စွဲထင်ကျန်ရစ်နေသော ဘာလင်နေ့ရက်များ စွဲထင်ကျန်ရစ်နေသော ဘာလင်နေ့ရက်များ

ပို့စ်တင်ချိန် - 10/30/2013 09:03:00 AM


ကားစီးပြီး လမ်းလျှောက်ရင်း နောက်ဆုံး ကြီးမားသော အဆောက်အအုံရှေ့ လေးယောက်သား ခြေစုံ ရပ်မိသည်။ အကြီးဆုံး ရဲစခန်းကို ရောက်ဖူးသည်ဆို၍ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုန်းက ကင်မရာထဲက မန်မိုရီကတ် သိမ်းသွားလို့ ရန်ကုန်တိုင်း ရဲရုံးကို သွားတောင်းစဉ် အခါကသာ ရှိသည် (ကတ်လည်း ပြန်မရခဲ့ပါ)။ မြို့နယ်ရဲစခန်းဟု ဂျာမန် အမျိုးသမီးက ပြောထား၍ ခပ်သေးသေးပဲ ရှိမည်ဟုထင်သည့် အထင်မှာ တက်တက်စင် လွဲနေသည့်အပြင် ရဲစခန်းဆိုင်းဘုတ် လိုက်ရှာရာ မတွေ့သဖြင့် ဂျာမန် အမျိုးသမီးကို ခပ်တွေတွေ ပြန်ကြည့်လိုက်မိသည်။ ဟောတွေ့ပြီ။ အဆောက်အအုံ၏ အလယ်အောက် ဘက်လောက်မှာ တစ်ပေလောက်ရှိမည့် ဒေါင်လိုက် ခပ်သေးသေး ဆိုင်းဘုတ်လေး Polizei Abschnitt 32 ဟု ရေးထားသည်။
ဘာလင်မှာ ဒီလိုနေရာ ရောက်ဖူးဖို့ မလွယ်ဘူး ဆိုသဖြင့် အဖော်လိုက်လာသည့် သူငယ်ချင်း နှစ်ယောက်လည်း အဆောက်အအုံကြီး ကြည့်ပြီး အံ့အားသင့်လျက် ရှိသည်။ မြန်မာနိုင်ငံက ရဲစခန်းများလို ခပ်တည်တည်နှင့် ရဲစခန်းထဲဝင်၍ ရမည်အထင်နှင့် အဆောက်အအုံထဲ ဝင်ဖို့ တာစူနေသော ကျွန်မတို့ တွက်ကိန်း မှားသွားသည်။ ရှည်မျော ကျဉ်းမြောင်းသည့် မှန်တံခါးရှေ့က ကင်မရာနှင့် မိုက်ပေါက်ကနေ ခလုတ်နှိပ်ပြီး အတူပါလာသည့် မိတ်ဆွေ ဂျာမန်အမျိုးသမီးက ကျွန်မတို့ လာရင်း အကြောင်းအရင်းကို ပြောလိုက်ပြီး ခဏကြာ စောင့်ပြီးမှ တံခါးက ပွင့်သွားသည်။ တံခါးစောင့်မလို။ CCTV ကင်မရာများမှတစ်ဆင့် စောင့်ကြည့်ပြီး အထဲကနေ ခလုတ်ဖြင့် ဖွင့်ပေးလိုက်သည်။
လှေကားကတက်ပြီး ပထမထပ်အရောက် ဂျာမန်အမျိုးသမီးက အခန်းတစ်ခုထဲ ဝင်သွားသည်။ ကျွန်မတို့လည်း လိုက်ဝင်ရသည်။ အထဲရောက်တော့ အခန်းတွင်းထဲ ဝင်၍မရအောင် လေးပေလောက်ရှိသည့် သစ်သားလိုမျိုးနှင့် ကန့်ထားပြီး အဲ့ဒီနေရာကနေ အခန်းထဲမှာရှိသော ကွန်ပျူတာ ခပ်ကြီးကြီးနောက်မှာ ထိုင်နေသည့် ရဲအရာရှိ တစ်ယောက်ကို ဂျာမန်အမျိုးသမီးက လာရင်းအကြောင်းအရာကို ပြောလိုက်သည်။ အပြာနု ရဲဝတ်စုံကို ဝတ်ဆင်ထားသည့် ရဲအရာရှိက ဘာပြောလိုက်လဲမသိ။ ဂျာမန်အမျိုးသမီးက ငါတို့အပြင်မှာ စောင့်ရမယ်ဆိုပြီး စင်္ကြံဘက်ကို ပြန်ထွက်လာရသည်။



