သုံးလိုက်ကြတာပေါ့။
ဒါပေမဲ့ ဒီဆပ်ပြာခဲလေးတွေကို ဟိုတယ်တွေကနေ တစ်ရက်ကို ဘယ်လောက်အထိ အပိုအဖြစ် သိမ်းဆည်း နေရတယ် ဆိုတာကို သင်သိရင် အံ့သြသွားမှာပါ။ နောက်ပြီးတော့ ကမ္ဘာမှာ လက်ကို သန့်ရှင်းအောင် ဆေးကြောနိုင်ခွင့် မရလို့ ကလေးငယ်တွေ နှစ်စဉ် ဘယ်လောက်သေနေရတယ် ဆိုတာကို သင်သိရင် ပိုပြီးတော့တောင် အံ့သြသွားပါ လိမ့်ဦးမယ်။
ဒါးရက်ကာယွန်ဂိုသည် ယင်းကိန်းဂဏန်းများ ကြောင့် သွေးလန့်ခဲ့ရသည့် လူတစ်ဦးဖြစ်သည်။ ၄င်းနှင့် ၄င်း၏ အပေါင်းအပါများ ဦးစီးသည့် ကမ္ဘာလုံးဆပ်ပြာ စီမံကိန်းက အမေရိကန်ပြည်ထောင်စု တစ်လျှောက်မှာ ရှိသည့် ဟိုတယ်များထံက သုံးပြီးသား ဆပ်ပြာတွေ လိုက်ကောက်ကြသည်။ ယင်းဆပ်ပြာများကို မျိုးတူစု၍ ဆပ်ပြာအသစ် ပြန်ချက်ပြန်လုပ်ပြီး ဟေတီ၊ ယူဂန္ဓာ၊ ကင်ညာ၊ ဆွာဇီလန် စသည့် ဆပ်ပြာ ဝယ်မသုံးနိုင်သည့် နိုင်ငံများက ကလေးများအတွက် အခမဲ့ ပြန်လှူပေးခြင်း ဖြစ်သည်။
“တစ်နေ့ကို ဆပ်ပြာတွေ ဘယ်လောက် လွှင့်ပစ်နေရတယ် ဆိုတာ သိလိုက်တော့ ကျွန်တော် သွေးလန့်သွားတယ်” ဟု ကာယွန်ဂိုက ဆိုသည်။ နှစ်စဉ် မြောက်အမေရိကဒေသ တစ်ခုတည်းမှာပင် နည်းနည်းသာ အသုံးပြုရသေးသော ဆပ်ပြာတုံး သန်းရာပေါင်းများစွာ အလကား ဖြစ်နေရသည်။
“ကျွန်တော်တို့က ဆပ်ပြာတွေကို ဒီအတိုင်း လွှင့်ပစ်နေပြီး တချို့တွေက ဆပ်ပြာကို သုံးစရာမရှိဘူး ဆိုရင် အဲဒါ မဟုတ်သေးဘူးဗျ”ဟု ကာယွန်ဂိုက ပြောကြားသည်။
ထို အတွေးအမြင်ကို စတွေးမိသည်က ၁၉၉၀ အစောပိုင်း သူအမေရိကကို ပထမဆုံးရောက်လာ တုန်းက ဖီလာဒဲလ်ဖီးယား ဟိုတယ်တစ်ခုမှာ တည်းစဉ်ကဖြစ်သည်။ ကာယွန်ဂိုသည်လည်း အာဖရိကနွယ်ဖွား ယူဂန္ဓာ ဇာတိသား ဖြစ်သည်။ သူဟိုတယ်မှာ တည်းနေတုန်း ဆပ်ပြာတွေ နေ့တိုင်း အသစ်လာ လဲပေးနေတာကို သူ သတိထားမိ သွားသည်။

“ကျွန်တော် ဆပ်ပြာအသစ်ကို သွားပြန်ပေး လိုက်တယ်။ ဒါပေမဲ့ ဟိုတယ်က လူတိုင်းကို ဆပ်ပြာ တစ်ရက်သုံးပြီးတိုင်း အသစ်လဲပေးနေတယ်လို့ ပြောတာကြောင့် ကျွန်တော် ယုံတောင်မယုံနိုင်ဘူး” ဟု ကာယွန်ဂို က ပြောပြသည်။ သူ့အဖေက ယူဂန္ဓာတွင် ဆပ်ပြာလုပ်သူ ဖြစ်သည်။ သူ အမေရိကမှာ ကြုံခဲ့ရတာကို သူ့အဖေကို ပြောပြလိုက်သည်။

လေလွင့်နေသော အပိုဖြစ်နေသည့် ဆပ်ပြာများကို လိုက်အလှူခံပြီး ဆပ်ပြာအသစ် ပြန်လုပ်မည် ဆိုပါက ဆပ်ပြာမဝယ်နိုင်သော ကလေးငယ်များကို အခမဲ့ ဆပ်ပြာပေးနိုင်မည် ဟုလည်း အကြံရလာသည်။
