ပြည်ထောင်စုဝန်ကြီးများနှင့် မှန်ကန်သောပေါ်လစီချမှတ်ရေး ဆက်စပ်မှု
ပို့စ်တင်ချိန်
- 10/23/2013 02:23:00 PM
ပြီးခဲ့သည့် (၁၄-၁၀-၂၀၁၃) ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် (Food Security working Group) စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မှ ကြီးမှုးကျင်းပသော ၂၀၁၃ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် ဗဟုသုတပြပွဲ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခုကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားသည့်အတွက် တက်ရောက်ခွင့်ရခဲ့ပေသည်။
ထိုအခမ်းအနားတွင် မိန့်ခွန်းပြောရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ သမ္မတရုံး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးစိုးသိမ်း၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် စသူများ ကိုဖိတ်ကြားထားသော်လည်း ဦးစိုးသိမ်းတစ်ဦးသာ အချိန်နောက်ကျ၍ တက်ရောက်လာနိုင်လေသည်။ သို့ဖြစ်ရာ လွှတ် တော် ကိုယ်စားလှယ်များ ကိုယ်စား စကားပြောရန်မူလက ပြင်ဆင်ထားသော ကျနော့်မှာ အဖွင့်အမှာစကားပြောကြားရ လေတော့သည်။ စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( FSWG ) အဖွဲ့မှာ အစိုးရ ပတ်သက်မှုမရှိသော NGO အဖွဲ့အစည်းတစ်ခုဖြစ်လျက် အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့များ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ် တစ်ဦးချင်းတို့နှင့် ပူးးပေါင်းကာ စားနပ်ရိက္ခာ ဖူလုံရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ကွန်ယက်ဖွဲ့စည်းခြင်း၊ စွမ်းဆောင်ရည်မြှင့် တင်ခြင်း၊ အသိပညာ ဖလှယ်ခြင်းတို့ ကို ၂၀၀၂ ခုနှစ်ကပင်စတင်လုပ်ကိုင်ဆောင်ရွက်နေခဲ့သော အဖွဲ့ဖြစ်ပါသည်။
ထိုနေ့က ကျင်းပပြုလုပ်သောအစည်းအဝေးအစီအစဉ်တွင် ကျွမ်းကျင်ပညာရှင်များဖြစ်ကြသော ဒေါက်တာသိဂီသွင် ဒေါက်တာလှလှသိန်း၊ ဦးတင့်ဝေ၊ ဒေါက်တာမင်းအောင်၊ ဦးနှင်းဦး စသူတို့က အဟာရပြည့်ဝရေးနှင့် စားနပ်ရိက္ခာဖူလုံ ရေး ရေရှည်တည်တံ့ခိုင်မြဲသော စားရေရိက္ခာစနစ် ထူထောင်ပေး ဆိုသည့်အကြောင်းအရာကို မူတည်ကာ မိမိတို့ဘာသာ ရပ်ဆိုင်ရာအလိုက် ဆွေးနွေးကြပြီး တက်ရောက်လာကြသောပရိတ်သတ်ထဲက ပြန်လှန်မေးခွန်းမေးမြန်းသောအစီအစဉ် တစ်ခု ပါလေသည်။ အဓိကအားဖြင့် ကျနော်တို့နိုင်ငံမှာ စားနပ်ရိက္ခာဖူလုံရေးအတွက် သဘာဝ တရားကပေးထားချက် များမှာ ကောင်းမွန်ပြည့်စုံသဖြင့် လိုအပ်နေသည့်အချက်မှာ မှန်ကန်သော ပေါ်လစီတစ်စုံ ချမှတ်လုပ်ဆောင်နိုင်ရေးဖြစ် ကြောင်း တညီတညွတ်တည်း သဘောတူ ညီကြလေသည်။
