ရလဒ်အခြေပြု နိုင်ငံရေးနှင့် အစိုးရ၏ သက်တမ်းဝက် ခရီး

ပို့စ်တင်ချိန် - 10/22/2013 08:43:00 AM



ဒေါက်တာနေဇင်လတ်

တစ်ချိန်က ဝါဒရေးရာ အခြေပြုလွန် နိုင်ငံရေးကို ကမ္ဘာကြီး ဖြတ်သန်းခဲ့သည်၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ဝန်းကျင်မှစ၍ စစ်အေးခေတ်အဆုံး ကြားကာလဖြစ်သည်။ စစ်အေးခေတ် အဆုံးတွင် ရလဒ်အခြေပြုနိုင်ငံရေး အားကောင်းလာခဲ့၏။ တစ်ဖက်တွင်လည်း စီမံခန့်ခွဲမှု ပညာ သြဇာကြီးမားလာပြီး ရလဒ်အခြေပြု စီးပွားရေးကိုသာ အလေးပေးလာတော့သည်။ မည်သို့ သောရလဒ်မျိုး ရလာနိုင်သည်ကို တွက်ချက်နိုင်သော အရည်အချင်းသည် ခေါင်းဆောင် များ၏ အဓိက အရည်အချင်း ဖြစ်လာပြီး၊ ဝါဒရေး၊ သဘောတရားရေး ထက် ပို၍ တန်ဖိုးထား၊ အများအာရုံပြုစရာ ဖြစ်လာသည်။

စီးပွားရေးအောင်မြင်လျှင် နိုင်ငံရေး အောင်မြင်သည်

မည်သည့်ဝါဒ၊ စနစ်ဖြစ်စေ စီးပွားရေး တိုးတက်အောင်မြင်မှုကသာ အဓိက ပန်းတိုင် ဖြစ်သည်၊ နိုင်ငံရေးစနစ်တစ်ခု၏ အန္တိမပန်းတိုင် (Political End) မှာ ဝါဒရေးရာ အောင်မြင်မှု မဟုတ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ထို့အတွက် နိုင်ငံရေးစနစ်က အထောက်အပံ့ပေးနိုင်မှု ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးစနစ်သည် Political Means ဟူသော နည်းစဉ် တစ်ခုမျှသာ ဖြစ်သည်။

အာဏာရှင်စနစ်တွင် တစ်ရာလျှင် တစ်ယောက်မျှသာ ပြည်သူတို့၏ အကျိုးကို သယ်ပိုး နိုင်ခဲ့ ကြ၏။ ထို့ကြောင့် (၉၉) ဦးသော အာဏာရှင်ကို ရှောင်ရှားနိုင်ရန် ပြည်သူက ရွေးချယ် သော အစိုးရစနစ်တည်းဟူသည့် ဒီမိုကရေစီကို ကူးပြောင်းလာကြခြင်း ဖြစ်သည်။ ဒီမိုကရေစီ စနစ် တွင် ပြည်သူတို့၏ လွတ်လပ်ခွင့်၊ တန်းတူရည်တူခွင့် စသော အခွင့်အရေးများ ရသည် မှန်သော်လည်း စီးပွားရေး တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ခြင်းက တစ်ကဏ္ဍ ဖြစ်၏။ မြန်မာတို့အနေဖြင့် ဒီမိုကရေစီကို ရွေးချယ်ခဲ့ကြပြီး ဖြစ်သည်။ အမျိုးပေါင်းများစွာ၊ စံနှုန်း၊ တန်ဖိုးများစွာ အကွာအခြားရှိသော ဒီမိုကရေစီထဲမှ မိမိတို့နှင့် လိုက်ဖက်ညီ၍ အသင့်လျော် ဆုံးဖြစ်သည့် ပုံစံတစ်ခုကို စတင်ထုဆစ်ရပါ လိမ့်မည်။ ထိုနိုင်ငံရေးစနစ်ကို အခြေခံ၍ စီးပွားရေးကို ပုံဖော်ရပါမည်။

သက်တမ်းတစ်ဝက်ခရီး

နိုင်ငံရေးစနစ် အပြောင်းအလဲ၏ ဝန်းကျင်သစ်တွင် သမ္မတကြီး ဦးသိန်းစိန် အစိုးရမှာ သက်တမ်း တစ်ဝက်ကျော်ကာလကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ မည်မျှ အောင်မြင်စွာ ဖြတ်သန်း နိုင်ခဲ့သည်ကို ကဏ္ဍအလိုက် ယေဘုယျလေ့လာရပါလျှင်…..

