ခြောက်လည်း မခြောက်ကြပါနဲ့၊ ကြောက်လည်း မကြောက်ကြပါနဲ့
ပို့စ်တင်ချိန်
- 10/26/2013 12:50:00 PM
မိတ္ထီလာမြို့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိ ကယ်ဆယ်ရေး စခန်းတစ်ခုကို တွေ့ရစဉ်
ဗုံးခွဲတယ်ဆိုတာ အကြမ်းဖက်မှုပဲ။ ဘာရည်ရွယ်ချက်လဲ ဆိုတော့ ခြိမ်းခြောက်မှု တစ်ခုပဲ။ ဘယ်သူတွေကို ခြိမ်းခြောက်တာလဲ။ ပြည်တွင်းကိုလား၊ ပြည်ပကိုလား။ တစ်ခုခုတော့ တစ်ခုခုပဲ။ သို့မဟုတ် နှစ်ခုလုံးကိုပါပဲ။ ဘာလို့ ခြိမ်းခြောက်တာလဲ။ ခြိမ်းခြောက်သူကိုယ်တိုင် တစ်ခုခုကို ကြောက်ရွံ့နေလို့ပါ။ ရခိုင် မိတ္ထီလာ စသည့် လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ စပ်လို့ လူထုခေါင်းဆောင်ဒေါ်စု ပြောထားတာ တစ်ခုရှိတယ်။ ဒီကိစ္စတွေ အားလုံးက အကြောက်တရားကို အခြေခံတာပါတဲ့။ ဘာလို့ ကြောက်တာလဲ။ လုံခြုံမှုမရှိဘူးလို့ ခံစားရလို့ပဲ။ ကိုယ့်ဘက်က အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်တယ်။ ကျန်တစ်ဖက်က အားကြီးချက် ကြောင့်လည်း ဖြစ်နိုင်တယ်။ ကိုယ့်ဘက် ကိုယ်ယုံကြည်မှု အားနည်းတာ၊ တစ်ဖက်ကိုလည်း ယုံကြည်မှု အားနည်းတာ သို့မဟုတ် ယုံကြည်မှု မရှိတာ၊ သို့မဟုတ် သံသယအား ကြီးနေတာ။ ဒါတွေဟာ အကြောက်တရားရဲ့ အခြေခံတွေပါပဲ။
၂၀၀၀ ပြည့်နှစ် လောက်ကနေ ၂၀၁၀ ထိ ဆယ်စုနှစ်တစ်ခု စာကောင်းကောင်း ရေးဖြစ်ခဲ့တယ်။ လောကအကြောင်း၊ ဓမ္မအကြောင်း စာစုံအောင် ရေးခဲ့တယ်၊ အထူးသဖြင့်တော့ Eleven ဂျာနယ်များမှာ ဓမ္မအခြေခံ လောကအကြောင်းတွေကို ပိုမိုရေးဖြစ်ခဲ့တယ်။ ကိုယ်သန်ရာ သန်ရာပေါ့။ လောက အကြောင်းဆိုတာ နိုင်ငံရဲ့ လက်ရှိအနေအထား၊ နိုင်ငံအတွက် ဖြစ်သင့် ဖြစ်ထိုက်တာတွေ၊ လိုအပ်ချက်တွေ ကိုယ်မြင်သလောက် ရေးခဲ့တယ်။ တချို့ကလည်း တိုင်းပြုပြည်ပြုစာလို့ အမွှမ်းတင်ကြတယ်။ အဲဒီလောက် အထိတော့ မခံယူဝံ့ပါဘူး။