စင်္ကြံမှာ အလင်းရောင် သိပ်မကောင်း။ ခပ်မှိန်မှိန် မီးချောင်းတွေသာ ရှိသည်။ စင်္ကြံမှာ စောင့်ရန် ခုံရှာတော့ ပလတ်စတစ် ထိုင်ခုံလေးခုကို တွေ့သည်။ ထိုင်ခုံများပေါ်တွင် ကိုယ့်ထက်အရင် စောရောက်နေသူ ဂျာမန် ဖြစ်ပုံရသော ခပ်ဝဝလူသုံးဦး ထိုင်နေကြသည်။ ခဏပဲနေမှာပါ၊ မတ်တတ်ရပ် စောင့်မည် အတွေးနှင့် နံရံမှာကပ်ထားသော နံရံကပ်စာစောင်များ စူးစမ်းလိုက် ဟိုကြည့် ဒီကြည့်လိုက်နှင့် စင်္ကြံမှာ စောင့်နေကြရသည်။ လူသတ် လုယက်သွားသော တရားခံတစ်ဦးကို အလိုရှိကြောင်း ကြော်ငြာကို နံရံမှာ ကပ်ထားသည်ကိုလည်း ဖတ်ရသည်။ အဲ့ဒီအချိန်မှာပဲ ဇာတ်ကားများထဲ လက်ဝှေ့ပွဲများတွင် တွေ့ရတတ်သော လူလိုမျိုး ဗလတောင့်တောင့် အရပ်ခြောက်ပေလောက် ရှိသော လူကြီးတစ်ယောက်ကို လက်ထိတ်ခပ်လျက် ရဲသားကြီး နှစ်ယောက်က ဆွဲခေါ်သွားသည်။
ဂျင်းဘောင်းဘီနှင့် စပို့ရှပ် တွဲဝတ်ထားသော ထိုလူဆိုး ဘာအမှုနှင့် အဖမ်းခံရလည်းတော့ မသိ။ သူ့ပုံစံက အက်ရှင် ဇာတ်ကားထဲက လူဆိုးလို ဂိုက်နှင့်မို့ ဟိုဘက်ကြည့်သလို ဒီဘက်ကြည့်သလိုနှင့် ခပ်လှမ်းလှမ်းက ခပ်စွေစွေ အကဲခတ်ရသည်။ သူ့ကို ဘေးတစ်ဖက် တစ်ချက်ဆီက ဖမ်းသွားသည့် ရဲသားများကလည်း ထိုလူဆိုးထက် ခန္ဓာကိုယ် ပိုထွားကျိုင်းလှသည်။ မြန်မာနိုင်ငံက ရဲများကိုသာ မြင်ဖူးတာမို့ သူတို့ ဗလများကြည့်ပြီး ဒီရဲတွေ ငါတို့နိုင်ငံက လူဆိုးတွေ လိုက်ဖမ်းလို့ မိလိုက်ရင်တော့ မလွယ်ဘူးဟု စဉ်းစားလိုက်မိသည်။
ထိုလူဆိုးကို ဖမ်းသွားသူတို့ စင်္ကြံမှ ပျောက်ကွယ်သွားသည့်အခါ ပတ်ဝန်းကျင်က ပြန်တိတ်ဆိတ် သွားပြန်သည်။ ရဲစခန်းကို ရောက်တုန်းက ညနေ ၄ နာရီ ၁၅ မိနစ်လောက် ရှိပြီ။ ယခု ၄ နာရီခွဲ။ ဘာလုပ်ရမှန်းမသိ အားလုံး ညောင်းလာကြသည်။ ဂျာမန်အမျိုးသမီး စကားသံ ထွက်လာသည်။ ကြာဦးမယ် ထင်တယ်။ ငါတို့ ထိုင်ကြရအောင်။ ဒီမှာက ဒီလိုပဲ ကြာတတ်တယ်။ စောစောက အခန်းထဲက ရဲသား ဦးလေးကြီးကို မှန်ကနေတစ်ဆင့် မြင်နေရသည်။ ထိုဦးလေးကြီးမှာ ကွန်ပျူတာကြီး ကြည့်ပြီး ငြိမ်နေသည်။ ကျွန်မက သူဘာတွေများ စိတ်ဝင်တစား ကွန်ပျူတာကို ကြည့်နေလဲ မသိဘူးလို့ ပြောလိုက်တော့ ဂျာမန် အမျိုးသမီးက ဂိမ်းကစားနေတာ ဖြစ်မယ်လို့ ခပ်နောက်နောက် ပြောလိုက်ရာ ကျွန်မတို့ ရယ်မောမိကြသည်။
ရယ်မောရင်း ဘာလင် ရဲစခန်းကို ဘာ့ကြောင့် ရောက်လာခဲ့ရသလဲဆိုသည့် အတွေးက ခေါင်းထဲ ပြန်ရောက်လာကာ ကျွန်မ ငြိမ်သက်သွားမိသည်။