နိုင်ငံရေးရလဒ်

နှစ်ပေါင်း (၂၀) ကျော် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့သည်။ လွှတ်တော် နိုင်ငံရေးကို ကောင်းစွာ ကျင့်သုံးနိုင်ခဲ့သည်။ နိုင်ငံရေး လှုပ်ရှားမှုများ၊ နိုင်ငံရေးပါတီ ဖွဲ့စည်းမှု များ၊ အခြားသော လူမှုရေး အဖွဲ့အစည်းများ၊ NGO ၊ INGO များ၏ လွတ်လပ်ခွင့် ကြီးမားစွာ ရရှိခဲ့ပြီး၊ နိုင်ငံတကာ ဆက်ဆံရေး ထူးခြားစွာ တိုးတက်စေခဲ့သည်။ လူ့အခွင့်အရေး များစွာ တိုးတက်ခဲ့သည်။ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများ ဖယ်ရှားနိုင်ခဲ့သည်။ နှစ် (၆၀) ကျော် လက်နက်ကိုင်များနှင့် ပဋိပက္ခကို အခြေအနေကောင်းများ ဖြစ်ရန် ဆွေးနွေးနိုင်ခဲ့ပြီး၊ တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ထာဝရ ငြိမ်းချမ်းရေးကို ကြိုးစားနေသည်။

ဆိုရလျှင် နိုင်ငံရေးကဏ္ဍ တိုးတက်မှုမှာ နိုင်ငံတကာ၏ မျှော်မှန်းထားမှု၊ ပြည်တွင်း၏ မျှော်မှန်းထားချက်ထက် များစွာ ပိုလွန်သော ရလဒ်ကို ဆောင်ကြဉ်းနိုင်ခဲ့သည်ဟု ဆိုရပါမည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် လွှတ်တော်တွင်း တပ်မတော် ကိုယ်စားလှယ် များ အရေအတွက်လျှော့ချရေးကိုလည်း လက်ခံထားခဲ့ခြင်းသည် တစ်ကမ္ဘာလုံး မျှော်မှန်း ထားခဲ့သည် ထက် ပိုလွန်သောရလဒ်များဖြစ်သည်ဟုဆိုလျှင် အချို့သော လူအနည်းငယ်မှ တစ်ပါး ငြင်းမည့်သူ မရှိနိုင်၊ သမ္မတကို ပြုပြင်ပြောင်းလဲသူ “Icon of Reform” ဟု နိုင်ငံတကာက သတ်မှတ်ခြင်းမှာ တော်ရုံတန်ရုံ ရလဒ်ထက် များစွာ ပိုသောကြောင့်သာ ဖြစ်သည်။

စီးပွားရေးရလဒ်

နိုင်ငံရေးရလဒ်အနေဖြင့် မျှော်မှန်းထားသည်ထက် ပိုသောရလဒ်များကို ဆောင်ကြဉ်း နိုင်ခဲ့ပါသော် လည်း စီးပွားရေးတွင်မူ များစွာအားရဖွယ်ရာ မတွေ့ရပါ။ အလုပ်လက်မဲ့များ သိသာစွာ လျော့ကျ မလာသေးပါ။ ဝင်ငွေအနေဖြင့်လည်း သိသာစွာ မတိုးတက်လာသေးပါ။ အထူးသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ အားရဖွယ်ရာ မရှိသေးပါ။ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုသည် ပြည်တွင်းစီးပွားရေး တိုးတက်မှုအတွက် များစွာ အရေးကြီးပါသည်၊ နိုင်ငံရေး စွန့်စားမှု (Political Risk) မရှိကြောင်း ပြသနိုင်ရပါမည်။ ဤတွင် အဘယ့်ကြောင့် စီးပွားရေး ရလဒ်ကောင်းများ မရနိုင်ရပါသေးသနည်း ဟူသော အချက်အတွက်

