အလျှော့ပေးခြင်းတိုင်းသည် အရှုံးပေးခြင်းမဟုတ်

ပို့စ်တင်ချိန် - 10/31/2013 08:44:00 AM



၂၀၀၈ အခြေခံဥပဒေသည် ပြည်သူတို့ကို ကောင်းကျိုးပေးမည့် ဥပဒေမဟုတ်၊ တိုင်းပြည် ချောက်ထဲကျမည် စိုးသည်ဟု အကြောင်းပြကာ အခြေခံဥပဒေကို လက်ခံရန် ခြိမ်းခြောက် ပြောဆိုနေသူများသည် သတ္တိနည်းသော စစ်တပ် နောက်မြီးဆွဲများဖြစ်ပြီး ၂၀၁၅ အမီမှ အခြေခံဥပဒေ မပြင်ဆင်နိုင်ပါက အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ခြင်းဟု မသတ်မှတ်နိုင် စသဖြင့် ပြောဆိုသံများ ညံစီနေသည်။ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုတွင် ပုဂ္ဂိုလ်တစ်ဦးက စာရေးသူကို လာပြောသည်။ “အခြေခံဥပဒေ ပြင်ဆင်ဖို့ အန္တရာယ်များမှန်း သိပါတယ်။ ဒါပေမဲ့ အန္တရာယ်များလို့ ဆိုပြီး မလုပ်ဘဲ နေတာကတော့ သတ္တိနည်းရာ ကျပါတယ်။ အန္တရာယ်များလို့ ဆိုပြီး ငုံ့ခံနေလို့ ဘယ်ဖြစ်မလဲ” ဟူ၍။ အဆိုပါပုဂ္ဂိုလ်ပြောသော အန္တရာယ်များသည့် အခြေခံဥပဒေ ပြင်ဆင်ချက်ဆိုသည်မှာ လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ဖယ်ထုတ်ခြင်းနှင့် သမ္မတအရည်အချင်း ကန့်သတ်ချက် ပယ်ဖျက်ခြင်းတို့ ဖြစ်ကြောင်း စကားမဟရပါဘဲ အလိုလို နားလည်မိလိုက် ပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသည့်အချိန်မှ စ၍ ‘ချသမိုင်း’ ကို အစပျိုး ခဲ့ကြသည်။ ယခု ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မြန်မာ့နိုင်ငံရေး အကျိုးရှင် (Stakeholder) များမှာ ‘ချ’ ကြဖို့ အားသန်နေကြဆဲ ဖြစ်သည်ကို ပြက်ပြက်ထင်ထင် မြင်နေရသည်။ ၂၀၀၈ အခြေခံဥပဒေသည် မီးကျိုးမောင်းပျက် စံမမီ ဥပဒေတစ်ခု ဖြစ်သည်ဟု ထားပါလေ။ သို့သော် ယင်းအခြေခံဥပဒေ ပေါ်ပေါက်လာသောကြောင့် ပြည်သူတို့အတွက် အဆိပ်သင့်စရာ အဖြစ်အပျက် တစ်ခုတလေများ ရှိခဲ့လေသလား စာရေးသူ စဉ်းစားမိသည်။ အခြေခံဥပဒေပါ သတ်မှတ်ချက်ကြောင့် လွှတ်တော်တွင် ပါဝင်နေသော ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်များကြောင့် ပြဿနာ တစ်စုံတစ်ရာ ရှိခဲ့ဖူးသည် မဟုတ်။ လပေါင်း ၃၀ အလွန်အထိ ဇယား ၁၊ ၂၊ ၃၊ ၅ ပါ အချက်များ အငြင်းပွားစရာ ရှိနေသေးသော်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ကျွဲကူးရေပါ ဖြစ်မည့်ကိစ္စ ဖြစ်သည့်အတွက် အလောသုံးဆယ် ဆုံးဖြတ်နိုင်မည့်ကိစ္စ မဟုတ်သေး။ အကူးအပြောင်း ကာလတွင် ဖြစ်ပွားသော ပဋိပက္ခ ဖြစ်စဉ်များမှာလည်း အခြေခံဥပဒေနှင့် သက်ဆိုင်သည်ဟု မကြားမိ။
