ဌာနေပျောက် တိုင်းရင်းသား

ပို့စ်တင်ချိန် - 10/26/2013 03:23:00 PM


''ကယန်းဆိုတာ 'ကန်'နဲ့ 'ယန်း'နဲ့ ပေါင်း စပ်ထားတာ။ 'ကန်'ဆိုတာ ပိုင်နက်နယ်မြေ၊ 'ယန်း'ဆိုတာလူမျိုး။ပိုင်နက်နယ်မြေရှိတဲ့လူမျိုး''
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ် လေးခု၏အစွန်ဒေသများ၌
နေထိုင်လျက်ရှိသည့် ကယန်းလူမျိုးများအကြောင်းကို ၁၉၉၇ခုနှစ်မှ ယနေ့အထိ လေ့လာသုတေသနပြုစုနေသူ ရန်ကုန်တက္ကသိုလ် မနုဿဗေဒဌာနမှ ကထိက ဒေါ်မိုးသီတာထွေးက ပြောသည်။

ကယန်းလူမျိုးများသည် ယခင်ကအနောက် ကရင်ပြည်နယ်ဟု လူသိများသောဒေသ၌နေထိုင် ကြသော်လည်း နယ်ချဲ့အင်္ဂလိပ်ကို တော်လှန် တိုက်ခိုက်ခဲ့သောကြောင့်
အနောက်ကရင်ပြည်နယ် ကို ၁၈၉၃ခုနှစ်တွင် အင်္ဂလိပ်တို့က လေးပိုင်း ပိုင်းပြီး အုပ်ချုပ်ခဲ့ကြသည်။

ထို့ကြောင့် ကရင်နီနယ်ဟုလူသိများသော ထိုဒေသသည် ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့၏ အစွန်အဖျားဒေသများ၊ အစွန်အဖျားမြို့နယ်များ အဖြစ် သတ်မှတ်ခဲ့သောကြောင့် ကယန်းလူမျိုး များသည်လည်း ပျံ့နှံ့သွားခဲ့ကြသည်။
ထိုတိုင်းရင်းသားများသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သောနှစ်ပေါင်း ထောင်ချီကတည်းက နေထိုင်လာခဲ့ကြပြီးတိဗက်မြန်မာအုပ်စုမှဆင်းသက် လာပြီး တိဗက်တရုတ်နွယ်ဝင် ကရင်ဘာသာ စကားပြောဆိုသူများဖြစ်သည်။

၁၉၆၉ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီက တက္ကသိုလ် ဆရာ ဆရာမများအား ကွင်းဆင်းလေ့လာစေပြီးနောက် ကြေးပတ်သည့် ပဒေါင်လူမျိုးများက ကယန်းလူမျိုးဟုဆိုသည့် အတွက် ထိုခေတ်စာအုပ်များထဲ၌ စတင်သုံးစွဲခဲ့ ပြီး ပဒေါင်ကို ကယန်းလူမျိုးအဖြစ် လူသိများခဲ့ ကြသည်။

ကယန်းတိုင်းရင်းသားများတွင် မျိုးနွယ် လေးမျိုးရှိပြီး လည်ပင်းနှင့် ခြေထောက်တို့တွင် ကြေးခွေများရစ်ပတ်ဝတ်ဆင်လေ့ရှိသည့် ကယန်း ပဒေါင်၊ လည်ပင်းတွင် ငွေပြားများချိတ်ဆွဲဝတ် ဆင်လေ့ရှိသည့် ယင်းဘော်(ခေါ်)ကယန်းကငံ၊ တောင်ပေါ်ဒေသများတွင်အနေများသည့် ကေခို၊ ကေဘား(ခေါ်)ကယန်းကေခိုနှင့် ကျောက်တုံး ကျောက်စိုင်များကြားတွင် အိမ်များဆောက်ကာ နေထိုင်ပြီး အမျိုးသားများက ကတုံးတုံးသည့် ဓလေ့ရှိသော ဇရိမ်(ခေါ်)ကယန်းလထာတို့ဖြစ် ကြသည်။

