ပြောင်းလဲမှုစီမံခြင်း (၂၁)
ပို့စ်တင်ချိန်
- 9/19/2013 08:48:00 AM
(ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်)
တစ်ရက်က ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပတဲ့အခမ်းအနား တစ်ခုကို သွားရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားကို UMFCCI နဲ့အတူ မလေးရှားနိုင်ငံမှာ ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ တွဲဖက်ပြီး ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။ အခမ်းအနားကတော့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာရဲ့ စီးပွားရေး ဟောပြောပွဲပဲ ဖြစ်ပါတယ်။ ဒေါက်တာ မဟာသီယာရဲ့ ဟောပြောချက်တွေကို အရင်တုန်းက TV ကနေ နားထောင် ခဲ့ဖူးပါတယ်။ သူရေးထားတဲ့ စာအုပ်တွေကိုလည်း ဖတ်ခဲ့ဖူးပါတယ်။ အခုလို လူကိုယ်တိုင် မြင်တွေ့ရတော့ အတော်လေး ကျေနပ်မိပါတယ်။ ဝမ်းသာမိပါတယ်။ ဒီလိုပုဂ္ဂိုလ်များ မြန်မာပြည်ကို ရောက်လာတာဟာလည်း အလွန်ထူးခြားပြီး ထင်သာမြင်သာတဲ့ ပြောင်းလဲမှုတစ်ရပ် ဖြစ်ပါတယ်။
ဒေါက်တာမဟာသီယာဟာ မြန်မာနိုင်ငံအပေါ် အလွန်သံယောဇဉ် ရှိခဲ့တဲ့ သူတစ်ယောက် ဖြစ်ခဲ့တယ်။ သူ့ရဲ့တွန်းအားပေးမှုကြောင့် မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံအဖွဲ့ဝင် ဖြစ်လာတာဟာ သူ့ရဲ့ကျေးဇူးကြောင့်လည်း ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ သူ့ရဲ့တိုက်တွန်းချက်ကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အာရှနိုင်ငံတွေ ကြုံကြိုက်ခဲ့တဲ့ ဘဏ္ဍာရေးအကြပ်အတည်း မှာ သူရဲ့ဦးဆောင်မှုကြောင့် မလေးရှားငွေ ရင်းဂစ် (Ringgit) ဟာ စီးပွားရေး ဖိအားပေးမှုတွေ ကိုတောင် တောင့်ခံနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၂၀ Vision ဆိုတဲ့ ဆောင်ပုဒ်နဲ့ မလေးရှားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ မဟာဗျူဟာကို ဖော်ထုတ် အကောင်အထည်ဖော် နိုင်ခဲ့သူဖြစ်ပါတယ်။ အမှန်တော့ ၂၀၂၀ Vision ဆိုတာက မျက်စိရဲ့မြင်နိုင်စွမ်းအင်အားကို မျက်စိဆရာဝန်တွေက သတ်မှတ်ခဲ့ပါတယ်။ ၂၀၂၀ Vision ရှိရင် ညာဘက်နဲ့ ဘယ်ဘက်မျက်လုံး နှစ်ခုစလုံးဟာ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား မြင်နိုင်တာကို ဖော်ပြတာ ဖြစ်ပါတယ်။
ဒီဝေါဟာရကိုယူပြီး မလေးရှားနိုင်ငံရဲ့ အနာဂတ်ရည်မှန်းချက်ကို သက္ကရာဇ် ၂၀၂၀ သမိုင်းမှတ်တိုင်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