များသောအားဖြင့်တော့ နိုင်ငံ့အရေး စာတွေကို ရေးဖြစ်ပါတယ်။ ထိုအချိန်က ပြည်သူ အများစုဟာ အာဏာရှင်တို့က အကြောက်တရားနဲ့ ဖိထားလို့ ငြိမ်၊ ၀ပ်၊ ပိပြားနေရတဲ့ ခေတ်ပါ။ ဒီလိုအနေအထားမှာ စားလိုစိတ် မရှိပေမယ့် စွန့်တော့ စွန့်ခဲ့ရပါ တယ်။ မကြောက်ဘူးလား ဆိုတော့ ကြောက်တော့ ကြောက်တာပေါ့။ လူတွေကို ကြည့်လိုက်တော့ ကြောက်သူ၊ မကြောက်သူ၊ မကြောက် တကြောက်လို့ သုံးမျိုးတွေ့ရတယ်။ ပါးစပ်တောင် မဟရဲတဲ့ ပြည်သူအများစုဟာ ကြောက်နေရတဲ့ သူတွေပါ။ NLD၊ ၈၈၊ ရွှေဝါရောင်သံဃာ၊ အခြားအရပ်သား တက်ကြွလှုပ်ရှားသူ အချို့က မကြောက်တဲ့ သူတွေပါ။ စာရေးသူတို့ကတော့ မကြောက် တကြောက်နဲ့ ရေးရတာပါ။ စပါးပြန့်လည်း စား၊ လေးသံလည်း နားစွင့် ဆိုသလိုပါပဲ။ ၂၀၁၁၊ ၂၀၁၂ မှာတော့ စောင့်ကြည့်ကာလ ဆိုပါတော့။ စာသိပ်မရေးဖြစ်ဘူး။ စာမရေးဖြစ်တော့ စာပိုဖတ်ဖြစ်တယ်။ ယခု ၂၀၁၃ ၈ လပိုင်း၊ ၉ လပိုင်း ရောက်တော့ ကလောင်က ပြန်ပြီးတော့ အသက်ဝင် လှုပ်ရှားလာတယ်။ ဒါကြောင့် မပြီးဆုံးသေးသော တာဝန်တစ်ခုကို ဆက်ပြီးတော့ ထမ်းရွက်ရပါတယ်။ (တာဝန်ဆိုတာလည်း တာဝန်သိသူမှာ တာဝန်ရှိသည်ဆိုပြီး မိမိဘာသာ ယူထားတဲ့ တာဝန်ပါ။ ၀ါသနာ အရပေါ့။ သို့မဟုတ် စေတနာ အရပေါ့)။
အကြောက်တရားကို ပြန်ဆက်ပါ့မယ်၊ ပါဠိလို ဘယ်၊ မြန်မာလိုတော့ ဘေး။ အဓိပ္ပာယ်ကတော့ ကြောက်ခြင်း သို့မဟုတ် အကြောက်တရား သို့မဟုတ် ကြောက်စရာလို့ အဓိပ္ပာယ်ရတယ်။ စာမှာ အတ္တာနုဝါဒဘေး၊ ပရာနုဝါဒဘေး၊ ဒဏ္ဍဘေး၊ ဒုဂ္ဂတိဘေးလို့ ကြောက်စရာ သို့မဟုတ် အကြောက်တရား လေးမျိုးရှိတယ်။ ကိုယ်က မဟုတ်တာ လုပ်ထားမိရင် လိပ်ပြာမလုံ၊ ထမင်းလုံးတစ္ဆေ ခြောက်သလို ကိုယ့်ကိုယ်ကိုယ် ပြန်ခြောက်နေတာ အတ္တာနုဝါဒဘေး ခေါ်တယ်။ သူတစ်ပါးက ပြစ်တင်စွပ်စွဲ ခြိမ်းခြောက်တာကို ပရာနုဝါဒဘေး ခေါ်တယ်။ မင်းပြစ်မင်းဒဏ် သင့်မှာကို ကြောက်ရတာ ဒဏ္ဍဘေး ခေါ်တယ်။ အပါယ်ငရဲကျမှာ ကြောက်တာကို ဒုဂ္ဂတိဘေး ခေါ်တယ်။
တစ်ခါ စိတ္တုတြာသဘေး၊ ဉာဏဘေး၊ အာရမ္မဏဘေး၊ သြတ္တပ္ပဘေးရယ်လို့ လေးမျိုးရှိပြန်တယ်။ တစ္ဆေသရဲကြောက်တာ၊ တန်ပြန်ခံရမှာ ကြောက်တာ၊ ကိုယ့်ဥစ္စာ အာဏာကို ထိခိုက်မှာ ကြောက်တာ၊ လောကသာမန် အကြောက်တရား မှန်သမျှဟာ စိတ္တုတြာသဘေးပဲ။ ရုပ်နာမ်ခန္ဓာကို ကြောက်တာ၊ သံသရာကို ကြောက်တာ ဘယဥာဏ်ခေါ်တဲ့ ဥာဏဘေးပဲ။ ခြိမ်းခြောက်နေတဲ့ အာရုံခြောက်ပါးဟာ အာရမ္မဏဘေး ခေါ်တယ်။ အကုသိုလ်ကိုကြောက်၊ ငရဲကြီးမှာကြောက် ဆိုတာကတော့ သြတ္တပ္ပဘေးပဲ။
