ပြည်သူတွေက သူ့အပြောလေးကိုသိတယ်
ပို့စ်တင်ချိန်
- 10/17/2013 08:35:00 AM
လက်ထဲမှာတွေ့တဲ့ သေနတ်နဲ့ချိန်ပြီး ငြိမ်ငြိမ်နေဆိုတဲ့ လက်တွေ့ခေတ်ကတော့ အတိတ်ရဲ့ စစ်အာဏာရှင်စနစ်မှာ ကျန်ရစ်ခဲ့ပါပြီ။ ခုခေတ်က မီဒီယာတွေ ကလည်းပြော၊ ပြည်သူတွေက လည်းပြော၊ နိုင်ငံတော်အစိုးရက လည်းပြော၊ လွှတ်တော်က လည်းပြော၊ ပါတီတွေ အဖွဲ့အစည်းအသီးသီးက လည်းပြော ဆိုတော့ လက်တွေ့ခေတ် မဟုတ်တဲ့ အပြောခေတ်လို့ ဆိုလေမလားတောင်မသိ။ လက်ဖက်ရည်ဆိုင် ထိုင်မိတော့လည်း “သူ့အပြောလေးက” ဘယ်လိုပဲတဲ့လေ။
ဘာပဲပြောပြော ယခင်လက်တွေ့ခေတ် ထက်တော့ ယနေ့အပြောခေတ်ကို ကြိုဆိုလိုက်ပါတယ်။ သူ့ဘာသာသူ စာပေဟောပြောပွဲမှာပဲ ပြောပြော၊ လွှတ်တော်ထဲမှာပဲ ပြောပြော၊ အရက်ဆိုင်ထဲမှာပဲ ပြောပြော နိုင်ငံရေးဆိုတာကို ပြောနေပြီဆိုရင် ဒီနိုင်ငံ အသက်ဝင်လာပြီ။ ဒီပြည်သူတွေ ဒီမိုကရေစီကို မျက်ကွယ်မပြုလို့ ပြောနေကြတာ ဒီလိုပဲမြင်ပါတယ်။ ဝမ်းလည်းဝမ်းသာ မိပါတယ်။
အရေးကြီးတာက လက်တွေ့ရဲ့အစ သဘောတရားက အလုပ်ရဲ့အစ အပြောကဆိုသလို ပြောတဲ့အတိုင်း လုပ်လာတာနဲ့အမျှ ဒီနိုင်ငံတစ်နေ့ ရှေ့ရောက်လာမယ်လို့ ယုံကြည်နေမိတဲ့ အထဲမှာ ကျွန်တော်လည်း အပါအဝင် ပါပဲ။ အခုလို ဆောင်းပါးရေးနေတာလည်း ဝင်ပြောနေတာပါပဲ။ တစ်ခုတော့ရှိပါတယ်။ “စကားစကား ပြောပါများ၊ စကားထဲကဇာတိပြ” တဲ့။ ကျွန်တော်တို့အပြောတွေ အတွက် ကျွန်တော်တို့ တာဝန်ယူဖို့ တွေလည်း တစ်ပါတည်း ရှိလာပါတယ်။ အပြောမတော် တစ်ခွန်းပါတဲ့။ နိုင်ငံကျော်တွေ ပြောတဲ့ စကားဆိုရင်တော့ နိုင်ငံကျော်တစ်ခွန်း ပဲပေါ့။
ဂျာနယ်တစ်ခုများ ဆိုရင် အဲဒီနိုင်ငံကျော်တစ်ခွန်း တွေကို စာမျက်နှာ တစ်ခုမှာ နေရာပေးပြီး အပတ်စဉ် ကြော်ငြာပေးပါတယ်။
“စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင် ပစ်တယ်။ ဘယ်တော့မှ မိုးပေါ် ထောင်မဖောက်ဘူး။ ဒီတစ်ခါ ဆူဆူပူပူ လုပ်မယ့်သူတွေ မသက်သာဘူးသာ မှတ်ကြပေတော့”
“ဘယ်သူပဲ တားတား မြစ်ဆုံကိုတော့ ဆက်လုပ်သွားရမှာပဲ”
“လယ်သမားတွေ အကြွေးကျေရအောင် ထမင်းတစ်နပ် လျှော့စားကြ”
“ပြည်သူတွေက လျှပ်စစ်မီးမလင်းရင်လည်း ဖယောင်းတိုင်လေး ထွန်းထားစေချင်တယ်”
“တရုတ်က ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်”
