မြှုပ်ကွက်များကို ဖော်ထုတ်ခြင်းဖြင့် စာပေနိုဗယ်ဆုရရှိခဲ့သူ

ပို့စ်တင်ချိန် - 10/29/2013 11:30:00 AM


“သူမသည် နိုဗယ်ဆုရရှိသွားသူဆိုသော်လည်း မျက်မှောက်ရေးရာ၊ နိုင်ငံရေးနှင့် အပေါ်ယံကိစ္စများကို စိတ်မဝင်စားသူဖြစ်သည်။ သူမသိချင်သည်က အောက်ခြေက ဖုံးကွယ်ထားသည့် မြှုပ်ကွက်များဖြစ်သည်”

စာပေဆုရခြင်းသည် နိုဗယ်ဆိုရခြင်းထက် ပိုပြီးကြီးကျယ်မြင့်မြတ်သည်ဆိုငြားအံ့ ထိုအဆိုကို ကောင်းစွာလက်ခံသူမှာ အဲလစ် မန်ရိုး ဖြစ်သည်။

“စာရေးဆရာတွေကြားထဲမှာ သူဘယ်သူလဲဆိုတာ တီးတိုးမေးမြန်းနေကြတဲ့ အနေအထားမှာပဲရှိနေသေးတယ်။ သူဟာ သူလို ငါလို စာရေးဆရာတွေထက် မပိုတဲ့သူတစ်ယောက်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ သူဟာ အရှိတရားထက်ပိုပြီး သိသင့်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်” ဟု ကနေဒါနိုင်ငံသူ စာရေးဆရာမ မာဂရက် အတ်ဝုဒ်ကဆိုခဲ့သည်။

မန်ရိုးသည် ယခု အသက် ၈၂ နှစ်ရှိပြီဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ကထုတ်ပြန်သည့် စာပေဆုဆိုင်ရာ နိုဗယ်ဆုအတွက် ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည့်စာရင်းတွင် “အဲလစ် မန်ရိုး” ဟုဆိုလိုက်မှ သူဘယ်သူလဲ၊ ဘာကြောင့် နိုဗယ်ဆုရသွားတာလဲဟု သိချင်စိတ်တွေ ဖြစ်လာခဲ့ကြသည်။

မန်ရိုးသည် ကနေဒါနိုင်ငံရှိ စာရေးဆရာများထဲက နိုဗယ်ဆုအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းရရှိမည့် ပထမဦးဆုံး စာရေးဆရာတစ်ဦးဖြစ်သည်။ ကနေဒါသား ဆော ဘဲလိုးဆိုသူလည်း နိုဗယ်ဆုရဖူးသည်။ သို့သော် ဆော ဘဲလိုးသည် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းလာပြီး၊ ချီကာဂိုမြို့တွင် နေထိုင်ကာ နိုဗယ်ဆုကို အမေရိကန်နိုင်ငံသားအနေနှင့် ရယူခဲ့ ခြင်းဖြစ်သည်။

ဝတ္ထုတိုလေးများရေးပြီး နိုဗယ်ဆုရရှိသူ စာရေးဆရာများထဲတွင် မန်ရိုးသည် ရှားရှားပါးပါးဟု ဆိုရမည်ဖြစ်သည်။

“ကျွန်မ စာစရေးတော့ ကနေဒါ စာရေးဆရာအသိုင်းအဝိုင်းနည်းနည်းလောက်ပဲ သိကြတာ။ ကမ္ဘာကသိမယ်တောင် မထင်ဘူး။ ခုတော့ ကနေဒါတစ်နိုင်ငံလုံးသာမက၊ ကမ္ဘာကပါ တစ်လေးတစားနဲ့ ဖတ်နေကြပြီဆိုတာ သိလိုက်ရတယ်” ဟု ပြောကြားခဲ့သည်။

ယခုဆိုလျှင် သူမ၏ စာအုပ်များကို အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင်ပင် အုပ်ရေ တစ်သန်းကျော် ရောင်းချခဲ့ပြီးဖြစ် သည်။ ဇာတ်ကောင်တစ်ကောင်၏စရိုက်ကို စာမျက်နှာ ၃၀ နှင့် ၄၀ အတွင်းမှာပင် နက်ရှိုင်းစွာ သရုပ်ဖော်နိုင်သူအဖြစ် စာဖတ် သူတိုင်းက အသိအမှတ်ပြုခြင်းခံရသည်။ ဝတ္ထုတိုရေးရာတွင် နိုင်ငံတကာ စံပြုလောက်သည့်စာရင်းတွင် လေးစားစွာ ထည့်သွင်းခံရသူလည်းဖြစ်လာသည်။