- အစိုးရ၏ မူဝါဒ
- မူဝါဒကို အကောင်အထည်ဖော်သူတို့၏ အရည်အသွေး
- ဗျူရိုကရေစီ ယန္တရား ပြုပြင်ပြောင်းလဲနိုင်မှု
- ပြတ်သားစွာ အရေးယူဆောင်ရွက်ခြင်းဟူသော အချက်ဖြင့် တိုင်းတာရပါလိမ့်မည်။

ပညာရပ်ဆိုင်ရာဖြင့်ဆိုလျှင် ထို့ထက်ပိုပါသည်။ ပထမဦးဆုံးအချက်ဖြစ်သော မူဝါဒဆိုင်ရာ တွင် အကောင်းဆုံး မဟုတ်သော်လည်း အဆင့်မမီသော မူဝါဒတော့ မဟုတ်ပေ။ သို့သော် လည်း ကဏ္ဍတစ်ခုနှင့်တစ်ခု ချိတ်ဆက်နိုင်သော မူဝါဒမျိုး၊ ရလဒ်အခြေပြု စဉ်းစား ထားသော မူဝါဒမျိုးအတွက် သံသယရှိဖွယ် ဖြစ်သည်။ ကဏ္ဍအလိုက် မူဝါဒများ ရှိရပါမည်။ ထိုမှတစ်ဆင့် National Economic Policy- NEP ဟူ၍ Integrate လုပ်ယူပါသည်။ ဤအပိုင်းတွင် အားနည်းနေနိုင်ပါသည်။

ဒုတိယအချက်ဖြစ်သော မူဝါဒကို အကောင်အထည်ဖော်ကြသူတို့၏ အရည်အသွေး (Capacity) မှာ တစ်စုံတစ်ရာ အားနည်းနေဆဲဖြစ်သည်ဟု သုံးသပ်နိုင်ပါ၏။ မူဝါဒရေးဆွဲ ခြင်းက အရေးကြီးသလို မူဝါဒကို အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ ထိန်းသိမ်း စောင့်ကြည့် (Monitoring) ရာတွင်လည်းကောင်း အရေးကြီးပြန်ပါသည်။ အများစုမှာ နေ့စဉ် အလုပ်များ Day to day Works တွင်သာ နစ်မြောနေကြသည်ကို တွေ့ရ၏။ အချို့ ပြည်သူ့ ရေးရာ မူဝါဒ (Public Policy) ဟူသည် ကိုပင် မသိ၊ အုပ်ချုပ်မှု (Administration) နှင့် စီမံခန့်ခွဲခြင်း (Management) ကို မကွဲပြား၊ ပညာရှင်များ အသုံးပြုမှု အားနည်းနေသေးပြီး၊ Academic နှင့် လက်တွေ့ချိန်ညှိလုပ်ဆောင်မှုကို မည်သို့ ဆောင်ရွက်ရမည် မသိကြ။

တတိယဖြစ်သော ဗျူရိုကရေစီယန္တရား ပြုပြင်ပြောင်းလဲရေးတွင် အောက်ခြေမဟုတ်၊ အလယ် သို့ပင် မရောက်တတ်သေးဟု ပွင့်ပွင့်လင်းလင်း ထောက်ပြလိုပါသည်။ ပြတ်သားသော ပြုပြင် ပြောင်းလဲမှု၊ ပြတ်သားသောအရေးယူဆောင်ရွက်မှုကို မလွှဲသာမရှောင်သာ ပြုလုပ်သင့်သည်။ ပြောင်းလဲမှု မရှိသေးသော ဗျူရိုကရေစီယန္တရားကို စောင့်ကြည့်၊ အရေးယူမည့် အဖွဲ့အစည်း ရှိသင့်ပြီး၊ အခါ အားလျော်စွာ ပြည်သူတို့ကိုပါ အသိပေးခြင်းဖြင့် ရလဒ်ကောင်း တို့ကို လျင်မြန် စွာ ရရှိနိုင်ကြောင်း တွေ့ရပါလိမ့်မည်။

