တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်

ပို့စ်တင်ချိန် - 9/29/2013 11:45:00 AM




လွန်ခဲ့သည့်သီတင်းပတ်ထဲ၌ ငြိမ်းချမ်းရေးအသံတွေ မိုးလုံးလျှံနေခဲ့သည်။ စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သော ကမ္ဘာ့
ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးတွေက ငြိမ်းချမ်းရေးသင်္ကေတ ချိုးဖြူငှက်ကလေးတွေ လွှတ်ကြသည်။ မိမိတို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ပြည်တွင်း ငြိမ်းချမ်းရေးအမြန်ဆုံးရနိုင်ပါစေသတည်းဟု ဆုတောင်းမေတ္တာပို့သကြသည်။ ငြိမ်းချမ်းရေးစေတမန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ပြည်တွင်း ငြိမ်းချမ်းရေးကြီးရစေလိုလွန်းသဖြင့် ဘယ်သူ့
ဘယ်သူဆီကမှ ရန်ပုံငွေ ငွေကြေးမျှော်ကိုးစောင့်ဆိုင်းမနေဘဲ မိမိကိုယ်ပိုင်အိမ်နှင့်မိမိပိုင်ကားကို ရောင်းချလျက် အသုံးစရိတ်လုပ်
ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်နေပါကြောင်းလည်း ပြောသံကြားလိုက်ရသည်။ ကျေးဇူးတတင်ဖြင့် ၀မ်းမြောက် ၀မ်းသာဖြစ်မိရ၏။

အထူးသဖြင့်ကား စက်တင် ဘာ ၂၁ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့၌ပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက်ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် အဖွဲ့အစည်းပေါင်း ၅၀ ကျော်မှ ကိုယ်စားလှယ်များကို ၀န်ကြီးဦးအောင်မင်း ပြောခဲ့သည့် ကတိစကားတွေကလည်း အားတက်မျှော်လင့်စရာကောင်းလှသည်။

အဖွဲ့အစည်းများအားလုံးပါဝင်မည့် နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင်ပြုလုပ်ရန် ရည်ရွယ်ထားသည့်အကြောင်း။ အသေးစိတ်သဘောတူညီမှုများ အားလုံးကို တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အကျေအလည် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ် သည့်အကြောင်း။ ထိုသို့ဆောင် ရွက်ရာတွင် ကြိုတင်သတ်မှတ်ခြင်း၊ ဖိအားပေးခြင်းများပြုလုပ် မည်မဟုတ်သည့်အကြောင်း။ ပြည်ထောင်စုမှ ခွဲထွက်ခြင်းနှင့် အချုပ်အခြာအာဏာကို ထိပါးသောကိစ္စမှလွဲ၍ ကျန်ကိစ္စများကို လွတ်လပ်စွာဆွေးနွေးနိုင်သည့် အကြောင်း ပြောကြားသွားခဲ့သည်တဲ့။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခြင်းကို အောက်တိုဘာလကုန်တွင်ပြုလုပ်မည်။ နိုင်ငံရေးဆွေး နွေးပွဲအတွက် မူဘောင်ရေးဆွဲခြင်းကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (သို့မဟုတ်) ဒီဇင်ဘာလတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အပစ်ရပ် လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများပါဝင်ကာ ရေးဆွဲကြမည်တဲ့...။ ဆိုသည့်အခါ တိုင်းရင်းသားလူမျိုး ပေါင်းစုံပါဝင်မည့် ပင်လုံညီလာခံကြီးကို စိတ်ကူးနှင့်မြူး၍ပင် ပျော်မိလိုက်သေးသည်။

တစ်ချိန်တည်းမှာလည်း ဆရာကြီးဦးသုခ၏ တစ်ဦးက မေတ္တာ၊ တစ်ဦးကစေတနာ ဂန္ထ၀င်ရုပ်ရှင်ကားကြီးထဲမှ ပရိသတ် ရင်ထဲတွင်စွဲကျန်ခဲ့သည့် စကားတစ်ခွန်းကိုသတိရမိသည်။ “တကယ်ဖြစ်ချင်တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်”တဲ့။ မေတ္တာ၊ စေတနာကိုအရင်းခံလျက် တကယ်လုပ်ဖြစ်ကြဖို့ပဲလိုသည်။ လောကမှာ မဖြစ်သေးတာပဲရှိသည်။ မဖြစ်နိုင်တာမရှိဆိုသည့် စကားက
လည်း အခိုင်အမာပင်ရှိ၏။ တကယ်ဖြစ်ချင်သည့် စိတ်သာတကယ်ရှိလျက် တကယ်တမ်းသာကြိုးပမ်းဆောင်ရွက်ကြမည်ဆို
လျှင် မဖြစ်နိုင်စရာဘာမျှမရှိဟုယုံသည်။ ဟန်ပြတွေမဖြစ်ဖို့ပဲလိုသည်ဟုဆိုချင်သည်။