ဝေဖန်သူများက သူမ၏ အင်္ဂလိပ်စာအရေးအသား အနုစိတ်မှု၊ အသေးစိတ်သရုပ်ဖော်နိုင်စွမ်း၊ ဇာတ်လမ်းကို အံသြလောက် စရာ ယုတ္တိများနှင့်ဆင်ထားပြီး ကောက်ကြောင်းဖော်သွားနိုင်မှု၊ လစ်ဟာမှုမရှိသည့် အကွက်ဆင်မှုများနှင့် လူတစ်ယောက် ၏စရိုက်ကို ပုံဖော်သွားခြင်းများကလည်း အံ့ဖွယ်ရာဖြစ်ကြောင်း ရေးသားခဲ့ကြသည်။

သူမရေးခဲ့သည့် ဇာတ်လမ်းနောက်ခံများသည် သူမနေထိုင်ရာ ကနေဒါနိုင်ငံ အွန်တေရီယိုမြို့တွင် အခြေခံထားသည်ကများ သည်။ သူမရေးသားသည် ဝတ္ထုများအနက်“တောင်ထိပ်ကလာသည့် ဝက်ဝံ” (The Bear Came Over The Mountain) သည်ထင်ရှားသည်။ ထိုဝတ္ထုထဲတွင် မှတ်ဉာဏ်ပျောက်ဆုံးနေသော အမျိုးသမီးကြီးတစ်ယောက်အကြောင်းကို ရေးသားထားသည်။ သူမကို ဘိုးဘွားရိပ်သာသို့ ပို့ပေးရန် သူမခင်ပွန်းကို သဘောတူလိုက်သည့် ရင်နင့်ဖွယ်ရာဇာတ်လမ်းဖြစ် သည်။ ထိုဝတ္ထုဇာတ်လမ်းကို ၂၀၀၆ ခုနှစ်တွင် ကနေဒါအမျိုးသမီး သရုပ်ဆောင် ဒါရိုက်တာ ဆာရာ ပေါ်လီက သရုပ်ဆောင် ဂျူလီ ခရစ်တီနှင့် ရုပ်ရှင်ရိုက်ခဲ့သည်။ ရုပ်ရှင်ကို “သူမနှင့်ဝေးရာ” (Away from Her) ဟုအမည်ပေးထားသည်။

သရုပ်ဆောင်မင်းသမီးတွင် နုညံ့သည့်သွင်ပြင် ရိုးရာဓလေ့စရိုက်တွေကို အပြည့်ထည့်ပေးထားသည်။ အတိတ်က ခင်ပွန်းသည်၏ သစ္စာမဲ့ခဲ့ပုံများကို ပြန်တွေးပြီး ဆွေးနေသည့် စရိုက်ကိုဖော်ကျူးချက်များသည် ရင်ထဲစွဲငြိစေသည့် ဇာတ်ကွက် များဖြစ်သည်။ လွမ်းတာကို နာတာနဲ့ဖြေသိမ့်ပြီး နောက်ဆုံးတွင် သူမကို ဘိုးဘွားရိပ်သာသို့ပို့ပေးရန် တောင်းဆိုလိုက်ပုံကို စာရေးသူ၏ ပုံဖော်ချက်အတိုင်း ဒါရိုက်တာကလည်း ထပ်တူပြုနိုင်စွမ်းရှိခဲ့သည်။

“Dimension” ဆိုသည့် ဝတ္ထုထဲတွင် မန်ရိုးသည် ဟိုတယ်အလုပ်သမလေး ဒိုရီးအကြောင်း သရုပ်ဖော်ထားသည်။ သူအလုပ် လုပ်သည့်နေရာကို ဘတ်စ်ကား သုံးဆင့်လောက်စီးပြီးမှရောက်သည်။ သို့သော် ဒိုရီးသည် သူမအလုပ်တွင် အလွန် ပျော်ရွှင်သူတစ်ဦးဖြစ်သည်။ ဒိုရီးကို သူမက နုပျိုသော၊ ရည်မွန်သော မိန်းကလေးတစ်ယောက်အဖြစ် ဖော်ကျူးထားသည်။ ရွှေရောင်လှိုင်းတွန့်ဆံပင်နှင့် ကောင်မအလေးတစ်ယောက်၏ ရုပ်ပုံလွှာသည် သူမတစ်ချိန်က ဘဝကောက်ကြောင်းများလားဟု ထင်မှားစရာဖြစ်စေသည်။ ဇာတ်လမ်းကို အမြင့်ဆုံးဆွဲတင်သွားပြီးမှ တဖြည်းဖြည်းပြန်ဆင်းသွားသည့် အရသာမျိုးကို “Dimension” တွင် ခံစားနိုင်သည်။