ဥရောပသို့ ပထမဆုံး သွားရသောခရီး။ မသွားခင်ကတည်းက ဘာကိုမှန်းမသိ စိတ်လှုပ်ရှားနေခဲ့သည်။ ကမ္ဘာ့ စီးပွားရေး ထိပ်တန်းနိုင်ငံများတွင် ပါဝင်သော ဂျာမနီနိုင်ငံ။ ထိုနိုင်ငံမြို့တော် ဘာလင်သို့ သွားရောက်ရန် ကံကဖန်လာသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်အချိန်တွင် နိုင်ငံပေါင်းစုံ အဖွဲ့ကြီး၏ ရုံးဌာနချုပ်အဖြစ် ထားရှိခဲ့သော ဘာလင်မြို့သို့ နာရီပေါင်း ၁၂ နာရီကျော် ကုန်ဆုံးအပြီးတွင်တော့ အေးစိမ့်စိမ့် ဆောင်းဦးရာသီဖြစ်သော အောက်တိုဘာ လဆန်းရက်တစ်ရက်၏ သောကြာနေ့ ညဘက်တွင် ရောက်သွားသည်။ စနေ၊ တနင်္ဂနွေမှာ တစ်မြို့လုံး လည်ပတ်ရေး အစီအစဉ် ဖြစ်သည်။ သမိုင်းဝင်နေရာများ သွားရမည် ဖြစ်သည့်အတွက် ကျွန်မ စနေနေ့ မနက်အစောထဲက တက်ကြွနေသည်။ ယနေ့သွားမည့် အစီအစဉ်ထဲတွင် ကျွန်မ အလွန်သွားချင်သော ဘာလင်တံတိုင်းလည်း ပါဝင်နေသည်။
ကျွန်မတို့ တည်းသည့် ဟိုတယ်မှ ရထား၊ ကားများစီးကာ သမိုင်းဝင် နေရာပေါင်းများစွာကို လိုက်ပို့ပေးသည်။ ကျွန်မတို့ကို လိုက်ပို့ပေးသည့် ဂျာမန် အမျိုးသမီးမှာ ဂျာမနီ သမိုင်းကြောင်းကို အဆောက်အအုံများ လိုက်ပြရင်း သေချာရှင်းပြပေးသည်။ တကယ့်ကို တန်ဖိုးရှိလှသည်။ ဘာလင်မြို့နန်းတော်၊ ပြတိုက်များနှင့် နောက်ဆုံးသွားမည့် နေရာမှာ ဘာလင်တံတိုင်း ဖြစ်သည်။ ဘာလင်တံတိုင်းကို မသွားခင် လမ်းတွင်ရှိသော ဈေးတွင် အင်္ကျီဝယ်လိုက်သေးသည်။
travel_shkyntbl_YNA_03အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီကို ရာစုနှစ်၏ လေးပုံတစ်ပုံခန့် ကြာအောင် ပိုင်းခြားထားခဲ့သည့် ဘာလင်တံတိုင်း။ တရားဝင်စာရင်းအရ အနောက်ဂျာမနီသို့ ဖြတ်ကူးရန် ကြိုးပမ်းသည့် လူ ၉၈ ဦးခန့် အသတ်ခံခဲ့ရသည်။ ထိုတံတိုင်းကြီးမှာ ၁၉၈၉ ခုနှစ်တွင် ပြိုပျက်သွားကာ အရှေ့နှင့်အနောက် ပြန်လည် ပေါင်းစည်းခဲ့သည်။ နံရံတွင် Graffiti ပန်းချီများ ရေးဆွဲထားသည့် ဘာလင်တံတိုင်း။ ကျွန်မတို့ အဖွဲ့လည်း ဂျာမန်အမျိုးသမီး ရှင်းပြသည်ကို နားထောင်ရင်း ဓာတ်ပုံရိုက်ရင်း လျှောက်သွားနေကြသည်။
ကိုယ်ရောက်ဖူးချင်သော နေရာပေါင်း များစွာကိုလည်း ရောက်ရသည်၊ သမိုင်းကြောင်းကိုလည်း ဂျာမန် အမျိုးသမီးက သေချာရှင်းပြသည်။ မြို့တွင်း ပို့ဆောင်ရေး၊ နေထိုင်မှု ပုံစံတို့ကိုလည်း ဘယ်နေရာ သွားသွား သေချာလေ့လာရင်း တစ်နေကုန် နေရာပေါင်း များစွာကို သွားရင်း ပျော်ရွှင်နေသည်။ ဘာလင်တံတိုင်းက ယနေ့အတွက် နောက်ဆုံးနေရာ ဖြစ်သည့်အတွက် ဘာလင်တံတိုင်းကအထွက် ဟိုတယ်ပြန်ရန် စဉ်းစားကြသည်။ ညနေစာမှာ မိမိတို့ အစီအစဉ်နှင့် စားရမည် ဖြစ်သည့်အတွက် ဥရောပ အစားအစာ စားရတာ ခံတွင်းမတွေ့သော ကျွန်မအပါအဝင် ငါးယောက်က ဟိုတယ်နှင့် သိပ်မဝေးသည့် နေရာတွင်ရှိသည့် တရုတ်ဆိုင်တွင် သွားစားရန် ပြင်သည်။ စားပြီးမှ ဟိုတယ် ပြန်မည်။