၁၉၆၂ ခုနှစ်မတ်လ ၂ ရက် တွင် အာဏာသိမ်းခဲ့သော ဗိုလ် ချုပ်ကြီးနေ၀င်းသည်လည်း ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်စွဲဖြင့်
ပြည်တွင်းငြိမ်းချမ်းရေးအတွက် တော်လှန်ရေးကောင်စီ၏ ကမ်းလှမ်းချက်ကိုထုတ်ပြန်ကာ ပြည်တွင်းငြိမ်းချမ်းရေးကိုလုပ်ခဲ့ဖူး
သည်။ ထိုထုတ်ပြန်ချက်တွင် ပါဝင်သောအချက် ၅ ချက်ထဲ၌လည်း“တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက်လုံးက မည်သည့်အချက် များကိုအခြေခံ၍ ဆွေးနွေးလိုသည်ဟူသော ကြိုတင်စည်းကမ်း သတ်မှတ်ချက်မျိုးသည် မတွေ့ဆုံ မီကပင် တစ်ဖက်နှင့်တစ်ဖက် တင်းမာမှုသဘောကိုပြခြင်း၊ ဆွေးနွေးပွဲ၏ နယ်နိမိတ်ဘောင်ကို အသေတုပ်ချည်၍ ကျဉ်းမြောင်း သွားစေရာရောက်ခြင်းတို့ကြောင့် ငြိမ်းချမ်းရေးတည်ဆောက်မှုကို လက်တွေ့အားဖြင့် အကျိုးပြုနိုင်သည်ထက် အဟန့်အတားဖြစ်စေသည်ဟု တော်လှန်ရေးကောင်စီ က ထင်မြင်သဘောရရှိပေသည်။ ဤသို့တစ်ဖက်နှင့်တစ်ဖက် ကြိုတင်သတ်မှတ်ချက်မျိုးအလျဉ်း မပါဘဲ တိုင်းပြည်၏ပကတိအခြေ အနေကို မျက်မှောက်ပြု၍ လက်တွေ့ကျကျ ဆွေးနွေးဖြေရှင်းသောနည်းကိုလက်နက်ကိုင်တောတွင်း အင်အားစုများက သဘော
တူကြမည်ဆိုပါက တော်လှန်ရေးကောင်စီသည် နိုင်ငံရေးကြောင့်လည်းကောင်း၊လူမျိုးရေးကြောင့်လည်းကောင်းမည့်သည့် အကြောင်းကြောင့်ပင်ဖြစ်စေ တောတွင်းတွင်ရောက်ရှိနေကြသော မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများနှင့်မဆို တွေ့ဆုံဆွေးနွေးရန်အသင့်ရှိကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်”ဟုပါရှိသည်။

ထိုအချက်ကိုကြည့်ရုံမျှနှင့် ပင် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် အတူပေါက်ဖွားလာခဲ့သော ကိုယ့် သွေးရင်းသားရင်း ချင်းသတ်ဖြတ်
နေကြရသည့် ပြည်တွင်းစစ်ကြီးငြိမ်းချမ်းတော့မှာပါလားဟု မျှော်လင့်ကြည်နူးခဲ့ကြရဖူးသည်။

ငြိမ်းချမ်းရေး ဖခင်ကြီးသခင်ကိုယ်တော်မှိုင်းကပင် “အစိုးရက ဒီလောက်လိုက်လျောတာ သာဓုခေါ်ဖို့ကောင်းပါတယ်ကွာ။ ငြိမ်းချမ်းရေးရဖို့ တစ်ဖက်တစ်လမ်းကဆောင်ရွက်ပေးဖို့ ငါဘယ်စိတ်ပျက်ပါ့မလဲ။ ငါမသေခင် ငြိမ်းချမ်းရေးကို မြင်ချင်လွန်း
လို့ဆုတောင်းခဲ့ရတာ။ အခုတော့ ငါသေသွားရင်တောင် မေ့ပျောက် ဖို့ခက်ခက်ဖြစ်နေတော့တာပေါ့ကွာ...”ဟုယုံကြည်စွာဖြင့်လှိုက်
လှဲဝမ်းသာ သာဓုခေါ်ခဲ့ရသည့်ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဖြစ်၏။

