အာဏာသိမ်းတဲ့ည

ပို့စ်တင်ချိန် - 9/21/2013 02:44:00 PM



ကျွန်တော်နှင့် သူငယ်ချင်းတစ်ယောက်က ဆိုက္ကားကို အလိုက်သင့်တွန်း ပေးသည်။ သူငယ်ချင်းဖြစ်သူဇော်မြင့်က ဆိုက္ကားပေါ်တွင်တင်လာသော အသံချဲ့စက်ကို အသံချိန်ပေးသည်။ ကျွန်တော်တို့ဘေးမှာတော့ ရှေ့နေများသမဂ္ဂမှ ကိုခင်မောင် အေး(ခ)ကိုအေးသိန်းက မိုက်ခရိုဖုန်းကို ဟန်ပါပါခဲကာ ဒီမိုကရေစီမကြောက်တရား များ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၏ ဆိုးယုတ်ချက်များကို အာပေါင်အာရင်း သန်သန် လမ်းလျှောက်ရင်း ဟောပြော လာကြသည်။ ကျွန်တော်တို့ဘေးမှာတော့ လိုက်လံအားပေးကြည့်ရှုကြသော မြို့ခံပရိသတ်များ၊ ကလေးလူကြီး အရွယ်စုံကို တွေ့ရသည်။ ကျွန်တော်တို့ ရွေ့လျားဟောပြော ဆိုက္ကားယာဉ်ကြီးသည် ပြည်မြို့ စကားတောင်အရပ်ဆီသို့ ရောက်ရှိလာ၏။ နေ့ရက်ကား ၁၉၈၈ ခု စက်တင်ဘာလ ၁၈ ရက်နေ့ ညနေခင်းဖြစ်သည်။ ထိုသို့ ချီတက်လာရင်း ညနေလေးနာခွဲလောက်တွင် ကျွန်တော်တို့ ရပ်ကွက်ထဲမှ လူတစ်ယောက်သည် မောကြီးပန်းကြီး ပြေးလိုက်လာကာ တရားဟောနေသော ကိုခင်မောင်အေးကို တစ်စုံတစ်ခု တီးတိုးပြောကြား လိုက်သည်။ ထိုသူ၏ စကားဆုံးသည်နှင့် ကိုခင်မောင်အေး မျက်နှာပျက်သွားသည်။ ခေတ္တတုံ့ဆိုင်းနေပြီးနောက် `စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့၊ မာရှယ်လော လည်းထုတ်လိုက်ပြီ၊ ငါးယောက်ထက်ပိုပြီး စုဝေးခွင့်မရှိဘူးတဲ့´ဟု လေးတိလေးကန် ပြောလိုက်သည်။ ဖွင့်မပြောသော်လည်း ကျွန်တော်တို့ရှေ့ဆက်ဟောပြောလို့ မရ တော့ပြီဟု အားလုံးက နားလည်လိုက်ကြကာ ဆိုက္ကားကို ကျွန်တော်တို့ ရပ်ကွက်ရှိရာ ဆံတော်ရပ်သို့ ပြန်တွန်းလာခဲ့ကြတော့သည်။ ဤမြင်ကွင်းမှာ တပ်မတော် အာဏာသိမ်းခဲ့သော ညနေက ကျွန်တော့် မျက်စိထဲတွင်စွဲနေသော အဖြစ်အပျက် များဖြစ်သည်။ လွန်ခဲ့သော ၂၅ နှစ်ခန့်က အဖြစ်အပျက်များဖြစ်သည်။ ယနေ့ခေတ်တွင် အသက် ၂၅ နှစ်အောက် လူငယ်များမှာ ထိုနေ့ကို မျက်မြင်တွေ့မီလိုက်ခြင်းရှိမည် မဟုတ်ကြပေ။