“ရွှေလက်နဲ့ခေါ်တုန်း မလာရင် ကျည်ဆန် ပေးရလိမ့်မယ်” တဲ့။
သူ့အပြောလေးတွေကို သမိုင်းဝင်စေချင်လို့နဲ့ တူပါရဲ့။
ဒီလိုနိုင်ငံကျော်တစ်ခွန်း တွေဟာ ဘယ်အထိ လွှမ်းမိုးပါသလဲဆိုရင် အနုပညာရှင် ကိုဇာဂနာတို့ ဟာသစကား တွေတောင် ဒီအချိန်မှာ နားထား ကြရပါတယ်။ ကျွန်တော်မရိုမသေ ပြောမိသလိုဖြစ်သွားရင် ခွင့်လွှတ်ပါ။ ဆိုချင်တာ ကတော့ ပြည်သူရှေ့မှာ စကားပြောရပြီဆိုရင် ထင်သလို မပြောစေချင်တဲ့ စေတနာနဲ့ ဖော်ပြမှုလို့ မှတ်ယူစေချင်ပါတယ်။ ဒီလိုပြောခဲ့တဲ့ လူတွေရဲ့ တိုင်းပြည်အပေါ် ထားတဲ့ စေတနာကို ကျွန်တော် လျှော့မတွက်ရဲပါဘူး။ တကယ်လည်း လုပ်နေရင်း ပြောမိမှားတွေလည်း ရှိပါတယ်။ အလုပ်ရှိရင် အမှားရှိတတ်သလို ပါပဲ။
ပြည်သူတွေဟာ သိကြပါတယ်။ ဒီအထဲမှာ ဘယ်သူကတော့ တိုင်းပြည်အပေါ်မှာ တကယ့်စေတနာမှန်နဲ့ လုပ်တော့နေတာပဲ၊ ဘယ်သူ ဘယ်ဝါကတော့ ဘယ်ခြောက်ကာ ညာလှမ်းနေသူ၊ နောက်က အရိပ်ကြီးကိုပဲ အလုပ်အကျွေးပြုနေသူ၊ ဘယ်သူကတော့ ဘယ်အချိန် ဘယ်တော့ နောက်ပြန်လှည့်လို့ရမလဲ အမြဲစဉ်းစားနေသူ၊ ဘယ်သူကတော့ စိတ်ကောင်းကို မရှိတဲ့သူ၊ သူကတော့ အကျင့်ပျက်ခြစားမှု လုံးဝကို ကင်းရှင်းသူ ဆိုတာတွေပါပဲ။ ပြည်သူတွေ မညံ့ကြပါ။
မကြာသေးခင်က ဆိုရင် ပညာရေးဝန်ထမ်းတစ်ဦးကို ခွင့်မဲ့လေးရက် ပျက်ကွက်မှု၊ ၄၃ ရက် ကျောင်းနောက်ကျမှုနဲ့ ဝန်ကြီးဌာနက အလုပ်ထုတ် လိုက်ပါသတဲ့။ ပြည်သူတွေကတော့ ဟုတ်ပါ့မလား မောင်ကာဠုရယ်တဲ့။ ယခင် တရားစပြီးစွဲတုန်းက ရှစ်လေးလုံး အရေးတော်ပုံ ကျင်းပရန် တော်ဝင်နှင်းဆီမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ သွားတက်မှုဆိုတော့ အလုပ်တခြား အထုတ်တခြား ဖြစ်သွားပါတယ်။ ခွကျတာက ပြည်နယ်တစ်ခုက ပညာရေးဝန်ထမ်း ကိုတော့ ၁၁ နှစ်ဆက်တိုက် ပျက်ကွက်ခဲ့တာတောင် ရာထူး တိုးပေးလိုက်တယ် ဆိုပဲ။
“ပုဒ်မ ၁၈ ဖျက်သိမ်းဖို့ တောင်းဆိုလိုက်၊ ပုဒ်မ ၁၈ နဲ့ပဲ အထဲကို ရောက်လိုက်နဲ့…”