တရုတ်ဆိုင်တွင် ထမင်းကြော်မှာရင်း ညနေစာကို အားပါးတရ စားနေကြသည်။ စားပြီးသောက်ပြီး ပိုက်ဆံရှင်းမည်ပြင်တော့ ကျွန်မစားသည့် ထမင်းကြော်က ၇ ယူရိုကျသည်။ ထို့ကြောင့် အိတ်အတွင်းမှ ပိုက်ဆံအိတ်ကိုထုတ်ရန် ပိုက်ဆံအိတ်ရှာရာ မတွေ့။ ကျွန်မ ခေါင်းနပန်းကြီးသွားသည်။ သေချာ အထပ်ထပ်ရှာသည်။ လုံးဝမတွေ့သည့်အဆုံး အတူလာသည့် သူငယ်ချင်းများကို ပြောရာ ကျွန်မအထုပ်များကို အကုန်လုံး ရှာကြသည်။ ဘယ်လိုရှာရှာ မတွေ့ပါ။ ကျွန်မ အကျပ်ရိုက်သွားသည်။ ပိုက်ဆံအိတ်ထဲတွင် ပတ်စ်ပို့ပါသည်။ ရုံးကတ်ပါသည်။ ပါလာသမျှ ပိုက်ဆံတွေ အကုန်ထည့်ထားမိသည်။ အေးလွန်း၍ ဝတ်ထားရသည့် အနွေးထည်များကို ချွတ်ပစ်ချင်စိတ် ပေါက်အောင် ချွေးတွေ ပြန်လာသည်။ ထိုသို့ မပျောက်ဖူးဘူး။
ပြန်စဉ်းစားသည်။ ဘာလင်တံတိုင်းမှာ ကျကျန်ခဲ့သလား။ ခါးပိုက် အနှိုက်ခံခဲ့ရသလား မသေချာ။ ဘာလင်တံတိုင်း မရောက်ခင် အဖေ့အတွက် ကျွန်မ အင်္ကျီဝယ်သေးသည်။ ထို့ကြောင့် ဘာလင်တံတိုင်းမှာသာ ပျောက်တာ သေချာသည်။ ကျွန်မမျက်နှာ ဇီးရွက်သာသာသာ ရှိတော့သည်။ ကျွန်မတို့ ငါးယောက် ဟိုတယ်သို့ သုတ်ခြေတင်ကြသည်။ အားလုံးက ဘာမှစိတ်မပူရန် ဆိုသော်လည်း ကျွန်မ ပါသမျှ ပိုက်ဆံတွေကော၊ ပတ်စ်ပို့ကော ထိုပိုက်ဆံအိတ်အတွင်း အကုန်ပါ သွားသည်မို့ စိတ်ပူနေသည်။
ဟိုတယ်ရောက်တော့ ကျွန်မတို့အဖွဲ့က တစ်ယောက်က ဂျာမန် အမျိုးသမီးဆီ ကျွန်မ ပိုက်ဆံအိတ် ပျောက်ကြောင်း အသေးစိတ် ဖုန်းဆက် ပြောပြလိုက်သည်။ ဂျာမန်အမျိုးသမီးက မနက်ဖြန်ကျလျှင် ထိုနေရာသို့ သူသွားမည် ဖြစ်သည့်အတွက် စိတ်မပူရန်၊ အားလုံး အဆင်ပြေမှာပါ ပြောပြီး ဖုန်းချသွားသည်။ ကျွန်မ အခန်းပြန်ရောက်တော့ အတူနေသည့် သူငယ်ချင်းကလည်း အားပေးရှာသည်။ သို့သော် ကိုယ့်အပူကိုယ်သာ အသိဆုံး။ မြန်မာနိုင်ငံသို့ မပြန်ရလျင်၊ နောက်နေ့တွေ အစားအသောက်အတွက် ဘယ်လို ဆက်လုပ်ရမည်… ထို ထိုအရာတွေနှင့် ကျွန်မခေါင်းတစ်ခုလုံး တူနှင့်ထုထားသလို ဖြစ်နေသည်။
အိမ်ကို အကြောင်းကြားတော့ အဖေက ဆူသည်။ မှန်ပါသည်။ ကျွန်မ သတိလျော့သွားခဲ့ခြင်း ဖြစ်သည်။ ရထားများ၊ ကားများစီးရင်း သွားနေရသော နေရာတွေက အများကြီး ဖြစ်သည်။ ဥရောပနိုင်ငံ ဖြစ်၍ ကျွန်မ သတိလျော့သွားခဲ့သည်။ တစ်ညလုံး စိတ်ပူနေသည်။ မြန်မာနိုင်ငံက မိသားစုများကလည်း စိတ်ပူကာ ဘာမှမပူနဲ့၊ အဆင်မပြေရင် လာခေါ်မည်ဟု ပြောကြရာ မည်သို့ဆိုစေ စိတ်ပူမှု အနည်းငယ် လျော့သွားသည်။