ပြည်တစ်မြို့လုံးသည် ခေတ်ပျက်သလို ဖြစ်သွား၏။ (မြန်မာတစ်ပြည် လုံး ထိုသို့ဖြစ်သွားကြခြင်း ဖြစ်ပါသည်) ပြေးကြလွှားကြ သွားလာလှုပ်ရှားနေသူများ လမ်းပေါ်တွင် ပျားပန်းခတ်နေကြသည်။ မကြာခင် မြို့တွင်းသို့ စစ်တပ်ဝင်တော့ မည်မှာ သေချာနေလေပြီ။ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီအစိုးရကို ဖျက်သိမ်း၍ ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ (State Law and Order Restoration Council) ကို ဖွဲ့စည်းလိုက် ပြီဖြစ်ကြောင်း၊ သပိတ်စခန်းများအားလုံးမှ ဖယ်ရှားကြဖို့နှင့် မဖယ်ရှားပါက တပ် မတော်မှ ဝင်ရောက်အင်အားသုံး ရှင်းလင်းဖယ်ရှားတော့မှာဖြစ်ကြောင်း ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ အထူးသတင်းအဖြစ် ကြေညာသွားပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ဆန္ဒပြခဲ့ကြသော ဒီမိုကရေစီ တောင်း ဆိုပွဲအရေးတော်ပုံကြီးသည် ဤကဲ့သို့ နေ့ချင်းညချင်း နိဂုံးချုပ်ရတော့မည်ဆိုခြင်းကို အားလုံးက မယုံနိုင်အောင် ဖြစ်နေကြလေသည်။ ပြည်သူအားလုံးရင်ထဲဝယ် မဆလပါတီဘက်မှ အာဏာသိမ်းအဖွဲ့ ရပ်တည်လိုက်သည်ဟု ခံစားနေကြရသည်။

လူငယ်အချို့နှင့် သပိတ်စခန်းမှ ထွက်ခွာလာသူအချို့သည် ချက်ချင်းပင် မြို့၏ အဓိက အဝင်အထွက်လမ်းများကို ရရာပစ္စည်းများဖြင့် စစ်ကားများဝင်မလာ နိုင်အောင် ပိတ်ဆို့လိုက်ကြတော့သည်။ အများအားဖြင့် ကိုယ့်ရပ်ကွက်ထိပ်တွင် သစ်ပင်များကိုခုတ်၍ ကန့်လန့်ဖြတ်ပိတ် လိုက်ကြခြင်းဖြစ်သည်။ ကျွန်တော်တို့ နေထိုင်ရာ ရွှေဆံတော်ဘုရား မြောက်ဘက်စောင်းတန်းလမ်းကို နှစ်နေရာခွဲ၍ ပိတ်ဆို့လိုက်ကြသည်။ တစ်နေရာမှာ ကျွန်တော်တို့ အိမ်ရှေ့တည့်တည့်လောက်တွင် ဖြစ်သည် (ဦးလှဝါးဆိုင်နှင့် မျက်စောင်းထိုး လောက်တွင် ဖြစ်သည်) အနီးအနားရှိ ပြည်- တောင်တွင်း ကားဂိတ်မှ ရရာ ကုန် သေတ္တာပုံးများ၊ သစ်ပင်များကိုလှဲကာ ပိတ် ဆို့လိုက်ကြခြင်း ဖြစ်သည်။ နောက်တစ်နေရာမှာ ယခု မျိုးသုခပုဂ္ဂလိကဆေးရုံ အနားတွင်ရှိသော မီးရထားသံလမ်းကူး ဂိတ်တံခါးကြီးနားမှာ ဖြစ်သည်။ မီးရထား လာလျှင် ပိတ်သော သံဂိတ်တံခါးကြီးကို