ယင်းကြောင့်ပင် ကမ္ဘာအနှံ့ မသန့်ရှင်းသည့် လက်ကြောင့် သေဆုံးနေရသည့် ကလေးငယ်များ အတွက် သူပထမဆုံး လုပ်သည်မှာ ဟိုတယ်များဆီက သုံးပြီးသား ဆပ်ပြာများ လိုက်တောင်းခြင်းပင် ဖြစ်သည်။ မသန့်ရှင်းမှုနှင့် ဆက်စပ်သည့် ရောဂါဖြစ်သော ကာလ ဝမ်းရောဂါကြောင့် နှစ်စဉ် ကလေးနှစ်သန်းခန့် သေဆုံးနေရ၏။ နှစ်သန်းဆိုသည့် ပမာဏသည် မြို့ခပ်လတ်လတ် တစ်မြို့စာလောက် ဖြစ်သည်။ “ဒီလိုသေဆုံးမှု အများဆုံး ဖြစ်နေတဲ့ နိုင်ငံတွေကတော့ ဝင်ငွေ နည်းနိမ့်ကျတဲ့ နိုင်ငံတွေပါ” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆိုသည်။
“ပြဿနာက ဆပ်ပြာမရှိတာ မဟုတ်ဘူးဗျ။ ဈေးနှုန်းကို မတတ်နိုင်တာ” ဟု ကာယွန်ဂိုက ဆိုသည်။ တစ်ရက်မှာ တစ်ဒေါ်လာလောက် ဝင်ငွေ ရသည့်နေရာ များတွင် ဆပ်ပြာအတွက် ၂၅ ဆင့်ခန့်ကို မသုံးနိုင် တာမျိုးရှိသည်ဟုလည်း ၄င်းက ထောက်ပြသေးသည်။
အသက် ၄၁ ကျော်လာပြီဖြစ်သော ကာယွန်ဂို ကတော့ ဆင်းရဲမှု၊ နေရာ ရွှေ့ပြောင်းရမှုတို့ကြောင့် ဖြစ်လာရသည့် ဘဝဒဏ်များကို ကောင်းကောင်း ကိုယ်ချင်းစာနိုင်သည်။ ယခင် ယူဂန္ဓာ စစ်အာဏာရှင် အိုင်ဒီအမင်၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်းတို့ ဒဏ်ကြောင့် ယူဂန္ဓာကနေ ထွက်ပြေးလာ ခဲ့ရသည်။
သူကြုံခဲ့ရသည့် ဘဝ အခက်အခဲများက သူ့အပေါ် လွှမ်းမိုးမှု ရှိသောကြောင့် သူအမေရိကရောက်ပြီး နိုင်ငံသား ဖြစ်နေချိန်တွင်ပင် ဘဝတူများကို မည်သို့ကူညီ ပေးရမည်ကို အမြဲစဉ်းစားနေခဲ့သည်။
“ဆယ်နှစ်သားလေး တစ်ယောက်ဘဝမှာ အလောင်းတွေကို ဖြတ်ကျော်ပြီး ကျောင်းကနေ အိမ်ပြန်ရတဲ့ အတွေ့အကြုံကတော့ တယ်မနိပ်ဘူး ခင်ဗျ” ဟု အဆိုပါ ကလေးများအတွက် ဆပ်ပြာချက်သူကြီးက သူ့ဘဝ နောက်ကြောင်းကို ပြောပြသည်။ နောက်တော့ ဒုက္ခသည် စခန်းမှာ ပြောင်းပြီး နေခဲ့ရသည်။ ဒုက္ခဆင်းရဲ ခံခဲ့ရသည်။ အရာရာ အလွန်ရှားပါးသည်။ သန့်ရှင်းရေး လုပ်စရာ ဆပ်ပြာလည်းမရှိပေ။
ခုတော့ သူ အမေရိကန် နိုင်ငံသား ဖြစ်လာပြီး အတန်အသင့် အဆင်ပြေလာသည်။ ကောလိပ်ကျောင်း ပြီးလို့ ဘွဲ့ရပညာတတ်ပင် ဖြစ်နေပြီ။ သူ့နေရပ်ကိုတော့ သူမမေ့ပါ။ ကြုံခဲ့ရသည့် ဒုက္ခများကိုလည်း မမေ့ခဲ့ပါ။ အာဖရိက အချို့နေရာများတွင် ရေနှင့်သန့်ရှင်းရေး အတွက် လိုအပ်ချက် များစွာ ရှိနေသေးသည့် ပုံရိပ်များ လည်း သူ့အာရုံထဲမှ ပျောက်မသွားခဲ့ပါ။
