အပျံသင်စ ဗဟိုဘဏ်၊ လှောင်ချိုင့်နှင့် ဘဏ်တိုးနှုန်း

ပို့စ်တင်ချိန် - 9/12/2013 08:47:00 AM






ဘဏ်တိုးနှုန်းများ မြင့်မားနေသည့်အတွက် လျှော့ချရန် လွှတ်တော်သို့တင်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည့်အတွက် နိုင်ငံရေး၊ စီးပွားရေး ရိုက်ခတ်မှုကြီးများ တစ်နွယ်ငင် တစ်စင်ပါ ဖြစ်လာနိုင်သည်။ မွေးကင်းစ ဗဟိုဘဏ်သစ်၏ လွတ်လပ်ရေး၊ ဘဏ်တိုးနှုန်းမြင့် မမြင့်၊ ဘဏ်တိုးနှုန်း အတင်အချကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များသည် ထိပ်ဆုံးက ပါသည်။

ဗဟိုဘဏ် ပူပူနွေးနွေးလွတ်လပ်ရေး

ဗဟိုဘဏ်သည် နိုင်ငံ၏ဘဏ်တိုးနှုန်း၊ ငွေကြေးလဲလှယ်နှုန်းများ အပါအဝင် ငွေကြေးမူဝါဒကို နိုင်ငံရေးသမားတို့၏ စွက်ဖက်ခြယ်လှယ်ခြင်းမှ ကင်းဝေးပြီး လွတ်လပ်စွာ ဆုံးဖြတ်နိုင်မှ ငွေကြေးတည်ငြိမ်ရေး၊ မှန်ကန်သော နှုန်းထားများတွင် ရှိရေးတို့ကို ဆောင်ရွက်နိုင်ပြီး နိုင်ငံ့စီးပွားရေးအတွက် အခြေခံကောင်းများကို တည်ဆောက်ပေးနိုင်မည်။ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် ဗဟိုဘဏ်တည်ရှိခဲ့ရာမှ ယခုပြုပြင်ပြောင်းလဲရေးကာလ တွင်မှ ခက်ခက်ခဲခဲ ဆွဲထုတ်နိုင်ခဲ့သည်မှာ ပူပူနွေးနွေးသာ ရှိသေးသည်။ ဗဟိုဘဏ်ဥပဒေ ပြဋ္ဌာန်းပြီး လွတ်လပ်ဗဟိုဘဏ်သစ် မွေးကင်းစတွင် ဗဟိုဘဏ် တစ်ဦးတည်းကသာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ရမည့် ဘဏ်တိုးနှုန်းကိစ္စကို လွှတ်တော်တင်မည် ဆိုခြင်းသည် ဗဟိုဘဏ်ကို နိုင်ငံရေး သြဇာအောက်သို့ ပြန်သိမ်းလိုက်သလိုဖြစ်ပြီး ကုလားကြီးလက်တွင်းမှ အရာကြီးလက်တွင်းသို့ ရောက်သွားခြင်း ဖြစ်လိမ့်မည်။ လွတ်လပ်သော ဗဟိုဘဏ်သည် နိုင်ငံရေးပယောဂများ မပါဘဲ လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်နိုင်မှ တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်မည် ဖြစ်သည့်အတွက် လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်အောင် အားပေးအားမြှောက်ပင် ပြုရဦးမည်။ စလုံးရေပင် မစရသေးဘဲ ယခုမှ ဗဟိုဘဏ်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ပြီး အပျံသင်စတွင် အတိုးနှုန်းများ လျှော့ချရန် လွှတ်တော်တွင် တင်ပြမည်ဆိုခြင်းသည် လှောင်ချိုင့်တွင်းသို့ ပြန်ပို့လိုက်ခြင်းနှင့် တူသည်။

စာရေးသူသည် ၂၀၁၁ လွှတ်တော်စတင်စအချိန်၊ လွှတ်တော်ကို အများစုက အိမ်ဖြည့်ဟု သဘောထားချိန်ကပင် လွှတ်တော်၏ အခန်းကဏ္ဍသည် အရေးကြီးလှကြောင်း တောက်လျှောက် ရေးသားခဲ့ပါသည်။ သို့သော် ဗဟိုဘဏ်၏ လွတ်လပ်သော အခန်းကဏ္ဍကို ဝင်စွက်လျှင်မူ လွဲမှားသော အစဉ်အလာကို လွှတ်တော်သည် စတင်ရာရောက်မည်ဖြစ်ပြီး နိုင်ငံ၏ တည်ဆောက်စ စီးပွားရေးအခြေခံကို ဖျက်ခြင်းဖြစ်လိမ့်မည်။