ပိတ်လိုက်ပြီး ထိုသံတံခါးအနောက်မှကပ်၍ ကုက္ကိုပင်ကြီးတစ်ပင်ကို ကန့်လန့်ဖြတ်ချ လိုက်ခြင်းဖြင့် သံတံခါးနှစ်ထပ် သစ်ပင် တစ်ထပ်ဖြစ်သောကြောင့် အတော်လုံခြုံ သောနေရာဖြစ်သည်။ ထို့ကြောင့်လည်း ထိုနေရာမှစုကာ မကျေနပ်မှုများကို လူစု လူဝေးဖြင့် တစ်ညလုံးအော်ဟစ်ဆန္ဒပြကြ ခြင်း ဖြစ်သည်။

တစ်မြို့လုံးသည် ပဒူအုံကို တုတ်ထိုး လိုက်သလို လူတို့သည် ဟိုမှသည်မှ ပြေး လွှားသွားလာကာ ယနေ့ညတွင် ဝင်လာ တော့မည့်စစ်တပ်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရင်ဆိုင်ရန် ပြင်ဆင်နေကြလေသည်။ သပိတ်မှောက်တော်လှန်ရေးသမားများသည် အရပ်သားများဖြစ်ကြပြီး ကျွန်တော်တို့၏ အဓိကအားနည်းချက်မှာ အင်အားစု အကုန်လုံးကို အမိန့်ပေး ကွပ်ကွဲနိုင်သော ခေါင်းဆောင်မရှိခြင်းပင် ဖြစ်သည်။ မြို့သူ မြို့သားများတွင် လေးဂွ၊ ဂျင်ကလိစသော မဖြစ်စလောက်လက်နက်အနည်းငယ်မှ တစ်ပါး အခြားဘာလက်နက်မှလဲ မရှိပေ။ တစ်ယောက်တစ်မျိုး စိတ်ကူးပေါက်ရာများ ကိုသာ ကြံစည်လုပ်ကိုင်နေရခြင်း ဖြစ် သည်။ တစ်ယောက်က စစ်တပ်ဝင်လာ လျှင် အလွယ်တကူလာ၍ မရစေရန် လမ်းမီးများအားလုံးကို ခွဲပစ်ရမည်ဟု အကြံပေးသောကြောင့် လမ်းမီးတိုင်အားလုံး လေးခွစာမိသွားကြလေရာ နေဝင်ပြီး မကြာမီမှာပင် တစ်မြို့လုံး မှောင်နှင့်မည်းမည်း ဖြစ်သွားလေသည်။ စစ်ကားများ ဝင်လာလျှင် မြင်သူက သံချောင်းခေါက် အချက်ပေးဖို့လည်း သဘောတူထားကြ လေသည်။ တချို့ကလည်း မျိုးချစ်စိတ် ပြင်းထန်လွန်းကာ ဒီမိုကရေစီအတွက် အသက်စွန့်ရန် ပိုင်းဖြတ်ကြပြီး ပြည်မြို့ ဆင်စုရပ်ကွက် မိချောင်းရဲကျေးရွာထိပ်တွင် အုပ်စုလိုက် သရဏဂုံတင်ပွဲကြီးကိုပင် ကျင်းပကြလေသည်။

အစည်းကားဆုံးနေရာမှာကား ပြည်မြို့ မြောက်ဘက်စောင်းတန်းလမ်း ခြင်္သေ့ ကြီးနှစ်ကောင်အနီးနေရာနှင့် ပြည်မြို့ အနောက်ဘက်စောင်းတန်းလမ်း ဇောတိ ကာရုံပါဠိတက္ကသိုလ်ရှေ့ နေရာများတွင် လာ၍ စုမိကြခြင်း ဖြစ်ပါသည်။ ည ၁၀ နာရီခန့်တွင် သံချောင်းခေါက်သံများကို မြို့၏ ဟိုမှသည်မှ စတင်ကြားရပြီး တိတ် ဆိတ်မှုကို ဖြိုခွင်းသော