အကြောက်တရားနဲ့ မကြောက်တရား နှစ်မျိုးရှိရာ ဓမ္မကြောင်းကကြည့်ရင် အကြောက်တရားက အသုံးဝင်တယ်။ လောကကြောင်း အနေနဲ့တော့ မကြောက်တရားက အသုံးဝင်တယ်။ အကုသိုလ်ကို ကြောက်ရမယ်၊ ငရဲကြီးမှာ ကြောက်ရမယ်။ ရုပ်နာမ်ခန္ဓာ ဘ၀သံသရာကို ကြောက်ရမယ်။ အကုသိုလ်ကိုကြောက်တော့ အကုသိုလ်ကို မလုပ်ဖြစ်တော့ဘူး။ ငရဲကြီးမှာကြောက်တော့ ငရဲကျမယ့် မကောင်းမှုတွေ မလုပ်ဖြစ်တော့ဘူး။ ရုပ်နာမ်ခန္ဓာ ဘ၀သံသရာကိုကြောက်တော့ တရားကို ထိထိမိမိ အားထုတ်ဖြစ်တယ်။ အကြောက်တရား ဘယ်လောက်ကောင်းလဲ။ ဒါ့ကြောင့် ဓမ္မကြောင်းကကြည့်ရင် အကြောက်တရားဆိုတာ လိုအပ်တယ်။
လူလူချင်း လေးစားမှု ကင်းမဲ့ကြလို့ လူမှုရေးပြဿနာ အထွေထွေ ဖြစ်ရတယ်။ ပြဿနာတွေရဲ့ နောက်ဆက်တွဲ မကြောက်သင့်ဘဲ ကြောက်ရတဲ့ အကြောက်တရားတွေ ပေါ်လာတယ်။ အဲဒီ အကြောက်တရားတွေကြောင့် ဘယာဂတိ-အကြောက်တရား အခြေခံပြီး မလုပ်သင့်တာတွေ လုပ်တဲ့ပြဿနာတွေ ပေါ်လာတယ်...
လောကကြောင်းရောက်တော့ အကြောက်တရားက မလိုအပ်ပြန်ဘူး။ လောကမှာ တကယ်လိုအပ်တာက မကြောက်တရားပဲ။ လောကတိုးတက်ရာ တိုးတက်ကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်းမှာတော့ မကြောက်တရားကပဲ အထောက်အကူပြုတယ်။ မရောက်တရားဆိုတာ ယေဘုယျအားဖြင့် သတ္တိလို့လည်း ဆိုနိုင်တယ်။ အကြောက်မရှိ၊ အလန့်မရှိ၊ မကြောက်မရွံ့၊ ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ သွားရဲလာရဲဆိုတဲ့ သတ္တိပေါ့။ အဲဒီ သတ္တိကို အလိမ္မာနဲ့ တွဲပေးတဲ့အခါ သူရဲကောင်းတွေ၊ အာဇာနည်တွေဆိုတာ ပေါ်လာပါတယ်။ ခက်နေတာက မိမိတို့နိုင်ငံမှာ နှစ်ပေါင်းများစွာ ကြီးစိုးထားတာက အကြောက်တရား ဖြစ်နေတယ်။
မိမိတို့ဒေသမှာ ကလေးဘ၀ကတည်းက အကြောက်တရားနဲ့ ကြီးပြင်းခဲ့ရတယ်။ ငယ်စဉ်ခါ လူကြီးမိဘတွေက ခွေးကြောင်တစ္ဆေ သရဲစတဲ့ ကြောက်စရာ သတ္တ၀ါ တစ်ခုခုနဲ့ ခြောက်လှန့်ခဲ့ကြတယ်။ လက်နဲ့ဖြစ်စေ၊ ကြိမ်နဲ့ဖြစ်စေ၊ တုတ်နဲ့ဖြစ်စေ ရိုက်မယ်ဟဲ့၊ နှက်မယ်ဟဲ့လို့ ခြောက်လှန့်ခဲ့ကြတယ်။ ဒီလိုနဲ့ ကျောင်းရောက်တော့ ဆရာလုပ်သူတွေရဲ့ တုတ်တွေကြိမ်တွေနဲ့ ခြောက်လှန့်တာကို ခံရပြန်တယ်။