သူတို့မှာ နိုင်ငံရေးပွဲ သွားတက်လို့ ထုတ်တယ်လို့လည်း မပြောရဲရှာဘဲ ထမင်းရေပူလျှာလွှဲ ဇာတ်ခင်းလိုက်ရတဲ့ အခါမှာတော့ ဆရာ ဆရာမသမဂ္ဂများ ရဲ့ ကြေညာချက်တွေနဲ့ ရင်ဆိုင် နေရပါတယ်။ ပြည်သူတွေက သိကြပါတယ်။ မိုးကြိုးပစ် ထန်းလက်ကာတဲ့ အကျင့်တွေ ပါမနေကြပါနဲ့။ မိခင်ဌာနမို့ မိခင်စိတ်မျိုးသာ ထားရှိနိုင်ကြပါစေလို့ ဆုမွန်ခြွေလိုက်ရပါတယ်။ ဝန်ထမ်း အခွင့်အရေး ဆိုတာလည်း ပြည်သူ့အခွင့်အရေး ပါပဲ။ ခွင့်မယ့်လေးရက် ပျက်လို့ ကျောင်းထုတ်တာ ကမ္ဘာမှာလည်း မရှိ။ မြန်မာမှာလည်း မကြားဖူးတော့ ပြည်သူတွေနားထဲမှာ ဆူးတွေ ဝင်သွားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတော့လည်း ပြည်သူတွေက ဘယ်နည်းဘယ်ပုံ ရေးဆွဲထားတဲ့ ဥပဒေပဲဆိုတာ သိကြပါတယ်။ ပြည်သူတွေဖြစ်တဲ့ အလျောက် ပုဒ်မပေါင်း ၄၅၇ ခု အကြောင်းကို ရေစုန်ရေဆန် မသိနိုင်ဘူး ဆိုပေမယ့် ပုဒ်မ ၅၉ (စ) ကို မေးကြည့်ပါ။ ဒက်ခနဲ နေအောင်ကို သူတို့က သိကြပါတယ်။ ဒါဘယ်သူ့ကို ဘယ်လိုမှပါမရအောင် ပုဂ္ဂိုလ်ရေး မစ္ဆရိယစိတ်နဲ့ ရေးထားတာ ပြည်သူထောက်ခံထားတဲ့ ဥပဒေ ဆိုပြီး ပြည်သူကို လွှဲပြောနေတာ။ တမင် အကြောင်းတွေ ပြနေတာ။ ဒါကို သူတို့တကယ် ပြင်ပေးလိုက်ရင်တော့ တကယ် စိတ်သဘောမှန်သူတွေ အဖြစ် သတ်မှတ်နိုင်သလို ပြင်မပေးဘဲ မတည့်ချင်ယောင် ဆောင်ပြီး၊ မညီချင်ယောင် ဆောင်ပြီး ချန်ထားခဲ့မယ် ဆိုရင်တော့ တကယ့်ကို သမိုင်းအမည်းစက်ကြီးပါပဲ ဆိုတာ မိဘပြည်သူတွေ သိကြပါတယ်။
ပြည်သူတွေ ယုံကြည်မှုနည်းနေတာကတော့ နှစ်ငါးဆယ်ဖိနှိပ်မှုတွေဟာ များပြားခဲ့လို့ပါပဲ။ ဒါကြောင့်လည်း ယုံကြည်မှု တည်ဆောက်နေတာ အမျိုးသားပြန်လည် သင့်မြတ်ရေး စကားတွေကို ပြောနေကြရတာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ မိဘပြည်သူလို့ ပြောင်းလဲခေါ်ဝေါ်တဲ့ အပေါ်မှာ ကြိုဆိုလိုက်ကြရသလို အတိတ်က ခေါင်းဆောင်တွေရဲ့ ပြည်သူကို နှိပ်စက်ခဲ့တဲ့ အမှားတွေအတွက်ရော ဝမ်းနည်းကြောင်း၊ စိတ်မကောင်း ဖြစ်မိပါကြောင်း၊ တောင်းပန်ကြောင်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆို စေလိုတဲ့ ဆန္ဒတွေ ကိန်းအောင်းနေရုံမျှမက ရင်ဖွင့်ပြောဆိုလာကြတဲ့ အခမ်းအနားတွေကိုပါ အထင်အရှား တွေ့မြင်လာရပါတယ်။ အခုတော့ ဒါတွေကို သင်ခန်းစာ ယူကြရမယ် ဆိုတော့ ပြည်သူတွေက မိမိတို့မှားခဲ့တာကို သင်ခန်းစာ ယူကြရမလိုပါပဲ။ စဉ်းစားစရာပါ။