သူ့ရဲ့အတ္ထုပ္ပတ္တိကို ဖတ်ပြတဲ့အခါ သူဟာ ၈၆ နှစ်အရွယ်တောင် ရှိနေတယ် ဆိုတာကို အံ့သြစရာ သိခဲ့ရပါတယ်။ သူ့ကိုကြည့်ရင် ၇၀ နှစ်လောက်သာ ရှိမယ်လို့ ထင်ရပါတယ်။ ဟောပြောတဲ့နေရာမှာလည်း ပေးထားတဲ့ ကုလားထိုင်ပေါ်မထိုင်ဘဲ စင်မြင့်ပေါ်မှာ မတ်တပ်ရပ်ပြီး တစ်နာရီကျော်ကျော် လက်တန်းဟောသွားပါတယ်။ အားကျဖို့ကောင်းလှတဲ့ ပုဂ္ဂိုလ်ထူးတစ်ယောက် ပါပဲ။ သူဟာ မလေးရှားနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုသမိုင်းကို ရေးခဲ့သူတစ်ဦး အနေနဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို တင်ပြသွားတာမို့ သိပ်ပြီးနားထောင်ဖွယ်ရာ ဖြစ်ပါတယ်။ လက်တွေ့စာတွေ့ တွေနဲ့ ရောယှက်ပြီးတင်ပြသွားတာ အတုယူစရာပါပဲ။
ဝန်ကြီးချုပ်ကြီးဟာ သူနိုင်ငံအတွက် ဘာဖြစ်လိုသလဲ ဆိုတာကို ပြတ်ပြတ်သားသား ဖော်ထုတ်နိုင်ခဲ့တယ်။ ဖော်ထုတ်ခဲ့သလို လက်တွေ့မှာ ဖြစ်အောင်လည်း ကြိုးစားဆောင်ရွက်နိုင် ခဲ့တယ်။ ခေါင်းဆောင်ကောင်းမှာ ရှိသင့်ရှိထိုက်တဲ့ အမြော်အမြင်ရှိတဲ့သူ ဖြစ်ပါတယ်။
ဒေါက်တာမဟာသီယာ တစ်နေ့တစ်နေ့ မလေးရှားနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုအတွက် ဘယ်ပုံဘယ်နည်း ဆောင်ရွက်ခဲ့ပုံကို ပြည့်ပြည့်စုံစုံ ဆွေးနွေးတင်ပြခဲ့ပါတယ်။ သူ့ရဲ့တင်ပြချက်ကို သုံးသပ်ပြီး လူပုဂ္ဂိုလ် တစ်ဦးဖြစ်စေ၊ နိုင်ငံမှာဖြစ်စေ၊ အရေးကြီးဆုံးက ရွေးချယ်မှုပဲဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ မိမိနိုင်ငံအကျိုးအတွက် မှန်ကန်သော ရွေးချယ်မှုကို လုပ်ကိုင်ဆောင်ရွက်နိုင်ရမယ် ဖြစ်ပါတယ်။ ယခုလို ရွေးချယ်မှုများ ပြုလုပ်ရာ၌ ခေါင်းဆောင်လုပ်သူ၏ အရည်အသွေး အမြော်အမြင်မှာ အခြေခံ တစ်ရပ်ဖြစ်ပါတယ်။ တစ်ခုတော့ သတိထားဖို့ လိုအပ်ပါတယ်။ မမှားသော ရှေ့နေ၊ မသေသောဆေးသမားလို နိုင်ငံတိုးတက်ဖို့ ပေါ်လစီချမှတ်တဲ့နေရာမှာ ဒေါက်တာမဟာသီယာမှာ ထူးခြားတဲ့အောင်မြင်မှုတွေ ရရှိခဲ့သလို အမှားတွေလည်း လုပ်ခဲ့တာတွေ့ရပါတယ်။
၁၉၉၇ ခုနှစ် အာရှငွေကြေး အကျပ်အတည်း ပြဿနာရင်ဆိုင်ရတဲ့ အခါ အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ ဖြေရှင်းတဲ့နည်းတွေက အလွန်စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတကြီး ဆူဟာတိုဟာ ကနဦးမှာ အလွန်အောင်မြင်တဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့တယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းကို အနှစ် ၂၀ အတွင်း သိသိသာသာ လျှော့ချနိုင်ခဲ့တယ်။ ဒီလိုလုပ်တဲ့နေရာမှာ သူ့ရဲ့စီးပွားရေးအကြံပေး တွေဟာ အမေရိကန်နိုင်ငံ California တက္ကသိုလ်မှာ ပါရဂူဘွဲ့တွေ ရထားကြသူတွေ ဖြစ်တော့ သူတို့ကို Berkerly Boys ဆိုပြီး ကင်ပွန်းတပ်ခဲ့တယ်။ သူတို့ရဲ့ အကြံကောင်းတွေကြောင့် အောင်မြင်မှုရခဲ့ကြောင်း လက်ခံထားကြတယ်။