အသက်ကြီးလာတော့ အုပ်ချုပ်သူ လူတန်းစားရဲ့ အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ခြောက်လှန့်တာကို ခံရပြန်တယ်။ ဒီလိုနဲ့ ဘ၀က အကြောက်တရားနဲ့ အသားကျလာခဲ့တယ်။ တကယ်တော့ အကြောက်တရားဆိုတာ လူစွမ်းလူစ လူ့အညွှန့်ကို တုံးစေတဲ့ အရာပဲ။ လူနဲ့ လူ့ဝန်းကျင်ကို အန္တရာယ်ပေးတဲ့ အရာပဲ။
မြန်မာမှု နယ်ပယ်မှာ ချစ်ကြောက်ရိုသေ ဆိုတာကလည်း ရှိသေးတယ်။ ချစ်တာကောင်းပါတယ်၊ ရိုသေတာ ကောင်းပါတယ်။ ကြောက်တာကတော့ သိပ်မကောင်းဘူး။ ချစ်ခင်ကြင်နာတတ်ဖို့ သင်ပေးရမယ်။ ရိုသေလေးစားတတ်ဖို့ သင်ပေးရမယ်။ ကြောက်တတ်ဖို့တော့ သင်မပေးပါနဲ့။ မကြောက်တတ်အောင်ဘဲ သင်ပေးပါ။ အကြောက်တရားအစား မကြောက်တရားကိုပဲ သွန်သင်ပေးပါ။ ဒါပေမဲ့ မကြောက်တရားနဲ့တွဲပြီး အသိတရား၊ အသိစိတ်ဓာတ်၊ အသိအလိမ္မာတော့ မဖြစ်မနေပါဖို့ လိုတယ်။ လူလူချင်း ချစ်တတ်၊ ခင်တတ်၊ ကြင်နာတတ်ရမယ်။ ဂရုစိုက်တတ် လေးစားတတ်ရမယ်။ လူလူချင်း လေးစားတတ်ဖို့က အရေးကြီးဆုံးပဲ။ လူလူချင်း လေးစားတတ်ရင် လူ့အခွင့်အရေးကိုလည်း လေးစားတတ်သွားမယ်။ ဒါဟာ ယဉ်ကျေးမှု မဏ္ဍိုင်ပဲ။ ဘာသာရေး ဆိုတာကလည်း လူလူချင်း လေးစားတတ်ဖို့ပဲ။ နိုင်ငံရေး ဆိုတာကလည်း လူလူချင်း လေးစားတတ်ဖို့ပဲ၊ လူလူချင်း လေးစားတတ်တဲ့ ယဉ်ကျေးမှု အကျင့်ကောင်းလေး တစ်ခုသာ လူတို့သန္တာန်မှာ စွဲစွဲမြဲမြဲရှိရင် ဘာသာရေး ပြဿနာ ဆိုတာလည်း ပေါ်စရာ မရှိဘူး။ နိုင်ငံရေး ပြဿနာ ဆိုတာလည်း ဖြစ်စရာ အကြောင်းမရှိဘူး။
လူလူချင်း လေးစားမှု ကင်းမဲ့ကြလို့ လူမှုရေးပြဿနာ အထွေထွေ ဖြစ်ရတယ်။ ပြဿနာတွေရဲ့ နောက်ဆက်တွဲ မကြောက်သင့်ဘဲ ကြောက်ရတဲ့ အကြောက်တရားတွေ ပေါ်လာတယ်။ အဲဒီ အကြောက်တရားတွေကြောင့် ဘယာဂတိ-အကြောက်တရား အခြေခံပြီး မလုပ်သင့်တာတွေ လုပ်တဲ့ပြဿနာတွေ ပေါ်လာတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀၊ အာဏာရှင် အစိုးရ အဆက်ဆက် ပြည်သူတွေအပေါ် ခြောက်တာတွေ သိပ်များတယ်။ နံရံတွေမှာ နားတွေရှိတယ်ဆိုလို့ ပြည်သူတွေခမျာ ဘယ်သူမှ ပါးစပ်ကောင်းကောင်း မဟရဲဘူး။ အုပ်ချုပ်သူ လူတန်းစားရဲ့ မတော် မတရားမှုတွေကို ဒီအတိုင်းပဲ ထိုင်ကြည့်နေရတယ်။ အုပ်ချုပ်သူ လူတန်းစားက လူသားမဆန်စွာ မိုက်မိုက်ရိုင်းရိုင်း ခြောက်တော့လည်း လူသားတွေမှာ ကြောက်ရတာပါပဲ။
အစိုးရကို ကြောက်ရတယ်ဆိုတာ အစိုးရက ကြောက်စရာအသွင် ဆောင်နေလို့ပဲ။ ကြောက်စရာ အသွင်ဆိုတာ လူစိတ်ရှိတဲ့ လူသားအသွင်တော့ မဟုတ်ဘူး။ အဲဒီ အကြောက်တရားတွေကြောင့်ပဲ လူ့အဖွဲ့အစည်းမှာ အညွန့်တုံး၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတယ်။ တိုင်းပြည်အရမ်း နစ်နာတယ်။ အစိုးရက ပြည်သူကို အကြောက်တရားနဲ့ အုပ်ချုပ်တယ်ဆိုတာ အစိုးရ ကိုယ်တိုင်က ပြည်သူကို ကြောက်နေလို့ပဲ။ အစိုးရနဲ့ ပြည်သူ အချင်းချင်း အပြန်အလှန် လေးစားသမှု ရှိကြမယ်ဆိုရင် အစိုးရကလည်း ပြည်သူကို ကြောက်ဖို့မလိုဘူး။ ပြည်သူကလည်း အစိုးရကို ကြောက်ဖို့မလိုဘူး။ ဒါမှသာ လူ့အခွင့်အရေး ပြည့်ဝတဲ့ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း တစ်ခုဖြစ်မှာ။ ယခု မိမိတို့ တိုင်းပြည်အရွေ့ ရှေ့ခရီး ရောက်ဖို့အတွက် အဓိက လိုအပ်နေတာက မကြောက်တရားပါ။ အကြောက်တရားအောက်မှာ အမှန်တရား မတွေ့နိုင်ပါ။ ဒါကြောင့် မိမိတို့ ဘ၀ကို မကြောက်တရားနဲ့ ထူထောင်ပါ။ အနာဂတ် နိုင်ငံတော်ကို မကြောက်တရားနဲ့ ထူထောင်ပါ။ ခြောက်လည်း မခြောက်ကြပါနဲ့။ ကြောက်လည်း မကြောက်ကြပါနဲ့။ မိမိတို့ မျိုးဆက်တွေကို အမွေပေးခဲ့ ရမှာက အကြောက်တရား မဟုတ်ဘူး။ မကြောက်တရားပါ။
လူလူချင်း လေးစားမှု ကင်းမဲ့ကြလို့ လူမှုရေးပြဿနာ အထွေထွေ ဖြစ်ရတယ်။ ပြဿနာတွေရဲ့ နောက်ဆက်တွဲ မကြောက်သင့်ဘဲ ကြောက်ရတဲ့ အကြောက်တရားတွေ ပေါ်လာတယ်။ အဲဒီ အကြောက်တရားတွေကြောင့် ဘယာဂတိ-အကြောက်တရား အခြေခံပြီး မလုပ်သင့်တာတွေ လုပ်တဲ့ပြဿနာတွေ ပေါ်လာတယ်
Eleven Media Group
Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)