ဘဏ်တိုးနှုန်းများ တကယ်မြင့်သလား

မြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းများ မြင့်နေ မနေကို မစဉ်းစားမီ ဘဏ်တိုးနှုန်း အကြောင်းကို ပထမဦးစွာ ပြောရဦးမည်။

ဘဏ်တိုးနှုန်း (Interest Rate) သည် နိုင်ငံ့စီးပွားရေးတိုးတက်အောင် ထိန်းကျောင်းရာတွင် အစိုးရအနေနှင့် သုံးစွဲနိုင်သော လက်နက်ကိရိယာကြီး တစ်ခုဖြစ်ပြီး ထိုသို့ ကိုင်တွယ်သုံးစွဲကာ အတိုးနှုန်းမြှင့်တင်ခြင်း၊ လျှော့ချခြင်းဖြင့် နိုင်ငံတွင်း လှည့်လည်သုံးစွဲနေသော ငွေကြေးပမာဏ (Money Supply) ကို မြှင့်တင်ခြင်း၊ လျှော့ချခြင်းသည် ငွေကြေးမူဝါဒ (Monetary Policy) ၏ အစိတ်အပိုင်းဖြစ်သည်။ ဘဏ်တိုးနှုန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အရေးတကြီး လိုအပ်သော စုဆောင်းငွေနှင့် ရင်းနှီးမြှုပ်နှံမှု တို့အပေါ်တွင် ကြီးမားစွာ သက်ရောက်သည်။

ဈေးကွက်စီးပွားရေး ကျင့်သုံးသော နိုင်ငံများတွင် စီးပွားတက်ရန်၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးသည်။ စီးပွားရေး တည်ထောင် လုပ်ကိုင်ကြရာတွင်လည်း ကောင်း၊ ရှိရင်းစွဲလုပ်ငန်းကို ချဲ့ထွင်ရာတွင် လည်းကောင်း ငွေအရင်းအနှီး (Capital) လိုသည်။

ဘဏ်များသည် ငွေလိုသူ၊ လုပ်ငန်း လုပ်လိုသူနှင့် ငွေပိုသူ၊ အကျိုးအမြတ်ရလိုသူ အကြား ချိတ်ဆက်ပေးသည့်နေရာ ဖြစ်သည်။ စီးပွားရေး ရင်းနှီးမြှုပ်နှံလိုသူတို့ လိုအပ်သော ငွေအရင်းအနှီးကို ဘဏ်ကထုတ်ပေးသည်။ သူတို့ထုတ်ပေးမည့်ငွေကို ငွေပိုသူများက ဘဏ်တွင် လာရောက်အပ်နှံကြသည်။ ထိုသို့ လာအပ်သည့်အတွက် ဘဏ်များက အပ်နှံသူတို့ကို အကျိုးအမြတ်ပေးသည်။ ယင်းသည် ဘဏ်တိုးဖြစ်သည်။ ဘဏ်က ထိုအပ်နှံငွေများကို ငွေလိုသူ၊ လုပ်ငန်းလုပ်လိုသူ တို့အား ပြန်ချေးသည်။ ဘဏ်ကပြန်ချေးသည့် အတိုးနှုန်းနှင့် ဘဏ်ကိုအပ်သူများ ရသည့် အတိုးနှုန်းအကြား ကွာခြားချက်သည် ဘဏ်ခံစားရသော အကျိုးအမြတ်ဖြစ်သည်။