တစ်တိုင်းပြည်လုံးမှ ပြည်သူတွေကလည်း ထိုကြေညာချက်ကို ကြက်သီးဖြန်းမျှ အုတ်အော်သောင်းတင်းကြိုဆိုခဲ့ကြသည်။ ရန်ကုန်၊ အင်းစိန်၊ သာယာဝတီ၊ ပဲခူး၊ မအူပင် စသည့်မြို့များမှ ထောင်ချီသည့်ပြည်သူတွေက ရန်ကုန်သို့ခြေကျင်စစ်ကြောင်းကြီး တွေချီကာ ငြိမ်းချမ်းရေးကိုထောက်ခံဆန္ဒပြကြိုဆိုကြသည်။ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်တွင်ရန်ကုန်မြို့ တော်ခန်းမရှေ့တွင် ထိုစစ်ကြောင်း ကြီးတွေဆုံမိကြသည့်အခါ ကြက်ပျံမကျအောင်ပင်လူထုပရိသတ်သိန်းချီခဲ့သည်။ ထို ပရိသတ်ကြီး၏မျက်ဝန်းတွေထဲတွင်ပြည်တွင်း ငြိမ်းချမ်းရေးကြီးရ တော့မည်အသိဖြင့်ဝိုင်းနေသည့် ပီတိ မျက်ရည်တွေကလည်းပြည့်လျှံ တာကျိုးလုနီးဟု မှတ်တမ်းတင်ခဲ့ကြသည်။

သို့သော်လည်း ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလလယ်တွင်ပင် ပြည်သူ တွေမျှော်လင့်ချက် ကြီးမားစွာ ထားခဲ့သည့် ငြိမ်းချမ်းရေးဆွေး နွေးပွဲကြီးက သဘောတူညီမှုများ မရရှိဘဲပျက်သွားခဲ့တော့သည်။

“ငြိမ်းချမ်းရေးကိုကျောခိုင်း၍ သူတို့ပြန်ကြလေပြီ” ဆိုသည့်သမိုင်းဝင်သတင်းဓာတ်ပုံက ပြည်သူတွေ၏ရင်ထဲ မျက်လုံးထဲမှာ
မေ့လို့ဖျောက်လို့ မရနိုင်အောင်ဖြစ်ခဲ့ရသလို လွမ်းစရာလည်းကောင်းလှသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်လာ
ကြသည့် ဗမာပြည်ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်တွေပေါက်ခေါင်းမြို့အနီးမှ န၀င်းချောင်းရေစပ်စပ် သဲပြင်လေးမှာ ပုဆိုး
လေးတွေမ၊ ဖိနပ်လေးတွေချွတ်လျက်ချောင်း တစ်ဖက်တောတန်းညို့ညို့လေးဆီလျှောက်လှမ်းနေကြသည်ကို ကျောဘက်မှရိုက်
ထားသည့် ဓာတ်ပုံဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကားပျက်ခဲ့လေပြီဟုပြောရတော့ မည်ဖြစ်၏။ ထိုကဲ့သို့ဆွေးနွေးပွဲ ပျက်ရခြင်းအပေါ် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ပြောဆို အပြစ်တင်ကြတာတွေရှိသော် လည်း အကယ်စင်စစ်မူ တကယ် မဖြစ်ချင်ခဲ့ကြသောကြောင့်သာ တကယ်ဖြစ်အောင်မလုပ်ခဲ့ကြ တာပဲဖြစ်မည်ထင်သည်။