မြန်မာနိုင်ငံသည် ပုံမှန်နှစ် တစ်နှစ်တွင် မိမိလူဦးရေစားသုံးရန်နှင့် ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရန် စားနပ်ရိက္ခာအလုံအလောက်ထုတ်လုပ်နိုင်လေသည်။ သို့သော်လည်း ၂၀၀၉ ခုနှစ်က စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ ( FAO ) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ( WFP ) တို့၏ စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံအတွင်း လူဦးရေ ငါးသန်းခန့်မှာ စားနပ်ရိက္ခာဖူလုံမှု မရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ထုတ်ဖေါ်တွေ့ရှိခဲ့သည်ဟုဆိုပါသည်။ ထိုသို့ဖူလုံမှုမရှိ သဖြင့် စားနပ်ရိက္ခာထောက်ပံ့ရန် ဦးစားပေးလိုအပ်သည်ဟုသတ်မှတ်ခြင်းခံရသောဒေသများမှာ ရခိုင်ပြည်နယ်မြောက် ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်း၊ မကွေးတိုင်းဒေသကြီး တို့ဖြစ်သည်။ ထိုဒေသတို့တွင် စားနပ်ရိက္ခာဖူလုံမှုမရှိ ခြင်းမှာ ဈေးကွက်စီးပွါးရေးစနစ် ကောင်းစွာလည်ပတ်ပီပြင်မှုမရှိခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးညံ့ဖျင်း ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း စစ်တမ်းအဖွဲ့က သုံးသပ်ဖေါ်ထုတ် ထားလေသည်။
ကျနော့်အနေဖြင့် သုံးသပ်လိုသည်မှာ ကျနော်တို့ယနေ့ရင်ဆိုင်နေရသော စားနပ်ရိက္ခာ ထုတ်လုပ်မှု အားနဲနေခြင်းမှာ ဈေးကွက်စီးပွါးရေးစနစ်ကို ကောင်းစွာလည်ပတ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အဓိကထားဆောင်ရွက်ခြင်းမပြု သောကြောင့်၊ တနည်းအားဖြင့်ဆိုလျှင် မှန်ကန်သောပေါ်လစီတစ်စုံကို တာဝန်ရှိသူများက ဂရုတစ်စိုက်ချမှတ်လုပ် ဆောင်ရန် ပျက်ကွက်နေခြင်းကြောင့်ဖြစ်လေသည်။
နှိုင်းယှဉ်ပြစရာ သီးနှံ (၂) မျိုး