နောက်နေ့ တနင်္ဂနွေနံနက်။ ယနေ့သည်လည်း မြို့တွင်း Sight-seeing ဖြစ်သည်။ ဟိုတယ်အောက် ရောက်တော့ ဂျာမန် အမျိုးသမီးက ကျွန်မကိုတွေ့တော့ လှမ်းဖက်ရင်း သူစိတ်မကောင်း ဖြစ်ရကြောင်း၊ အဲဒီနေရာနားက ရဲစခန်းနဲ့ တာဝန်ရှိသူတို့ဆီ သူသွားခဲ့ကြောင်း၊ ပိုက်ဆံအိတ်ကို မတွေ့ဘူးဟု ပြောကြောင်းဆိုသည်။ ဘာမှမပူနဲ့၊ အဆင်ပြေမှာပါလို့ ပြောရင်း ကျွန်မကို တင်းကျပ်စွာဖက်ရင်း နှစ်သိမ့်ရှာသည်။ သူဖက်လိုက်မှ စပျောက်ထဲက တင်းထားသည့်စိတ်က လျော့ကျသလို ဖြစ်ကာ မျက်ရည်ဝဲတက်လာသည်။ အားလည်း ငယ်သွားသည်။ အဖွဲ့ထဲ ပါသူများကလည်း ကူညီကြသည်။ ဘာလင်က မြန်မာသံရုံးဆီ အီးမေးလ် ပို့ပေးသည်။ မြန်မာသံရုံးက ချက်ချင်းဖုန်းဆက်သည်။ ဒီနေ့ ရုံးပိတ်ရက်ဖြစ်လို့ တနင်္လာနေ့ နံနက် ၁၀ နာရီ အရောက်လာခဲ့ရန် မှာသည်။ ဂျာမန် အမျိုးသမီးကို ပြောပြတော့ ယခုခရီးစဉ်တွင် တာဝန်ရှိသူကို ပြောပြပြီး ကျွန်မနှင့်အတူ တစ်ယောက်ကို ထည့်လိုက်မည်။ အဲ့ဒီအချိန် ရောက်စေရမည်ဟု ကတိပေးသည်။ ထို့နောက် မြို့တွင်း Sight-seeing ကို စကြသည်။
ပထမဆုံး သွားကြသည်က ရှေးဟောင်း ခရစ်ယာန် ဘုရားရှိခိုး ကျောင်းကြီးဆီသို့ ဖြစ်သည်။ အသွား တစ်လမ်းလုံး ကျွန်မစိတ်ဓာတ် အတော်ကျနေသည်။ မြန်မာနိုင်ငံကနေလည်း ဖုန်းတွေဝင်သည်။ စိတ်မညစ်နဲ့ ပျော်ပျော်နေ။ လေ့လာစရာ ရှိသည်များကို လေ့လာရန် အားပေးသည်။ သို့သော် လတ်တလော အခြေအနေက ဘာမှန်း မသိသေးသည့်အတွက် ကျွန်မစိတ်ဓာတ် အရမ်းကျနေသည်။ ဘုရားရှိခိုးကျောင်းထဲ ရောက်တော့ အဖွဲ့ကလူတွေ နံရံနှင့် အမိုးများရှိသော ရှေးခေတ် အနုပညာ လက်ရာများကို လေ့လာသူက လေ့လာ၊ ဓာတ်ပုံရိုက်သူက ရိုက်နှင့် အသီးသီး စိတ်ဝင်စားရာ လေ့လာနေကြသည်။ ကျွန်မတစ်ယောက် ထိုဘုရားကျောင်းကြီးထဲ အားငယ်ညှိုးငယ်စွာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ လေ့လာရန်လည်း စိတ်မပါပေ။ နောက်ဆုံး ဘာပဲဖြစ်ဖြစ်ဟု စိတ်ထဲ ဆုံးဖြတ်လိုက်ကာ ဘုရားကျောင်းရှိ ထိုင်ခုံများထဲက တစ်ခုံတွင် သွားထိုင်လိုက်သည်။ ဗုဒ္ဓဘာသာဝင်ကျွန်မ ဒီနိုင်ငံမှာ အခက်အခဲ ဖြစ်နေရာ ဘာလုပ်ရမှန်းလည်း မသိ။