သေနတ်သံများကိုလည်း ဒိန်းခနဲ၊ ဘောင်းခနဲစတင်ကြား လာရပါသည်။ အနောက်ဘက်စောင်းတန်းလမ်းတွင် နေထိုင်သော သူငယ်ချင်းဖြစ် သူက ပြောပြသည်မှာ `တို့တွေက တစ်ရပ်ကွက် လုံးရော တခြားက ရောက်လာကြတဲ့ အဖွဲ့တွေရောစုံပြီး တော်တော် အင်အား ကောင်းနေကြတယ်။ ဘာမှတော့ အကြမ်းဖက်တာမျိုး မရှိဘဲ ဒီမိုကရေစီရရှိရေး တို့အရေး၊ တို့ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ တို့ဘာတို့ ပေါ့လေ အဲဒါတွေကို အော်နေကြတာ။ အဲဒီအချိန်မှာ တပ်က ဝင်လာတယ်။ ဝင်လာတာက လှိုင်ဂါတ် လမ်းဘက်ကဝင် လာတာ။ ဝင်လာတာနဲ့ ဆန္ဒပြလူအုပ်ကို စပစ်တော့တာပဲ။ ပစ်တော့ အားလုံး ပြေးကြလွှားကြပေါ့။ ငါ့ အဒေါ်လည်း သေနတ်မှန်ပြီး ခွေကျသွားတယ်။ သူ့ကို အိမ်ထဲပွေ့သွင်းပြီး တံခါးပိတ်လိုက်တယ်။ မှန်တာက ရင်ဘတ်မှာမှန်တာ၊ ပခုံး အောက်နားမှာပေါ့။ ဒဏ်ရာကတော့ သေးပါတယ်။ သေမယ်တောင် မထင် ဘူး။ ဒါပေမဲ့ ချက်ချင်းပဲ ဆုံးသွားတယ်။ မနက်ကျမှ သေသေချာချာကြည့်လိုက် တော့ ကျောဘက်မှာ အပေါက်က အကြီးကြီးပဲ ကျည်ဆန်က ရှေ့ကဝင်ပြီး ချိုင်းအောက်ကထွက်သွားတာ အပေါက်က ဒီလောက်လောက်ကြီး၊ ကျွန်တော့် အိမ်က သုံးခန်းရှိတယ်။ ကျွန်တော်က ခေါင်းရင်းဘက်ခန်း၊ ကျွန်တော့်အဒေါ်က ခြေရင်းခန်း၊ သူ့အခန်းကို ပြန်မရွှေ့တော့ ဘူး။ ကျွန်တော့် အခန်းထဲမှာပဲ တစ်ည လုံး ထားလိုက်တော့တယ်။ ဆယ့်ငါးမိနစ် လောက်ကြာတော့ သေသွားတယ်။ သေသွားတော့ မနက်ကျတော့မှ သူ့အ ခန်းကိုရွှေ့မယ်ဆိုပြီး မလိုက်တော့မှ သွေး တွေက ပွက်ဆိုကျလာတာ၊ ကြည့်လိုက် တော့မှ ချိုင်းအောက်မှာ အပေါက်က အကြီးကြီးပဲ။ မှန်ကတည်းက စကားကို မေးလို့ မရတော့တာ။ သူ့ရဲ့ နောက်ဆုံး စကားက အမေ ကျွန်မကို မှန်သွားပြီလို့ ပြောပြီး ဘာစကားမှ မေးလို့မရတော့ဘူး။ သူကတော့ လက်နက်မဲ့ ဆန္ဒပြခဲ့တာပါ။ တို့အရေး၊ တို့အရေးလို့ အော်ရုံအော်ခဲ့ တာပဲ ရှိပါတယ်။ အဲဒီမှာ အော်တဲ့သူ တွေဘက်လှည့်ပြီး ပစ်လိုက်တာပဲ။ သေနတ်ကပစ်ရင် မီးမပွင့်ဘူးမထင်နဲ့ ပွင့် တယ်နော်။ ညမှောင်နေတဲ့အချိန်မှာ မီး ပွင့်ကလေးတွေ လက်သွားတာတောင် မြင်လိုက်ရတယ်။ သူတို့က ကျွန်တော်တို့ လမ်းထိပ်က ဓမ္မသုခဆိုတဲ့ ဘုန်းကြီး ကျောင်းရေစင်အောက်ကနေ အုတ် တံတိုင်းကို အကာအကွယ်ယူပြီးပစ်တာ၊ အတွဲလိုက်တွေ ဆွဲတာ၊ အဲဒီတုန်းက ကျွန်တော်တို့ အိမ်ရှေ့လမ်းက ဆန္ဒပြ အဖွဲ့တွေရဲ့ ဌာနချုပ်လိုဖြစ်နေတာကိုး၊ အားလုံးဆုံတဲ့နေရာ။ ကျွန်တော့်မှာလည်း အိမ်မှာ စာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထား တယ်။ စာအုပ်ကလေးတွေကို ကျွန်တော်က ဒီလိုစီတာဗျ။ ဒီလိုထပ်ထပ်ပြီးတော့ စီတာ နောက်တော့ စာအုပ်တွေကြားမှာ ဒီလိုအထဲမှာ ကျည်ဖူးလေးဖူး၊ ထရံကြားမှာ ကျည်ဖူးနှစ်ဖူး တွေ့ရတယ်။ အခု ထက်ထိ သိမ်းထားတယ်။ ကျွန်တော်တို့ အိမ်ဘက်ကို အတွဲလိုက်ဆွဲတာ။ ကျွန်တော်တို့ အိမ်ကထွက်အော်တဲ့သူတွေလည်း နည်းနည်းများတယ်ပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်အဒေါ်လည်း ပွဲချင်းပြီး သွားတယ်။ ပြီးတော့ ဓမ္မသုခကျောင်းရှေ့ မှာ ဆိုင်းတီးတဲ့ ဦးချစ်တီးရဲ့ သားကတော့ ဆီးခုံကိုမှန်ပြီး ကားပေါ်ကိုဆွဲတင် သွားတာတွေ့လိုက်ရတယ်။ နောက် လေးယောက်လောက်ကတော့ ဒဏ်ရာ တွေရတယ်။ တစ်ယောက်ဆို ပခုံးကို မှန်တယ်။ ဒါပေမဲ့ နောက်တည့်တည့်ကို ဖောက်ထွက်သွားပြီးတော့ မသေဘူးကွာ။ နောက်ခြေသလုံးကိုမှန်တဲ့ကောင်နဲ့၊ လက်ကိုမှန်တဲ့ကောင်နဲ့ မနည်းပါဘူးဗျာ။ ကျွန်တော်တို့ လမ်းထိပ်မှာတင် လေး၊ ငါးယောက်လောက်တော့ သေတာပါပဲ။ ဒါပေမဲ့ သိသာတာက ကျွန်တော့် အဒေါ်တစ်ယောက်ပါပဲ။ ကျန်တာတွေ က ကားပေါ်ကောက်တင်သွားတဲ့သူ တွေဆို သပိတ်သာသွတ်လိုက်ရရော အလောင်းကိုပြန်မမြင်ရတော့ပါဘူး။ ခြေထောက်သေနတ်မှန်တဲ့ ကောင်လေး ကတော့ ရွှေဆံတော်ဘုရားပေါ်တက်ပြေး တာ၊ ဘုရားပေါ်ရောက်တော့ သူတောင်းစားတွေ၊ ကိုယ်ပျက်နေတဲ့လူတွေကြားထဲ ကို အတင်းဝင်အိပ်ပြီး ပုန်းနေရတာ၊ ဓာတ်မီးတွေနဲ့ လိုက်ရှာတဲ့သူက ရှိသေးတယ်။ ကံကောင်းလို့ လွတ်လာတဲ့ကောင် ပေါ့။ အဲဒီလူက ခုထက်ထိ ပြည်မှာရှိ သေးတယ်။ သူ့ကိုမေးကြည့်တော့ သေနတ်မှန်တော့ ဘယ်လိုနေတုန်းဆိုတော့ ပူခနဲဖြစ်သွားလို့ သေနတ်မှန်မှန်း တော့သိတယ်တဲ့။ ခုနက ဆီးခုံမှာ သေနတ်မှန်လို့ကားပေါ်ဆွဲတင်သွားတဲ့ လူကတော့ မပြေးနိုင်တော့လို့ ဓမ္မသုခ ကျောင်းဘက်ကို ဒရွတ်တိုက်သွားနေတုန်း ကားပေါ်ဆွဲတင်ခံလိုက်ရတာ ဒီနေ့အချိန် အထိ ပေါ်မလာတော့ပါဘူး။ မမြင်လိုက်ရ ဘဲနဲ့ သပိတ်သွတ်လိုက်ရတယ်´