စစ်ဆိုသည်ကိုတွေးမိတော့ မည်သည့်စစ်မဆို ပြည်သူများထံ သို့ ကောင်းကျိုးချမ်းသာဆောင် ကြဉ်းလာတတ်သောစစ်ဟူသည် ဤလောက၌မရှိဟုသာ အဖြေ ထွက်သည်။ စစ်ဆိုသည်နှင့် အနိဋ္ဌာရုံတွေကိုချည်းသာ တနင့်တပိုးသည်ဆောင်လာသည် ချည်းဖြစ်
၏။ကိုယ့်တစ်မြေတည်းနေတစ်ရေတည်းသောက်ကြသည့် ကိုယ့်သွေးရင်းသားရင်းတွေ အပြန်အလှန်တိုက်ကြ ခိုက်ကြရသည့် ပြည်တွင်းစစ်ဆိုသည်ကမူ ပြောစရာပင်မရှိတော့။ ဘယ်ဘက်ကပင်သေသေ ကိုယ့်သွေးကိုယ့်သား သေတာပဲဖြစ်သည်။ စစ်
တိုက်နေကြသည့် တစ်ဖက်နှင့်တစ်ဖက် သာမက တစ်တိုင်းပြည်လုံးကိုပါ အရာခပ်သိမ်း ဆုံးရှုံးနစ်နာစေသည့် လုပ်ရပ်သာဖြစ်၏။
စစ်ဖြစ်ပြီဆိုလျှင် အရင်ဆုံး ပိတ်လိုက်ရသည်က စာသင်ကျောင်းတွေဖြစ်လျက် စစ်ကြီးပြီးလျှင် နောက်အကျဆုံးပြန်ဖွင့်ရ သည်ကလည်း စာသင်ကျောင်း တွေပင်ဖြစ်သည်ဆိုသည့် ဆရာဦးအောင်သင်း၏ စကားကို အမှတ်ရမိသည်။

တကယ်တော့ ကျောင်းတွေ ပိတ်ရသည်သာမက ပညာရေးဌာနအသုံးစရိတ်ဘတ်ဂျက်ထက် စစ်တပ်အတွက်အသုံးပြုခဲ့သည့် အသုံးစရိတ်ဘတ်ဂျက်က အဆမတန်ပိုများနေသည်ကမူ တိုင်းပြည်၏အညွန့်အညှောက်ကိုပါ ချိုးဖဲ့ပစ်သည်နှင့်တူတော့၏။

ထိုကိစ္စနှင့် ပတ်သက်၍ ၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၅ ရက် (၃၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့တွင် တက္ကသိုလ်ကျောင်းသား များသမဂ္ဂမှ ငြိမ်းချမ်းရေးအဆိုပြုလွှာတစ်ခုကို ထုတ်ပြန်ခဲ့ဖူးသည်။ ထိုအဆိုပြုလွှာတွင် “ယမန်နှစ်က ပညာရေးအသုံးစရိတ် ကျပ်သိန်း၉၀၀ သုံးရာမှ ယခုနှစ်တွင် ၇၅၃ သိန်းသို့ လျှော့ချသုံးစွဲလာပေသည်။ ဤသို့ ပညာရေးအသုံးစရိတ်လျှော့သုံးလာခြင်းမှာ ပညာရေးကိုလျစ်လျူရှုခြင်းနှင့် ဖိနှိပ်မှုဖြစ်သော တိုင်းပြည်ကာကွယ်ရေးစစ်အသုံး စရိတ်များကို သုံးစွဲခြင်းကြောင့်ဖြစ်သည်”ဟု ပါရှိလေသည်။ ထိုခေတ်ထိုအခါက စစ်သားတစ်ယောက်အတွက် လက်နက်ကိရိယာ အလုံးစုံတပ်ဆင်ရေးအတွက်တစ်နှစ်သုံးငွေကျပ် ၄၀၀၀ ကျော် အကုန်အကျခံနေချိန်တွင် ကျောင်းသားတစ်ယောက်အတွက် နိုင်ငံတော်ကအသုံးပြုငွေမှာ ၃၅၀ ကျပ်သာရှိခဲ့သည်။ ထို့ ကြောင့် ပြည်တွင်းစစ်ကို ရပ်စဲဖို့ တောင်းဆိုလိုက်ကြောင်းဟု ငြိမ်း ချမ်းရေးအဆိုပြုလွှာကို ထုတ်ပြန်ခဲ့ဖူးသည်။

နှစ်ပေါင်း ၆၀ နီးပါးကြာခဲ့ပြီ ဖြစ်သည့် ယခုအခါတွင်ရော ဆိုသည့်အခါ၌လည်း ထိုနည်းလည်းကောင်းဟုပြောရမည့်နှယ်ရှိဆဲ ဖြစ်သည်။ ယခုအခါတွင် စစ်သည်အင်အားလေးသိန်းပတ်ဝန်းကျင်ရှိနေသည့် မြန်မာ့တပ်မတော်အတွက် နိုင်ငံတော်မှ နှစ် စဉ်အသုံးစရိတ် ခွဲဝေသတ်မှတ်ရာတွင် နိုင်ငံတော်ဘတ်ဂျက်ငွေ စာရင်း၏ လေးပုံတစ်ပုံ၊ ၂၃ ဒသ မ ၆ ရာခိုင်နှုန်းခွဲဝေသတ်
မှတ်ပေးခဲ့သည်။ ထိုငွေတန်ဖိုးမှာ မြန်မာငွေကျပ် ၁ ဒသမ ၈ ထရီလီယံရှိသည်ဟု ၂၀၁၁ခုနှစ် နိုင်ငံတော်ပြန်တမ်း၌ တရားဝင်ကြေ
ညာထားသည်။ ပညာရေးအတွက်ချမှတ်ပေးခဲ့သော ဘတ်ဂျက်ရန်ပုံငွေမှာမူ ၁ ဒသမ ၂ ရာခိုင်နှုန်းမျှသာရှိ ခဲ့လေ၏။