ကျွန်မ လက်ဝါးကပ်တိုင်ရှိ ယေရှုကို ကြည့်ရင်း မျက်စိမှိတ်ရင်း ဆုတောင်းလိုက်မိသည်။ ဗုဒ္ဓဘာသာဝင် ကျွန်မဒီနိုင်ငံမှာ ဒုက္ခရောက်နေလို့ အခက်အခဲတွေ တတ်နိုင်သမျှ ပြေလည်ရန်၊ သူတပါးကိုလည်း ယခုထက် ပိုအကူအညီ ပေးမည်ဟု ကတိပေးရင်း မျက်လုံးမှိတ် ငြိမ်သက်စွာ ဆုတောင်းမိသည်။ မျက်ရည်များလည်း ဝဲနှင့်။
ဆုတောင်းပြီး ခဏအကြာ ကျွန်မတို့အဖွဲ့က ဆရာတစ်ယောက်က ကျွန်မသုံးရန်အတွက် ယူရို ၅၀ ယူထားဆိုပြီး လာပေးသည်။ အားမငယ်နှင့် အားလုံးဘေးမှာ အတူတူ ဖြေရှင်းပေးကြမည်ဟုလည်း ပြောသည်။ နေ့လယ်စာကို ဂျာမန် အမျိုးသမီးက ကျွေးသည်။ စားနေသည့်အချိန် အဖွဲ့ထဲမှာ နောက်ထပ် ဆရာတစ်ယောက်က ယူရို ၅၀ ပေးပြန်သည်။ လက်ထဲတွင် ယူရို ၁၀၀ ရောက်လာပြီး ကျွန်မ သူငယ်ချင်းကတောင် စသည်။ သူ့မှာတောင် အဲဒီလောက် မရှိဘူးတဲ့။ ကျွန်မဒုက္ခရောက်ချိန် ကူညီကြသူ အားလုံးကိုလည်း ကျေးဇူးတင်မိသည်။ မြန်မာလူမျိုး အချင်းချင်း ဖေးမမှုက ကျွန်မကို အားဖြစ်စေသည်။
စားပြီး နေရာများသို့ လေ့လာရေး ဆက်ကြပြန်သည်။ ယနေ့သွားသည့် နေရာများတွင် ဂျူးလူမျိုး များကို နာဇီတွေ အစုအလိုက် အပြုံလိုက် သတ်ခဲ့သည့် နေရာတွင် ပြန်လည်ကာ အုတ်ဂူများ လုပ်ပေးထားသည့် နေရာကိုလည်း သွားခဲ့ရသည်။ ဖုန်းဝင်လာသည်။ သံရုံးလာရင် ပတ်စ်ပို့ ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံစာ ယူလာခဲ့ပါတဲ့။ ဒုက္ခပါပဲ။ မြန်မာနိုင်ငံလို လွယ်ကူသည့် အရာမဟုတ်။ ထို့ကြောင့် ဂျာမန် အမျိုးသမီးကို ပြောတော့ ဂျူးတွေအတွက် ပြန်လည် ပြုလုပ်ထားပေးသည့် နေရာပြီးရင် ငါတို့ ရဲစခန်း သွားကြမည်ဟု ဆိုသည်။ ထို့ကြောင့် ဘာလင်တွင် ပိုက်ဆံအိတ် ပျောက်ရာကနေ ကျွန်မရဲစခန်းသို့ ရောက်ဖူးသွားရသည်။
ညနေ ၅ နာရီ ထိုးခါနီးနေပြီ။ စောင့်ရသည်မှာလည်း နာရီဝက်ကျော် တစ်နာရီနီးပါး ရှိတော့မည်။ ကျွန်မတို့ မတ်တပ်မရပ်နိုင်တော့။ သံမံတလင်းပေါ်တွင် အိတ်များကိုချ၊ လူလည်းထိုင်ရင်း စောင့်နေရသည်။ ခဏအကြာ အရပ်အမောင်း ကောင်းကောင်း ခပ်ဝဝ အပြာနု ဝတ်စုံဝတ် ပုခုံးတွင် လိုင်းနှစ်ရစ်ပါသည့် အမျိုးသမီးက အခန်းတွင်း ဝင်ရန်ပြောသည်။ တော်သေးသည်။ နောက်ဆုံးတော့ ကျွန်မတို့အလှည့် ရောက်သွားသည်။ အခန်းထဲတွင် ကွန်ပျူတာ တင်ထားသော စားပွဲခပ်ကြီးကြီးတစ်လုံး တွေ့ရသည်။