ဤကိစ္စကို အလွယ်တကူရှင်းလင်းနားလယ်နိုင်ရန် ကျနော့်အနေဖြင့် သီးနှံ (၂) မျိုး စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်လာ ခြင်းကို နိုင်းယှဉ်ပြလိုပါသည်။ တမျိးမှာ အစေ့ထုတ်ပြောင်း ထုတ်လုပ်မှုဖြစ်၍ တနေ့တခြား မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုပိုမို အားကောင်းလာနေပြီး အခြားတဖက်တွင် စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ လျော့နဲကျဆင်းလာနေသည်ဟုဆိုပါသည်။ ဤနေ ရာတွင် ကျနော့်အနေဖြင့် ကိန်းဂဏန်းများဖြင့်အတိအကျ မဖေါ်ပြနိုင်သည်ကိုနားလည် ခွင့်လွှတ်စေလိုပါသည်။ ကျနော် နေထိုင်ရာ ရှမ်းပြည်မြောက်ပိုင်းတောင်ကုန်းဒေသတွင် ၂၀၀၀ ခုနှစ်နောက်ပိုင်း (တနည်းအားဖြင့်ဆိုလျှင် ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှပ်နှံသည့် စီပီကုမ္ပဏီမှ ဖြန့်ချိသော 888 ရှစ်သုံးလုံးတံဆိပ် နှစ်ဖူးအောင်ပြောင်းမျိုးစေ့ကို အဓိကထား စိုက်ပျိုးလာပြီး သည့်နောက်တွင်) အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုမှာ တဟုန်ထိုးတိုးတက်လာခဲ့ရာ ယခုအခါ ရှမ်းမြောက်မှာ ပြောင်းဖူးများခြောက်သွေ့ချိန်တွင် တခွင်တပြင်လုံးရွှေရောင်လွှမ်းလျက်ရှိသည် ဟုဆိုနိုင်ပါသည်။ ပြောင်းဖူးဆန်မှာ ကျနော်တို့ နိုင်ငံတွင် ကြက်၊ဝက်၊ ငါး တိရိစ္ဆာန်အစာ အဖြစ်သာ အသုံးများပြီး လူကစားသုံးလေ့မရှိပါ ။ အဓိကဈေးကွက် မှာ မြောက်ဘက်နယ်နိမိတ်ချင်း ဆက်စပ်နေသည့် တရုပ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပါသည်။ တရုပ်ဈေးကွက်မှာ အလွန်ကြီး မား သော်လည်း ကျနော်တို့တင်ပို့သောပြောင်းဖူးစေ့ကို တရားဝင်သွင်းကုန်ပစ္စည်းအဖြစ်မသတ်မှတ်ပါ။ ကျနော်တို့ဘက် တွင် ပါမစ်ဖြင့်တရားဝင်သယ်ယူပို့ဆောင်သွားလာနိုင်သော်လည်း တရုတ် ကုန်သည်များမှာ ၎င်းတို့နိုင်ငံအတွင်းခိုးကြောင် ခိုးဝှက်သယ်ယူကြရလေရာ တခါတရံအဖမ်းဆီး ခံရတတ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကျနော်တို့နိုင်ငံဘက်တွင် သယ်ယူပို့ဆောင်ခွင့်ပါမစ်များကို အလုံအလောက်ချပေးသဖြင့် ဈေးကွက်လွတ်လပ်သည်ဟုဆိုနိုင်ပါသည်။ သို့ဖြစ်လေ ရာ ကုန်သယ်ပွဲစားများ အပြိုင်အဆိုင်ကုန်သွယ်ရောင်းချမှုကြောင့် တောင်သူများလည်း တွက်ခြေကိုက် ကာ စီးပွါးရေးပြေ လည်ကောင်းမွန်လာပါသည်။ စိုက်ဧကမှာလည်း တနှစ်ထက်တနှစ် ပိုမိုတိုးတက် များပြားလာသည်ကို လက်တွေ့မြင်နေ ကြားနေကြရပါသည်။
ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုတွင်ကား ၎င်းနှင့်မတူခြားနားပါသည်။ ဆန်စပါးသည် မြန်မာနိုင်ငံသားတို့ အဓိက အားထားစားသုံးသော သီးနှံဖြစ်၍ လွတ်လပ်စွာသယ်ယူပို့ဆောင် ရောင်းချ ခွင့်ပြုလျှင် ဆန်ဈေးနှုံးများကြီးမြင့်လာကာ ပြည်သူ လူထုအတွင်း မကျေမနပ်ဖြစ်မှုများ တိုးပွါးလာမည်ကို ယခင်အစိုးရက စိုးရိမ်သဖြင့် ဆန်စပါးကို ကန့်သတ်ကုန်အ ဖြစ်သတ်မှတ်ထား လေသည်။ မြန်မာနိုင်ငံထွက်ဆန်စပါးမှာ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော တရုပ်ပြည်၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂ လားဒက်ရှ်နိုင်ငံများသို့ ခိုးထွက်လျက်ရှိခဲ့ရာ ပြည်တွင်းဆန်ဈေးနှုံးတက်မှာစိုး၍ ဂိတ်ထိုး ကာပိတ်ဆို့မှုလုပ်ရသည် ဆိုသော်လည်း လုံအောင်ပိတ်နိုင်သည်ကားမဟုတ်ပါချေ။
သို့ဖြစ်ရာ ဆန်ကို တနေရာမှတနေရာလွတ်လပ်စွာသယ်ယူပို့ဆောင်ရောင်းချခွင့်မပြုခဲ့ရာ ဈေးကွက်လွတ်လပ်မှုမရှိ သဖြင့် ဆန်မှောင်ခိုကုန်ကူးသောကုန်သယ်နှင့် ပါမစ်ချပေးသူများ၊ ဂိတ်စောင့်သူများသာ အကျိုးဖြစ်ထွန်းလျက် ဆန်စပါး စိုက် တောင်သူများမှာ အကျိုးမခံစားရဘဲ တခါတရံ အရှုံးနှင့်ရင်ဆိုင်ရလေသည်။ သို့ဖြစ်ရာ ဆန်စပါးစိုက်ပျိုးမှုကို တောင်သူများ စိတ်ဝင်စားမှုလျော့နဲလာရာက စပါးစိုက်ဧကများလည်း ကျဆင်းလာသည်ဟု ယူဆရပါသည်။
ယခုအခါတွင်ကား ထိုအမှားကို ဖြေလျော့ပေးလိုက်ပြီဖြစ်ရာ အချိန်ကာလအားဖြင့် တိုတောင်းလှပါသေးသည်။ လွတ်လပ်သော မြန်မာ့ဆန်စပါးဈေးကွက်အတွင်းသို့ စိတ်ချရပြီဟုယုံကြည်ရသောနေ့ ရောက်လာမှသာ နိုင်ငံတကာမှ မျိုးစေ့ကုမ္ပဏီများ အပြိုင်အဆိုင်ဖြင့်ဝင်ရောက်လာမည်ဖြစ်ပေရာ အချိန်အနည်းငယ်စောင့်ကြရပါလိမ့်ဦးမည်။ ကျနော်တို့ နိုင်ငံက ထိုသို့လွတ်လပ်စွာတင်ပို့ရောင်းချခွင့်ပြုသည့်တိုင် တရုပ်နိုင်ငံက သူ့နိုင်ငံမှ လယ်သမားများကိုအကာအကွယ် ပေးသည့်အနေဖြင့် ဆန်စပါးနှင့် ပြောင်းဖူးသွင်းခွင့်ကို အကန့်အသတ်ဖြင့်သာခွင့်ပြုနေဆဲဖြစ်ပါသည်။
မည်သို့ဆိုစေကာမူ ကျနော်တင်ပြလိုသည်မှာ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်စေရန် အတွက် ဈေးကွက်လွတ် လပ်မှုရှိ-မရှိကို ဂရုမစိုက်ဘဲ အထွက်တိုးမျိုးစေ့များနှင့် ခေတ်မှီစိုက်ပျိုးရေး နည်းပညာများ အသုံးပြုရေးကိုသာအဓိက ထားလုပ်ဆောင်နေလျှင် တာဝန်ရှိသူများအနေဖြင့် အလွန်ပင်ပန်းကြီးစွာကြိုးစားလုပ်ကိုင်ကြရလိမ့်မည်ဖြစ်ကြောင်း ရှမ်းမြောက်တွင်စိုက်ပျိုးခဲ့သော ဆင်းရွှေလီစပါးကသက်သေခံလျက်ရှိပေသည်။ ဈေးကွက်လွတ်လပ်ရေးက အဓိက ဖြစ်ပြီး၊ ဈေးကွက်လွတ်လပ်ပါက စိုက်ပျိုးထုတ်လုပ် သူများအကျိုးအမြတ်ရှိကာ စိုက်ပျိုးရေး နည်းပညာ သစ်များနှင့် မျိုးကောင်းမျိုးသန့်ဖေါ်ထုတ်ရောင်းချမည့်ကုမ္ပဏီများ အလိုလိုထပ်ချပ်မကွာ လိုက်လာမည်ဖြစ်ပေရာ ထိပ်ပိုင်းမှတာဝန် ရှိသူ ကိုယ်တိုင် လယ်ကွင်းထဲဆင်းကာ မျိုးစေ့ ထုတ်လုပ်ခြင်း၊ စပါးခင်းကို ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်ခြင်းများကို လုပ်နေရန် မလိုဟုဆိုချင် ပါသည်။ ကျနော်ထင်ပါသည်။ စီပီကုမ္ပဏီက မြန်မာနိုင်ငံတွင်ဖြန့်ဖြူးရောင်းချရန် အတွက်ထုတ် လုပ်သော 888 တံဆိပ်မျိုးစေ့စိုက်ခင်းအတွင်း မြန်မာစီပီကုမ္ပဏီ ဥက္ကဌပင်လျှင် တလတခေါက် ရောက်မည်မထင်ပါ။ သူ့မှာ ထို့ထက်ပို၍အရေးကြီးသောကိစ္စများဆောင်ရွက်ရန်မုချ ရှိနေမည်ဖြစ်ပါသည်။
နှိုင်းယှဉ်ပြစရာ မွေးမြူရေးတိရိစ္ဆာန် (၂) မျိုး
စိုက်ပျိုးရေးမှာကဲ့သို့ပင် တိရိစ္ဆာန်မွေးမြူရေးကိစ္စတွင်လည်း ဈေးကွက်တွင်လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုသော ကြက်မွေးမြူရေးက တဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာလျက် ဈေးကွက်ကို အညှစ်ခံထားရသော ဝက်၊ ဆိတ်နှင့် နွားမွေးမြူ ရေးလုပ်ငန်းများမှာ ဟုတ်တိပတ်တိ ဖွံ့ဖြိုး တိုးတက်လာခြင်းမရှိပါ။ အသားတိုး ကြက်မွေးမြူရေးကို ၁၉၉၇ ခုနှစ်ကစ၍ ကိုယ်တိုင် လုပ်ကိုင်ခဲ့သော စာရေးသူမှာ လွတ်လပ်သောဈေးကွက်စီးပွါးရေးစနစ်ကြောင့် မွေးမြူထုတ်လုပ် သူရော၊ စားသုံးသူများပါ အကျိုးရှိပုံကို လက်တွေ့အထင်အရှားကြုံတွေ့ခဲ့ရလေရာ လွတ်လပ်သော ဈေးကွက်မရှိသည့် မည်သည့် ရောင်းကုန်ပစ္စည်းမှ တိုးတက်ထုတ်လုပ်လာနိုင်မည်ဟု မယုံကြည်ပါ။ သို့ဖြစ်လေရာ စည်ပင်သာယာတွင် သားသတ်လိုင် စင်လေလံဆွဲဝယ်ယူရသည့် စနစ်ရှိနေသ၍ ဝက်၊ ဆိတ်၊ သိုး၊ နွား စသည့် သားသတ်လိုင်စင်စနစ်အောက်မှ တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာအောင် စီမံကိန်းများရေးဆွဲထားသည်ဟုဆိုလျှင် အောင်မြင်မည်မဟုတ်ဟု ရဲရဲကြီး ဆိုဝံ့ပါသည်။ ထိုစနစ်အောက်တွင် စားသုံးသူမှာ အလေးမပြည့် ရေထိုးသောအသားကို စားသုံးရလျက် မွေးမြူထုတ်လုပ်သူမှာ ဈေးအနှိမ်ခံရသဖြင့် တွက်ချေမကိုက်ဖြစ်သဖြင့် ထိုလုပ်ငန်းလုပ်လိုသူ နည်းပါးပါသည်။