ဒါပေမဲ့ ၁၉၉၇ စီးပွားရေး အကြပ်အတည်း ဖြစ်တဲ့အချိန် သူတို့ရဲ့ အကြံပေးမှုနဲ့ သမ္မတကြီးဆူဟာတိုဟာ IMF ကို အပြည့်အဝ လက်ခံလိုက်ပြီး ပြုပြင်ပြောင်းလဲမှု တွေကို ဆောင်ရွက်ခဲ့တယ်။ မျက်စိထဲမှာ မထွက်တဲ့ မြင်ကွင်းကတော့ IMF ဥက္ကဋ္ဌက မတ်တတ်ရပ် လက်ပိုက်ပြီး စားပွဲပေါ်မှာ သဘောတူစာချုပ်ကို ကျောင်းသားကလေးတစ်ယောက်လို ခပ်ကုပ်ကုပ် လက်မှတ်ရေးထိုးနေတဲ့ သမ္မတကြီးဟာ ဆူဟာတိုပဲ ဖြစ်ပါတယ်။ ဒေါက်တာ မဟာသီယာကတော့ IMF ပေးတဲ့ အကြံဉာဏ်ကို လုံးဝလက်မခံဘဲ မလေးရှားငွေကို တောင့်ခံထားခဲ့တယ်။ အချိန်တန်တော့ သူ့ရဲ့အဆုံးအဖြတ်ဟာ မှန်ကန်တာ တွေ့ရပါတယ်။
သူ့ရဲ့မဟာအမှားကတော့ Proton ကားထုတ်လုပ်မှုနဲ့ ပတ်သက်လို့ပဲ ဖြစ်တယ်။ အမျိုးသားချစ်စိတ် လွန်ကဲပြီး ကိုယ့်နိုင်ငံမှာ မော်တော်ယာဉ် ရအောင်လုပ်မယ် ဆိုတဲ့ ပေါ်လစီကို ချမှတ်ခဲ့တယ်။ လက်တွေ့မှာ ဒီကားကို ဝယ်မယ့်သူ မရှိတဲ့အတွက် အစိုးရဝန်ထမ်းတွေကို အတင်းအဓမ္မ ရောင်းချ ခဲ့ပါတယ်။ မော်တော်ယာဉ် ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက ကျင့်သုံးတဲ့ ပေါ်လစီနဲ့ နှိုင်းယှဉ်လို့ ရနိုင်ပါတယ်။ နာမည်ကြီး ဂျပန်ကားကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တယ်။ မှန်ကန်တဲ့ အဆုံးအဖြတ်ကြောင့် အခုဆိုရင် ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ Pick-up ကားထုတ်လုပ်မှုမှာ ပထမနေရာမှာ ရောက်ရှိနေတာ တွေ့ရပါတယ်။
စီးပွားရေးပေါ်လစီတစ်ခု ချမှတ်တဲ့နေရာမှာ ကာလတိုမကြည့်ဘဲ ရေရှည်မှာ တွေ့ကြုံရမယ့် ကောင်းကျိုး၊ ဆိုးကျိုးကို သုံးသပ်နိုင်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည်မှာ ပြည်တွင်း မော်တော်ယဉ် ထုတ်လုပ်မှု ပေါ်လစီလို့ သတ်မှတ်ခဲ့ပြီး စက်မှုဇုန်တွေမှာ ကားတွေကို ထုတ်လုပ်ခဲ့တယ်။ အစစအရာရာ မှားယွင်းနေတာကို လူတိုင်းသိပေမယ့် မျက်စိမှိတ်ပြီး ဆောင်ရွက်ခဲ့တာမို့ နိုင်ငံခြားက အကောင်းစစ်စစ် ကားတစ်စီးကို စက်မှုဇုန်က ထုတ်လုပ်တဲ့ကား ဖြစ်အောင် အမြီးကဖြတ်ပြီး လုပ်ခဲ့တာကို လူတိုင်း မှတ်မိကြလိမ့်မယ်။ သူများကို လိမ်ညာတာထက် ဆိုးတာက ကိုယ့်ကိုယ်ကိုယ် ညာတဲ့ကိစ္စ ဖြစ်တယ်။ မဟုတ်တာကို ဟုတ်တယ်လို့ ပြောကြ၊ ဆိုကြလုပ်ကြတဲ့ သူတွေမှာ တာဝန်ကြီး လှပါတယ်။
လောလောဆယ်မှာလည်း မော်တော်ယဉ်များနဲ့ ပတ်သက်ပြီး စဉ်းစားစရာတွေက အများကြီး။ နိုင်ငံတော်အကြီးအကဲ တွေရဲ့ စေတနာက ကားဟောင်းတွေ စီးနေတဲ့ လူလတ်တန်းစားတွေကို ထိုက်ထိုက်တန်တန် ကားသစ်တွေ စီးနိုင်အောင် ကားတင်သွင်းပါမစ်တွေ ထုတ်ပေးခဲ့တယ်။ လက်တွေ့မှာတော့ ဖြစ်ချင်တာနဲ့ တခြားစီ။ ငွေကြေးတတ်နိုင်တဲ့သူတွေ အတွက်သာ အကျိုး အမြတ်တွေ ဖြစ်လာတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးတင်ပြဖို့ မရည်ရွယ်ပါဘူး။ စီးပွားရေးပေါ်လစီ တစ်ခု ချမှတ်တဲ့နေရာမှာ ဖြစ်လာတဲ့ အကြောင်းအကျိုး အကျိုးဆက်တွေကို ဘက်စုံက စဉ်းစားဖို့လိုတယ်။ ရှုထောင့်တစ်ခုတည်းက စဉ်းစားရင် အမှား တွေ့နိုင်တယ်။