နောက်ဆုံးအချက်ဖြစ်သော ပြတ်သားစွာ အရေးယူဆောင်ရွက်ခြင်းတွင် တစ်စုံတစ်ရာ တွေ့ရ သော်လည်း၊ ထို့ထက်ပို၍ များစွာ လုပ်ဆောင်ရပါလိမ့်ဦးမည်။ စီမံခန့်ခွဲမှု ပညာရပ်တွင် ပညာရပ် ဆန်ဆန် မည်သို့ဆောင်ရွက်သင့်သည်ဟူ၍ Positive ဘက်မှ ဆိုထားသော်လည်း၊ နောက်ဆုံး အထိရောက်ဆုံးမှာ Hire & Fire သာ ဖြစ်သည်။ ဒုတိယ သက်တမ်းတစ်ဝက်တွင် ပထမသက်တမ်း ထက်ပို၍ ပြတ်သားစွာ အရေးယူဆောင်ရွက်မှုများ ပြုသင့်ပါသည်။ နှစ် (၅၀) တက်ခဲ့သော “ချေး” ကို ဆပ်ပြာပါးပါးဖြင့် ဖွတ်၍ မရပါ။

ဒီမိုကရေစီယဉ်ကျေးမှုကို လက်ခံကျင့်သုံးခြင်း၊

ဒီမိုကရေစီယဉ်ကျေးမှုကို လက်ခံကျင့်သုံးရာတွင် ကျေနပ်အားရဖွယ်ရာဖြစ်သည်၊ ယခုမျှ လောက် ယဉ်ကျေးမှုအသစ်ဖြင့် ကျင့်သားရမည်ဟု မမျှော်လင့်ခဲ့၊ လွတ်လပ်စွာ ဖော်ထုတ် နိုင်မှု၊ ရေးသားနိုင်မှု၊ စုရုံးနိုင်မှုများမှာ သတ်မှတ်ချိန်၊ သတ်မှတ်ဆင့်ထက် ကျော်လွန်စွာ ဖြစ်ထွန်းမှုရှိနေ ပါသည်။ ကြီးမားသော စိန်ခေါ်မှုနှင့် အခက်အခဲကြီးတစ်ခုဟု တစ်ချိန်က ဆိုခဲ့သော စာပေစိစစ်ရေး ကို လုံးဝဖျက်သိမ်းနိုင်ခဲ့ခြင်းမှာ အစိုးရသစ်၏ နောက်ကြောင်းမပြန် လက္ခဏာတစ်ခုဟု ဆိုနိုင်ပါလိမ့်မည်။

INGO များ၊ တစ်ချိန်က အဝေးရောက်များကို ပြည်တွင်းလွယ်ကူစွာ ဝင်ခွင့်ပေးခြင်းကလည်း ကြီးမားသော ဒီမိုကရေစီအပြောင်းအလဲတစ်ခု ဖြစ်သည်၊ အဝေးရောက်ပညာရှင်များကို အရေးပါသောလုပ်ငန်းများ၌ တာဝန်ပေးနိုင်ခဲ့ခြင်းကလည်း ကမ္ဘာ့မိသားစုကို အံအားသင့်စေ ခဲ့ပါ၏။ ဒီမိုကရေစီသို့ ပြောင်းလဲခြင်းနှင့် ဒီမိုကရေစီယဉ်ကျေးမှုကို လက်ခံကျင့်သုံးခြင်း၌ အလားတူ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ခဲ့သည့် နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် များစွာ ရှေ့ရောက်ပြီး မြန်ဆန်လွန်းလှပါသည်။ ဤကဏ္ဍတွင်လည်း မျှော်မှန်းထားသည်ထက် ပိုသော ရလဒ်ကို ဆောင်ကြည်းနိုင်စွမ်းရှိသည်ဟု ဆိုနိုင်ပါသည်။