လည်ပင်းနှင့် ခြေထောက်တို့တွင် ကြေးခွေ များ ရစ်ပတ်ဝတ်ဆင်လေ့ရှိသည့် ကယန်းပဒေါင် လူမျိုးများကိုသာ ကယန်းတိုင်းရင်းသားများ အဖြစ် သိရှိထားကြသော်လည်း အမှန်တကယ်၌ မူ မျိုးနွယ်စုလေးမျိုးဖြစ်ပြီး ဂေဘားဟူသော မျိုးနွယ်တစ်စုကို ကယန်းမျိုးနွယ်ထဲ၌ထည့်သွင်း ရန်မှာ မနုဿဗေဒပညာရှင်များ ဝိဝါဒကွဲပြား လျက်ရှိသည်။

အင်္ဂလိပ်နယ်ချဲ့၏ ခွဲခြားအုပ်ချုပ်မှုကြောင့် ကယားပြည်နယ် ဒီမောဆိုးမြို့နယ်၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ ကရင်ပြည်နယ် သံတောင်မြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီး ပျဉ်းမနားမြို့နယ် တို့တွင် နေထိုင်ကြသည့် ကယန်းတိုင်းရင်းသား များ၏ လူဦးရေသည် ၂၅ဝဝဝဝ မှ ၃ဝဝဝဝဝ အထိ ရှိနေကြောင်း ကယန်းအဖွဲ့အစည်းများက ခန့်မှန်းကြသည်။

သို့သော်လည်း ကယားပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၌ နေထိုင်သော ကယန်း ပဒေါင်မျိုးနွယ်တစ်ခုတည်း၏ လူဦးရေသည် ၂၅ဝဝဝ ကျော်ခန့်ရှိကြောင်း သုတေသနပြုစုနေ သူ မနုဿဗေဒမှ ကထိကဒေါ်မိုးသီတာထွေးက ပြောသည်။

ဒေသလေးခု၌ ပျံ့နှံ့နေထိုင်သည့်အတွက် ၄င်းတို့၏မှတ်ပုံတင်၌ ကယန်းလူမျိုးဟုဖော်ပြမှု မရှိဘဲ နီးစပ်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ လူမျိုးများဖြစ်သွားကြကြောင်း၊ တစ်ဖန် ထိုအချိန် က တိုင်းရင်းသားတို့ ပညာရေးနိမ့်ပါးမှုကြောင့် လည်းဖြစ်နိုင်ကြောင်း၊ ထို့အပြင် ဘာသာစကား မှားယွင်းမှုကြောင့်လည်း မှတ်ပုံတင်၌ တိုင်းရင်း သားလူမျိုးမှားယွင်းရခြင်းများ ဖြစ်နိုင်သည်ဟု ၄င်းကသုံးသပ်သည်။

၂ဝ၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူ ရာတွင် ကယန်းလူမျိုးအမှန်ဖြစ်စေရန်အတွက် ကယန်းအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေး မည်ဖြစ်ပြီး လူမျိုးအမှန်အဖြစ် ပြန်လည်ဖော်ပြ ခွင့်ရပါက ကယန်းတိုင်းရင်းသားများသည် ငါးသိန်းမှ
ခြောက်သိန်းကြားရှိမည်ဟု ကယန်း အမျိုးသားပါတီ အတွင်းရေးမှူး ဦးနန်းရီက ခန့်မှန်းသည်။

ပါတီအနေဖြင့် ပျံ့နှံ့နေသော ကယန်းတိုင်း ရင်းသားများအား စုစည်းကာ ကယားပြည်နယ် အတွင်း၌ပါရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ထူထောင်ချင်သော်လည်း လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဖြစ်နိုင်ကြောင်း ၄င်းက ပြောသည်။

ကယန်းတိုင်းရင်းသားများသည် မိမိတို့ဖြစ် ပေါ်လာပုံကို 'ကာကောင်း'ဟုခေါ်သော လင်္ကာ ရှည်ကြီးများဖြင့် ဘိုးစဉ်ဘောင်ဆက်နှုတ်တိုက် ရွတ်ဆိုမှတ်သားလာခဲ့ကြကာ စကားထာ၊ စကား ဝှက်၊ ကဗျာ၊ သံပေါက

ရဲထွဋ် - The Union Daily