ဘဏ်တိုးနှုန်းမြင့်လျှင်ရသည့် အကျိုးခံစားခွင့် မြင့်သည့်အတွက် အပ်သောသူ ယေဘုယျအားဖြင့် ပိုများမည်။ ထိုအခါ ဘဏ်တွင် အပ်နှံငွေတိုးလာမည်။ ထိုအခါဘဏ်သည် အများအပြားကို ငွေထုတ်ချေးနိုင်မည်။ ထိုအခါတွင် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ခွင့် ပိုများလာမည်။
ဘဏ်တိုးနှုန်း နိမ့်လွန်းလျှင် ငွေအပ်နှုန်းနည်းသွားမည်။ ထိုအခါ ဘဏ်တွင် အပ်ငွေနည်းမည်။ ထိုအခါ ဘဏ်၏ ချေးနိုင်စွမ်းနည်းမည်။ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်မှု နည်းသွားမည်။ သို့သော် ဘဏ်တိုးနှုန်း မြင့်လွန်းလျှင် မကောင်း။ အဘယ်ကြောင့်ဆိုသော် ဘဏ်က ပြန်ချေးမည့် အတိုးနှုန်းလည်း လိုက်မြင့်သွားလျှင် ချေးယူလုပ်ငန်းလုပ်မည့် သူများ နည်းပါးသွားမည်။ ထို့ကြောင့် ဘဏ်တိုးနှုန်းသည် အပ်သူလည်း အပ်ချင်၊ ချေးသူလည်း ချေးချင် သည့် အတိုးနှုန်းဖြစ်ရန် လိုသည်။

စုဆောင်းငွေနှင့် ဖွံ့ဖြိုး တိုးတက်မှု

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် နိုင်ငံတွင်း စုဆောင်းငွေ (Saving) ပေါ် မူတည်သည်။ စုငွေမြင့်မားလေလေ၊ စီးပွားရေးတိုးတက်ရန် အခွင့်အလမ်း ကောင်းလေလေ ဖြစ်သောကြောင့် ဝင်ငွေမှ စုဆောင်းငွေအချိုး (Saving Rate) ကို နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်ခြေကို တိုင်းတာရန်၊ နိုင်ငံ ရောက်ရှိနေသည့် ဖွံ့ဖြိုးမှု အဆင့်ကို တိုင်းတာရန် ပေတံ (Indicator) တစ်ချောင်းအဖြစ် သတ်မှတ်ထားကြသည်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်သို့ စတက်ရန် စုဆောင်းငွေသည် ဝင်ငွေ၏ ၅ ရာခိုင်နှုန်း ရှိသင့်သည်ဟု ဖွံ့ဖြိုးရေးပညာရှင်တို့က ဆိုသည်။ ဝင်ငွေ၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းသို့ ရောက်လျှင် အဆင့်မြင့်မြင့်သို့ မြန်မြန်ရောက်နိုင်မည်။ ဂျပန်၊ တောင်ကိုရီးယား အပါအဝင် ကမ္ဘာပေါ်တွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အမြန်ဆုံး အရှေ့အာရှနိုင်ငံများသည် စုဆောင်းငွေ အမြင့်ဆုံးနိုင်ငံများ ဖြစ်ရင်းနှင့် ယခု အဆင့်သို့ ရောက်ခဲ့ခြင်းဟု ပညာရှင်အများအပြားက သုံးသပ်ကြသည်။ စုဆောင်းငွေနည်းသော နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှု လှေကားပေါ် တက်ရင်းတက်ရင်း လန်ကျနေကြသည်။

စုဆောင်းငွေသည် ဘဏ်များကပေးသော အတိုးနှုန်းပေါ်တွင် များစွာ မူတည်သည်။ မြန်မာနိုင်ငံဘဏ် များတွင် အပ်နှံထားသည့် ငွေများနှင့် တိုင်းပြည်ဝင်ငွေအချိုး (savings and check deposit ratio to GDP) သည် ၁၀ ရာခိုင်နှုန်းသာရှိသဖြင့် အာရှတွင် အနိမ့်ဆုံးထဲတွင် ပါဝင်သည်။ ၂၀၀၆၊ ၂၀၀၇ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၏ ပြည်တွင်း စုဆောင်းငွေသည် တိုင်းပြည်ဝင်ငွေ၏ ၁၂ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိသည့်အချိန်တွင် စင်ကာပူ ၄၉၊ မလေးရှား ၄၃၊ ထိုင်း ၂၃၊ အင်ဒိုနီးရှား၂၆၊ ဘင်္ဂလားဒေ့ရှ် ၂၀၊ ကမ္ဘောဒီးယား ၁၄ တို့ရှိသည့်အတွက် မြန်မာနိုင်ငံ၏ စုဆောင်းမှု အခြေအနေ ကို သဘောပေါက်နိုင်သည်။ ဘဏ်တိုးလျှော့လိုက်လျှင် စုဆောင်းငွေ ပမာဏအပေါ် မည်မျှ သက်ရောက်နိုင်သနည်း သည် စိတ်ဝင်စားဖွယ် အလွန်ကောင်းသည်။