သူ့ဇနီး၊ ဒေသခံ သူငယ်ချင်းများ၊ အတ္တလန္တာ ဒေသမှ ဟိုတယ်များ၏ အကူအညီဖြင့် ကမ္ဘာလုံး ဆပ်ပြာ စီမံကိန်းကို ၂၀၀၉ တွင် စတင်ခဲ့သည်။
ယခုဆိုလျှင် အမေရိကန်ပြည်ထောင်စုရှိ ဟိုတယ်ပေါင်း သုံးရာလောက်က သူ့စီမံကိန်းအတွက် တစ်ပတ်ရစ်ဆပ်ပြာများ လှူဒါန်းပေးနေပြီး ထိုဆပ်ပြာများမှ ဆပ်ပြာခဲ အသစ်များ ပြန်ထုတ်၍ အာဖရိကနှင့် လိုအပ်သည့် နေရာများကို လှမ်းပို့နေသည်မှာ တန်တစ်ရာကျော်ပင် ရှိပေပြီ။ အချို့ဟိုတယ်များဆိုလျှင် သုံးပြီးသား ဆပ်ပြာများသာမက တစ်တောင့် လျှင် ၂၇ ဒေါ်လာတန် ကြေးရှိသော တန်ဖိုးကြီး ဆပ်ပြာများကိုပင် လှူပေးကြသည်။

အမေရိကန်ပြည်ထောင်စု တစ်ဝန်းလုံးရှိ စေတနာ့ဝန်ထမ်းများက ဟိုတယ်များ၏ စွန့်ပစ် ဆပ်ပြာများကို လိုက်တောင်းပေးကြပြီး အတ္တလန္တာမြို့မှာ ရှိသည့် ကာယွန်ဂိုတို့ ဂိုဒေါင်ကို လှမ်းပို့ပေးကြသည်။ စနေနေ့တိုင်း အတ္တလန္တာဂိုဒေါင်မှာ ကာယွန်ဂိုနှင့် မိတ်ဆွေ များစုဝေးကြပြီး သုံးပြီးသား ဆပ်ပြာတွေကို သန့်ရှင်းရေးလုပ်၊ ပြန်ထုတ်၍ ဆပ်ပြာတောင့်များကို ထုပ်ပိုးကြသည်။
“ကျွန်တော်တို့က ဆပ်ပြာတွေကို မရောလိုက်ဘူးဗျ။ သူတို့ စံစနစ်တွေကလည်း တူကြတာ မဟုတ်ဘူး။ အနံ့တွေ အရောင်တွေလည်း မတူကြဘူး။ ဒါကြောင့် ကျွန်တော်တို့က ပြန်ပြီး အရည်ကျိုပစ်တယ်၊ ဆပ်ပြာအသစ် ပြန်ထုတ်ကြပြီး ဆပ်ပြာတောင့်တွေ ပြန်လှီးပြီး အသစ်လုပ်ကြတယ်” ဟု ၄င်းက လုပ်ငန်းစဉ်ကို ရှင်းပြသည်။
နောက်ဆုံးရလာသည့် ဆပ်ပြာကို လွတ်လပ်ပြီး အမှီအခို ကင်းမဲ့သည့် ဓာတ်ခွဲခန်းများတွင် သွားစစ် ဆေးပြီး အသုံးပြုရန် သင့်လျော်သည်ဟု မှတ်ချက်ပြု သည့်အခါတွင်တော့ လိုအပ်နေသည့် နိုင်ငံများကို သင်္ဘောဖြင့် တင်ပို့ပေးသည်။
လက်ခံသည့် နိုင်ငံများတွင် ဝေခြမ်းရေး၊ ဖွံ့ဖြိုးရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများက တစ်ဆင့် ပြန်လှူကြခြင်းဖြစ်သည်။ သူများသုံးပြီးသား လွှင့်ပစ်ရမည့် ဆပ်ပြာများကို အချိန်ကုန်ခံ ပြန်အသစ်ထုတ်၍ လှူဒါန်းခဲ့သည်မှာ နိုင်ငံပေါင်း ကိုးနိုင်ငံရှိ နွမ်းပါးသည့် ရပ်ရွာ များမှ လူပုဂ္ဂိုလ်များ သန့်ရှင်းရေးအတွက် ဆပ်ပြာတောင့် သိန်းကျော် ပို့နိုင်ခဲ့လေပြီ။
သန့်ဇင်စိုး
thevoicemyanmar