အခုတော့ စီမံခန့်ခွဲမှုပညာမှာ Stakeholder Participation ဟာ ပေါ်လစီ ဖော်ထုတ်ချမှတ်မှုဟာ အဓိကဖြစ်တယ်လို့ လက်ခံလာခဲ့တယ်။ အဓိပ္ပာယ်က ပေါ်လစီတစ်ခု မချမှတ်မီ ပတ်သက် သက်ဆိုင်တဲ့ သူတွေနဲ့ တိုင်ပင် ဆွေးနွေးဆန်းစစ်၊ သုံးသပ်ပြီးမှ ချမှတ်သင့်ကြောင်း လက်ခံလာခဲ့တယ်။
မှားယွင်းတဲ့ စီးပွားရေးပေါ်လစီတွေ ချမှတ်တဲ့နေရာမှာ စေတနာကောင်းနဲ့ လုပ်တာပါလို့ ပြောလို့မရဘူး၊ ဆင်ခြေပေးလို့ မရဘူး။ စေတနာ ကောင်းတာ မကောင်းတာထက် ရလဒ်အဖြေက ဘာဖြစ်မလဲ စဉ်းစားဖို့ လိုအပ်ပါတယ်။ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်တာထက် အများရဲ့ အယူ အဆအတွေးအမြင်တွေ ထည့်သွင်းစဉ်းစားရင် အမှား နည်းနိုင်ပါလိမ့်မယ်။ ဒါကြောင့် စီမံခန့်ခွဲမှုမှာ Participatory Leadership လို့ခေါ်တယ်။ ပါဝင်ပတ်သက်တဲ့ ခေါင်းဆောင်မှုဟာ အရေးကြီးလာကြောင်း လက်ခံလာခဲ့တယ်။ အများရဲ့ အကြံတွေကို တောင်းပြီးမှ ပေါ်လစီတွေ ချမှတ်ရမယ် ဆိုတာကိုလည်း သဘောတူလာခဲ့တယ်။
ဒေါက်တာမဟာသီယာ နဲ့ပတ်သက်လို့ စဉ်းစားလိုက်ရင် ခေါင်းဆောင် တစ်ဦးဟာ ပြီးပြည့်စုံနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အားသာချက်တွေ ရှိသလို အားနည်းချက်တွေ ရှိတာဟာလည်း သဘာဝတရား ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ခေါင်းဆောင်တစ်ဦးရဲ့ အောင်မြင်မှုတွေနဲ့ ဆုံးရှုံးမှုတွေကို ချိန်ခွင်မှာ တင်ပြီး ချိန်ထိုးရမှာသာဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ဦးဟာ လူသားဖြစ်တာမို့ အမှားမရှိတာတော့ မဖြစ်နိုင်ပါဘူး။
ဒေါက်တာမဟာသီယာ ဟောပြီးချိန်မှာ သူ့ကိုမေးခွန်းတွေ မေးခွင့်ပေး ပါတယ်။ ရတဲ့အခွင့်အရေးကို လက်မလွှတ်ချင်တာနဲ့ ဆရာကမေးခွန်းတစ်ခု မေးမိပါတယ်။ မေးတဲ့မေးခွန်းကတော့ သူကျင့်သုံးခဲ့တာ ခေါင်းဆောင်မှုဟန် ပုံစံကို သိပါရစေလို့ မေးခဲ့ပါတယ်။ သူက အတိအကျ မဖြေဘဲ သူရဲ့ခေါင်းဆောင်မှု အတွေ့အကြုံတွေကို ဖော်ပြသွားပါတယ်။ ဆရာ့လိုပဲ မေးခွန်းမေးကြတဲ့သူ တွေ ရှိခဲ့ပါတယ်။ ဒေါက်တာမဟာသီယာက စိတ်ရှည်လက်ရှည် အဖြေပေးခဲ့ ပါတယ်။ ဟောပြောပွဲပြီးတော့ သူက စင်မြင့်ပေါ်က ဆင်းလာပြီး ဆရာ့ကို နှုတ်ဆက်ပါတယ်။ အခုလို လေးစားကြည်ညိုစရာ ဖြစ်တဲ့ ခေါင်းဆောင်တစ်ဦးနဲ့ တွေ့ခွင့်ရတဲ့ အခွင့်အရေးကြောင့် ကိုယ့်ကိုယ်ကိုယ် သိပ်ကံကောင်းတယ် လို့ ယူဆမိပါတယ်။
The Voice Weekly