ဤသည်မှာ ပြည်မြို့ အနောက်ဘက်စောင်းတန်းလမ်းမှ ဖြစ်ရပ်ဖြစ်သည်။ ကျွန်တော်တို့အိမ်ရှိရာ မြောက်ဘက်စောင်းတန်းလမ်းမှာလည်း တစ်ညလုံး သေနတ် သံများထွက်ပေါ်နေသည်။ စစ်တပ်သည် တစ်မြို့လုံးကို ဖြန့်ကျက်နေရာယူရသည့် အပြင် ကားဝင်၍မရသောကြောင့် လူအင် အားနည်းပါးဟန်တူသည်။ ကျွန်တော်တို့ အိမ်ရှေ့မှ လမ်းပိတ်ထားသော အတား အဆီးတွင် ဗိုလ်တစ်ယောက်နှင့် ရဲဘော် အနည်းငယ်သာရှိသည်။ သူတို့သည် မှောင်ကြီးမည်းမည်းတွင် ရှေ့သို့ မတက်ဘဲ အသံလာရာဘက်ကိုသာ သေနတ်နှင့် တဒိန်းဒိန်းပစ်နေသည်။ ကိုက်နှစ်ရာခန့်အ ကွာတွင်ရှိသော မီးရထားသံလမ်းဂိတ်နောက်မှ သစ်ပင်ကို အကာအကွယ်ပြုနေသော လူငယ်များကတော့ သူတို့၏ မကျေနပ်မှုအပေါင်းကို ပါးစပ်မှ အယုတ္တ၊ အနတ္တပေါင်းစုံကိုအော်ဟစ် ဆဲဆိုခြင်းဖြင့် လေလှိုင်းမှ တိုက်ခိုက်နေကြပါသည်။ အော်သံ၊ ဟစ်သံ၊ ဆဲသံ၊ သေနတ်သံများသည် တစ်ညလုံး ဆူညံ ပွက်နေကြပါသည်။ အချို့က ရေမြောင်း များထဲမှ မှောင်ရိပ်ခိုလာကာ အနီးအထိ ကပ်လာပြီး ဂျင်ကလိဖြင့် လာပစ်သူများ လည်း ရှိသေးသည်။

နံနက်လင်းသောအခါ ဘုရားကြီး ဈေး၊ ရွှေခေါင်းလောင်း လက်ဘက်ရည် ဆိုင်ဘေး ရေမြောင်းထဲတွင် လူတစ်ယောက်သေနေသည်ကို တွေ့ရပါသည်။ ထိုသူသည် ဘယ်သူမှန်းတော့ မသိပေ။ အရပ်သားတစ်ယောက် ဖြစ်သည်။ နဖူးတွင် ပိတ်စအနီကို စည်းထားကာ ငှက်ကြီးတောင်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ထိုင်လျက်အနေအထားဖြင့် အသက်ပျောက်နေပါသည်။ သေနတ်မှန်ပြီး သေသွားသူဖြစ်ပေသည်။ ထိုနေ့ နံနက်စောစောက ဟိုမှသည်မှ သယ်လာကြသော အလောင်းများကို ထမ်းစင်ဖြင့် သယ်သွားကြတာ ဟိုမှသည်မှ နေရာအနှံ့ တွေ့ကြရာ မြို့သူမြို့သားများမှာ အထူးပင် ဝမ်းနည်းကြေကွဲခြင်းဖြစ်ရပါသည်။ လက် ဖက်ရည်ဆိုင်များသို့ ရဲဘော်များ လက် ဖက်ရည်လာဝယ်သောအခါ ရေနွေးမဆူ သေးလို့ လက်ဘက်ခြောက်မရှိလို့ စသည်ဖြင့် အကြောင်းပြကာ မည်သူကမျှ မရောင်းကြပါ။