အထဲရောက်တော့ ဂျာမန်အမျိုးသမီးက အဆိုပါ ရဲအရာရှိကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။ ကျွန်မကို ဘာမှမေးမြန်းမှုမလုပ်။ ကျွန်မမှာတော့ ကျွန်မပိုက်ဆံအိတ်က ဘယ်လိုပုံ။ ဘာရောင်။ ဘယ်တုန်းက ဘယ်လိုပျောက်တာ ရှင်းပြရမည် ထင်နေရာ အထင်က မှားသွားပြန်သည်။ အဆိုပါ အမျိုးသမီးက ဖော်ရွေစွာ ပြုံးပြရင်း အတူပါလာသည့် ဂျာမန် အမျိုးသမီးကို ဂျာမန်လို ပြောနေပြန်သည်။ ကျွန်မပတ်စ်ပို့ မိတ္တူကို ဂျာမန် အမျိုးသမီးက ရဲအရာရှိကို ပေးလိုက်ရာ ကွန်ပျူတာထဲ သူရိုက်ထည့်နေပြီး ခဏအကြာ ပတ်စ်ပို့ ပျောက်ဆုံးကြောင်း ဂျာမန်လို ရေးထားတာက တစ်စောင်၊ အင်္ဂလိပ်လို ရေးထားတာကတစ်စောင် ထောက်ခံစာကို အလွယ်တကူ ရလိုက်သည်။ ထိုရဲအရာရှိ အမျိုးသမီးက ကျွန်မတို့နှင့် အမှတ်တရ ဓာတ်ပုံတောင် တွဲရိုက်လိုက်သေးသည်။ နိုင်ငံခြားသားများကို နူးညံ့သိမ်မွေ့စွာ ပြောဆိုဆက်ဆံသည်။
နောက်မှ သိရသည်က သူတို့နိုင်ငံတွင် ယခုအချိန်မှာ ခရီးသွားရာသီ ဖြစ်ပြီး ခရီးသွား အရမ်းဝင်နေသည့် အချိန်လည်း ဖြစ်သည့်အတွက် ပိုက်ဆံအိတ် ပျောက်ကြသူ အရမ်းများသည်။ တခြားသူများ သတိထားရန် အဆိုပါ ဂျာမန်အမျိုးသမီး ရဲအရာရှိက ကျွန်မတို့နှင့် အတူပါလာသည့် ဂျာမန် အမျိုးသမီးကို မှာလိုက်သည်။ ကျွန်မက ထိုအထဲ ကံဆိုးသွားခြင်း ဖြစ်သည်။
ထောက်ခံစာ ရလိုက်ပြီ ဖြစ်သည့်အတွက် ပတ်စ်ပို့ ပြန်လုပ်ရန် တဖြည်းဖြည်း နီးလာ၍ ပျော်ရွှင်စွာ ကျွန်မတို့ ဟိုတယ် ပြန်ကြသည်။ အပြန် ဂျာမနီရိုးရာ အစားအသောက်တစ်မျိုးကို ဂျာမန် အမျိုးသမီးက ဝယ်ကျွေး၍ စားကောင်းကောင်းနှင့် စားကြသေးသည်။ နောက်နေ့မှာ အစီအစဉ် ပထမနေ့။ ကျွန်မ အပြည့်မတက်နိုင်။ ကျွန်မ မြန်မာသံရုံးသို့ ၁၀ နာရီရောက်မှ ဖြစ်မည်။ ဂျာမနီတွင် နှစ် ၂၀ ကျော် နေလာခဲ့သော မြန်မာအမျိုးသမီးနှင့် ကျွန်မတို့ မြန်မာသံရုံးဆီ ခရီးဆက်ကြသည်။ ရထားလေးစင်း ပြောင်းစီးရသည်။ အဝေးကြီးသွားရသည်။ နောက်ဆုံး ခြံဝင်းလေးထဲက မြန်မာသံရုံးဆီ ရောက်သွားသည်။ ကျွန်မဖြစ်စဉ်ကို အကုန်ပြောပြတော့ CI (Certificate of Identify) ရမည်၊ အဲဒါနှင့် မြန်မာနိုင်ငံ ပြန်လို့ရသည်။ ကျွန်မက ဟန်းဘတ်ကို ဆက်သွားရန် ရှိသည်ဆိုတော့ ပြဿနာမရှိပါ။ ဟန်းဘတ်မြို့ကို ဝင်ရင် ပတ်စ်ပို့ မစစ်ဘူးဟု ပြောပြသည်။
ပတ်စ်ပို့၊ ရဲစခန်းထောက်ခံစာ၊ အစီအစဉ်က ဖိတ်ကြားသည့်စာ၊ လေယာဉ်လက်မှတ် စသည့်စာရွက် စာတမ်းမိတ္တူများ ပေးရသည်။ ပျောက်ဆုံးခြင်းအကြောင်း တစ်မျက်နှာ ရေးပေးရသည်။ ဖောင်များ ဖြည့်ရသည်။ အားလုံးပြီးသောအခါ သောကြာနေ့ကျရင် CI ရမည်၊ ထိုနေ့ ပြန်လာခဲ့ပါဟု ဆိုသည်။ ထို CI အတွက် အခကြေးငွေ မည်မျှပေးရမည်နည်း မေးရာ မပေးရပါဟု သံရုံးဝန်ထမ်း အမျိုးသမီးက ဖော်ရွေခင်မင်စွာ ပြောပြသည်။ (မလေးရှားက သူငယ်ချင်း တစ်ယောက်ကတော့ သူတို့ဆီတွင် CI လုပ်လျင် ငါးသိန်းပေးရသည်ဟု ဆိုသည်)