ထိုတိရိစ္ဆာန်များမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လိုလျှင် သားသတ်လိုင်စင်စနစ်ကိုအရင် ဖျက်သိမ်းရပါမည်။ ထိုစနစ်ဖျက်သိမ်းပြီး၍ များမကြာမှီ မွေးမြူသူများအကျိုးရှိလာပါက စီပီကုမ္ပဏီကဲ့သို့သော မွေးမြူရေး ကုမ္ပဏီများက ၎င်းတို့တွင်အဆင်သင့်ရှိနေသော အသားတိုး ဝက်မျိုးများ၊ အသားတိုးဆိတ်၊ အသားတိုးသိုး၊ အသားတိုး နွား စသည်ဖြင့် ခေတ်မှီမျိုးကောင်း မျိုးသန့်များကို ခေတ်မှီမွေးမြူနည်းစနစ်များဖြင့် ထပ်ချပ်မကွာလိုက်ပါလာပါလိမ့်မည်။
ထိုသို့ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးများသည် မှန်ကန်သောပေါ်လစီချမှတ်နိုင်ရေးအတွက် လက်တွေ့နယ်ပယ် အတွင်းမှ စိုက်ပျိုးမွေးမြူသူများ၏ အခက်အခဲများကို နားလယ် အောင်ကြိုးစားလျက် ညွှန်ကြားချက်များထုတ်ဆင့်ဖြေရှင်း ပေးသင့်သည်ကို ညွှန်ကြားချက် ထုတ်ဆင့် ဖြေရှင်းပေးခြင်း၊ ဥပဒေပြု၍ဖြေရှင်းပေးသင့်သည့်ကိစ္စကို ဥပဒေများပြုစေရန် လွှတ်တော်သို့တင်သွင်းလျက် ဖြေရှင်းဆောင်ရွက်ပေးခြင်းပြုကြရပါမည်။ ဥပမာအားဖြင့် စိုက်ပျိုးသူများမှာ စိုက်ပျိုးစရိတ် အတွက်ငွေကြေးအရင်းအနှီးမလုံလောက်ကြပါ။ အစိုးရ စိုက်ဘဏ်မှချေးပေးသည့်ငွေသည်လည်း လုံလောက်မှုမရှိပါ။ သို့ဖြစ်ရာ ဒေသခံငွေရှင်ကြေးရှင် သီးနှံပွဲရုံများမှ ချေးယူကြရရာ အတိုးနှုံးမှာ များစွာကြီးလေးပါသည်။ ထိုကိစ္စမျိုးကို လယ်ယာမြေကို အပေါင်အနှံပြုလျက် အတိုးသက်သာစွာဖြင့် ဒေသခံငွေရှင်ကြေးရှင်ထံမှ ချေးယူသုံးစွဲနိုင်ရန် လယ်ယာ မြေဥပဒေတွင် ပြင်ဆင်ချက်ထည့်သွင်းလျှင် ဖြစ်နိုင်မဖြစ်နိုင်ဆိုသည့်ကိစ္စမျိုး၊ တရုပ်ပြည်ဘက်မှ ဆန်စပါးနှင့် ပြောင်းဖူးဆံကို ပိတ်ပင်ထားသည့်ကိစ္စကို ပိုမိုဖွင့်လှစ်ပေးရန် နှစ်နိုင်ငံစေ့စပ်ဆွေးနွေးအဖြေရှာခြင်းမျိုး၊ ခေတ်မှီမျိုးစေ့နှင့် တိရိစ္ဆာန် သားပေါက်များရောင်းချသည့် ကုမ္ပဏီကြီးများ တစ်ဦးတည်းလက်ဝါးကြီးအုပ်ခွင့်မရှိစေရန် အပြိုင်အဆိုင်ကုမ္ပဏီများကို ဖိတ်ခေါ်ခြင်းမျိုး စသည့် ပေါ်လစီဆိုင်ရာ ဂျက်ကျသည့်ကိစ္စများတွင်သာ အချိန်ကုန်ခံသင့် ပါကြောင်းတင်ပြရေးသား လိုက်ရ ပေ သည်။
ရဲထွန်း (သီပေါ)
ဤဆောင်းပါးကို ရန်ကုန်တိုင်းမ်စ် နေ့စဉ်သတင်းစာနှင့် မန္တလေးအလင်းဂျာနယ်တို့ တွင် ဖေါ်ပြပြီးဖြစ်ပါသည်။
Oo Yetun Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်