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟု စစ်တပ်အသုံးစရိတ်ကို မတန်တဆမြှင့်တင်သုံးစွဲခဲ့လေသည်ပဲထင်၏။ တပ်မတော်ကဖြင့် အမှန်အင် အားရှိခဲ့၊ မရှိခဲ့မသိသော်လည်း မြန်မာ့ပညာရေးကတော့ဖြင့် ချွတ်ခြုံကျသွားခဲ့ရတော့သည်။

တခြားနိုင်ငံတွေက ကျူး ကျော်လာသဖြင့် တိုက်ရခိုက်ရ သည့် စစ်ဆိုလျှင်တော့ဖြင့်ထား တော့။ ယခုစစ်က ကိုယ့်သွေးသား ရင်းချင်းတိုက်နေရသည့်စစ်ဖြစ်သည်။ ယခုဆို နှစ်ပေါင်း ၆၅ နှစ် ပြည့်တော့မည်။ အဲသည်ပြည် တွင်းစစ်ကြီးကို နိဂုံးမချုပ်နိုင်
သေးသည်က တမင်တဆင်ပင် စစ်ကိုမွေးထားလေရော့သလားဟုပင်ထင်မိ၏။ စစ်ရှိမှ စစ်တပ် အင်အားကိုတိုးချဲ့နိုင်မည်။ စစ် တပ်လည်းအလုပ်ရနေမည်။ စစ်တပ်အလုပ်ရနေမှ စစ်တပ်၏အရာရောက်မှုကိုပြနိုင်မည်။ ထိုသို့ပြနိုင်ပါမှ စစ်တပ်ကိုကိုင်တွယ် ထားသည့် စစ်ဗိုလ်ချုပ်ကြီးတွေ အာဏာကြီးမားနေမည်ဆိုသည့် ရည်ရွယ်ချက်ပေလားတွေးရင်း စိတ်မကောင်းဖြစ်မိရသည်။

မည်သို့ဆိုစေ ယခုအခါတွင်တော့ ပြည်သူတိုင်းက ပြည်တွင်း စစ်မီးကြီးကိုမုန်းနေကြပြီ။ တပ် မတော်ထဲမှ အရာရှိအရာခံအ ကြပ်တပ်သားလေးတွေလည်း တိုက်ခိုင်းနေသဖြင့်သာ တိုက်နေ ကြရသည့်တိုင် ကိုယ်ချင်းတိုက် နေကြရသည့်စစ်ကိုမုန်းလှကြ ရော့မည်ထင်သည်။

စက်တင်ဘာ ၂၁ ရက်ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တုန်းကတော့အရပ်ဘက်လူ့အဖွဲ့အစည်း ၂၀ ကျော်က “အစိုးရဘက်မှ စတင်၍ ထိုးစစ်များကို လုံးဝရပ်ဆိုင်းကာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးကို တရား ၀င်ကြေညာရန်၊ အစုအဖွဲ့များ အားလုံးမှ ကိုယ်စားလှယ်များပါဝင်သည့် လွတ်လပ်ပွင့်လင်းသော အမျိုးသားပြန်လည်သင့်မြတ်ရေး ညီလာခံကြီးတစ်ရပ်ကျင်းပရန်” ဟု တစ်ခဲနက်တောင်းဆိုသွားခဲ့ ကြသည်။

မိမိကတော့မူ ဆရာကြီး ဦးသုခ၏ တစ်ဦးကမေတ္တာ၊ တစ် ဦးကစေတနာထဲမှ “တကယ်ဖြစ် ချင်တကယ်လုပ် အဟုတ်ဖြစ် ရမည်”ဆိုသည့် ဂန္ထ၀င်စကားကို သာ ကြားယောင်နေမိဆဲ...။
ရေးသားသူ- သင်းရီ