ပြည်သူ့အရေးတော်ပုံကြီး ပေါ်ပေါက်လာရတဲ့ သမိုင်းသင်ခန်းစာ တွေကို ပြည်သူက ယူရမယ် ဆိုရင်တော့ နယ်ချဲ့ခေတ်က နယ်ချဲ့ကို ဆန့်ကျင်တော်လှန် သပိတ်မှောက်ခဲ့တဲ့ သခင်ဖိုးလှကြီး တို့ကပဲ မှားခဲ့သလို သင်ခန်းစာမျိုး ယူကြရမှာလားတော့ မပြောတတ်ပါ။ ရှစ်လေးလုံးနဲ့ ပတ်သက်ပြီး မိမိအစိုးရ အဖွဲ့ဝင်တွေကို သီးသန့် မိန့်ခွန်းပြောရာမှာ သင်ခန်းစာယူဖို့ ထည့်ပြောနိုင်ရင်တော့ ဒီစကားဟာ တကယ့်ကို ကွက်တိပါပဲလို့ ပြောရမှာပါ။ ပြည်သူကို ပြောတယ်ဆိုရင်တော့ အဲဒီအချိန်က ဖြစ်ပျက်သမျှ မိဘပြည်သူတွေ ထိခိုက် ခံစားမှုတွေ အားလုံးအတွက် စိတ်မကောင်း ဖြစ်မိပါကြောင်းကို ထည့်ပြောနိုင်ရင်တော့ ပီတိကိုစား အားရှိသွားကြမှာ မိဘပြည်သူတွေပါပဲ။
ဒါပေမဲ့ နိုင်ငံရေး ဆိုတာကလည်း မထင်တာတွေပါ ဖြစ်တတ်တော့ ဒီနေ့မဟုတ်ရင် မနက်ဖြန်များ ပြောလာမလား ဆိုတာကတော့ မသိတတ်နိုင်ပါ။ သူ့အရင်က နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှ မရှိဘူးလို့ ခံယူထားရာ ကနေ နိုင်ငံရေးအကျဉ်းသားတွေကို ၂၀၁၃ ခုနှစ်ကုန်မှာ နောက်ဆုံးထားပြီး တစ်ယောက်မကျန် လွှတ်ပေးမယ် ဆိုသလို ပြောင်းလဲ လာနိုင်ပါတယ်။
လောလောဆယ်မှာတော့ ဒေါ်နော်အုန်းလှကို ထောင် ၂ နှစ်ချခဲ့တဲ့ ဂယက်က အတော်ပဲ ရိုက်ခတ်နေပါတယ်။ အစာငတ်ခံ တိုက်ပွဲဝင်နေတဲ့ ကာယကံရှင် အပေါ်မှာ ပြည်သူတွေဟာ စာနာနားလည်မှု နဲ့အတူ ပုဒ်မ ၁၈ ဖျက်သိမ်းဖို့ တောင်းဆိုလိုက်၊ ပုဒ်မ ၁၈ နဲ့ပဲ အထဲကို ရောက်လိုက်နဲ့ပဲ သံသရာ လည်နေပါတယ်။ မိဘပြည်သူတွေဟာ ဒီသံသရာက လွတ်မြောက်သင့်ပါပြီ။
သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမိုးသီးဇွန်တို့ကို လေဆိပ်မှာ ပိုစတာတွေ ကိုင်စွဲပြီး ခွင့်ပြုချက်မတောင်းဘဲ ကြိုဆိုခဲ့တာ တွေဟာ ဒီပုဒ်မ ၁၈ နဲ့ မငြိတော့ဘူးလား ဆိုတဲ့ မေးခွန်းများရဲ့ အဖြေကိုတော့ အမေးနွားကျောင်းသား အဖြေ တေမိဘုရားလောင်း လုပ်နေသလိုပါပဲ။
၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံမှာ ပုဒ်မပေါင်း ၂၃၄ ခုရှိပါတယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံမှာ ပုဒ်မပေါင်း ၂၀၉ ခုရှိပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ပုဒ်မပေါင်း ၄၅၇ ခုရှိတော့ ရှေ့မှာရေးဆွဲတဲ့ ဥပဒေနှစ်ခု ပေါင်းတာတောင် ၄၅၇ ခု မပြည့်နိုင်လောက်အောင် ပုဒ်မတွေ များလွန်းနေတာ တွေ့ရပါတယ်။ သေချာစိစစ် ကြည့်လိုက်တော့ ရှေ့နဲ့နောက် အမြီးနဲ့အမောက် မတည့်တာတွေ၊ လွဲနေတာတွေ ဖောင်းပွနေတာတွေ ရှိတယ်လို့ အသံတွေ ထွက်နေပါတယ်။