မန်ရိုးသည် အမေရိကန်ပြည်ထောင်စု National Book Critics Circle ဆုကို ၁၉၉၈ ခုနှစ်တွင် “The Love Of A Good Woman” စာအုပ်နှင့် ရရှိခဲ့သည်။ ကနေဒါနိုင်ငံ၏ အမြင့်ဆုံးစာပေဆုကိုလည်း သုံးကြိမ်တိုင်ရရှိခဲ့ဖူးသည်။

အဲလစ် မန်ရိုးကို ၁၉၃၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် အွန်တေရီယို၊ ဝင်ဟမ်အရပ်တွင် မွေးဖွားခဲ့သည်။ သူမ၏ မိခင်သည် ဆရာမတစ်ဦးဖြစ်ပြီး ဖခင်မှာ လယ်သမားတစ်ဦးဖြစ်သည်။အထက်တန်းကျောင်းပြီးသည့်နောက်တွင် အွန်တေရီယို အနောက်ပိုင်း တက္ကသိုလ်တွင် သတင်းစာသင်တန်းနှင့် အင်္ဂလိပ်စာဘာသာရပ်များကို တက်ရောက်သင်ကြားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် အိမ်ထောင်ကျသွားသဖြင့် ပညာရေးကို စွန့်လွှတ်ခဲ့ရသည်။

သူမခင်ပွန်းနှင့်အတူ ဗြိတိသျှကိုလမ်ဘီယာ၊ ဗစ်တိုးရီးယားတွင် သွားရောက် အခြေချ နေထိုင်ခဲ့သည်။ ထိုအရပ်တွင် စာအုပ်ဆိုင်တစ်ဆိုင်ကိုဖွင့်ပြီး လင်မယားနှစ်ယောက် အသက်မွေးခဲ့ကြသည်။ မန်ရိုးသည် လူငယ်စဉ်ကပင် ဝတ္ထုများကို စတင် ရေးသားခဲ့သည်။ သို့သော် ၁၉၆၈ ခုနှစ်မှ ပထမဦးဆုံးစာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။ ထိုစာအုပ်တွင် ဝတ္ထုတိုများကို စုပေါင်းထားပြီး “Dance of the Happy Shades” ဟုအမည်ပေးထားသည်။ ထိုပထမစာအုပ် ထုတ်ဝေကတည်းက ကနေဒါနိုင်ငံတွင် စိတ်ဝင်စားခြင်းခံရသည်။ ၁၉၇၁ ခုနှစ်တွင် ဝတ္ထုတိုများ စုပေါင်းထားသည့် “Lives of Girls and Women” စာအုပ်ကို ထုတ်ဝေခဲ့သည်။

မန်ရိုးသည် ဝတ္ထုတိုလေးများကိုသာ ရေးပြီး စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထုတ်ဝေခဲ့သည်။ သူမ ထုတ်ဝေခဲ့သည့် စာအုပ် များမှာ Who Do You Think You Are? (1978), The Moons of Jupiter (1982), Runaway (2004), The View from Castle Rock (2006) and Too Much Happiness (2009) စာအုပ်များဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် နောက်ဆုံး ထုတ်ဝေခဲ့သည့် စာအုပ်မှာ “Dear Life” စာအုပ်ဖြစ်သည်။