ဟုတ်ပါသည်။ အခြေခံဥပဒေမှာ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ခြင်း မရှိပါ။ သို့သော် မြန်မာနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်စည်ပင် ဝေဆာဖို့အတွက် အလုပ်ဖြစ်မြောက်ရန်က အရေးကြီးသလား၊ ဒီမိုကရေစီစံနှုန်းများ စာအုပ်ထဲတွင် မီနေဖို့က အရေးကြီးသလား ပြန်မေးကြဖို့ လိုပါသည်။ ဖွံ့ဖြိုးတိုးတက်မှု (Development) ပန်းတိုင်ကို အရောက်လှမ်းဖို့ရန်အတွက် စီးပွားရေး တည်ဆောက်ရန် အရေးတကြီး လိုအပ်ပါသည်။ နိုင်ငံတည်ဆောက်ခြင်း ဆိုသည်မှာ နိုင်ငံ၏ စီးပွားရေးကို တည်ဆောက်ခြင်းပင် ဖြစ်သည့်အတွက် နိုင်ငံ့ခေါင်းဆောင်များ စေတနာစိတ်ထား မှန်ကန်စွာ၊ တရားမျှတစွာဖြင့် နိုင်ငံ့စီးပွားရေးကို မည်သို့ ဖွံ့ဖြိုးတိုးတက်စေမည်ကို အလေးထား စဉ်းစားဆောင်ရွက်ရမည် ဖြစ်ပါသည်။
အနည်းငယ်သော ဆက်စပ်မှု ရှိသော်လည်း အခြေခံဥပဒေ ပြင်ဆင်နိုင်မှ မြန်မာ့စီးပွားရေး တိုးတက်အောင် လုပ်နိုင်မည် မဟုတ်ပါ။ ယခုအထိ ပွင့်လန်းလာသော နိုင်ငံရေး အခြေအနေများ၊ နိုင်ငံတကာ၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု၊ မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ရာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တည်ရှိမှုနှင့် ပထဝီ နိုင်ငံရေးတို့အရ မြန်မာ့ စီးပွားရေးတွင် အလားအလာကောင်း များစွာ ရှိနေပါသည်။ သို့သော် ထိုသို့ စီးပွားရေး တိုးတက်လာစေရန်အတွက် အရေးအကြီးဆုံးမှာ နိုင်ငံရေးတည် ငြိမ်မှုရှိခြင်းပင် ဖြစ်သည်။ အချင်းချင်း ရန်ဖြစ်နေသော၊ တစ်ယောက် တစ်ပေါက် ဖြစ်နေသော နိုင်ငံသို့ မည်သည့် စီးပွားရေးလုပ်ငန်းမှ အခြေမချ ချင်ကြပါ။ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကပင် ပြည်တွင်းတွင် လုပ်ငန်း မလုပ်ချင်ကြပါ။
ယခုအချိန်သည် နိုင်ငံတကာတွင် နာမည်ကောင်းရရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်လုံးအတွက် ပြည်သူများက များစွာ ဂုဏ်ယူနိုင်သည့် အခြေအနေတစ်ခု ရှိနေပြီ ဖြစ်သည်။ ဤသို့သော အခြေအနေကို ပျက်စီးခြင်း ဆိုက်မည်ကို မလိုလားပါ။ နိုင်ငံ့ကောင်းကျိုးအတွက် လက်တွဲလုပ်ဆောင်ရမည့် အချိန် ဖြစ်ပါသည်။ အချင်းချင်း မေးငေါ့ရန်စောင် နေရမည့်အချိန် မဟုတ်ပါ။ အခြေအနေမှန်ကို တွက်ဆနိုင်ပြီး အဆုံးအရှုံး နည်းသောလမ်းစဉ်ကို ချမှတ် ပေးနိုင်ခြင်းသည် တိုင်းပြု ပြည်ပြု ခေါင်းဆောင်ကောင်း တစ်ယောက်၏ အရည်အချင်းလည်း ဖြစ်ပါသည်။
လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေသော ယန္တရားကြီးမှာ အခြေခံဥပဒေနှင့် တိုက်ရိုက်လည်ပတ်နေခြင်း မဟုတ်သေး။ တည်ဆဲဥပဒေများနှင့် လည်ပတ်နေရခြင်း ဖြစ်သည်။ ၂ နှစ်ခွဲတာ ကာလတွင် အစိုးရယန္တရားမှာ အထက်အမိန့်အတိုင်း ဆောင်ရွက်ရသည့် အခြေအနေမှ ဥပဒေနှင့်အညီ ဟူသော အဆင့်ကို စပ်ကူးမပ်ကူးကာလ ဖြစ်သည်။ အခြေတကျ မရှိသေး။ ခေတ်နှင့် မလျော်ညီသော တည်ဆဲဥပဒေများကို ယခုမှ စတင်ပြင်ဆင်၊ ပယ်ဖျက်ရင်း အခြေခံဥပဒေကို အသက်သွင်းနေဆဲ အခြေအနေ ဖြစ်သည်။ တစ်ခါထပ်၍ တစ်ပတ်လည်ဦး မည်လား။ အာဏာသိမ်းမှာစိုးလို့ ဟူသော ခြိမ်းခြောက်ချက် မပါလျှင်သော်မှ အခြေခံဥပဒေ ပြင်ဆင်ရေးသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ပိတ်ဆို့မည့် လမ်းကြောင်းအစ ဖြစ်နေသည်ဟု မြင်ပါသည်။
ဤသို့ ဆိုသည့်အတွက် အခြေခံဥပဒေကို လုံးလုံး ပြင်ဆင်ရန်မလိုဟု ဆိုခြင်း မဟုတ်ပါ။ မည်သည့်အချက်များ ပြင်ဆင်သင့်သည်ကို ရှေ့ဆောင်းပါးများတွင် အနည်းအကျဉ်း ဖော်ပြပြီး ဖြစ်သည့်တိုင် အသေးစိတ် ဆွေးနွေးစရာများ ကျန်ရှိ နေပါသည်။ သို့သော် ကျန်ရှိ ကိစ္စများမှာ သက်ဆိုင်ရာ အကျိုးရှင်များ ညှိနှိုင်းလုပ်ဆောင်ရမည့် ကိစ္စရပ်များပင် ဖြစ်သည်။ မည်သည့် ကိစ္စရပ်မဆို အခြေခံဥပဒေ ပြင်ဆင်မည် ဆိုပါက အနိမ့်ဆုံး တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှု လိုအပ်ပါသည်။ တပ်မတော်သား ကိုယ်စားလှယ်များ အနေနှင့် တိုင်းပြည်တိုးတက်ရေး အတွက် အမှန်တကယ် အကျိုးရှိမည့် ပုဒ်မများကို ပြင်ဆင်ရာတွင် ထောက်ခံရန် လက်နှေးလိမ့်မည် မဟုတ်ဟု ထင်ပါသည်။
ထပ်မံ၍ ဘွင်းဘွင်းဆိုရလျှင် လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထည့်သွင်းထားခြင်း ပုဒ်မနှင့် သမ္မတ အရည်အချင်း ပုဒ်မ ပြင်ဆင်ရန်မှ လွဲလျှင် တပ်မတော်သား ကိုယ်စားလှယ်များ အနေနှင့် လွတ်လပ်စွာ ဆုံးဖြတ်နိုင် ကြပါလိမ့်မည်။ ယင်းပုဒ်မ နှစ်ခုမှာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို နစ်နာအောင် ပြုလုပ်မည့် ပုဒ်မများ မဟုတ်ဟု လွတ်လပ်စွာ ယူဆ နိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ စံနှုန်းဟူသည်ကိုမူ ထိခိုက်ကောင်း ထိခိုက်ပါလိမ့်မည်။ ဒီမိုကရေစီ စံနှုန်းနှင့် မညီသော တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှာလည်း နောက် ရွေးကောက်ပွဲ သက်တမ်း သုံးလေးခါအတွင်း အလိုအလျောက် လျှော့ချပြီးသား