ပမာအားဖြင့် ပုဒ်မ ၃၈(က)မှာ- နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်လို့ ဆိုထားပြီး ပုဒ်မ ၁၂၀(ခ) မှာတော့ နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူသာ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ရှိသည် ဆိုတော့ ရှေ့နောက်မညီ ဖြစ်နေပြီး အလားတူဖြစ်စဉ်တွေ နဲ့အတူ ဥပဒေစံနှုန်း၊ နိုင်ငံရေး စံနှုန်းတွေနဲ့ မညီညွတ်တဲ့၊ ယုတ္တိဗေဒဆိုင်ရာ စံနှုန်းဆိုင်ရာ ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့အချက်တွေကို ထောက်ပြ ပြောဆိုလာတာတွေ တွေ့နေရပါ တယ်။ သူ့အပြောလေးက ပြင်မယ်ဆိုတော့လည်း ပြည်သူတွေက တကယ်ပဲလား၊ အဟုတ်ပဲလား ဆိုတဲ့ မေးခွန်းနဲ့အတူ စောင့်ကြည့်လျက်ပါပဲ။
ပြည်သူတွေဟာ “၁၉၆၂ က ဖြိုခွဲခြင်းခံရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို မကြာသော တစ်နေ့မှာ ကျွန်တော်တို့ ပျော်ပျော်ပါးပါး အုတ်မြစ်ချပွဲ ကျင်းပရအောင်” လို့ ၁-၉-၁၉၈၈ မှာပြောပြီး ၁၈-၉-၁၉၈၈ မှာ တပ်မတော်လက်ကို အာဏာအပ်ပြီး ဆင်းသွားတဲ့ ခေါင်းဆောင်တစ်ဦးရဲ့ စကားကို မမေ့တတ်သလို “၁၉၉၀ မေလ ရွေးကောက်ပွဲပြီးတာနဲ့ တပ်မတော်ဟာ စစ်တန်းလျားပြန်ပြီး မူလတာဝန်ကိုသာ ထမ်းဆောင်မယ်” ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ စကားကိုလည်း သတိတရ ရှိနေကြတာပါ။ “ခွင့်လွှတ်နိုင်ပါတယ်။ ဘယ်တော့မှ မမေ့နိုင်ပါဘူး”တဲ့။
“သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအစိုးရ ဖြစ်ရမယ်”၊ “သူမ သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားတဲ့ ဥပဒေကို ပြင်ပေးမယ်” “ဘာသာရေးဆန်တဲ့ အဓိကရုဏ်းရဲ့နောက်ကွယ်က ကြိုးကိုင်သူတွေ ရှိနေတယ်” ဆိုခဲ့တာတွေ ကို ပြည်သူတွေက စောင့်ကြည့်လျက်ပါ။ “ပြည်သူ့အစိုးရ တို့အစိုးရ” လို့ ကြွေးကြော်ဖို့လည်း အသင့်ပါပဲ။ လက်တွေ့ အကောင်အထည် ပေါ်လာတာနဲ့ အမျှ ပြည်သူ့လက်ခုပ်သံ တွေလည်း တစ်ခဲနက် ပေါ်ထွက်လာမှာကတော့ မလွဲရေးချ မလွဲပါပဲ။
ဌေးအောင်ကို
thevoicemyanmar