မန်ရိုးကို ပုံပြောကောင်းသူတစ်ဦးအနေဖြင့် ဝေဖန်ချီးကျူးလေ့ရှိကြသည်။ သူမ၏စာပေများသည် စိတ်ကူးယဉ်ဆန်သော၊ စိတ်ဝေဒနာတစ်ခုခုသင့်နေသော သရုပ်မှန်စာပေများဖြစ်သည်ဟုလည်း ဝေဖန်ခဲ့ကြသည်။ အချို့က သူမကို ကနေဒါသူ ချက်ကော့ဟူ၍ပင် ရုရှားစာရေးဆရာကြီးနှင့် တင်စားခိုင်းနှိုင်းခဲ့ကြသည်။ သူမရေးသည့် ဝတ္ထုဇာတ်ကြောင်းအများစုသည် ရွာငယ်လေးများကို အခြေခံလေ့ရှိသည်။ လူမှုရေးလောကအတွင်း ဘဝရပ်တည်ရေးအတွက် ရုန်းကန်တိုက်ခိုက်ရမှုများ၊ ထူးဆန်းသည့် ဓလေ့စရိုက်များ၊ ကိုယ်ကျင့်တရားဆိုင်ရာ ရှုပ်ထွေးမှုများနှင့် ဇာတ်ရှိန်မြင့်အောင်လုပ်တတ်သည်။ မျိုးဆက် ကွာခြားမှုဆိုင်ရာ ပြဿနာ၊ ဘဝနှင့်ဆန္ဒ တစ်သားတည်းမကျသဖြင့် ဖြစ်ပေါ်လာရသည့် ပဋိပက္ခများကိုလည်း သူမရေးသည့် ဇာတ်လမ်းများထဲတွင် သတိပြုမိနိုင်သည်။

၂၀၀၃ ခုနှစ် အင်တာဗျူးတစ်ခုတွင် ၁၉၆၀ ပြည့်နှစ်က သူမရေးခဲ့သည့် ဝတ္ထုများကို အလွန်အံ့သြမိကြောင်း ပြောခဲ့သည်။

“ကျွန်မ သိပ်ကို အံ့သြမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ၁၉၃၁ ခုနှစ်လောက်မှာ မွေးခဲ့တာဆိုတော့ အဲဒီအချိန်မှာ အရွယ် လေးနည်းနည်းရလာပြီလေ။ အဲဒီအချိန်မှာ ကျွန်မနဲ့ သက်တူရွယ်တူတွေက စကတ်တိုလေးတွေဝတ်ပြီး ပြေးလွှားခုန်ပေါက်နေ ကြတုန်းပဲ” ဟုဆိုခဲ့သည်။

သူမသည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ကျခဲ့သော်လည်း ကျေးရွာတွင် ပညာတတ်မိခင်နှင့် လယ်သမားဖခင်တို့က မွေးဖွား လာသောကြောင့် စည်းကမ်းတင်းကျပ်သည့် ဘဝနှင့် နေထိုင်ခဲ့ရသူဟူ၍လည်း ပြောနိုင်သည်။

မန်ရိုးသည် ဂျိမ်းစ် မန်ရိုးနှင့် ၁၉၅၁ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ရှီးလာ၊ ၁၉၅၅ ခုနှစ်တွင် ကက်သရင်းနှင့် ၁၉၅၇ ခုနှစ်တွင် ဂျင်နီဆိုသည့် သမီးသုံးယောက်ကို မွေးဖွားခဲ့သည်။ ကက်သရင်းသည် မွေးဖွားပြီး ၁၅ နာရီအကြာတွင် ကွယ် လွန်သွားခဲ့သည်။

၁၉၆၃ ခုနှစ်တွင် မန်ရိုးမိသားစု ဗစ်တိုးရီးယားသို့ ပြောင်းရွှေ့သွားခဲ့သည်။ စာအုပ်ဆိုင်လေးဖွင့်ကာ ဘဝကို ရုန်းကန်နေထိုင် ခဲ့ရာက ၁၉၇၂ ခုနှစ်တွင် ခင်ပွန်းသည် ဂျိမ်းစ်နှင့် ကွာရှင်းပြတ်စဲခဲ့ကြသည်။

မန်ရိုးသည် အွန်တေရီယိုသို့ပြန်လာပြီး အနောက်ပိုင်းတက္ကသိုလ်သို့ဆက်တက်ကာ စာပေများ စတင်ရေးသားခဲ့သည်။ ၁၉၇၆ ခုနှစ် တွင် LLD ဘွဲ့ကိုရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ဂျရယ် ဖရမ်းလင်းဆိုသူနှင့် ထပ်မံအိမ်ထောင်ပြုခဲ့သည်။ ဂျရယ်သည် မြေပုံဆွဲ ဆရာနှင့် ပထဝီပညာရှင်တစ်ဦးဖြစ်သည်။ သူတို့နှစ်ဦး တက္ကသိုလ်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ သူတို့ မိသားစု အွန်တေရီယိုပြည်နယ်၊ ကလင်တန်သို့ပြောင်းရွှေ့ပြီး လယ်တောထဲတွင်သွားရောက်နေထိုင်ကြသည်။ နောက်ပိုင်း ကလင်တန်မြို့တွင် သွားရောက်နေထိုင်ခဲ့ကြသည်။ ဒုတိယခင်ပွန်း ဂျရယ်သည် ၂၀၁၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့၊ အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန် သွားခဲ့သည်။