ကဲ အကုန်အဆင်ပြေသည်။ ကျွန်မ အခုမှ စိတ်ညစ်တာ ပျောက်ကုန်သည်။ တော်သေးသည်။ သောကြာနေ့ကျရင် CI ရလျှင် ပြန်လို့ရပြီ။ သို့သော် လက်ထဲ စာအုပ်မရောက်သေးသဖြင့် စိတ်ထဲ စိုးရိမ်နေသေးသည်။ ခရီးစဉ် စီစဉ်ပေးသော အဖွဲ့အစည်းကလည်း အစစအရာရာ ဂရုစိုက်သည်။ အကုန်စီစဉ် ပေးသည်။ အဖွဲ့က လူများကလည်း အားပေးသည်။ ဆရာတစ်ယောက်က ဘာလင်သားတွေ ဘယ်လောက် ရိုးသားလဲ စောင့်ကြည့်ရအောင်၊ ပြန်တွေ့ရင်တွေ့မှာဟု ပြောရာ ကျွန်မမှာ နေ့တိုင်း ကျွန်မပိုက်ဆံအိတ် ပြန်တွေ့နိုး ပြန်တွေ့နိုး ဖြစ်နေသည်။ နေ့စဉ် အစီအစဉ်ထဲက နေရာများ သွားရင်း သောကြာနေ့ ရောက်လာခဲ့သည်။
ဒီတစ်ခေါက်ကျတော့ သံရုံးကို ရထားနှစ်ဆင့် စီးရုံနှင့် ရောက်သွားသည်။ သံရုံးရောက်တော့ အစိမ်း ရောင် CI စာအုပ်လေး ထုတ်ပေးသည်။ လက်ထဲ စာအုပ်တော့ရပြီ။ စနေနေ့ ပြန်လျင် အဆင်ပြေပါစေဟု စိတ်ထဲက ကျိတ်ဆုတောင်းရသည်။ စနေနေ့ ညနေ လေဆိပ်ကောင်တာ ရောက်တော့ ကျွန်မ၏ ပတ်စ်ပို့က ထူးဆန်းနေသဖြင့် မေးမြန်းတော့သည်။ ဂျာမန် အမျိုးသမီးက ဖြစ်စဉ်အကုန် ပြောပြရာ အဆင်ပြေသွားသည်။ တော်သေးသည်။ သို့သော်အထဲတွင် လူဝင်မှုကြီးကြပ်ရေး ကောင်တာ ရှိသေးသည်။ ထိုတစ်ခုဖြတ်ရန် ကျန်သဖြင့် ကျွန်မ စိုးရိမ်နေသည်။
ကျွန်မကို ရှေ့ဆုံးက သွားခိုင်းကြသည်။ ဒါမှ ပြဿနာတက်လျှင် ဖြေရှင်းပေးလို့ ရမည်ဟုဆိုကာ အဖွဲ့ က လူများက နောက်က တန်းစီကြသည်။ ထင်သည့် အတိုင်းပင် ကျွန်မစာအုပ်က သူတို့အတွက် ထူးဆန်းနေသည်။ စာအုပ်ထဲတွင်လည်း ဗီဇာ စာမျက်နှာက မပါ။ နိုင်ငံတစ်နိုင်ငံကို သွားရန် သံရုံးကနေ ဗီဇာရလျှင် ထိုဗီဇာ စာမျက်နှာကို လိုလိုမယ်မယ် မိတ္တူဆွဲထားရန် လိုအပ်လှသည်။
ကျွန်မက ပတ်စ်ပို့ကိုသာ မိတ္တူ ဆွဲထားသည့်အတွက် CI တွင် ဗီဇာစာမျက်နှာ မပါသဖြင့် လူဝင်မှု ကြီးကြပ်ရေးဌာနတွင် ပြသနာ တက်တော့သည်။ ကျွန်မ ပတ်စ်ပို့ ပျောက်ကြောင်း ရှင်းပြရသည်။ အဖွဲ့က မိတ်ဆွေ တစ်ယောက်ကလည်း ပြောပေးသည်။ ထိုအခါ မှန်ခန်းထဲက ဂျာမန်ကြီးက ဖုန်းဆက်တော့သည်။ ဘယ်လိုဆက်လိုက်သည်တော့ မသိ။ ဖုန်းဆက်အပြီး ကျွန်မဆီက စာရွက်စာတမ်းတွေကို စစ်ဆေးပြီး ရပြီသွားတော့ဟု ဆိုလိုက်မှ ကျွန်မသက်ပြင်းချနိုင်သည်။ တော်သေးသည်။ ကျွန်မမြန်မာနိုင်ငံကို ပြန်လာလို့ရပြီ။ ထို့ကြောင့် လုံခြံရေး စစ်ဆေးသည့် နေရာသို့ ခပ်သွက်သွက် လျှောက်သွားမိတော့သည်။
ရင်နွေးအိမ်
thevoicemyanmar