ဖြစ်ပါလိမ့်မည်။ ထို့အတူ သမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မအား ယခုအတိုင်း ထားခြင်းမှာလည်း နောင်၂၀၂၀ ပြည့်နှစ် အလွန်တွင် ဖြစ်မည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတလောင်းများအတွက် ပိုမို အဆင်ပြေပါလိမ့်မည်။ မြန်မာနိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍမှာလည်း သမ္မတတစ်ဦးဖြစ်ခြင်း ဆိုသည်ထက် ပိုသင့်ပါသည်။ သူမသည် တိုင်းပြည်၏ ဂုဏ်ဒြပ် တစ်ခု ဖြစ်သည်။ နိုဘယ်လ်ဆုရှင် ငြိမ်းချမ်းရေး အမှတ်အသားဖြစ်သည် မဟုတ်ပါလော။
ထို့ကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးကို သတိထား ဆောင်ရွက်ရန် ပြောနေခြင်းမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းနှင့် သမ္မတ အရည်အချင်းကို ထိပါးလာပါက တပ်မတော်၏ ဝင်ရောက် စွက်ဖက်ခြင်းကို စိုးရိမ်ရင်းစွဲ ရှိသူများ၏ အလျှော့ပေးလိုခြင်း ဖြစ်သည်ဟု မြင်ပါသည်။ ထို အလျှော့ပေးလိုခြင်းကို မှန်ကန်သည်ဟု ယူဆပါသည်။ အရေးကြီးသည်မှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ရန် ဖြစ်ပါသည်။ ဖွံ့ဖြိုးမှု တည်ဆောက်ရေးကို လျစ်လျူရှုကာ အခြေခံဥပဒေမှ လတ်တလော ဖယ်ထုတ်ရန် မည်သို့မျှ မဖြစ်နိုင်သေးသော၊ လိုလည်း မလိုအပ်သေးသော တပ်မတော်သား ကိုယ်စားလှယ်များနှင့် သမ္မတ အရည်အချင်း သတ်မှတ်ချက်ကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းနေသည် ဆိုပါလျှင် တစ်လွဲ ဆံပင်ကောင်းခြင်းသာ ဖြစ်ပါလိမ့်မည်။ ဗဟို ချုပ်ကိုင်မှု လျှော့ချခြင်းနှင့် ဒေသန္တရ အစိုးရများ အားကောင်းရေးတို့ ကဲ့သို့သော တပ်မတော်သား ကိုယ်စားလှယ်များပါ လက်ခံနိုင်မည့် အချက်များအား ပြင်ဆင်ခြင်းကိုမူ အပြည့်အဝ ထောက်ခံပါသည်။
နောက်ဆုံးအနေနှင့် ပြောလိုသည်မှာ မြန်မာနိုင်ငံအရေးတွင် အဓိက အကျဆုံးဖြစ်သော ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်တွင် မြန်မာ့ ဂုဏ်ဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာသည်ကို မြင်တွေ့ လိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၅ နောက်ပိုင်းတွင် သမ္မတတစ်ဦး အဖြစ်ထက် ငြိမ်းချမ်းရေး မိခင်တစ်ဦးအဖြစ် မြင်တွေ့လိုသည်။
“နိုင်ငံအခြေတကျ တည်ငြိမ်သွားတဲ့အခါ နိုင်ငံရေးလောကက အနားယူပြီး စာရေးရင်း အေးအေးပဲ နေတော့မည်”ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ဖူးသည် မဟုတ်ပါလော။
သခင်

thevoicemyanmar