ဘဏ်တိုး မကိုက်သောကြောင့် အပ်ငွေများ ပြန်ထုတ်သွားလျှင် လှည့်လည်စီးဆင်းငွေ (Money Supply) ထဲသို့ ငွေများ စီးဝင်သွားသည့် အတွက် Money Supply တက်လာမည်၊ ငွေကြေးဖောင်းပွမှု တက်လာနိုင်သည်။ အချို့ငွေများသည် ဈေးကစားခြင်းသံသရာထဲ ရောက်သွားနိုင်သည်။ ငွေကြေးဖောင်းပွမှု ၅ ဒသမ ၁ ရာခိုင်နှုန်း ရှိချိန်တွင် အတိုးနှုန်း လျှော့ချလိုက်လျှင် ငွေဖောင်းပွမှုနှုန်း ထပ်တက်လာမည်။ မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှု တစ္ဆေအခြောက်ခံရာမှ လွတ်လာသည်မှာ တစ်နှစ်၊ ၂ နှစ် ခန့်သာရှိသေးချိန်တွင် အတိုးနှုန်းလျှော့ မလျှော့၊ မည်မျှအထိ လျှော့မည် ကိစ္စကို ဆင်ခြင်စဉ်းစားပြီးမှ ဆောင်ရွက်သင့်သည်။

ဘဏ်များက အပ်ငွေအပေါ် ထုတ်ပေးသော ဘဏ်တိုးနှုန်း (Saving Rate) နှင့် ဘဏ်များက ပြန်ချေးသည့်အခါ ရယူသည့် ဘဏ်တိုးနှုန်း (Lending Rate) တို့ ဟလွန်း၊ မဟလွန်း ကိုလည်း စဉ်းစားရမည်။ ထိုနှစ်ခု ကွာဟချက်သည် ကြီးမားလွန်းလျှင် ဘဏ်က ဝန်ဆောင်ခ၊ စွန့်စားကြေးတို့ကို များများယူထားသည်ဟု ဆိုလိုနိုင်ပြီး ဘဏ်တွင်လာအပ်သူတို့ ရသော အကျိုးအမြတ်သည် အလွန်နိမ့်နေနိုင်သည်။ စီးပွားရေးလုပ်လိုသူတို့ အတိုးပေးရနှုန်း သက်သာစေရန် Lending Rate ကို လျှော့ပြီး Saving Rate ကို ထိန်းထားသည့် နည်းများလည်း စဉ်းစားနိုင်သည်။

ဘဏ်တိုးနှုန်း အတင်အချနှင့် ဆက်စပ်နေသည်မှာ လူမှုဖူလုံရေး ဖြစ်သည်။ ပင်စင်စားများသည် ချွေးနှဲစာလေး၊ အထုပ်လေးများကို ဘဏ်တွင်အပ်ပြီး အတိုးမှ ဝင်ငွေလေးကို မှီခိုနေရသဖြင့် ဘဏ်တိုးများ လျှော့လိုက်လျှင် သက်ကြီးရွယ်အို ပင်စင်စားတို့၏ ဘဝနေဝင်ချိန် ဆင်းရဲ ပင်ပန်းလိမ့်မည်။

ဘဏ်တိုးနှုန်းသည် စုဆောင်းငွေ၊ ထိုမှသည် ရင်းနှီးမြှုပ်နှံမှုတို့နှင့် တိုက်ရိုက်ဆက်စပ်နေပြီး နိုင်ငံ့စီးပွားရေးကို ကိုင်လှုပ်နိုင်စွမ်း၊ ဆွဲချနိုင်စွမ်း၊ တွန်းတင်နိုင်စွမ်းရှိသည်။ မိမိနိုင်ငံ ရေမြေလူတို့နှင့် အကိုက်ညီဆုံး၊ အသင့်လျော်ဆုံး ဘဏ်တိုးနှုန်းထားများကို ဗဟိုဘဏ်က လွတ်လွတ်လပ်လပ်ဖြင့် ရေရှည်မျှော်တွေးကာ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဆုံးဖြတ်ရပေမည်။

(ေဇယ်သူ)
The Voice Weekly