ရလဒ်အခြေပြုနိုင်ရေးအတွက်

သမ္မတကြီးသည် ပင်ကိုသဘာဝအားဖြင့် အေးဆေးသည်။ ခွင့်လွှတ်စိတ်ကြီးမားသည်။ ကိုယ်ကျိုးစီးပွားမရှိ။ ခန့်မှန်းမိသည်မှာ ပေးဆပ်မှုအနည်းဆုံးဖြင့် ပြုပြင်ပြောင်းလဲရေး ကာလ ကို ကျော်ဖြတ်လိုသည်ဟု ယူဆရပါသည်။ သို့သော်လည်း နိုင်ငံရေးသည် နိုင်ငံရေးသာဖြစ်၏။ သမ္မတသည်လည်း သမ္မတသာဖြစ်သည်၊ ရလဒ်ကောင်းများအတွက် ပေးဆပ်ရဖွယ် ရှိသည် တို့ကို ပေးဆပ်ရပါလိမ့်မည်။ ယခုထက် ပညာရှင်များ၊ လက်တွေ့ကျွမ်းကျင်မှုရှိသူများကို အသုံးပြုရ ပါလိမ့်မည်။ သတ်မှတ်ချက် (Target) ပေး၍ ရလဒ်ထွက်လျှင် ချီးမြှောက်ခြင်း၊ ရလဒ်မထွက်လျှင် အရေးယူခြင်းကို ပို၍ ပြတ်သားစွာဆောင်ရွက်ရပါလိမ့်မည်။ ယန္တရား လည်ပတ်မှု မှန်-မမှန်ကို စောင့်ကြည့်အဖွဲ့များ ထားရှိဆောင်ရွက်ရပါလိမ့်မည်။ ပညာရှင်များ၊ လက်တွေ့လုပ်ကိုင်နေကြသူများ၊ ပညာနှင့်လက်တွေ့ နှစ်ပိုင်းလုံး အတွေ့အကြုံ ရှိသူများ၏ အသံကို ပို၍ နားထောင်ပြီး၊ အကြံဥာဏ်များကို ယခုထက်ပို၍ ရယူရပါလိမ့်မည်။

ဗျူရိုကရေစီယန္တရားကို တည့်မတ်ရခြင်းသည် အစိုးရတိုင်း၏ အရေးအကြီးဆုံးသော အလုပ် ဖြစ်ပါသည်၊ ပွန်းပဲ့နေသော ခွေးသွားစိပ်များ ပြင်ဆင်ရေးအတွက် အချိန်များများ ပေး၍ မရပါ၊ တာဝန်ခံမှု၊ တာဝန်ယူမှုကို တာဝန်ရှိသူများအား နှုတ်မှ ပြောနေစေသည်ထက် လက်တွေ့ ဆောင်ရွက်ပြသစေရပါမည်။ ပြုပြင်ပြောင်းလဲရေးတွင် မလိုက်ပါနိုင်သူများအား ချန်ထားခဲ့မည် ဟူသော မူဝါဒကို ယခုထက်ပို၍ ထင်ရှားစွာ ဆောင်ရွက်သင့်ပါသည်။ ဗျူရိုကရေစီယန္တရားကို ပုံမှန်လည်ပတ်စေနိုင်လျှင်ပင် စီးပွားရေး၌ တစ်စုံတစ်ရာ လူးလွန့်လာ နိုင်သည်ကို တွေ့ရပါ လိမ့်မည်။

ရလဒ်ကောင်းကို ရနိုင်ရန် ရလဒ်ကောင်း ရရာရကြောင်းတို့ဖြင့် ဆောင်ရွက်နိုင်မှသာ ရရှိနိုင် မည်ဟု ထောက်ပြလိုပါသည်။ စီးပွားရေးတစ်စုံတစ်ရာ ဦးမော့လာသည်နင့် သမ္မတ၏ Credibility သည် လည်း ယခုထက်ပို၍ မြင့်မားလာပါလိမ့်မည်။

အထူးသဖြင့် တည်ငြိမ်အေးချမ်းရေးသည် ဖွံ့ဖြိုးတိုးတက်မှုအတွက်များစွာ အရေးပါ အခြေခံကျ သဖြင့် တည်ငြိမ်ရေးကို ထိခိုက်စေသော၊ ဒီမိုကရေစီထက်လွန်သော မင်းမဲ့စရိုက် ဆောင်ရွက်မှုများ အပေါ် အရေးယူဆောင်ရွက်မှုများကို ယခင်ထက်ပို၍ ပြတ်သားစွာ ဆောင်ရွက်သင့်သည်ဟု မြင်တွေ့ပါကြောင်း။

The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၂၂)မှ ကူးယူဖော်ပြသည်

မြန်မာ့နိုင်ငံရေးဆောင်းပါးများ