မန်ရိုး၏ စိတ်ကူးယဉ်ဆန်ဆန် ဝတ္ထုများနှင့် နိုင်ငံရေးဆန်ဆန်ရေးသားနေသော စာရေးဆရာများ၏ ဝတ္ထုများသည် နိုဗယ်ဆု ရွေးချယ်ရန် ယှဉ်ပြိုင်ခြင်းခံခဲ့ရသည်။ လက်တင်အမေရိကမှ မာရီယို ဗားဂတ်စ် လိုဆာနှင့် ဗြိတိန်မှ ဒေါရစ် လက်ဆင်းတို့ကို ကျော်ဖြတ်သွားပြီး ၂၀၁၃ ခုနှစ်အတွက် နိုဗယ်ဆုကို သူမရရှိခဲ့ခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ်က အင်တာဗျူးတစ်ခုတွင် သူမအနေဖြင့် လက်ရှိ အဖြစ်အပျက်များကို သိပ်ပြီးစိတ်မဝင်စားကြောင်း အတိတ်ကာလ အမှတ်ရချက်များ၊ ပုံပြင်ဆန်ဆန်အတွေ့အကြုံများ၊ အတင်းအဖျင်းဆန်ဆန် ပြောဆိုမှုများကို အခြေခံပြီး ရေးရခြင်းကို စိတ်ဝင်စားကြောင်း ပြောခဲ့သည်။ သူမခေါင်းစဉ်ပေးကတည်းကိုက တစ်ခုခုရင်ထဲတွင် စွဲငြိသွားစေနိုင်မည့် ခေါင်းစဉ်မျိုးကိုလည်း ပေးတတ်သည်။

“ကျွန်မပြောချင်တဲ့ အကြောင်းအရာက ဘယ်ခေတ်၊ ဘယ်ကာလလို့ ပြောလို့မရဘူး။ ကျွန်မကို စိတ်ကို ထိခိုက်စေတဲ့ အကြောင်းအရာတွေကို ကျွန်မရေးတယ်”

“တချို့က လက်ရှိဖြစ်ပျက်နေတဲ့ အီရတ်နိုင်ငံလိုအကြောင်းကို ရေးကြတယ်။ လက်ရှိအဖြစ်အပျက်အကြောင်းတွေရေးရတာ အဖြစ်အပျက်၊ နေရာ၊ အဝတ်အစား၊ ဂီတတွေကအစ တိကျဖို့လိုတယ်။ သာမန်ဘဝတွေမှာ ကျွန်မက လှုပ်ရှားလိုစိတ်တွေရှိ ပါတယ်။ နိုင်ငံရေးလည်း စိတ်ဝင်စားတယ်။ ကလပ်တွေလည်း တက်တယ်။ ဒါပေမဲ့ ကျွန်မသိချင်တာ အဲဒါတွေမဟုတ်ဘူး။ ပြည်သူတွေရဲ့ အပေါ်ယံဘဝကို ကျွန်မသိချင်တာမဟုတ်ဘူး။ ကျွန်မသိချင်တာ အောက်ခြေကအကြောင်းအရာ။ ဖုံးကွယ် ထားတဲ့အရာတွေ” ဟု မန်ရိုးကပြောခဲ့သည်။

ဘဝတွင် ဖုန်းကွယ်ထားသော အရာပေါင်းများစွာ ရှိနိုင်ပါသည်။ စာရေးသူသည် သူများမြင်သလိုမမြင်၊ သူများမမြင်နိုင်သည် ကို ဖော်ထုတ်နိုင်ခြင်းမှာ စေတနာဖြစ်သည်။ ထိုစေတနာအကျိုးကို သူမခံစားသွားရခြင်းဖြစ်သည်။

Ref : What Lies Beneath, Hillel Italie and Malin Rising; www.nobelprize.org; The Guardian.

The Voice Daily, 22.10.2013