ယခင်ကဆိုလျှင် ကျွန်တော်တို့ ပြည်မြို့သည် တပ်မတော်ကို အထူးချစ် ကြည်ခဲ့ကြသူများ ဖြစ်သည်။ နှစ်စဉ် ရှေ့တန်းထွက်၍ ပြန်ဝင်လာကြသော တပ်မ (၆၆)၊ ခလရ (၇၅)၊ (၉၁၁)စသော စစ်ကြောင်းများကို ရှေ့တန်းပြန် ကြိုဆိုပွဲ ဟုဆိုကာ တစ်မြို့လုံးက သောင်းသောင်းဖျဖျ ပန်းကုံးစွပ်၍ ကြိုဆိုကြသော အစဉ် အလာရှိခဲ့ပါသည်။ ထိုအစဉ်အလာသည် ၁၈-၉-၁၉၈၈ မှစကာ ချုပ်ငြိမ်းခဲ့ရလေ သည်။ စင်စစ် ထိုနေ့ ထိုညသည် မြန်မာ့ သမိုင်း၌ တပ်မတော်နှင့် ပြည်သူကြားတွင် အက်ကြောင်းကြီးတစ်ခုစတင်ပေါ်ပေါက်လာ ခဲ့သောနေ့ ဖြစ်ပါသည်။ တစ်ဦးအပေါ် တစ်ဦး သံသယများ စတင်ပေါ်ထွန်းလာခဲ့ သောည ဖြစ်ပါသည်။ ကျွန်တော်၏ ဦးလေးအရင်းဖြစ်သူ DSA အပတ်စဉ် (၁၆) ဆင်း ဗိုလ်မှူးသန်းဇော်(ကျဆုံး) ဆိုလျှင် ထိုစဉ် အရေးအခင်းပြီးကာစက အိမ်သို့လာလည်ရာ ကျွန်တော်တို့ တစ်အိမ်လုံးက စကားမပြောကြပါ။ ဆွေမျိုးအရင်း ထဲမှာပင် စိတ်ဝမ်းကွဲခဲ့ရပေသည်။ ထိုနေ့ည မတိုင်ခင်အထိ လူထုသည် တပ်မတော်ကို ချစ်ခဲ့ အားကိုခဲ့ကြပါသည်။

နောက် ၂ နှစ်အကြာတွင် တစ်ဖက်နှင့်တစ်ဖက် သံသယများ၊ အာဃာတများ သင်ပုန်းချေကင်းစင်တော့မည့် အခြေအနေကောင်းတစ်ခုသည် ဖြစ်လာခဲ့ပေ၏။ ၁၉၉၀ မေလ ၂၇ ရက်တွင် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့ပါသည်။ ရွေးကောက်ပွဲအပြီး၌ အနိုင် ရသောပါတီကို အာဏာလွှဲပေးပြီး တပ်မတော်သည် စစ်တန်းလျားသို့ပြန်ကာ သူ၏ မူလတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးကိုသာ ဦးစားပေးလုပ်ကိုင်တော့မည်ဟု ဗိုလ်ချုပ်မှူးကြီးစောမောင် မှ မြန်မာသိ၊ ကမ္ဘာသိကြေညာခဲ့ခြင်းဖြင့် တပ်မတော်အပေါ် အမြင်မကြည်လင်မှုများ ရာခိုင်နှုန်းတော်တော်များများ ပျောက်ကွယ်သွားကာ ဂုဏ်သိက္ခာ ပြန် လည်မြင့်မားလာပါသည်။ သို့သော် ကံမကောင်းသော မြန်မာ့သမိုင်းဝယ် ဗိုလ်ချုပ် မှူးကြီးစောမောင်လည်း ရာထူးမှ အနားပေးခံရကာ သူပေးခဲ့သော ကတိများလည်း ဥပေက္ခာပြုခံရပါတော့သည်။ NLD ပါတီသည်လည်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပြီးမှ အစိုးရမဖွဲ့နိုင်ဘဲ ဖြစ်ခဲ့ရသည်။

မုန်တိုင်းကြားမှ ဖြတ်သန်းခဲ့ရသော မြန်မာ့နိုင်ငံရေးသည်လည်း အလူးလူး အလိမ့်လိမ့်ဖြင့် ခရီးလမ်းမျိုးစုံကို လျှောက်လှမ်းပြီးမှ ဤအခြေအနေသို့ ရောက်လာခဲ့ ရခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ တွင်တစ်ကြိမ်၊ ၁၉၈၈ တွင်တစ်ကြိမ် တပ် မတော်မှ အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့ပါ သည်။ မည်သည့်အကြောင်းကြောင့် အာဏာသိမ်းရသည်ဖြစ်စေ၊ တကယ်တမ်း နစ်နာသည်မှာ မြန်မာပြည်သူလူထုနှင့် တပ်မတော်ကိုယ်တိုင်ပင် ဖြစ်ပါသည်။ ယခုအခါ တပ်မတော်နှင့် ပြည်သူအကြား မှာ ကွာဟနေသောဒဏ်ရာဟောင်းသည် တဖြည်းဖြည်း အရင်ကလောက်တော့ မနက်ရှိုင်းတော့ဟု ပြောနိုင်ပါသည်။ ဒဏ်ရာဟောင်းကတော့ နှစ်ဘက်စလုံးတွင် ရှိနေပါသေးသည်။ အာဏာတစ်ခါသိမ်း တိုင်း တပ်မတော်နှင့် ပြည်သူ နှစ်ဘက် စလုံးအတိုင်းအတာတစ်ခုအထိ ဆုံးရှုံးနစ်နာမှုများဖြစ်ခဲ့ရာ နောက်ထပ် တတိယ အကြိမ် အာဏာသိမ်းယူမှုမျိုးတော့ နောင် အနာဂတ်တွင် မရှိစေချင်၊ မဖြစ်စေချင် တော့ပါ။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့ ညက အဖြစ်အပျက်မျိုးကို နောင်လာမည့် မျိုးဆက်သစ်မြန်မာလူငယ်များသို့ လက်ဆင့် ကမ်းအမွေ မပေးခဲ့ချင်ပါ။ ထိုအဖြစ်ဆိုးမျိုး ဘယ်သောအခါမှ ထပ်မဖြစ်စေလိုတော့ပါ။

တတ်နိုင်လျှင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈(က) တွင် ဖော်ပြထားသလို အရေးပေါ် အခြေအနေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်းခွင့်ပြုထားသော စည်းမျဉ်းကို တပ်မတော်၏ အကျိုး၊ တိုင်းသူပြည် သားများ၏ အကျိုးအတွက် ပြန်လည်သုံးသပ်ပြင်ဆင်သင့်ပေသည်။ လွန်ခဲ့သော ၂၅ နှစ်ခန့်က ညတစ်ညသည် မြန်မာနိုင်ငံကို ကိုင်လှုပ်ခဲ့သော ညတစ်ညဖြစ်ခဲ့ပါသည်။ တတ်နိုင်လျှင် ထိုညမျိုး နောက်ထပ် ဘယ်သောအခါမှ ထပ်မံမတွေ့ပါရစေနှင့်တော့။

သရဝဏ်(ပြည်)
စောင့်ကြည့်သတင်းဂျာနယ်(၂၄-၀၉-၂၀၁၃) အတွဲ ၈၊ အမှတ် ၁၆